ကော်ဖီက ရှမ်းပြည်တောင်တန်းတွေမှာ ဝင်ငွေကောင်းတဲ့သီးနှံဖြစ်လာ

ကော်ဖီ အရည်အသွေး မြှင့်တင်ရန်နှင့် နိုင်ငံတကာမှ ဝယ်ယူသူများအား ရှာဖွေပေးနေသည့် အစီအစဉ်ကောင်းများကြောင့် ရှမ်းပြည်နယ်တွင် ကော်ဖီသည် ဝင်ငွေကောင်းသော သီးနှံတစ်ခု ဖြစ်လာနေသည်

Katrin Schregenberger ရေးသားသည်။ 

ကော်ဖီခွက် ၃၅ ခွက် တင်ထားသော စားပွဲဘေးတွင် ဒိုင်လူကြီး သုံးဦးက မတ်တပ်ရပ်နေသည်။ သူတို့၏ မျက်နှာများပေါ်တွင် တည်ကြည် လေးနက်သော အမူအရာများကို တွေ့ရသည်။ သူတို့က အာရုံစူးစိုက်ကာ ကော်ဖီတစ်ကျိုက်ကို သောက်လိုက်ပြီး ရှလွတ်ခနဲ အသံထွက်သည်အထိ စုပ်ယူလိုက်သည်။ အရည်သောက်ရာတွင် ရှူးရှူးသံ မည်အောင် သောက်ခြင်းသည် ရိုင်းပျသော အမူအရာ ဖြစ်သည်ဟု ယံကြည်သူအဖို့ ထိုအသံမှာ မနှစ်မြို့ဖွယ်ပင်။ သို့သော် ကော်ဖီအရသာ စစ်ဆေးရသော ဒိုင်များအတွက် မဖြစ်မနေ လုပ်ရသော အရာပင် ဖြစ်သည်။ ထိုသို့ အားဖြင့် စုပ်သောက်ပါမှ ကော်ဖီအရသာအား ခံတွင်း နေရာအနှံ့တွင် ခံစားသိရှိနိုင်မည် ဖြစ်သည်။ 

နမူနာများ အားလုံးကို သောက်ပြီးသောအခါ ဒိုင်များက သူတို့၏ စမတ်ဖုန်းထဲမှ အက်ပလီကေးရှင်း တစ်ခုအတွင်းသို့ အဆင့်သတ်မှတ်ချက်များ ထည့်သွင်းလိုက်သည်။ ပထမတစ်ချီ ပြီးသောအခါတွင် ဆွေးနွေးမှုများ ပြုလုပ်ရသေးသည်။ “ဒီတစ်ခွက်က ကော်ဖီစေ့ အခြောက်လွန်နေပုံရတယ်။ ပြီးတော့ အရသာကလည်း သိပ်မကောင်းလှဘူး” ဟု ဒိုင်တစ်ယောက်က ပြောသောအခါ အခြားဒိုင်များကလည်း သဘောတူကြသည်။ အခြားကာ်ဖီခွက်တစ်ခုကို လက်ညှိုးထိုးပြီး “ဒီတစ်ခွက်ကတော့ ထူးခြားတယ်” ဟု ဒိုင်တစ်ဦးက ပြောလေသည်။ 

ဒိုင်များသည် အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံများမှဖြစ်ကြသည်။ နှစ်စဉ်ကျင်းပသော (၄) ကြိမ်မောက် မြန်မာကော်ဖီအရည်အသွေးပြိုင်ပွဲ (Myanmar Coffee Quality Competition) တွင် ကော်ဖီထုတ်လုပ်သူ ၈၈ ဦးက ယှဉ်ပြိုင်ထားသော ကော်ဖီနမူနာများကို စစ်ဆေးရန် မတ်လနှောင်းပိုင်းက ပြင်ဦးလွင်မြို့သို့ သုံးရက်ကြာ လာရောက်နေကြခြင်း ဖြစ်သည်။ 

