ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမည်စိုး၍ သွေးလှူရှင်အများအပြားသည် အမျိုးသားသွေးဌာနသို့ ရောက်မလာကြတော့ရာ သွေးလိုအပ်မှုကဆက်ရှိနေသည် ။ (စတိဗ်တစ်ခ်နာ | ဖရွန်တီးယားမြန်မာ)

ကိုဗစ်ကာလ သွေးဒါနနဲ့ ကျောင်းသားများရဲ့စေတနာ့ဝန်

ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း “အသက်သွေး”လှူဒါန်းသူနည်းပါးလာ၍ အမျိုးသားသွေးဌာနက သွေးလှူရှင်များရှာဖွေရာတွင် တက္ကသိုလ်ကျောင်းသားများက တစ်တက်တစ်အား ကူညီလျက်ရှိသည်။

နော်ဘက်တီဟန် ရေးသားသည်။

အသက်၄၅နှစ်ရှိပြီဖြစ်သည့် ဦးကျော်အေးသည် အခြားပုံမှန်သွေးလှူရှင်များနည်းတူ ရန်ကုန်မြို့လယ်ရှိ အမျိုးသားသွေးဌာနသို့ ကြိုတင်အကြောင်းကြားလေ့မရှိဘဲ ရောက်လာစမြဲဖြစ်ပြီး သွေးလှူရန်စာရင်းပေးသွင်း၍ စောင့်ဆိုင်းလေ့ရှိသည်။

လွန်ခဲ့သည့်ဇွန်လအတွင်းက ဦးကျော်အေးသည် သွေးလှူဘဏ်မှ ဖုန်းခေါ်ဆိုမှုတစ်ခု မထင်မှတ်ဘဲလက်ခံရရှိခဲ့သည်။ တစ်ဘက်မှဖြေကြားသူက ဦးကျော်အေး အမျိုးသားသွေးဌာနသို့မရောက်ဖြစ်သည်မှာ လေးလခန့်ကြာမြင့်ပြီဖြစ်ကြောင်းပြောပြီး အကယ်၍ဖြစ်နိုင်ပါ ထပ်မံလာရောက်ကာ သွေးလှူဒါန်းပေးပါရန်တောင်းဆိုသည်။

ဦကျော်အေးသည် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦးဖြစ်သည်။ ၂၀၀၇ကတည်းက အမျိုးသားသွေးဌာနတွင် သွေးလှူဒါန်းလာခဲ့သည်မှာ ၂၂ကြိမ်ရှိပြီဖြစ်သည်။ ယင်းခေါ်ဆိုမှုသည် ၎င်းသွေးလှူလာသည့်သက်တမ်းတစ်လျှောက် သွေးလှူဘဏ်ဘက်က ပထမဦးဆုံးအကြိမ်မခေါ်စဖူး ခေါ်ဆိုမှုမျိုးဖြစ်သည်။

ထို့ပြင် တစ်ဘက်ကဖုန်းပြောသူတက္ကသိုလ်ကျောင်းသားက ဦးကျော်အေးကို အမျိုးသားသွေးဌာနကစတင်အသုံးပြုနေပြီဖြစ်သည့် သွေးလှူရှင်များအတွက် အွန်လိုင်းတွင်ကြိုတင်စာရင်းပေးသည့်စနစ်အကြောင်း ရှင်းပြသည်။ အွန်လိုင်းကတစ်ဆင့် ကြိုတင်စာရင်းပေးခြင်းဖြစ်၍ သွေးဌာနသို့ရောက်လာသည်နှင့်  စောင့်ဆိုင်းရန်မလိုဘဲ ချက်ချင်းသွေးလှူဒါန်းနိုင်မည်ဟု အဆိုပါကျောင်းသားက ဆိုသည်။

‘အဆင်ပြေလိုက်လေခြင်း’ဟု အသက်၆၀အထိ သွေးလှူဒါန်းမည်ဟု စိတ်ပိုင်းဖြတ်ထားသူ ဦးကျော်အေးစိတ်ထဲက ရေရွတ်လိုက်သည်။

