ကလေးငယ်တွေကို ပြုစု ပျိုးထောင်ပေးခြင်း

သီရိဟန် ရေးသားသည်။

ကလေးငယ်တစ်ယောက် လူ့ပတ်ဝန်းကျင်ထဲကို စတင်ဝင်ရောက်ဖို့ ကြိုးစားတဲ့အချိန်မှာ သင်ကြားပေးတဲ့ လက်ဦးဆရာတွေဟာ သူတို့ရဲ့ မိဘတွေ ဖြစ်တယ်ဆိုရင် ဒုတိယကတော့ မူကြိုကျောင်းက ဆရာဆရာမတွေနဲ့ ကျောင်းပတ်ဝန်းကျင်ကိုလည်း မေ့ထားလို့ ရမှာမဟုတ်ပါဘူး။

“ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သူတို့ရဲ့ ပတ်ဝန်းကျင်ဟာ ပျော်ပျော်ရွင်ရွင်နဲ့ လေ့လာနိုင်စွမ်းရှိတဲ့ ပတ်ဝန်းကျင်ရှိမှသာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မယ်” လို့သာလွန် (Thalun) Early Learning Center က Business Manager ဒေါ်သိဂီအောင်က ဆိုပါတယ်။ ရန်ကုန်မြို့ သံလွင်လမ်းထဲမှာ ဖွင့်လှစ်ထားတဲ့ သာလွန်အနေနဲ့ အမေရိကန်က Creative Curriculum အတိုင်း သင်ကြားပေးတာဖြစ်တယ်လို့ သူက ပြောပါတယ်။ ကလေးတွေကို သူတို့ရဲ့ ဘေးပတ်ဝန်းကျင်က ရှိသမျှအရာတွေကို စူးစမ်းလေ့လာနိုင်စွမ်းရှိအောင် သင်ကြားပေးဖို့ လိုအပ်ပြီး ကလေးရဲ့ စိတ်ပညာနဲ့ ရသဖွံ့ဖြိုးမှု အပိုင်းတွေကို အလေးထားသင့်တယ်လို့ သူက ပြောရင်း နှစ်နှစ်အရွယ် ကလေးတွေ ပုံဆွဲနေကြတဲ့ အခန်းတံခါးကို ဖွင့်လိုက်ပါတယ်။

အခန်းထဲမှာတော့ ဆရာမလေးယောက်နဲ့အတူ အသက်နှစ်နှစ်ကနေ သုံးနှစ်အရွယ်ကြားရှိတဲ့ မြန်မာနဲ့ နိုင်ငံခြားသား ကလေးတွေ ၁၂ ယောက်လောက် ရှိနေကြပါတယ်။ သူတို့က အင်္ဂလိပ် S အက္ခရာကို သင်ယူနေကြတာဖြစ်ပြီး S ပုံဖော်ထားတဲ့ အကွက်အတွင်းမှာ သူတို့နဲ့ ပတ်သက်ပြီး အသုံးများတဲ့ စကားလုံးတွေကို ကော်နဲ့ ကပ်နေကြပါတယ်။ ဥပမာ- Snake၊ Snack စသည်ဖြင့် စာရွက်ကလေးတွေနဲ့သင်ယူနေကြတာ ဖြစ်ပါတယ်။ အချို့ ကလေးများက ဆရာမတွေရဲ့ ပြောကြားချက်အတိုင်း လိုက်လုပ်နေပြီး အချို့ကျပြန်တော့လည်း ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်နေတဲ့ ကလေးတွေကိုလည်း မြင်တွေ့ရပါတယ်။

ဓာတ်ပုံ- မာရို ဗာလီ

ဓာတ်ပုံ- မာရို ဗာလီ

“အရမ်းငယ်တဲ့ ကလေးတွေအတွက်ကျတော့လည်း တနေ့တာသင်ကြားမယ့် အစီအစဉ်ရှိပေမဲ့ သူတို့ လုပ်ချင်တဲ့အပေါ်ကို လိုက်လုပ်ပေးတယ်။ သူတို့အတွက် Creative thinking တွေ ပိုဖြစ်စေတယ်” လို့ မသိဂီအောင်က ဆက်လက် ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်က လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်တဲ့ အစိုးရမူကြိုကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခရစ်ယာန် ဆရာမကြီးတွေ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတွေသာ ရှိခဲ့ပေမယ့် အခုအခါမှာတော့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေနဲ့ ရေးဆွဲထားတဲ့ Early Learning Centre တွေနဲ့ ပုဂ္ဂလိက မူကြိုကျောင်းတွေ  ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