“ဒီပြိုင်ပွဲက ကော်ဖီထုတ်လုပ်သူတွေ သူတို့ရဲ့ ကော်ဖီ အရည်အသွေးကို သိရှိနိုင်ဖို့နဲ့ နိုင်ငံတကာ ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အရေးကြီးပါတယ်” ဟု တက္ကဆက်ပြည်နယ် အော်စတင်မြို့ အခြေစိုက် Chameleon Cold- Brew ကုမ္ပဏီမှ ကော်ဖီ ဒါရိုက်တာလည်းဖြစ်၊ ပြိုင်ပွဲ၏ ဒိုင်တစ်ဦးလည်းဖြစ်သော Mr Matt Swenson က ပြောကြားသည်။ “ပြိုင်ပွဲမှာ နိုင်တဲ့လူတွေက ဒီနိုင်ငံရဲ့ ကော်ဖီ သံတမန်တွေ ဖြစ်လာမှာပါ” ဟု သူက ဆိုသည်။ 

ပြိုင်ပွဲကျင်းပခဲ့သည်မှာ လေးကြိမ်မြောက် ရှိပြီဖြစ်ကာ ပြိုင်ပွဲဝင် အရေအတွက်သည် ၅၈ ဦးမှ ၈၈ ဦးအထိ တိုးတက်လာခဲ့သည်။ Specialty coffee အဖြစ် အရည်အသွေး မပြည့်မီသော ပြိုင်ပွဲဝင်များ ယခင်ကထက်  ပိုမို များပြားလာသော်လည်း ပြိုင်ပွဲဝင်အားလုံး၏ ယေဘုံယျအရည်အသွေးမှာမူ တိုးတက်လာခဲ့သည်ဟု ထိုင်းနိုင်ငံမှ ဒိုင်ဖြစ်သူ Ms Nisakorn Sinsawat က ပြောကြားသည်။ 

အရည်အသွေးမြင့်သော specialty coffee အဖြစ် အဆင့်မီနိုင်ရန် ကော်ဖီခွက် တစ်ခွက်သည် စစ်ဆေးသူများ၏ သတ်မှတ်ချက်တွင် အမှတ် ၈၀ ကျော်ရမည် ဖြစ်သည်။ ကော်ဖီ၏ အရည်အသွေးကို အနံ့၊ အရသာ၊ ကော်ဖီ၏ အသွင်သဏ္ဍာန်၊ အက်ဆစ်ပါဝင်မှုနှင့် သောက်သုံးပြီး ခံစားရသော အရသာတို့အပေါ် သုံးသပ်ပြီး သတ်မှတ်ကြသည်။ 

nswks_coffee-03.jpg

အမေရိကန်၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မှ ဒိုင်ဖြစ်သူ Mr Matt Swenson က ကော်ဖီနမူနာကို စစ်ဆေးနေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ပြိုင်ပွဲ ကျင်းပသော ပထမဆုံးနှစ်တွင် specialty coffee အဆင့်မီသော နမူနာ အနည်းငယ်မျှသာ ရရှိခဲ့သည်။ နမူနာအားလုံး၏ အရည်အသွေး ကွာဟမှုသည်လည်း များပြားခဲ့သည်။ “ယခုနှစ်မှာတော့ နမူနာများ အားလုံးက တော်တော်လေးကောင်းမွန်ကြတယ်” ဟု Nisakorn က ဆိုသည်။

ကော်ဖီ စိုက်ပျိုးသူများအတွက် ဈေးကွက် ရှာဖွေပေးခြင်း

ထိုပြိုင်ပွဲကို ကာလီဖိုးနီးယားအခြေစိုက် NGO တစ်ခုဖြစ်သော Coffee Quality Institute က ပံ့ပိုးပေးခြင်း ဖြစ်သည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ Specialty Coffee Association ၏ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်သည်။ ပြိုင်ပွဲကို မြန်မာကော်ဖီအသင်း (MCA) နှင့် အမေရိကန်နိုင်ငံ Agency for International Development က ရံပုံငွေ ထောက်ပံ့ထားသော NGO အဖွဲ့အစည်းဖြစ်သည့် Winrock International တို့က စီစဉ်ပေးခဲ့သည်။ 

