အမျိုးသားဒီမိုကရေစီအဖွဲ့ချုပါတီထောက်ခံသူများ စက်တင်ဘာ၁၆ရက်က ပုလဲမြို့အတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်မဲဆွယ်နေသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | မုံရွာဂေဇက်)

ကပ်ဘေးကာလ မဲဆွယ်ရေးအခက်အခဲနှင့် ရွေးကောက်ပွဲတရားမျှတမှု

စက်တင်ဘာ၁၆ရက်က တက်ကြွသည့် အင်န်အယ်လ်ဒီပါတီဝင်နှင့် ထောက်ခံသူအများအပြားသည် ဆိုင်ကယ်များနှင့် စစ်ကိုင်းဒေသကြီး၊ ပုလဲမြို့အတွင်း မဲဆွယ်လှည့်လည်ခဲ့ရာ ဝေဖန်မှုများပေါ်ထွက်ခဲ့သည်။ ဒေသပါတီတာဝန်ရှိသူများကမူ ကိုဗစ်-၁၉စည်းမျဉ်းများကို ချိုးဖောက်သည့် ယင်းသို့မဲဆွယ်မှုများအတွက် ၎င်းတို့တွင်တာဝန်မရှိဟုဆိုသည်။

မုံရွာဂေဇက်သတင်းဌာနက တင်ဆက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(အင်န်အယ်လ်ဒီ) ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူဒေါက်တာဇော်မြင့်မောင်က ကိုဗစ်ကာလအတွင်း မဲဆွယ်ရာတွင်လူစုလူဝေးမဖြစ်စေရန်နှင့် လူစုလူဝေးနှင့်မဲဆွယ်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့် ငြိစွန်းနိုင်ကြောင်း စက်တင်ဘာ၁၆ရက်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပါတီဝင်များနှင့် ပါတီကိုထောက်ခံအားပေးသူများအား သတိပေးခဲ့သည်။

သို့သော် ထိုနေ့မှာပင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ အင်န်အယ်လ်ဒီပါတီဝင်များနှင့် ထောက်ခံသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ကိုဗစ်ကာလအတွင်းလိုက်နာရမည့် စည်းမျဉ်းနှင့်မကိုက်ညီသည့်မဲဆွယ်မှုများ ပြုလုပ်ခဲ့ကြသည်။

နိုဝင်ဘာ၈ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကော်မရှင်၏ခွင့်ပြုချက်အရ ဩဂုတ်၈ရက်မှ နိုဝင်ဘာ၆ရက်အထိ မဲဆွယ်စည်းရုံးခွင့်ရှိသည်။ သို့သော် မဲဆွယ်ရာတွင် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းများကိုလိုက်နာရမည်ဖြစ်ပြီး လူ၅၀ထက်မပိုစေဘဲ မဲဆွယ်ရမည်ဖြစ်သည်။

အနီရောင်အင်္ကျီ၊ ဦးထုပ်၊ ခေါင်းစီး၊ နှာခါင်းစည်းတို့ကို ဝတ်ဆင်ထားသူများသည် ကား၊ ထော်လာဂျီ၊ သုံးဘီးဆိုက်တွဲများဖြင့် အင်န်အယ်လ်ဒီပါတီ အောင်နိုင်ရေးသီချင်းများဖွင့်ကာ စက်တင်ဘာ၁၆ရက်က ပုလဲမြို့ပေါ်သို့‌ ‌ရောက်ရှိလှည့်လည်ကြပြီး‌နောက် ယင်းမာပင်မြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက မုံရွာဂေဇက်ကိုပြောသည်။

စက်တင်ဘာ၁၆ရက်က ပုလဲမြို့မှယင်းမာပင်မြို့ဘက်သို့ ထွက်ခွာသွားသည့် အင်န်အယ်လ်ဒီပါတီဝင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | မုံရွာဂေဇက်)

