A Tatmadaw truck passes by a public sign stating that only people aged 18 or above can enlist in the military. (Steve Tickner | Frontier)
တပ်မတော်ထောက်ပို့ယာဉ်တစ်စီး ကလေးစစ်သားစုဆောင်းမှုတားမြစ်သည့် အသိပေးဆိုင်းဘုတ်တစ်ခုအနီး ဖြတ်သန်းသွားသည်ကို မြင်တွေ့ရစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

ကလေးစစ်သားအသုံးပြုမှုပုံစံအားလုံး မြန်မာစစ်တပ် အဆုံးသတ်ရမည့်အချိန်ရောက်ပြီ

ကလေးသူငယ်များကို တိုက်ခိုက်ရေးမဟုတ်သောအခန်းကဏ္ဍများတွင် တပ်မတော်က ဆက်လက်အသုံးပြုနေခြင်းသည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကိုနောက်ပြန်ဆွဲစေပါသည်။ ကလေးသူငယ်များကိုပဋိပက္ခ၏ ဆိုးကျိုးဒဏ်ခံစားရခြင်းမှအကာအကွယ်ပေးရန်လည်း ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်ရန်လိုအပ်ပါသည်။

ဂျော့ချ် အန် ဆစ်ဘလီ ရေးသားသည်။

ကျွန်တော် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေသည့် သုံးနှစ်တာကာလအတွင်း ၎င်းတို့၏လူမှုအသိုက်အဝန်းများ ပိုမိုတိုးတက်ကောင်းမွန်ရန်ဆောင်ရွက်မည်ဟူသောသန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်နေကြသည့်ပုဂ္ဂိုလ်များကို တွေ့ဆုံခွင့်ရခဲ့ပါသည်။ ထိုပုဂ္ဂိုလ်တို့ကြောင့် ကျွန်တော့်အတွက် စိတ်ခွန်အားများဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်၌ ကိစ္စတစ်ခုကို အသေအချာကြိုးပမ်းဆောင်ရွက်နေသည့်အတွက်လည်း ကျွန်တော်အားတက်ခဲ့ရသည်။ ယင်းကား အခြားမဟုတ်၊ စက်ဆုပ်ဖွယ်ကောင်းလှသော လူကုန်ကူးမှုဆိုသည်ကို တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရက ဆက်လက်အာရုံစိုက်လုပ်ဆောင်နေခြင်းပင်။

မြန်မာနိုင်ငံသည် ယမန်နှစ်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည်။ ကလေးစစ်သားအသုံးမပြုရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ လူကုန်ကူးသူများကို တရားစွဲအရေးယူမှုများ တိုးမြင့်လာသကဲ့သို့ လူကုန်ကူးခံရသူများကို ကူညီပံ့ပိုးရာတွင်လည်း ပိုမိုတိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံ အစိုးရသည် လူကုန်ကူးခံရသူများကို အကာအကွယ်ပေး၍ ပြည်သူများ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းမှ ကာကွယ်တားဆီးပေးနေခြင်းဖြစ်သည့်အတွက် အဆိုပါကိစ္စအားလုံးသည် ထူးခြားကောင်းမွန်သော ခြေလှမ်းများပင်ဖြစ်သည်။

ကျွန်ုပ်၏နိုင်ငံမှာကဲ့သို့ အခြားနိုင်ငံများတွင်လည်း စိန်ခေါ်မှုများ ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း၌ ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနှင့် လုံခြုံရေးကောင်းမွန်စွာမစိစစ်နိုင်သည့် နယ်စပ်ထွက်ပေါက်များကြောင့် အမျိုးသမီးငယ်များ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ အလွယ်တကူ လူကုန်ကူးခံရကာ အလိုမတူဘဲ အတင်းအကျပ် လက်ထပ်ထိမ်းမြားစေမှုတို့ကို ကြုံတွေ့နေရသည်။ တရားမဝင်၍ အစိုးရ၏အထိန်းအကွပ်မဲ့သော ငါးဖမ်းလုပ်ငန်းတို့က အမျိုးသားများရော အမျိုးသမီးများအပေါ်ပါ ကာယလုပ်အားခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းကိုဖြစ်စေနိုင်သည်။ လုပ်ခလစာ ပိုရနိုင်မည်ဟုထင်ရသော နိုင်ငံခြားအလုပ်များ၏ ဆွဲဆောင်မှုကလည်း ပိုမိုကောင်းမွန်သည့်အနာဂတ်တစ်ခု ရှာဖွေနေကြသူများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို ခံရနိုင်စေသည်။

