Have Fun in Burma. (ပြည်မြန်မာမှာ ပျော်စရာ)၊ အမေရိကန် စာရေးဆရာမ Rosalie Metro ရဲ့  ပွဲဦးထွက် လက်ရာ

အမေရိကန်စာရေးဆရာမ Rosalie Metro က သူမရဲ့ ပွဲဦးထွက်စာအုပ် Have Fun in Burma မှာ ယနေ့မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကပြဿနာတွေကို ကျွမ်းကျင်လိမ်မာစွာ စူးစမ်း ဖော်ပြထားပါတယ်။

David Scott Mathieson

မြန်မာပြည်အကြောင်း ရေးသားကြရာတွင် အမျိုးသမီးစာရေးဆရာမများက လက်ရာမြောက်သော စာကောင်းပေမွန်များကို ရေးသားတတ်ကြပြီး အမျိုးသားစာရေးဆရာတို့ကမူ ခပ်ကြမ်းကြမ်း ခရီးသွားစာပေများကိုသာ ရေးလေ့ရှိကြသည်။ ဥပမာ – ဝင်ဒီလောရုံ (Wendy Law – Yone) ၏ တသသစွဲလမ်းဖွယ်ရာ လှပသော ဝတ္ထုများနှင့် The Golden Parasol (ရွှေထီး) တို့ကဲ့သို့ ဆုံးရှုံးမှုကို ဟာသနှော၍ ရေးဖွဲ့ထားသော ကိုယ်တွေ့ဘဝမှတ်တမ်းများ၊ Charmaine Craig က သူမ၏ နာမည်ကျော်မိခင် နော်လွီဇာဘင်ဆင် Nae Louisa Benson အကြောင်းကို ဝတ္ထုဆန်ဆန် ခပ်ပါးပါးလေး ရေးချယ်ထားသော Miss Burma (မယ်ဗမာ)၊ နိုင်ငံရေးအကျဉ်းသားများ၏ ဘဝကို Karen Connolley က ရေးဖွဲ့ထားသော The Lizard Cage (အိမ်မြောင်လှောင်အိမ်)၊ ဂျာနယ်ကျော်မမလေး၊ လူထုဒေါ်အမာနှင့် မသီတာ (စမ်းချောင်း) တို့၏ စာပေများ၊ Emma Larkin နှင့်  Delphine Sharank တို့၏ ရေးသား ပေးပို့ချက်များကို လေ့လာဖတ်ရှုကြည့်ပါက မြင့်တွေ့နိုင်မည်ဖြစ်သည်။ ယခုတဖန် သူတို့အသိုင်းအဝိုင်းထဲသို့ အမေရိကန်စာပေပညာရှင် Rasalie Metro က သူမ၏ ပထမဆုံးဝတ္ထု Hare Fun in Burma (ဗမာပြည်မှာပျော်စရာ) ဝတ္ထုဖြင့် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

သရော်တော်တော် ဝတ္ထုနာမည်ခေါင်းစဉ်ကပင် ပင်မဇာတ်ကောင်၏ သဘောသွားကို ပြနေသည်။ စွန့်စားမှုနှင့် ဘဝအဓိပ္ပာယ်ကို ဖွေရှာနေသော အသက် ၁၈ နှစ်ရွယ် အမေရိကန်မလေး အဒဲလာဖရို့စ် (Adela Frost) သည် ပြည်ပရောက် မြန်မာတက်ကြွလှုပ်ရှားသူတဖြစ်လဲ ဆူရှီလိပ်သူ မြန်မာလူငယ်တစ်ဦးနှင့် အမေရိကန်တွင် သိကျွမ်းသွားရာမှ သူ့နိုင်ငံသို့ သွားလိုစိတ် ပေါ်ပေါက်လာခဲ့သည်။ ၂ဝ၁၂ ခုနှစ်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်ကာစ ဝေးမြေရပ်ခြား တိုင်းတပါးမှ မြန်မာနိုင်ငံသည် Adela ရှာဖွေနေသောနေရာနှင့် အံကိုက်ကျသွားသည်။ ဝတ္ထုလာ စိတ်ကူးယဉ် မြန်မာ လုပ်အားပေးအဖွဲ့ Myanmar Volunteers United (MVU) က Adela ကို အင်္ဂလိပ်စာ သုံးလ သင်ပေးရန် စည်းရုံးသဖြင့် အဖွဲ့နှင့်အတူ လိုက်ပါသွားခဲ့သည်။ စာရေးဆရာမ Metro က လုပ်အားပေးခရီးထွက်ခြင်း (Voluntourism) အကြောင်း ငြင်းကြခုန်ကြ ဆွေးနွေးကြပုံကိုလည်း သုံးသပ်ထားသည်။ တံခါးဖွင့်ခါစ မြန်မာနိုင်ငံထဲသို့ ဝင်လာကြသော ရည်ရွယ်ချက် ကောင်းသော်လည်း ဒေသအခြေအနေကို နက်နက်ရှိုင်းရှိုင်း မသိနားမလည်သော အနောက်တိုင်းသားများ၏ ကိုယ်စားပြယုဂ်အဖြစ် အဒဲလာကို ထားရှိပုံဖော်ထားသည်။