မဲဆွယ်ယာဉ်တန်းတွင် လူဦးရေအများအပြားပါဝင်ပြီး တရားဝင်သတ်မှတ်ထားသည့် လူဦးရေ၅၀ထက် ကျော်လွန်သည်မှာ အထင်အရှားဖြစ်သည်။ သို့သော်ယင်းမဲဆွယ်လှည့်လည်သည့်အဖွဲ့များသည် မည်သည့်ဒေသကလာသည်ကို မည်သူမျှအတိအကျမပြောနိုင်ပေ။ ပုလဲမြို့နယ်အင်န်အယ်လ်ဒီပါတီ တာဝန်ရှိသူများကမူ အဆိုပါအဖွဲ့များ မဲဆွယ်လှည့်လည်သည့် အစီအစဉ်ကို ကြိုတင်မသိရကြောင်းဆိုသည်။

ပုလဲမြို့နယ်သည် အင်န်အယ်လ်ဒီပါတီ၏ အမာခံဒေသတခုဖြစ်ပြီး ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့သည့်မဲဆန္ဒနယ်လည်းဖြစ်သည်။

လူအများအပြားပါဝင်သည့်ထောက်ခံသူများ၏ ကားကြီး၊ ကားငယ်အသွယ်သွယ်ဖြင့် လှည့်လည်စည်းရုံးမှုများသည် ပုလဲမြို့တွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်နေသည်မှာ မဖြစ်သင့်‌ကြောင်း ယင်းမာပင်မြို့ခံကိုဟိန်းက ပြောသည်။

ထိုယာဉ်တန်းမှ လူများသည်တစ်နေရာတည်းမှမဟုတ်ဘဲ မြို့နယ်ပေါင်းစုံ လှည့်လည်ကြသဖြင့်ကိုဗစ်-၁၉ပိုးကူးစက်ခံထားရသူပါဝင်ပါက အခြားလူများသို့ ကူးစက်ပျံနှံ့သွားနိုင်သည်ကို စိုးရိမ်မိသည်ဟု သူကပြောသည်။

အင်န်အယ်လ်ဒီပါတီကို ထောက်ခံသူတဦးဖြစ်သည့် ပုလဲမြို့နယ်ဒေသခံ ကိုမျိုးထွန်းကလည်း ယခုလို ကားများနှင့်  မဲဆွယ်လှည့်လည်သွားနေတာမျိုးမလုပ်သင့်ဟု မှတ်ချက်ပေးသည်။

“ပါတီအပေါ် အားပေးထောက်ခံမှုကို သိစေချင်တယ်ဆိုပေမဲ့ ကိုယ့်လုပ်ရပ်ကြောင့် ပြည်သူတွေပဲ ဒုက္ခရောက်သွားနိုင်တယ်ဆိုတာ တစ်ယောက်ချင်းစီအနေနဲ့ သိစေချင်တယ်”ဟု ၎င်းကပြောသည်။

စက်တင်ဘာ၁၆ရက်က အင်န်အယ်လ်ဒီပါတီက နယ်ပေါင်းစုံမှ ကား၊ ထော်လာဂျီရှစ်စီးခန့်ဖြင့် ပုလဲမြို့တွင် လာ‌ရောက်မဲဆွယ်ခြင်းသည် ကိုဗစ်-၁၉စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပုလဲမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ဦးတင်ဆွေက‌ ဝေဖန်သည်။

ပုလဲမြို့နယ်အင်န်အယ်လ်ဒီပါတီဝင်များသည် အခြားမြို့နယ်များက ၎င်းတို့၏ပါတီဝင်များနှင့်ပူးပေါင်း၍ အပြန်အလှန်လှည့်လည်အင်အားပြနေသည်ကို တွေ့နေရကြောင်း ၎င်းကပြောသည်။ ပြည်ခိုင်ဖြိုးပါတီသည်လည်း အခြားမြို့နယ်များတွင် အင်န်အယ်လ်ဒီပါတီကို တုံ့ပြန်သည့်အနေဖြင့် ကားကြီး၊ ကားငယ်မျိုးစုံနှင့် ဆိုင်ကယ်များအသုံးပြုကာ တန်ပြန်မဲဆွယ်မှုများကို ပြုလုပ်နေသည်ကိုတော့ သူကမှတ်ချက်မပေးခဲ့ပေ။