လူကုန်ကူးမှုကို ကြိုတင်၍ကာကွယ်တားဆီးရေး၊ ကျူးလွန်သူများအား တရားစွဲအရေးယူရေး၊ အများဆုံး ထိခိုက်ခံစားရလွယ်သူများဖြစ်ကြသည့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး စသည့်လုပ်ငန်းစဉ်များ ပိုမိုတိုးတက်စေရန်အတွက် မြန်မာအစိုးရ၏ အစိတ်အပိုင်းအားလုံးက ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံနှင့် ကျွန်တော်တို့ ဆက်၍လက်တွဲဆောင်ရွက်သွားပါမည်။ ဥပမာအနေဖြင့် လူကုန်ကူးရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲအရေးယူခြင်းတို့တွင် မြန်မာနိုင်ငံ၏ တရားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့က အကူအညီပေးလျက်ရှိသည်။ လူကုန်ကူးမှုနှိမ်နင်းရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် လွန်ခဲ့သောဒီဇင်ဘာလကပင် နိုင်ငံတစ်ဝန်းမှ ဥပဒေအရာရှိများပါဝင်သော ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို အမေရိကန်က ကူညီပံ့ပိုးပေးခဲ့သည်။

ယင်းဆွေးနွေးပွဲပြီးနောက် လူကုန်ကူးရာဇဝတ်မှု တရားစွဲအရေးယူခြင်းကို ပို၍ဆောင်ရွက်နိုင်စေရေးနှင့် စောင့်ကြည့်နိုင်စေရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက လူကုန်ကူးမှုတားဆီးရေးဆိုင်ရာပူးပေါင်းညှိနှိုင်းရေးမှူး ၇၄ ဦးပါဝင်သော ကွန်ရက်တစ်ခု တည်ဆောက်ပေးနိုင်ခဲ့သည်။ ယင်းကွန်ရက်တွင် ခရိုင်ဥပဒေရုံးတစ်ခုစီမှ အရာရှိတစ်ဦးစီ ပါဝင်ပါသည်။  နိုင်ငံတစ်ဝန်းမှ ရဲအရာရှိများပါဝင်သော သင်တန်းကိုလည်း အမေရိကန်သံရုံးက ပူးပေါင်းညှိနှိုင်းစီစဉ်ပေးခဲ့ပါသည်။ လူကုန်ကူးခံရသူများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူကုန်ကူးခံရသူများကို ဗဟိုပြုချဉ်းကပ်သည့် စုံစမ်းစစ်ဆေးခြင်းနည်းလမ်းများနှင့်ပတ်သက်၍ မြန်မာရဲအရာရှိတို့၏စွမ်းရည်များ ပိုမိုတိုးတက် ကောင်းမွန်စေရန်အတွက် အမေရိကန်ဖက်ဒရယ်ရဲအရာရှိများနှင့် ဒေသန္တရရဲအရာရှိများကို ခေါ်ယူ၍ သင်တန်းပေးကာ အတွေ့အကြုံများမျှဝေစေခဲ့ခြင်းဖြစ်သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရန်၊ လူကုန်ကူးခံရသူတို့ကို အကာအကွယ်ပေးရန်နှင့် အားပေးကူညီနိုင်ရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနကဲ့သို့သော အစိုးရဌာနများကိုလည်း နှစ်စဉ် အမေရိကန်ဒေါ်လာတစ်သန်းကျော် အမေရိကန်က ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံက အခိုင်အမာဖော်ဆောင်နိုင်သော လုပ်ငန်းစဉ်နှစ်ခု ရှိနေသည်။ ပထမတစ်ခုက နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ပါလာမိုကွန်ဗင်းရှင်း) နှင့်အညီ ၂၀၀၅ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် အစိုးရ၏လက်ရှိကြိုးပမ်းအားထုတ်နေမှုကို ကျွန်တော်တို့ ကြိုဆိုပါသည်။ မြန်မာနိုင်ငံက အဆိုပါအရေးကြီးသော ဥပဒေကို ယခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ထို့ပြင် ကလေးသူငယ်လူကုန်ကူးမှုများကို တရားစွဲဆိုသည့်အခါ ကျူးလွန်သူဟုအစွပ်စွဲခံရသူက ဖိအားပေးခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း နစ်နာသူဘက်က ဥပဒေအရ သက်သေထူရသည့် မည်သည့်လိုအပ်ချက်ကိုမဆို ဖယ်ရှားပေးခြင်းအားဖြင့် အခြားသော အာဆီယံနိုင်ငံများနှင့်အတူ အများဆုံးထိခိုက်ခံစားလွယ်သော လူကုန်ကူးခြင်းခံရသူတို့ကို အကာအကွယ်ပေးနိုင်မည်ဟုမျှော်လင့်ပါသည်။ လက်ရှိရော အနာဂတ် မြန်မာလူငယ်မျိုးဆက်များပါ ယင်းကဲ့သို့သော ဥပဒေ၏ အကာအကွယ်ပေးမှုကိုခံစားထိုက်ပါသည်။