Winrock အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၄၀ ကျော်တွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး ပြိုင်ပွဲတွင် ပါဝင်သော ဒိုင်သုံးဦးအနက် တစ်ဦးအတွက်လည်း ငွေကြေးထောက်ပံ့ပေးသူ ဖြစ်သည်။ ၎င်းသည် ကျေးလက်မှ တစ်နိုင်တစ်ပိုင် ကော်ဖီစိုက်ပျိုးသူများကို ပြိုင်ဆိုင်မှုများသော ဈေးကွက်တွင် ယှဉ်ပြိုင် လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ထားသည်။ ထို့ပြင် ကော်ဖီ စိုက်ပျိုးသူများကို အရည်အသွေးမြင့် ကော်ဖီများ စိုက်ပျိုးလာနိုင်စေရန် ထောက်ပံ့ပေးနေသည်။ ထွက်ရှိလာသော ကော်ဖီများကို ဈေးကောင်းရစေရန် ဆောင်ရွက်ပေးသည့်အပြင် နိုင်ငံတကာ ဈေးကွက်အထိ ရောက်ရှိနိုင်စေရန် ဆောင်ရွက်ပေးနေသည်။ 

“ကျွန်တော်တို့က နိုင်ငံတကာက ဝယ်ယူသူတွေနဲ့ ချိတ်ဆက်ပေးပါတယ်” ဟု Winrock Myanmar ၏ လူထုဆက်ဆံရေး အကြီးအကဲ Mr Timothy May က ပြောကြားသည်။ 

ကော်ဖီ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးလာစေရန်အတွက် ဈေးကွက် ရရှိမှုက အရေးကြီးလှသည်။ ကော်ဖီကို ရှမ်းပြည်နယ်တွင် ဆယ်စုနှစ်များစွာကတည်းက စိုက်ပျိုးခဲ့သော်လည်း ယခင်က ဝယ်ယူသူ မရှိသဖြင့် ဝင်ငွေကောင်းသော သီးနှံအဖြစ် စိုက်ပျိုးခြင်းမျိုး မရှိခဲ့ကြောင်း ၎င်းက ပြောသည်။ 

“လယ်သမားတွေက ကော်ဖီကို ခြံအနောက်ဘက် မြေပိုပေါ်မှာ စိုက်ပျိုးကြပြီး အရည်အသွေး တိုးတက်မှုကိုလည်း အလေးမထားကြပါဘူး။ သူတို့က ကော်ဖီစေ့ စိမ်းနေတုန်း၊ အဝါရောင်၊ အနီရောင်နှင့် အစက်အပျောက်များ ပါနေရင်တောင် ခူးကြပါတယ်။ အဲဒါကြောင့် ကော်ဖီအရည်အသွေးက  မကောင်းပါဘူး” ဟု May က Frontier ကို ပြောသည်။ 

ကော်ဖီအမျိုးအစား အဓိက နှစ်ခု တွင် Arabica က Robusta ထက် ပိုမို အရည်အသွေး ကောင်းမွန်သည်။ သို့သော် Arabica ကော်ဖီကို စိုက်ပျိုးရသည်မှာ ခက်ခဲပြီး ရာသီဥတုလည်း ရွေးချယ်သည်။ Arabica ကော်ဖီကို မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်ပြီး ကိုလိုနီခေတ်က စိုက်ပျိုးခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် စိုက်ပျိုးခြင်း မရှိကြတော့ပေ။ ထို့ကဲ့သို့ စိုက်ပျိုးနိုင်ခဲ့သော သာဓကများ ရှိခဲ့သဖြင့် ကော်ဖီက ဝင်ငွေကောင်းသော သီးနှံတစ်ခု ပြန်ဖြစ်လာနိုင်ရန် အလားအလာကောင်း များစွာရှိနေသည်။ 