ပြည်သူများသည် ၎င်းတို့၏ဆန္ဒအလျောက် ၎င်းတို့ ချစ်မြတ်နိုးသည့် ပါတီကိုထောက်ခံသည့်အနေဖြင့် ပူးပေါင်းပါဝင်လှည့်လည်ကြသည့်အတွက်‌ ဟန့်တား၍မရကြောင်း ပုလဲမြို့နယ်အင်န်အယ်လ်ပါတီအတွင်းရေးမှူးဦးညိုဌေးကပါတီအပေါ်‌ ဝေဖန်မှုကိုများကို ပြန်လည်တုံ့ပြန်သည်။

“ခရိုင်ကော်မရှင်ဥက္ကဋ္ဌထံကိုလည်း ဒီအတိုင်းပဲပြောခဲ့ပါတယ်။ ပြည်သူကဒီမိုကရေစီစနစ်ဆီကို သွားချင်နေတာပါ။ တိုင်းပြည်ရဲ့အရွေ့မှာ ပြည်သူကအဓိကကျတဲ့အတွက် သူတို့ဆန္ဒအတိုင်းပြည်သူအချင်းချင်း ချိတ်ဆက်ပြီးလုပ်ဆောင်နေကြတာပါ” ဟုဦးညိုဌေးကပြောသည်။

ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်များမှအဖွဲ့များကို ပုလဲသို့လာခဲ့ရန် ကြိုတင်ပြောဆိုမှုမျိုးမရှိခဲ့ဟု အင်န်အယ်လ်ဒီပါတီဝင် ဒေါ်ခင်စန်းလှိုင်က ပြောသည်။ ၎င်းသည် လက်ရှိပုလဲမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လာမည့်နိုဝင်ဘာ၈ရက်တွင် ယင်းမဲဆန္ဒနယ်ကပင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

“ပါတီရဲ့ဦးဆောင်မှု၊ ညွှန်ကြားမှုနဲ့လုပ်နေတာလည်း မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပါတီအပေါ် ယုံကြည်မှုထောက်ခံမှု ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နဲ့ လှည့်လည်နေကြတာပါ။ ဒါကို ပါတီ‌နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ခွင့်ပြုလက်ခံပေးထားတာမရှိဘူး။ ကျွန်မတို့ရဲ့ဆောင်ရွက်ချက်တွေကိုကြည့်ပြီး ထပ်မံမဲပေးမဲ့သူတွေရှိသလို သဘောမကျတဲ့သူကလည်း မဲမပေးတာမျိုးရှိမှာပါ”ဟု ဒေါ်ခင်စန်းလှိုင်ကပြောသည်။

မဲဆွယ်မှုများပြုလုပ်ရာတွင် ပါတီအပေါ်လူထု၏ ပြင်းပြသည့်ထောက်ခံအားပေးမှုကြောင့် ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်အခက်အခဲရှိကြောင်း စက်တင်ဘာ၃၀ရက်က ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပြုလုပ်ခဲ့သည့် အွန်လိုင်းဆွေးနွေးပွဲတွင် ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့သည်။

အင်န်အယ်လ်ဒီပါတီဝင်များက အဆိုပါမဲဆွယ်လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုသည့်တိုင် ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီဝင်များကမူ ယင်းအချက်ကို အယုံအကြည်မရှိပေ။

“တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ နောက်ကွယ်က ညွှန်ကြားမှုရှိလို့သာ တစ်ခြားမြို့နယ်ကနေ လာတယ်လို့သုံးသပ်မိတယ်”ဟု ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးတင်ဆွေကပြောသည်။

ထိုအငြင်းပွားမှုများနှင့်ပတ်သက်၍ မုံရွာဂေဇက်က ပုလဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးထွန်းကြည်ကို ဆက်သွယ်မေးမြန်းသောအခါ ကိုဗစ်စည်းကမ်းချက်‌များသည် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စည်းမျဉ်းများဖြစ်၍ ၎င်းတို့နှင့်မသက်ဆိုင်ဟုပြောသည်။

“ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေကိုလည်း ခေါ်ပြောထားပါတယ်။ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လိုက်နာရမဲ့ စည်းကမ်းချက်‌တွေလည်း ပေးထားပါတယ်”ဟု ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း လှည့်လည်မဲဆွယ်သည့် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ကို မြင်တွေ့ ရစဉ်။ (ဓာတ်ပုံ | မုံရွာဂေဇက်)