“စေတနာ့ဝန်ထမ်းလေးတွေက ကျွန်တော့်ကို အွန်လိုင်းမှာစာရင်းသွင်းပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ့်ဘာသာကိုယ်ပဲ စာရင်းပေးလိုက်တယ်”ဟု ဇွန်၃၀ရက်က နောက်ဆုံးအကြိမ်သွေးလှူဒါန်းမှုအပြီး ဦးကျော်အေးက ဖရွန်တီးယားမြန်မာကို ပြောသည်။

ဇွန်၂၂ရက်တွင် စတင်အသုံးပြုခဲ့သော အွန်လိုင်းမှစာရင်းပေးသည့်စနစ်သည် အမှန်တကယ်တွင်မူ သွေးလှူရှင်များအဆင်ပြေစေရန်ထက်စာလျှင် မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်နေသည်။

ဌာန၏အဆိုအရ ကိုဗစ်-၁၉ရောဂါကူးစက်ခံရမည်စိုး၍ သွေးလှူရှင်အများအပြားသည် သွေးဌာနသို့ ရောက်မလာကြတော့ပေ။ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန် အစိုးရ၏အမိန့်ထုတ်ပြန်ချက်များကြောင့်လည်း သွေးလှူရှင်များအဖို့ ယခင်ကလိုအုပ်စုလိုက်သွားရောက်၍ သွေးလှူဒါန်းရန်မှာ မဖြစ်နိုင်တော့။

သို့တိုင် ကင်ဆာရောဂါ၊ သွေးထွက်လွန်သော ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာများနှင့် အခြားလူနာများအတွက် အသက်သွေးကား ဆက်လက်လိုအပ်ဆဲဖြစ်သည်။

အလှူရှင်များ၏သွေးကို အမျိုးသားသွေးဌာနက သွေးရည်ကြည်၊ သွေးနီဥနှင့် သွေးဥမွှားဟူ၍ သုံးမျိုးခွဲထုတ်ကာ ရန်ကုန်မြို့အတွင်းက ပြည်သူ့ဆေးရုံကြီး၁၃ခုသို့ ပေးပို့လျက်ရှိသည်။ ယင်းဆေးရုံများတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရသည့်လူနာများကို အဓိကထားကုသပေးနေသည့် ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့ ပါဝင်သည်။

ထို့ပြင် ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီးနှင့် ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီး စသည့် ဆေးရုံများသို့လည်း ယခုနှစ်ဆန်းပိုင်းမှစတင်ကာ အမျိုးသားသွေးဌာနက သွေးများစတင်ထောက်ပံ့ခဲ့သည်။

သွေးသည်လူ့အသက်ကယ်ရာတွင် မရှိမဖြစ်လိုအပ်သည်ဖြစ်ရာသွေးလှူဒါန်းသူနည်းပါးလာခြင်းက အမျိုးသားသွေးဌာနအဖို့ ခေါင်းခဲစရာဖြစ်လာသည်။ ထိုအချိန်တွင် တက္ကသိုလ်ကျောင်းသားများပါဝင်သည့်အဖွဲ့တစ်ဖွဲ့က သွေးလှူဒါန်းမှုနည်းပါးလာသည်ကို ဖြေရှင်းရာတွင်ကူညီမည်ဟုဆိုလာသည်။

၎င်းကျောင်းသားများသည် အများပြည်သူသို့ သွေးလှူဒါန်းရန် တက်ကြွစွာဆော်ဩခဲ့ကြပြီး အလှူရှင်များကိုလည်း တတ်နိုင်သမျှ ထပ်မံ၍သွေးလာရောက်လှူဒါန်းကြရန် နှိုးဆော်လျက်ရှိသည်။

သို့သော် အခက်အခဲများက ၎င်းတို့ကို ဆီးကြိုနေသည်။

အမျိုးသားသွေးဌာန၏စာရင်းဇယားများအရ သွေးလှူရှင်ဦးရေသည် ယမန်နှစ်၊​ ဇန်နဝါရီလမှ မေလကုန်အထိ ၄၄,၃၁၈ဦးအထိရှိခဲ့သော်လည်း ယခုနှစ်တွင် နှစ်စမှမေလကုန်အထိ ၃၃,၆၉၂ဦးသာ ရှိတော့သည်။ ၂၄ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