ကလေးတစ်ယောက် ဖွံ့ဖြိုးလာဖို့ ဗီဇက ၅၀ ရာခိုင်နှုန်း၊ ပတ်ဝန်းကျင်က ၅၀ ရာခိုင်နှုန်း အရေးပါပါတယ်။

“အချို့က မွေးကတည်းက ဉာဏ်ရည်မမှီတာမျိုးဆို ပတ်ဝန်းကျင်ကောင်းဖို့ ပိုတောင်လိုအပ်သေးတယ်။ ကလေးတစ်ယောက်ကို ကောင်းကောင်း အထောက်အပံ့ပေးနိုင်ဖို့ဆို Early Child-hood ကို နားမလည်လို့ မရဘူး။  မိဘကလည်း ကလေးကို ဘယ်လို ပျိုးထောင်ရမလဲဆိုတာကို နားလည်ရင် ပိုကောင်းတယ်”  လို့ မြောက်ဒဂုံက ပင်လုံအိမ်ရာထဲမှာ ဖွင့်လှစ်ထားတဲ့ Gifted-Kids Pre School က ကျောင်းအုပ် ဒေါ်အင်ကြင်းခင်က ပြောပါတယ်။  

ရန်ကုန်မြို့ Anglican Holy Trinity Cathedral ဘုရားကျောင်းဝန်းထဲမှာ ဖွင့်လှစ်ထားတဲ့ သက်တမ်း ၁၂ နှစ်ရှိပြီဖြစ်တဲ့ Cathedral Education Care က ကျောင်းအုပ် ဒေါ်ရီတာဘထွန်းကတော့ ကျောင်းအတွက် ဘုရားကျောင်းက အားလုံး ထောက်ပံ့ပေးပြီး မူကြိုကျောင်းအား စတင်ဖွင့်လှစ်ချိန်က ကလေးငါးယောက်သာ ရှိသည်ဟုဆိုသည်။

မနက်မိုးလင်းတွင် သီချင်း၊ ကဗျာ၊ လေ့ကျင့်ခန်းများ ပြုလုပ်ပေးပြီး နေ့လည်စာစားချိန်တွင် ကျေးဇူးတော်ကို ချီးမွမ်းတဲ့ အလေ့အကျင့်ကို လုပ်ပေးတယ်လို့ သူကပြောပါတယ်။ ကျောင်းအုပ်ဆရာမအပါအဝင် ဆရာမတွေက ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ပေမယ့် ဘုရားရှိခိုးခြင်းကို မသင်ပေးမှုမှာ ကလေးတွေဟာ ဘာသာပေါင်းစုံက ဖြစ်တဲ့အတွက်ကြောင့်ပါလို့ သူက ရှင်းပြပါတယ်။ 

ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် ကိုယ်ပိုင် ပုဂ္ဂလိက မူကြိုများနဲ့အစိုးရက ဦးဆောင်တဲ့ မူကြိုကျောင်းတွေဆိုပြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုယ်ပိုင်ကျောင်းတွေနဲ့ အစိုးရကျောင်းတွေရှိပေမယ့် မူကြိုတွေ တိုးချဲ့ဖို့ အနေအထားကတော့ အများကြီး လိုနေသေးတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးသူငယ်နှင့် လူငယ်ဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောပါတယ်။ ဌာနအနေနဲ့ ၁၉၅၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အလုပ်ဝင်လာတဲ့ ဆရာမတွေကို အခြေခံသင်တန်း၊ မွမ်းမံသင်တန်းနဲ့ အဆင့်မြင့်သင်တန်းတွေ ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