ဒုတိယအချက်မှာ ကလေးစစ်သားအသုးပြုမှုအဆုံးသတ်ရေးဖြစ်ပြီး ယင်းသည် အရေးပါသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ ကလေးစစ်သားအသုံးပြုမှု အဆုံးသတ်ရေးအတွက် မြန်မာစစ်တပ်သည်လည်း အရေးကြီးသော ခြေလှမ်းအဆင့်များစွာကို ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ထိုသို့ဖော်ဆောင်ခဲ့မှုများတွင် လူသစ်အဖြစ် စုဆောင်းခြင်းခံရသူသည် အသက်၁၈နှစ်ပြည့်လွန်ပြီး ဖြစ်သည်ကို သေချာစေရန်အတွက် ဗဟိုအဆင့်ကသာလျှင် တပ်သားသစ်စုဆောင်းခြင်း၊ အသက်မပြည့်ဘဲ စုဆောင်းခြင်းခံရသူတို့ကို “သံသယအကျိုးခံစားခွင့်ရှိစေခြင်း”အားဖြင့် စစ်တပ်ကနုတ်ထွက်ခွင့်ပြုသည့် မူဝါဒချမှတ်ကျင့်သုံးခြင်းတို့ ပါဝင်သည်။ ယင်းကဲ့သို့ အရေးယူဆောင်ရွက်မှုများက အသက်မပြည့်သေးသည့် ကလေးသူငယ်များကို စစ်တပ်ကဖယ်ရှားရေးနှင့်ပတ်သက်သည့် မြန်မာစစ်တပ်၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူဖြစ်စေခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင်လည်း တိုက်ခိုက်ရေးအတွက်ကလေးသူငယ်များကို အသုံးပြုမှုအဆုံးသတ်ရေး အလားတူခြေလှမ်းများ ဆက်လက်ဖော်ဆောင်နေသည့်အတွက် ကုလသမဂ္ဂနှင့် လက်တွဲဆောင်ရွက်ခြင်းကတစ်ဆင့် မြန်မာနိုင်ငံတစ်လွှား ကလေးစစ်သားအသုံးပြုမှု အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ပါသည်။ ထိုကဲ့သို့ အပေါင်းလက္ခဏာဆောင်သည့် အရေးယူဆောင်ရွက်မှုများအတွက်လည်း ဇွန်လအတွင်း၌ ကုလသမဂ္ဂက အသိအမှတ်ပြုမှတ်ချက်ပေးခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်းမှ ကလေးသူငယ်များအကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ နှစ်စဉ်အစီရင်ခံစာတွင် မြန်မာစစ်တပ်ကို တိုက်ခိုက်ရေးအတွက်ကလေးစစ်သားများ အသုံးပြုသောအဖွဲ့အစည်းများစာရင်းက ပယ်ဖျက်ပေးခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုပါစာရင်းတွင် ဆက်၍မရှိနေရန်အတွက် မြန်မာစစ်တပ်သည် ကလေးသူငယ်များကို တိုက်ခိုက်ရေးမဟုတ်သောကဏ္ဍများတွင်ပါ အတင်းအကျပ်လုပ်အားပေးခိုင်းစေခြင်းတို့ကို နောက်လာမည့် ၁၂ လတာကာလအတွင်း အဆုံးသတ်မည်ဟူသော ၎င်းတို့ပေးအပ်ထားသည့်ကတိကို စောင့်ထိန်းရမည်ဖြစ်သည်။