မတ်၊ ဧပြီနှင့် မေလများတွင် များသောအားဖြင့် သွေးလှူရှင်ဦးရေ ကျဆင်းလေ့ရှိရာ ယင်းက အထူးအဆန်းတော့ မဟုတ်ပေ။

ထိုသို့ကျဆင်းလာသည့်အတွက် လွန်ခဲ့သည့်မေလတွင် ဌာနက သွေးလှူရှင်များကို သတင်းစကားတစ်ခုပါးခဲ့သည်။ သွေးသွင်းရန်လိုသည့်လူနာများအတွက် သွေးပမာဏလုံလောက်သော်လည်း အချိန်ကြာမြင့်စွာ ဆောင်ရွက်ရသည့် အကြီးစားခွဲစိတ်ကုသမှုများကိုမူ သွေးမလုံလောက်၍ ရွှေ့ဆိုင်းခဲ့ရသည်ဟူ၍ ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သွေးအလှူရှင်များလိုအပ်နေဆဲဖြစ်သည်။

အမျိုးသားသွေးဌာနသည် သွေးလှူရှင်များအကြား ကိုဗစ်-၁၉ရောဂါကူးစက်မှုကိုကာကွယ်ရန် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာထိုင်စေခြင်းအပါအဝင် စည်းမျဉ်းအချို့ကို စတင်ကျင့်သုံးခဲ့သည်။ (စတိဗ်တစ်ခ်နာ | ဖရွန်တီးယား)

ထင်ရှားကျော်ကြားသူတို့၏အားကို ရယူခြင်း

ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးအတွက် အများပြည်သူမဖြစ်မနေလိုက်နာရန် ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများက သွေးလှူဒါန်းမှုများကို သိသိသာသာ လျော့နည်းစေခဲ့သည်။

ဧပြီတွင် အစိုးရကလူငါးဦးနှင့်အထက်မစုဝေးရန် တားမြစ်မိန့်ထုတ်ပြန်ခဲ့ရာ အဖွဲ့လိုက်သွေးလှူဒါန်းသူများအဖို့ ယခင်ကလို အုံနှင့်ကျင်းနှင့်သွားရောက်၍​ သွေးလှူဒါန်းရန်မှာမဖြစ်နိုင်တော့ပေ။

ယင်းသို့သွေးလှူဒါန်းမှုလျော့နည်းလာသည်ကိုဖြေရှင်းရန် သွေးဌာနသည် ထင်ရှင်းကျော်ကြားသူတို့၏ အားကိုရယူရန် စီစဉ်ရတော့သည်။

အဘယ့်ကြောင့်ဆိုသော် ထင်ရှားကျော်ကြားသူများက အခြားသူများကိုဦးဆောင်ကာ သွေးလာရောက်လှူဒါန်းလေ့ရှိသည်ဟု သွေးဌာနတွင် အခမဲ့စေတနာ့ဝန်ထမ်းအဖြစ်လုပ်အားပေးနေသည့် နည်းပညာပိုင်းဆိုင်ရာအကြံပေး မစ္စတာဟီရိုကိုနီရှိက ပြောသည်။

“အစဉ်အလာတစ်ခုလို သူတို့ယူဆတာက ‘လူများများပိုခေါ်လာနိုင်လေ၊ ပိုပြီးမွန်မြတ်လေ’ ဆိုတာမျိုးပေါ့။ ဒီယဉ်ကျေးမှုကို ပြောင်းလဲဖို့ အတော်ခက်တယ်”ဟု သူကဆိုသည်။

“ဒီလိုအဖွဲ့လိုက်သွေးလှူရှင်တွေကို ကျွန်တော်တို့ အတော်လေးအားကိုးခဲ့ပေမဲ့ အခုလိုအခြေအနေမျိုးမှာတော့ အုပ်စုလိုက်လာတာက ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ အုပ်စုလိုက်လာတော့ နေရာတွေပြည့်ကျပ်ကုန်ပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်လွန်းသွားတယ်” ဟု သူက ဆိုသည်။ တစ်ဦးနှင့်တစ်ဦး အနည်းဆုံးသုံးပေမှ ခြောက်ပေခွာရန်ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်ကိုရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်သည်။