သင်ကြားရေး နည်းပညာတွေကို စင်ကာပူ အင်တာနေရှင်နယ် ဖောင်ဒေးရှင်း(SIF) က၂၀၀၄ ခုနှစ်ကတည်းက လက်ရှိ အချိန်အထိ ပူးပေါင်းကူညီပေးနေသလို လိုအပ်တဲ့ သင်ကြားရေးဆိုင်ရာ Resource စာအုပ်တွေကိုလည်း ကူညီပေးနေတယ်လို့ သူကပြောပါတယ်။ “ဒီက ဆရာမတွေကို စင်ကာပူကို လေ့လာရေး လွှတ်တယ်။ စင်ကာပူက အဖွဲ့တွေက ကိုယ့်ကျောင်းလိုအပ်ချက်တွေကို လာလေ့လာတယ်။ ကျောင်းလိုအပ်ချက်တွေကို အကြုံပြုတယ်။ နည်းပညာအကူအညီတွေ ပေးတယ်” လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ- မာရို ဗာလီ

ဓာတ်ပုံ- မာရို ဗာလီ

ဦးသိန်းစိန်အစိုးရ လက်ထပ်မှာ ECCD (Early Child-hood Care and Development) Policy စာအုပ်ကို ထုတ်နိုင်ခဲ့ပါတယ်။ ဒီပေါ်လစီဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ နှစ်နှစ်ကြာ မူကြမ်းရေးဆွဲခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ (ယူနီဆက်)က ဘဏ္ဍာရေး အကူအညီတွေ၊  ပညာရှင်ငှားရမ်းခြင်းတွေကို ကူညီပံ့ပိုးပေးခဲ့ပြီး ဦးဆောင်ခဲ့တာကတော့ လူမှုဝန်ထမ်းဦးစီးဌာနက ဖြစ်တယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့  ၂၅ ရာခိုင်နှုန်းပဲ မူကြိုကျောင်းတက်ကြပြီး ကျန် ၇၅ ရာခိုင်နှုန်းကတော့ မတက်ကြဘူး လို့ သူကပြောပါတယ်။ မူကြိုမတက်ရတဲ့အတွက် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ သူတို့ ဘဝတွေ ကြီးပြင်းတဲ့အချိန်မှာ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာစသည်ဖြင့် လိုအပ်ချက်တွေ ရှိတတ်ပါတယ်။

ဌာနလက်အောက်မှာ မူကြိုကျောင်း ၆၈ ကျောင်းဖွင့်လှစ်ထားပြီး ကိုယ့်အားကိုယ်ကိုး မူကြို ၇၂၀ ကျောင်းရှိပါတယ်။ လူမှုဝန်ထမ်းဌာနက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းလခက လုံးဝအခမဲ့ဖြစ်တဲ့အပြင် ကျောင်းသားတွေ နေ့လည်စာအတွက် တစ်ယောက်အတွက် တစ်ရက်ကို ကျပ် ၃၅၀ ထောက်ပံ့ပေးထားပါတယ်။

၂၀၀၆ ခုနှစ်ကနေ စတင်ပြီး ရန်ကုန်မှာ ပုဂ္ဂလိက မူကြိုကျောင်း ၂၀ လောက် ဖွင့်လှစ်ထားပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကျောင်းတွေနဲ့က ကျောင်းပေါ်မူတည်ပြီး ကျောင်းလခတွေက ကွာခြားသွားပါတယ်။

သာလွန် Early Learning Center မှာဆိုရင် ကျောင်းလခက တစ်လကို အမေရိကန် ဒေါ်လာ ၄၀၀ ခန့်ရှိတယ်လို့ မသိဂီအောင်က ဆိုပါတယ်။ ကျောင်းတွင် နေ့လည်စာနဲ့Snacks တွေကို ကလေးတွေအတွက် Balance Diet ဖြစ်စေတဲ့ Menu တွေရေးဆွဲကာ စီစဉ်ကျွေးမွေးတယ်လို့လည်း သူကဆိုပါတယ်။

“Health and Safety အရမ်းလိုအပ်တယ်။ မိဘတွေအနေနဲ့သူတို့ရဲ့ ကလေးတွေကို မျက်စိအောက်ကနေ လွှတ်လိုက်ရတဲ့အတွက် သူစိမ်းတွေနဲ့သူတို့ကလေးတွေ ဘယ်လိုနေမလဲ စိတ်ပူတာရှိတယ်” လို့ မသီဂီအောင်က ဆိုပါတယ်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.