အခြားပါတီများ၏ မဲဆွယ်စည်းရုံးမှုများကို စောင့်ကြည့်ဝေဖန်မှုများ ပြုလုပ်မည်မဟုတ်ဘဲ မိမိပါတီ၏လမ်းစဉ်အတိုင်း စည်းကမ်းတကျ စည်းရုံးမဲဆွယ်သွားမည်ဖြစ်ကြောင်း ပုလဲပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီဟု လူသိများသော ညီညွတ်သောဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ဦး‌အောင်ငြိမ်းချမ်းကပြောသည်။

“ထုတ်ထားတဲ့ ဥပဒေစည်းမျဥ်းစည်းကမ်းတခုကို လူတိုင်းလိုက်နာဖို့တော့ လိုတာပေါ့”ဟု ဆားလင်းကြီးမြို့နယ်၊ တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလအမတ်လောင်း ဦတင့်အောင်စိုးကပြောသည်။

တစ်ဘက်တွင်လည်း ကိုဗစ်ကူးစက်ရောဂါမြင့်တက်နေသည့်ကာလဖြစ်ရာ ပါတီအသီးသီးအတွက် မဲဆွယ်ရာတွင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်။

လာမည့်နိုဝင်ဘာ၈ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပုလဲမြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အပါအဝင် ပုလဲမြို့နယ်အတွင်း မဲဆန္ဒနယ်လေးနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီများမှ ကိုယ်စားလှယ်လောင်း၁၈ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦး၊ စုစုပေါင်း၁၉ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပုလဲမြို့နယ်တွင် မဲရုံပေါင်း၁၆၁ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၄,၀၀၀ဦးကျော်ရှိသည်။ ၂၀၁၅အထွေထွေ ရွေးကောက်ပွဲကျင်းပစဉ်က မဲရုံပေါင်း၁၃၀သာရှိခဲ့သော်လည်း ပုလဲမြို့နယ်သည် တောင်ပေါ်မြေပြန့်နှစ်ပိုင်းရှိသဖြင့် သွားလာရေးအဆင်ပြေစေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲရုံ၃၁ရုံထပ်မံတိုးချဲ့ခဲ့သည်။

ကိုဗစ်ကာလ မဲဆွယ်မှုများနှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း၄၀ဦးကိုသင်တန်းပေးခဲ့ပြီး ၎င်းတို့ကတစ်ဆင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုမဲရုံကိုယ်စားလှယ်များကို ဆင့်ပွားသင်တန်းပေးနေကြောင်း ပုလဲမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးဇော်ထက်ကပြောသည်။

ပြည်ခိုင်ဖြိုးပါတီက ကားတစ်စီးလျှင် လူငါးယောက်နှင့်သာ သတ်မှတ်ထားသည့်စည်းကမ်းနှင့်အညီ မဲဆွယ်စည်းရုံးမှုများပြုလုပ်နေသည်ဟု ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းဦးတင်ဆွေကပြောသည်။

ကိုဗစ်ကာလအတွင်း မဲဆွယ်ရာတွင် အင်န်အယ်လ်ဒီပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ထက် ၎င်းတို့အတွက် ပို၍ခက်ခဲသည်ဟု အခြားပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလောင်းများက ပြောသည်။

“ကိုဗစ်ကာလနဲ့ဆိုတော့ ကျွန်တော်တို့ပါတီက ပြောက်ကျားစနစ်နဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် စည်းရုံးတာတွေလုပ်နေပါတယ်။ လူစုလူဝေးမလုပ်ရဘူး၊ တစ်အိမ်တက် တစ်အိမ်ဆင်းလုပ်ရတော့ အချိန်ကုန်ပြီး ခရီးမပေါက်ဘူး ဖြစ်နေတယ်”ဟု ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်‌အောင်ကပြောသည်။