မတ်လက ကျင်းပခဲ့သည့် ပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ ဝယ်ယူသူများကို ဆွဲဆောင်နိုင်သော specialty coffee များကို ရှာဖွေရန် ဖြစ်သည်။ အသက် ၂၃ နှစ်အရွယ် ကော်ဖီစိုက်ပျိုးသူ ဦးသီဟအတွက် ထိုအချက်က အောင်မြင်စေသော မဟာဗျူဟာတစ်ခုဟု ဆိုနိုင်သည်။ ဦးသီဟသည် မန္တလေးတိုင်း မြောက်ပိုင်းရှိ တောင်ပေါ်မြို့ဖြစ်သော မိုးကုတ်တွင် ကော်ဖီစိုက်ပျိုးနေခြင်း ဖြစ်သည်။ 

“ပြီးခဲ့တဲ့ နှစ်က ပြိုင်ပွဲမှာ ပထမအဆင့် ရရှိပြီးနောက် ယူကေ၊ စင်ကာပူနဲ့ ဆွဇ်ဇာလန်နိုင်ငံတွေက ကျွန်တော်ရဲ့ ကော်ဖီတွေကို ပထမဆုံး စတင် ဝယ်ယူလာပါတယ်” ဟု ပြိုင်ပွဲနေ့ဖြစ်သည့် မတ် ၂၃ ရက်နေ့တွင်  ဦးသီဟက ပြောကြားခဲ့သည်။ 

ထို့ပြင် ဆုရရှိလိုက်သောကြောင့် သူ၏ မိသားစုဝင်များက သူ၏ လုပ်ငန်းအပေါ် လေးစားမှု ရှိလာသည်ဟု ဦးသီဟက ဆိုသည်။ 

“အရင်ကတော့ မိသားစုဝင်တွေက ကျွန်တော်ကို အချိန်ဖြုန်းနေတယ်။ ဒီလုပ်ငန်းက မအောင်မြင်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်” ဟု ဦးသီဟက ပြောကြားသည်။ ယခုနှစ်တွင်လည်း သူ၏ ကော်ဖီသည် ပထမအဆင့်၌ပင် ရပ်တည်နိုင်ခဲ့သည်။ ယခုနှစ်တွင် သူ၏ ပထမဆုံး အမြတ်အစွန်းကို ရရှိနိုင်ရန် သူက မျှော်လင့်ထားသည်။

အသက် ၄၉ နှစ်ရှိပြီဖြစ်သည့် ဦးစိုင်းဝမ်သည် ပြင်ဦးလွင်မြို့တွင် ၇၀၀ ဧက ရှိသော ကော်ဖီခြံကို စိုက်ပျိုးနေသူ ဖြစ်သည်။ သူ၏ Arabica ကော်ဖီကို ထိုပြိုင်ပွဲက အရည်အသွေး မြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု သူက မျှော်လင့်ထားသည်။ သူ၏ ကော်ဖီအတွက် အလားအလာကောင်းများ ရရှိစေရန် နှစ်ပေါင်းများစွာ စောင့်စားလာခြင်းလည်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ကော်ဖီစိုက်ပျိုးရန်အတွက် စစ်အစိုးရက သူ့မိသားစုအား မြေယာများ ပေးအပ်ခဲ့သည်။ သို့ရာတွင် ထိုစီမံကိန်းက အောင်မြင်မှု မရှိခဲ့ပေ။ 

nswks_coffee-28.jpg

ပြင်ဦးလွင်မှ ကိုစိုင်းဝမ်၏ ဧက ၇၀၀ ရှိ ကော်ဖီစိုက်ခင်း။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“အစိုးရက ပြင်ဦးလွင်ကို ကော်ဖီမြို့ ဖြစ်လာအောင် ဖန်တီးချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဈေးကွက် မရှိဘူး။ အတွေ့အကြုံလည်း မရှိဘူး။ ထွက်လာတဲ့ ကော်ဖီတွေကို ဈေးနှုန်း အနည်းဆုံးနဲ့ ရောင်းချခဲ့တယ်” ဟု သူက ပြောကြားသည်။ 