အရပ်သားများ၊ အထူးသဖြင့် ကလေးသူငယ်များကို တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ စစ်တပ်က အသုံးပြုနေခြင်းနှင့်ပတ်သက်၍ အရေးတကြီးအာရုံစိုက်ရန်လိုအပ်နေပါပြီ။ အသက်မပြည့်သေးသူများ စစ်တပ်စခန်းပတ်ဝန်းကျင်များ၌ ရှိနေခြင်းသည် ကလေးသူငယ်များ မတော်တဆဒဏ်ရာရခြင်း သို့မဟုတ် ပဋိပက္ခအတွင်း အသက်ဆုံးရှုံးသွားနိုင်ခြင်းမျိုးကဲ့သို့သော ကြီးမားသည့်အန္တရာယ်တစ်ခုကို ဖန်တီးနေပါသည်။

ကလေးသူငယ်များအပါအဝင် ဒေသခံတို့အား ပေါ်တာများ၊ လမ်းပြများ၊ ထမင်းချက်များအဖြစ်နှင့် ပြုပြင်ထိန်သိမ်းရေးအလုပ်များ၊ စိုက်ပျိုးရေးအလုပ်များတွင်စေခိုင်းနေခြင်းတို့သည် စစ်တပ်အတွက် အထူးအဆန်းမဟုတ်သော လုပ်နေကျအလေ့အထကဲ့သို့ ရှိနေဆဲဖြစ်ပါသည်။ ၂၀၁၉ အတွင်း၌ ကလေးသူငယ်များကို စစ်တပ်က အသုံးပြုမှုဖြစ်စဉ်သည် စိုးရိမ်ဖွယ်ကောင်းလောက်အောင် ၁၉၇မှု အထိ ရှိခဲ့ကြောင်း ဇွန်လတွင် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖြစ်စဉ်အများစုသည် ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သည်။

တိုးတက်မှုအချို့ကိုဖော်ဆောင်နေခဲ့သော်ငြားလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်လျက်ရှိသည့် လူကုန်ကူးမှုအစီရင်ခံစာတွင် ယခုနှစ်အစီရင်ခံစာ၌ အဆင့် (၃) အုပ်စုတွင် ပါရှိနေခြင်းသည် အဓိကအားဖြင့် တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ ကလေးသူငယ်များကို မြန်မာစစ်တပ်က ဆက်လက်အသုံးပြုနေခြင်းကြောင့်ဖြစ်သည်။ ကလေးသူငယ်များကို တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ အသုံးပြုရန် ဆုံးဖြတ်ချက်သည် အောက်ခြေအဆင့်တွင် အမိန့်ပေးစေခိုင်းသည့်လုပ်ရပ်များဖြစ်နိုင်ပြီး၊ ယင်းဖြစ်စဉ်များ ဆက်လက်ကျန်ရှိနေခြင်းသည် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းအားထုတ်မှုကို အဟန့်အတားဖြစ်စေသကဲ့သို့ နိုင်ငံတကာ မျက်နှာစာတွင်လည်း မြန်မာစစ်တပ်၏ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။ ရိုးရှင်းစွာပြောရလျှင် ပရော်ဖက်ရှင်နယ်စစ်တပ်တစ်ခုသည် အသက်၁၈နှစ်အောက် ကလေးသူငယ်များကို လုံးဝအသုံးမပြုရန် လိုအပ်သည်။