“အဖွဲ့လိုက်သွေးလာလှူတာတွေကို လောလောဆယ် ခနရပ်ထားတယ်။ နောက်ပြီး သွေးလာလှူမယ်ဆိုရင်လည်း အုပ်စုလိုက်ကြီးမလာဖို့ တိုက်တွန်းထားပါတယ်”ဟု သူက ဆက်လက်ပြောကြားသည်။

အမျိုးသားသွေးဌာနက ကိုယ်စားပြုသံတမန်များခန့်အပ်သည့် အစီအစဉ်အားဖြင့်လည်း လူအများကိုစည်းရုံးလှုံ့ဆော်ကာ သွေးလှူဒါန်းသူများလာစေရန် လုပ်ဆောင်နေသည်။ ယင်းအစီအစဉ်တွင် သံတမန်ဖြစ် ခန့်အပ်ခံရသည့် ထင်ပေါ်ကျော်ကြားသူများသည် ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် ပြည်သူအများ သွေးပိုမိုလှူဒါန်းလာအောင် တိုက်တွန်းနှိုးဆော်ခြင်းဖြင့် သွေးလှူဘဏ်ကို ကူညီလျက်ရှိသည်။

“စေတနာ့ဝန်ထမ်းတွေက ပရိသတ်အခိုင်အမာရှိပြီး ထင်ပေါ်ကျော်ကြားသူ သွေးလှူသံတမန်တွေရဲ့အကြောင်းတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခြင်းအားဖြင့် သွေးဌာနနဲ့ ဌာနရဲ့လုပ်ငန်းတွေကို လူသိများလာအောင် ကြော်ငြာပေးနေပါတယ်”ဟု ကိုနီရှီက ပြောသည်။

ယခင်က တစ်ကြိမ်လျှင်အများဆုံးလူဦးရေ၃၀၀အထိ တစ်ပြိုင်နက်သွေးလှူဒါန်းနိုင်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ကြိမ်လျှင် အွန်လိုင်းကကြိုတင်စာရင်းပေးထားသူ သွေးလှူရှင် အယောက်၅၀ခန့်ကိုသာ လက်ခံတော့သည်။ ၎င်းတို့ကို ခပ်ခွာခွာနေရာချထားပေးပြီး ကိုဗစ်-၁၉ကူးစက်မှုကိုကာကွယ်ရန် လူဦးရေကို လျှော့ချခဲ့ခြင်းဖြစ်သည်။

ကွင်းဆင်းသွေးစုဆောင်းလေ့ရှိသည့် ဌာန၏ရွေ့လျားအဖွဲ့သည် ကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသလောက်ဖြစ်သွားသည်။ ယခင်ကတစ်လလျှင် ၂၀၀မှ၃၀၀ကြားရှိသော သွေးလှူရှင်များထံမှ ကွင်းဆင်းအဖွဲ့များက သွေးစုဆောင်းနိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါကြောင့် ယခုအခါတွင် သွေးလှူရှင်ဦးရေသည် အယောက်၅၀ခန့်သာ ရှိတော့သည်။

တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်သာမက ကိုဗစ်-၁၉ရောဂါကို ကာကွယ်ရန်လည်း ဌာနက ဝန်ထမ်းများ၊ သွေးလှူရှင်များနှင့် အခြားလာရောက်သူများအားလုံး နှာခေါင်းစည်းနှင့် မျက်နှာဖုံးများကို ဝတ်ဆင်ရန်စည်းကမ်းထုတ်ထားသည်။