ပြင်ဦးလွင်မြို့ပြင်တွင် တည်ရှိသော ကော်ဖီပြုပြင်သည့် Myanmar Coffee Group ၏ အရောင်း ဒါရိုက်တာသည် MCA ၏ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ထိုအသင်းတွင် အဖွဲ့ဝင် ၂၀၀ ခန့် ရှိပြီး အဖွဲ့ဝင်အများစုသည် ကော်ဖီခြံံ အကြီးကြီးများ ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သို့သော် ထိုအဖွဲ့အစည်းကလည်း ထိရောက်သည့် တက်ကြွလှုပ်ရှားမှု မရှိသေးဘူးဟု ဦးစိုင်းဝမ်က ဆိုသည်။ ၂၀၂၀ ခုနှစ်တွင် Coffee Quality Competition အတွက် ရံပုံငွေ ထောက်ပံ့နိုင်ရန်မှာ အသင်းအတွက် အခက်အခဲတစ်ရပ် ဖြစ်နိုင်သည်ဟု ဆိုသည်။ 

“ဒီနှစ်မှာတော့ ကော်ဖီခွက် နမူနာတစ်ခုကို စစ်ဆေးခ ကျပ် ၃၀,၀၀၀ ယူထားပါတယ်။ Winrock က ထွက်သွားပြီဆိုရင် ဒီနှုန်းကို ပြန်လည်သတ်မှတ်ဖို့ ရှိပါတယ်” ဟု သူက ဆိုသည်။ 

မူးယစ်ဆေးဝါးနှင့် စစ်မက် ပဋိပက္ခများကို ကော်ဖီဖြင့် တိုက်ဖျက်ခြင်း 

ကော်ဖီ နမူနာများကို စစ်ဆေးခ မြှင့်တင်လိုက်ပါက ကော်ဖီကို အနည်းငယ်သာ စိုက်သူများ ပြိုင်ပွဲတွင် ပါဝင်နိုင်တော့မည် မဟုတ်ပေ။ ကော်ဖီစိုက်ပျိုးသူ အများအပြားသည် ရှမ်းပြည်နယ် တောင်ပိုင်းမှ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ တစ်ချို့သည် ယခင်က ဘိန်းစိုက်ခဲ့သူများ ဖြစ်ကြသည်။ ၎င်းတို့က ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ကဲ့သို့ နိုင်ငံတကာ အေဂျင်စီများ၏ အကူအညီဖြင့် ဘိန်းအစားထိုး သီးနှံများကို ပြောင်းလဲ စိုက်ပျိုးလာခြင်း ဖြစ်သည်။ 

“လယ်သမား အများစုက ကော်ဖီ ပြောင်းစိုက်ချင်ကြတယ်။ ဒါက ငြင်းစရာတောင် မလိုဘူး” ဟု UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr Troels Vester က ပြောကြားသည်။ “သူတို့ စိုက်ထားတဲ့ ဘိန်းပင်တွေကို ဘာသာရေးအဖွဲ့အစည်းတွေ၊ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ရာဇဝတ်ဂိုဏ်းတွေက လာရောက်ဖျက်ဆီးလို့ ဘာမှ မကျန်တာမျိုး သူတို့ မဖြစ်ချင်ကြဘူး” ဟု တရားဝင်နှင့် တရားဝင် မဟုတ်သော ဘိန်းတိုက်ဖျက်ရေး စီမံကိန်းများကို ရည်ညွှန်းပြီး သူက ပြောကြားသည်။ အခြားသော အချက်တစ်ချက်မှာ ဘိန်းစိုက်ပျိုးပါက မြေဆီလွှာများ ပျက်ဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