“ကိုဗစ်နဲ့မို့ စည်းရုံးရေးမဆင်းသေးဘူး၊ ပါတီဆိုင်းဘုတ်‌ တင်ထားပြီးပြီ။ လက်ကမ်းစာစောင်တွေလည်း ဝေထားပါတယ်။ ခရီးစဉ်စဖို့ အစည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်မယ်။ လူအင်အားပြပြီး ဟောပြောပွဲလုပ်ချင်ပေမဲ့ ကိုဗစ်နဲ့ဆိုတော့အဆင်မပြေနိုင်ဘူး”ဟု နှင်းဆီပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ငြိမ်းချမ်းကပြောသည်။

မဲဆွယ်ရာတွင် တစ်သီးပုဂ္ဂလအမတ်လောင်းများအား မဲကွဲအောင်လုပ်သူအများအဖြစ် ပြောဆိုဝေဖန်ခံရကြောင်း ဦးတင့်အောင်စိုးကပြောသည်။

ပါတီကြီးများက ကိုဗစ်-၁၉စည်းမျဉ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်ကာလမဲဆွယ်မှုလမ်းညွှန်များကို ချိုးဖောက်၍မဲဆွယ်နေခြင်းက ကျန်ပါတီငယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအတွက် မမျှမတဖြစ်စေသည်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဒေသအာဏာပိုင်များကလည်း ယင်းသို့မဲဆွယ်မှုများကို အရေးယူခြင်းမရှိရာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်၊ မဖြစ် မေးခွန်းထုတ်သူများလည်းရှိနေသည်။

လက်ရှိပုလဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ပါတီအချင်းချင်း တစ်ဘက်နှင့်တစ်ဘက် အတိုက်အခံ၊ အပြိုင်အဆိုင်ပြင်းထန်သဖြင့် ပြစ်တင်စွပ်စွဲမှု၊ တိုင်ကြားမှုများလည်းရှိနိုင်၍ အင်န်အယ်လ်ဒီပါတီဝင်များအနေဖြင့် ဥပဒေကိုလေးစားလိုက်နာရန် အရေးကြီးကြောင်းဆိုသည်။

ပုလဲမြို့နယ်တွင် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများလုပ်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော Peacock Generation Youth Empowerment Societyအဖွဲ့ဝင် ဦးခန့်ဝေဖြိုးက ရွေးကောက်ပွဲကော်မရှင်သည် ပါတီအားလုံးကို မျှမျှတတဆက်ဆံသင့်သည်ဟု မှတ်ချက်ပြုသည်။

“စည်းမျဉ်းတွေ ကျော်လွန်ခဲ့တဲ့ပါတီတွေရှိရင်လည်း ရွေးကောက်ပွဲမှာ ဒိုင်လူကြီးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တားရမယ်။ အကယ်၍ မတားဘူးဆိုရင် မျှမျှတတယှဉ်ပြိုင်မှုမဖြစ်တော့ဘူး။ ဒါဆိုရင် ပါတီတွေကြားမှာ မဲဆွယ်မှုနဲ့ ပတ်သက်ပြီး ဘက်လိုက်တယ်၊ ဘက်မလိုက်ဘူးဆိုပြီး အငြင်းအခုန်ဖြစ်နိုင်တယ်”၎င်းက ပြောသည်။

သို့သော် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးစသည့် ပါတီကြီးများ၏ စည်းကမ်းချိုးဖောက်၍ မဲဆွယ်မှုမြင်ကွင်းများသည် လူထု၏ စိုးရိမ်မှုကိုမြင့်တက်စေပြီးဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။

ဝေဖန်ခံရပြီးနောက် အင်န်အယ်လ်ဒီပါတီက အိမ်တွင်သာနေထိုင်စေရေးအကျုံးဝင်သည့်မြို့နယ်များတွင် မြေပြင်မဲဆွယ်စည်းရုံးမှုများကို ဆိုင်းငံ့ထားရန်‌ ထုတ်ပြန်ခဲ့သည်။ သို့သော် သတ်မှတ်လူဦးရေ ၅၀ထက် ကျော်လွန်သည့် ပါတီကြီးများ၏ မဲဆွယ်မှုများကို‌ မြို့နယ်အချို့တွင်တွေ့မြင်နေရဆဲဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.