ထို့ပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အခြားအစီအမံတစ်ခုအဖြစ် ဌာနကဝန်ထမ်းအင်အား တစ်ဝက်ခန့်ကို လုပ်ငန်းခွင်သို့လာရောက်စေခြင်းမရှိဘဲ လိုအပ်လျှင်ချက်ချင်းအလုပ်ဆင်းနိုင်ရန် အသင့်အနေအထားဖြင့် အိမ်တွင်သာနေစေသည်။ အကြောင်းမှာ ဌာန၏ဝန်ထမ်းတစ်ဝက်ခန့်သည် နေ့စဉ်အိမ်နှင့်လုပ်ငန်းခွင်အကြား အများပြည်သူသယ်ယူပို့ဆောင်ရေးယန္တရားများကို အသုံးပြု၍ သွားလာကြသည်ဖြစ်ရာ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရနိုင်ခေျကိုလျှော့ချရန် ဝန်ထမ်းအင်အားတစ်ဝက်ကိုသာ အသုံးပြုခြင်းဖြစ်သည်။

အလုပ်ဆင်းရသည့် ကျန်ဝန်ထမ်းအင်အားတစ်ဝက်က အမျိုးသားသွေးဌာနက စီစဉ်ပေးသည့် အဆောင်များတွင် တစ်ဖွဲ့လျှင်အယောက်၂၀စီဖြင့် နှစ်ဖွဲ့ခွဲနေရသည်။

အဖွဲ့ခွဲထားသောဝန်ထမ်းများသည် တစ်ပတ်အလုပ်လုပ်၊​ တစ်ပတ်အလုပ်နားစနစ်ဖြင့် တစ်ရက်လျှင် ၁၂နာရီကျ အလုပ်လုပ်ကြရသည်။ ဝန်ထမ်းများ၏ နေရာထိုင်ခင်းအတွက်မူ ဌာနအတွင်းရှိ အဆောက်အဦးများ၊ အစည်းအဝေးခန်းမများနှင့် စတိုခန်းများတွင် နေရာချထားပေးသည်။

ထိုသို့ အဖွဲ့ခွဲထားရခြင်းသည် အကယ်၍တစ်ဖွဲ့ဖွဲ့သာ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပါက ထိုအဖွဲ့ကို သီးခြားခွဲထုတ်စောင့်ကြည့်ပြီး(ကွာရန်တင်း) အိမ်တွင်အရန်သင့်ရှိနေသော အခြားတစ်ဖွဲ့နှင့် အလျင်အမြန် အစားထိုးရန်ဖြစ်သည်။

ရက်အလိုက် သွေးပမာဏမည်မျှကျန်ရှိသည်ကို ဖော်ပြထားသည့် အမျိုးသားသွေးဌာန၏ အင်တာနက်စာမျက်နှာကို မြင်တွေ့ရစဉ်။ ယင်းအင်တာနက်စာမျက်နှာ (https://www.donatebloodmyanmar.org/) ကတစ်ဆင့် သွေးလှူရန် ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

စေတနာ့ဝန်ထမ်း ကျောင်းသားလူငယ်များ

ရန်ကုန်မြို့အနှံ့က တက္ကသိုလ်ကျောင်းသားများသည် ၎င်းတို့ကိုယ်တိုင် သွေးလှူဒါန်းခြင်းဖြင့် သော်လည်းကောင်း၊ အခြားသူများ သွေးလှူဒါန်းလာစေရန် တိုက်တွန်းနှိုးဆော်ခြင်းဖြင့် သော်လည်းကောင်း အမျိုးသားသွေးဌာန၏ အကူအညီတောင်းခံမှုကို ဖြည့်ဆည်းပေးလျက်ရှိသည်။

ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂဦးဆောင်သည့် စေတနာ့ဝန်ထမ်းကျောင်းသားများသည် သွေးလှူသူများအတွက် ရက်ချိန်းယူပေးခြင်း၊ သွေးလှူနိုင်ရန်စီစဉ်ပေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦးလူချင်းခပ်ခွာခွာနေရခြင်းစည်းကမ်းများကိုရှင်းပြခြင်း စသည့်လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်လျက်ရှိသည်။

ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုစည်သူအောင်က ၎င်း၏အဖွဲ့သားများသည် သမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာအသုံးပြု၍ အွန်လိုင်းစာရင်းသွင်းသည့်စနစ်ကတစ်ဆင့် တစ်ပတ်လျှင် သွေးလှူရှင်၁၀၀ခန့်ကို ပုံမှန်ရှာဖွေပေးလေ့ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့က ဌာနကို နည်းလမ်းနှစ်မျိုးနဲ့ကူညီပါတယ်။ ပထမတစ်ခုက ကျွန်တော်တို့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာကတဆင့် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ အိမ်နီးနားချင်းတွေထဲကနေ သွေးလှူချင်တဲ့သူတွေကို စုဆောင်းပေးတယ်”ဟု သူက ပြောသည်။