nswks_coffee-7.jpg

ဟိုပုံးအနီးတွင် ဘိန်းပင်တစ်ခုအား UNODC ဝန်ထမ်းတစ်ဦးက ပြသနေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကော်ဖီစိုက်ပျိုးသော နေရာများတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသောကြောင့် ကော်ဖီထုတ်လုပ်မှုကို မြှင့်တင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ယူရသည်။ UNODC သည် ၂၀၀၉ ခုနှစ်ကတည်းက ဘိန်းအစားထိုး သီးနှံကို စိုက်ပျိုးနိုင်ရန် ကြိုးပမ်းလာခဲ့ရာ ၂၀၁၄ ခုနှစ်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ကော်ဖီ စိုက်ပျိုးရေး အစီအစဉ်ကို စတင်ခဲ့သည်။

“၂၀၁၄ ခုနှစ်မှာ  RCSS အဖွဲ့က ကျွန်တော်တို့နဲ့ အချက် ကိုးချက် ပါဝင်တဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့အပြီးမှာ သူတို့ ထိန်းချုပ်တဲ့ ဒေသတွေမှာ ကော်ဖီစိုက်ပျိုးရေး အစီအစဉ်တွေကို စတင်နိုင်ခဲ့တယ်” ဟု Vester က ပြောသည်။ RCSS သည် ရှမ်းပြည်တောင်ပိုင်း တပ်မတော်တပ်ဖွဲ့ (SSA-South) ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council of Shan State) ကို ဆိုလိုသည်။ 

ပထမဦးဆုံးသော ကော်ဖီပင်ကို ထိုနှစ်မှာပင် တောင်ကြီးမြို့၏ အရှေ့ဘက် ၁၅ ကီလိုမီတာခန့် ကွာဝေးသော ဟိုပုံးမြို့တွင် စတင်စိုက်ပျိုးခဲ့သည်။ ယခုအခါတွင် ထိုအစီအစဉ်ဖြင့် ကော်ဖီစိုက်ပျိုးနေသော တောင်သူ ၁,၀၅၀ ဦးခန့် ရှိပြီဖြစ်သည်။ ၎င်းတို့၏ ကော်ဖီစိုက်ခင်းများသည် ၁၂၀၀ ဟက်တာခန့် ရှိပြီဖြစ်သည်။ သို့သော် ထိုလုပ်ငန်းမှာ ရှေးဦး လုပ်ဆောင်သော အစီအစဉ်သာဖြစ်ပြီး ၎င်းထက် အဆ ၄၀ ခန့် ကျယ်ဝန်းသော နေရာများတွင် ဘိန်းပင်များကို စိုက်ပျိုးနေဆဲ ဖြစ်သည်ဟု Vester က ဆိုသည်။

ပထမဦးဆုံးနှစ်တွင် UNODC က လယ်သမားများ၏ စိုက်ခင်း တစ်ဧကခန့်ကိုသာ ကော်ဖီစိုက်ပျိုးရန်အတွက် အသုံးပြုခဲ့သည်။ ဒုတိယနှင့် တတိယနှစ်များတွင်လည်း ထိုပမာဏခန့်ကိုသာ တိုးချဲ့ အသုံးပြုခဲ့သည်။ လယ်သမားများ မြေယာအသုံးပြုခွင့် လက်မှတ်များ ရရှိအောင် ၎င်းတို့က ပြုလုပ်ပေးခဲ့သည်။ လယ်သမားများအား ကော်ဖီစိုက်ပျိုး နည်းစနစ်များ သင်ကြားပေးပြီး ကော်ဖီပြုပြင်သည့် စက်ရုံများလည်း တည်ထောင်ပေးခဲ့သည်။