မြန်မာနိုင်ငံသည် ထိုကိစ္စကို လာမည့်ခြောက်လအတွင်း အခိုင်အမာဖြေရှင်းနိုင်မည်ဟု ကျွန်တော် အကောင်းမြင်မျှော်လင့်ပါသည်။ မြန်မာနိုင်ငံက လတ်တလောပြဋ္ဌာန်းခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေတွင်လည်း အတင်းအကျပ်လုပ်အားပေးခိုင်းစေခြင်းအပါအဝင် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များကို အသုံးမပြုရန် တားမြစ်ထားပြီးဖြစ်သည်။ အမိန့်၊ ညွှန်ကြားချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်နေပါပြီ။ မြန်မာစစ်တပ်အနေဖြင့်လည်း တိုက်ခိုက်ရေးမဟုတ်သောအခြားကဏ္ဍများတွင် ကလေးသူငယ်များအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ခြင်းကို ၂၀၁၂အတွင်း အမိန့်ညွှန်ကြားချက်များစွာထုတ်ပြန်၍ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် စစ်ဘက်ဆိုင်ရာလုပ်ငန်းများတွင် ကလေးသူငယ်များ မည်သည့်နည်းဖြင့်မဆို ပါဝင်နေခြင်းကို မြန်မာစစ်တပ်က တိတိကျကျ၊ ပြတ်ပြတ်သားသား အဆုံးသတ်ရမည့်အချိန်ရောက်နေပြီဖြစ်သည်။ စစ်တပ်အကြီးအကဲများကလည်း ကလေးစစ်သားအသုံးပြုမှုအဆုံးသတ်ပြီဖြစ်သည့်အကြောင်း လူသိရှင်ကြား ထပ်မံအသိပေးပြောကြားကာ၊ ညွှန်ကြားချက်များကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်သင့်ပြီဖြစ်သည်။ ထို့ပြင် အရာရှိများ၊ တပ်သားများက ကလေးစစ်သားအသုံးပြုမှုတားမြစ်ချက်ဆိုင်ရာ ညွှန်ကြားချက်များကို နားလည်သဘောပေါက်၊ လိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်သောသင်တန်းများလည်းပေးရမည်ဖြစ်သည်။ ယင်းညွှန်ကြားချက်အမိန့်တို့ကို လစ်လျှူရှုသူ မည်သူကိုမဆိုလည်း ကျူးလွန်မှုနှင့် အချိုးကျညီမျှသော ပြစ်ဒဏ်ပေးရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိသော အမိန့်အာဏာကျင့်သုံးမှုလည်း ပါရှိရမည်ဖြစ်သည်။

အရပ်သားအားလုံး၊ အထူးသဖြင့်ကလေးသူငယ်များကို လက်နက်ကိုင်ပဋိပက္ခတို့၏ အန္တရာယ်မှ အကာအကွယ်ပေးကာ ကလေးစစ်သားများ အသုံးပြုမှုကို အပြီးတိုင်အဆုံးသတ်ရန်အတွက် စစ်တပ်၌ တာဝန်ရှိပါသည်။ ယင်းကိုအောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါက ယင်းအတွက် မြန်မာနိုင်ငံအနေဖြင့် ပိုမိုကြံ့ခိုင်အားကောင်းလာမည်ဖြစ်ပါသည်။

ဂျော့ချ် အန် ဆစ်ဘလီသည် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ သံရုံးယာယီတာဝန်ခံဖြစ်ပါသည်။ ဤဆောင်းပါးပါ ထင်မြင်ယူဆချက်များသည် စာရေးသူ၏ အာဘော်သက်သက်သာဖြစ်သည်။ စာကို တိုက်သုံးမူနှင့်အညီ တည်းဖြတ်ထားကြောင်းလည်း စာဖတ်သူများကို အသိပေးအပ်ပါသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.