“ဒုတိယနည်းလမ်းကတော့ ဌာနရဲ့ အွန်လိုင်းကြိုတင်စာရင်းသွင်းစနစ်မှာ သွေးလှူရှင်တွေ အဆင်ပြေချောမွေ့အောင်ကူညီတယ်”ဟု ကိုစည်သူအောင်က ပြောသည်။

နောက်ပိုင်းတွင် ကိုစည်သူအောင်တို့နည်းတူ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများကလည်း ကိုယ်တိုင်သွေးလှူဒါန်းရုံမက သွေးအလှူရှင် ပိုမိုများပြားလာအောင် လိုက်လံစည်းရုံးခြင်းဖြင့်လည်း သွေးဌာနကိုကူညီရာတွင် ပူးပေါင်းလာကြသည်။

တက္ကသိုလ်ကျောင်းသားများသည် ယခင်ကတစ်နှစ်တစ်ကြိမ် အဖွဲ့လိုက် သွေးလှူဒါန်းခဲ့ကြသော်လည်း ကိုဗစ်-၁၉ကာလတွင် တစ်ဦးချင်းစီသာ သွေးလာလှူတော့ကြောင်း သူကဆိုသည်။

ကိုဗစ်-၁၉ကာလအတွင်း လူနာများအတွက် အသက်သွေးလိုအပ်ချက်ကို ဖြည့်ဆည်းပေနိုင်ရန် စေတနာ့ ဝန်ထမ်းကျောင်းသားများသည် ဇူလိုင်လအတွင်းက“ Red Rose (အနီရောင်နှင်းဆီ)” အမည်ရ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုက သွေးလှူရှင်ပိုမိုများပြားလာစေရန်ရည်ရွယ်သည်။

ကိုဗစ်-၁၉ရောဂါကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များ ဆက်ရှိနေသရွေ့သွေးလှူရှင်ရှာဖွေသည့် ယင်းလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု စေတနာ့ဝန်ထမ်းကျောင်းသားများက စိတ်ပိုင်းဖြတ်ထားကြသည်။

“ ‘အနီရောင်နှင်းဆီ’ လှုပ်ရှားမှုအားဖြင့် ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနဲ့ ဖြစ်လာတဲ့အခြေအနေတွေအပေါ်သတ္တိရှိရှိရင်ဆိုင်သွားမယ်ဆိုတဲ့ သတင်းစကားပေးချင်ပါတ​ယ်”ဟု ကိုစည်သူအောင်က ပြောသည်။

“ကျွန်တော်တို့ ဆေးတက္ကသိုလ်(၁)က ကျောင်းသားတွေက သွေးလှူဒါန်းရုံတင်မဟုတ်ပါဘူး။ ကပ်ရောဂါကာလမှာ ကျွန်တော်တို့ရဲ့ခွန်အားနဲ့စေတနာတွေကိုလည်း အလှူပေးနေပါတယ်”ဟု သူကပြောသည်။

သွေးလှူဒါန်းရန် ကြိုတင်စာရင်းပေးသွင်းလိုသူများသည် အမျိုးသားသွေးဌာန (National Blood Center) ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဝင်ရောက်လေ့လာ၍ ဆက်သွယ်လှူဒါန်းနိုင်ပြီး အရေးပေါ်ဖုန်းလိုင်း ၀၁- ၃၇၂၇၅၃ သို့လည်း ဆက်သွယ်နိုင်ပါသည်။ သွေးလှူဒါန်းမည့်သူသည် ကျန်းမာရေးကောင်းမွန်ရမည်ဖြစ်ပြီး အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ရမည့်အပြင် အနည်းဆုံးကိုယ်အလေးချိန် ပေါင် ၁၀၀ (၄၅ ကီလိုဂရမ်) ရှိရမည်ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.