ဇာတ်လမ်း၏ အစိတ်အပိုင်း တော်တော်များများကို ရန်ကုန်မြို့၊ ရတနာ့ရိပ်သာ ဘုန်းကြီးကျောင်း ပရဝဏ်အတွင်းမှာပင် ဇာတ်အိမ်တည် ရေးဖွဲ့ထားသည်။ ထိုကျောင်းတွင် မိတ်ဆက်စကား ခေတ္တပြောပြီးနောက် အင်္ဂလိပ်စာ စတင်သင်ကြားပေးရသည်။ အစပထမတွင် ဦးဇင်းတစ်ဖွဲ့ကို သင်ပေးရပြီး နောက်ပိုင်းတွင် ကလေးတစ်သိုက်ကိုပါ သင်ကြားပေးရလေရာ ဆရာမ စံပယ် ဟု နာမည်တွင်သွားသည်။ အဒဲလာ၏ စွန့်စားခန်းများတွင် မြင့်တက်လာသော ဗုဒ္ဓဘာသာ- မူဆလင် တင်းမာမှုများ ပါဝင်လာသည်။ ဤဝတ္ထုသည် အခြေခံအားဖြင့် ဤဘာသာရေးပဋိပက္ခ၏ ရှုပ်ထွေးနက်နဲမှုများကို အောက်ခြေစတင်၍ စူးစမ်းလေ့လာထားခြင်း ဖြစ်သည်။ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ အဒဲလာ၏ ဘဝအတွေ့အကြုံများကို လက်ရှိနိုင်ငံရေး ရေစီးကြောင်းတွင် ရောမွှေထားသည်။

အဓိကဇာတ်ကောင်များကို နက်နက်ရှိုင်းရှိုင်း ပုံဖော်ထားသည်။ စစ်အုပ်ချုပ်ရေးကာလအတွင်း ကြေကွဲဖွယ် ဆင်းရဲဒုက္ခအမျိုးမျိုး ခါးစည်းခံခဲ့ကြရသော လူအများ၏ဘဝကို ကြေကွဲဖွယ် ဖော်ပြထားသည်။ နာဂစ်မုန်တိုင်းတွင် မိသားတစ်စုလုံး ပျောက်ဆုံးသွားခဲ့ရပြီး တိုင်းတပါးတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်စားသောက်ခဲ့ရသော သီလရှင် ဒေါ်ပညာဝတီသည် အဒဲလာ၏ အရင်းနှီးဆုံး တိုးတိုးဖော် မိတ်ဆွေဖြစ်လာသည်။ ဆရာတော်ဦးဘန္ဓိ၏ ဘုရားစာ ရွတ်ဖတ်သံနှင့် ဘုန်းကြီးကျောင်းအတွင်း နေထိုင်သူအချို့ကိုလည်း လူမှုစနစ်အတွင်း နေရာချထားပေးသည်။ MVU အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဆာရာသည် ကူညီရေး လုပ်သားတစ်ဦးဖြစ်ပြီး လောကကြီးကို စိတ်ကုန်နေသူဖြစ်သည်။ အစပိုင်းတွင် အဒဲလာက သူ့ကိုသိပ်ကြည့်မရခဲ့ပေ။ အဒဲလာ၏ ပျော်စရာဆိုသည်တွေကလည်း မျိုးစုံလှသည်။ မြန်မာပြည်တွင် ပထမ ဝမ်းကိုက်ရောဂါ ဖြစ်ပွားခဲ့သည်။ တရားထိုင်နည်း သင်ယူခဲ့သည်။ ဗုဒ္ဓအယူဝါဒ၏ အခြေခံရေသောက်မြစ်များကိုလည်း သင်ယူခဲ့သည်။ ရိုဟင်ဂျာနှင့် အခြားမူဆလင်များ၏ ဖြေရှင်းရခက်သော ကိုယ်ပိုင်လက္ခဏာနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စများကို သူမ၏ စာသင်ခန်းမှ ဘုန်းကြီးများနှင့် ငြင်းရခုန်ရ ဆွေးနွေးကြသည်။ ကုလားဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ရှာဖွေကြသည်။ ဘုန်းကြီးကျောင်းဝန်းအပြင်သို့ အရဲစွန့်ထွက်ခါ အနီးအနားရှိ မူဆလင် ဆင်းရဲသား ရပ်ကွက်ထဲ လျှောက်သွားကြည့်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်း၊ တက်ကြွလှုပ်ရှားသူ၊ ပဟေဠိပုစ္ဆာဆန်သူ ကိုသီဟနှင့် ချစ်ကြိုးသွယ်ကာ နယ်ကျွံမိကြသည်။