ဘိန်းစိုက်ခင်းများ အားလုံးကို ကော်ဖီခင်းများအဖြစ် ပြောင်းလဲပစ်ရန်မှာ သဘောတရားအရ ဖြစ်နိုင်ဖွယ်ရှိသည်ဟု Vester က ပြောကြားသည်။ သို့သော် ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် လိုအပ်မည်ဖြစ်ပြီး သက်ဆိုင်သည့် နိုင်ငံရေး အဖွဲ့အစည်းအားလုံး၏ သဘောတူညီမှုလည်း လိုအပ်မည်ဟု Vester က ဆိုသည်။ 

ပြင်ဦးလွင်မှ ကော်ဖီ စိုက်ပျိုးသူများနှင့် နှိုင်းယှဉ်လျှင် ရှမ်းပြည်တောင်ပိုင်းမှ ကော်ဖီစိုက် တောင်သူများ၏ ပြဿနာမှာ ဈေးကွက် ရှာဖွေခြင်းနှင့် နိုင်ငံတကာ ဝယ်ယူသူများကို ရှာဖွေရခြင်း ဖြစ်သည်။ သို့သော် တိုးတက်မှုများလည်း ရှိလာနေသည်။ UNODC က တည်ထောင်ထားသော ကော်ဖီစိုက်ပျိုးသူ ပူးပေါင်းအဖွဲ့ဖြစ်သည့် Green Gold ထံမှ specialty coffee များကို ၂၀၂၂ ခုနှစ်အထိ ဝယ်ယူရန် ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်သော Malongo က ၂၀၁၇ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ 

မနန်းစုစုကြည်သည် ဟိုပုံးမြို့မှ ၁၃ မိုင်အကွာတွင် တည်ရှိသော လောင်ဟေးရွာမှ ကော်ဖီစိုက်ပျိုးသူတစ်ဦး ဖြစ်သည်။ ဘိန်းစိုက်ပျိုးခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ကော်ဖီကို ပြောင်းလဲစိုက်ပျိုးလာသူ ဖြစ်သည်။ “ကျွန်မရဲ့ ဘိန်းစိုက်ခင်းက ရွာအနားမှာပဲ ရှိတယ်။ ဒီတော့ အစိုးရက ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ဖို့လာရင် ကျွန်မကို အရင်ဆုံး မိတာပဲ” ဟု သူမက ပြောသည်။

nswks_coffee-3.jpg

လောင်ဟေးကျေးရွာမှာ မနန်းစုစုကြည်သည် UNODC ၏ အကူအညီဖြင့် ဘိန်းမှ ကော်ဖီသို့ပြောင်းလဲစိုက်ပျိုးခဲ့သည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မစုစုကြည် ကော်ဖီစိုက်၍ရရှိသော တစ်နှစ် ဝင်ငွေသည် ဘိန်းစိုက်၍ ရသော ဝင်ငွေကို မမီနိုင်သေးပေ။ ယခင် ဘိန်းစိုက်ခဲ့စဉ်က စိုက်ပျိုးမြေ ၀ ဒသမ ၄ ဟက်တာမှ ကျပ် ၁၀ သိန်းခန့် ဝင်ငွေ ရရှိခဲ့သည်။ ယခုနှစ် ကော်ဖီစိုက်သောအခါ ၀ ဒသမ ၅ ဟက်တာမှ ကျပ်လေးသိန်းခန့်သာ ဝင်ငွေရရှိတော့သည်။ ကော်ဖီပင်များ ကြီးထွားလာသည်နှင့်အမျှ အထွက်တိုးလာနိုင်သောကြောင့် ကော်ဖီကိုသာ ဆက်လက်စိုက်ပျိုးရန် သူမက ဆုံးဖြတ်ထားသည်။ ထို့ပြင် ကော်ဖီစိုက်ပျိုးရခြင်းက လုပ်အားများစွာလည်း မလိုအပ်ပေ။ 

အဆိုပါရွာတွင် အိမ်ထောင်စု ၁၂၀ ခန့် ရှိသည့်အနက် ၃၃ ဦးခန့်သာ ကော်ဖီကို စိုက်ပျိုးနေကြသည်။ ၂၀၁၄ ခုနှစ်တွင် UNODC က စီမံကိန်းကို စတင်ချိန်တွင် စိုက်ပျိုးရန် စာရင်းပေးသူ ၁၈ ဦးသာ ရှိခဲ့သည်။ ပထမဆုံး ကော်ဖီစေ့ကို ခူးဆွတ်နိုင်ရန်အတွက် ၎င်းတို့မှာ သုံးနှစ်ခန့် စောင့်ဆိုင်းခဲ့ရသည်။ 

၂၀၀၆ ခုနှစ်တွင် ရန်ကုန်အခြေစိုက် မေတ္တဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) က လာရောက်လုပ်ဆောင်ခဲ့သည့် စီမံကိန်း၏ မအောင်မြင်ခဲ့သည့် အတွေ့အကြုံများကြောင့် အချို့သော တောင်သူများက စိတ်မပါကြပေ။ ထိုအချိန်က ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချနိုင်ခဲ့ပြီး ကော်ဖီ တစ်ပိဿာလျှင် ကျပ် ၁၀၀ သာ ရရှိခဲ့သည်။ ယခုအခါတွင် တစ်ပိဿာလျှင် ကျပ် ၈၀၀ အထိ ရရှိနိုင်ပြီ ဖြစ်သည်။  

ကျန်တောင်သူများအတွက် ကော်ဖီကို ပြောင်းလဲစိုက်ပျိုးရန် စွန်းစားရမှုက များလွန်းသည်။ နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် ယုံကြည်မှုကလည်း နည်းပါးလွန်းသည်။ ရွာသားအချို့က ၎င်းတို့ ဝင်ငွေအများဆုံး ရရှိနေစေရန် ဘိန်းကိုသာ ဆက်လက်စိုက်ပျိုးဆဲ ဖြစ်သည်။ “လယ်သမားတွေ ကော်ဖီကို ပြောင်းလဲ စိုက်ပျိုးပြီဆိုတာနဲ့ အစိုးရက မြေတွေကို လာသိမ်းလိမ့်မယ်ဆိုပြီး ကောလဟာလတွေကလည်း ထွက်နေပါတယ်” ဟု အသက် ၃၅ နှစ်အရွယ် တောင်သူ နန်းအုန်းက ပြောသည်။ 

UNODC စီမံကိန်းဖြင့် စိုက်ပျိုးခဲ့သော ကော်ဖီတောင်သူ ခုနစ်ဦး ပါဝင် ဖွဲ့စည်းထားသာ Long Hay Coffee Group သည် ယခုနှစ် Coffee Quality Competition တွင် တတိယဆုကို ရရှိခဲ့သည်။ ၎င်းသည် သဘာဝ ကောဖီစေ့ အခြောက်က ၈၆ မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ကော်ဖီတောင်သူများက ၎င်းတို့ ကိုယ်တိုင်စိုက်ပျိုးသော ကော်ဖီအရသာကိုပင် မသိရှိကြပေ။ ၎င်းတို့ထံတွင် ကော်ဖီစေ့ လှော်သော စက်ကိရိယာများ မရှိကြသောကြောင့် ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ- ပြင်ဦးလွင်မြို့တွင် ကျင်းပခဲ့သည့် Myanmar Coffee Quality Competition တွင် နမူနာ ကော်ဖီများကို ဒိုင်ဖြစ်သူ Ms Nisakorn Sinsawat က စစ်ဆေးနေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.