ဝတ္ထုတစ်အုပ်လုံး ရောယှက်ပါဝင်နေသည်ကတော့ အဒဲလာ၏ နွေရာသီလေ့လာသင်ယူရေး အစီအစဉ်ပင်ဖြစ်သည်။ George Orwell ၏ Burmese Days နှင့် Joseph Corrad ၏  Heart of Darkness ဝတ္ထုနှစ်ပုဒ်နှင့် နှိုင်းယှဉ်နိုင်မည်ဟု ထင်မိသည်။ ကိုလိုနီစနစ် ယိုယွင်းပျက်သုဉ်းလာပုံကို ရှင်းပြထားသော အလွန်ကောင်းမွန်သည့် လက်ရာနှစ်ပုဒ်ပင် ဖြစ်သည်။ ဖန်တရာတေအပ်ကြောင်းထပ်နေသော အသုံးအနှုံး အရေးအသားများ ဖြစ်မသွားအောင် စာရေးဆရာမ Metro က သူမ၏ကျွမ်းကျင်သော အရေးအသားဖြင့် ရှောင်ရှားနိုင်ခဲ့သည်။ ဤသည်တို့မှာ အနောက်တိုင်း စိတ်ကူးညဏ်အတွက် အရေးပါသော မျက်ကြည့်မှန်သဖွယ်ပင်ဖြစ်သည်။ စာရေးဆရာက ပညာရှင်၏ နက်နဲသောအမြင်၊ မာန်ပါသော အရေးအသားတို့ဖြင့် အချိုးကျရောနယ်ကာ ရေးသားထားပုံမှာ နှစ်လိုဖွယ်ကောင်းသည်။ စာရေးဆရာမ Metro သည် ရှုပ်ထွေးလှသော ပြဿနာများနှင့် ရောထွေးသတ်ပုတ်ရင်း စားမှုသောက်မှု၊ ဝတ်ပြုတောင်းမှုနှင့် အချစ်တို့ကို ဝင်္ကဝုတ်ဖြင့် မိမိကိုယ်ကိုယ်ကို ရှာဖွေတွေ့ရှိသည့် ခေတ်သစ်ကို အနုပညာဖြင့် ကျင်လည်စွာ ဖန်တီးတင်ပြခဲ့သည်။

ဇာတ်လမ်း လှည့်ကွက်လေးကိုမူ ထုတ်ဖော်မပြောလိုတော့ပါ။ ထက်သန်ကောင်းမြတ်သောစေတနာသည် ဆိုရှယ်မီဒီယာနှင့် ပေါင်းစပ်လိုက်သောအခါ အဆိပ်အတောက်ဖြစ်သွားပြီး အဒဲလာတစ်ယောက် ဘုန်းကြီးကျောင်းဝန်းထဲမှ လည်းကောင်း၊ မြန်မာနိုင်ငံမှလည်းကောင်း ထွက်ခွာသွားရသော အခြေအနေသို့ စိုက်ရောက်ခဲ့လေသည်။ ဤတွင် Facebook သည် အစ္စလာမ်ကြောက် လူမျိုးခွဲခြားရေးဝါဒီ (Islamophobic racists) များကဲ့သို့ပင် လူဆိုးတစ်ယောက်ဖြစ်သည်ဟူသော အချက်က ဤဝတ္ထု၏ အခြားခေါင်းစဉ်တစ်ခုဖြစ်လာသည်။ ယခုလို အကြမ်းဖက်မှုများ၊ အမနာပ ပြောကြဆိုကြဆဲကြခြင်းနှင့် မိုးမွှန်နေသော အချိန်မတိုင်မှီ၊ ဟိုရှေးမဆွကာလကတည်းကပင် လူမှုမီဒီယာ (Social media platform) များ၏ မသိမသာနှင့် ဆိုးကျိုးပေးနိုင်ပုံကို စာရေးဆရာမ Metro က ကြိုတင် နမိတ်ဖတ်ခဲ့ပေသည်။

အနောက်တိုင်းက မြန်မာနိုင်ငံအပေါ် ဆရာကြီးလုပ်၍ နီတိဖွင့်ကြသလိုပင် အဒဲလာကလည်း တစ်ခါတစ်ခါ သူ့အတွေး၊ သူ့အာရုံတွင် နစ်မြုပ်၍ စိတ်တိုစရာကောင်းလှသည်။ သူမ၏ ရိုးရှင်းမှုသည် ပြည့်စုံကောင်းမွန်သော ရှင်းလင်းဖော်ပြနည်း တစ်ခုပင်ဖြစ်သော်လည်း ၎င်းတို့သည် စိတ်ခံစားလွယ်ပြီး အကင်းပါးသော (၁၈) နှစ်ရွယ် ပြည်ပရောက် နိုင်ငံခြားသူလေးတစ်ယောက်၏ အတွေးများသာ ဖြစ်သည်ဆိုသည်ကိုတော့ စာဖတ်သူများ မမေ့သင့်ပေ။ နောက်ဆုံးစာမျက်နှာများတွင် ပထမစာပြောသူ နေရာသို့ပြောင်းပြီး သူမ၏ ညံ့ဖျင်းသော သုံးသပ်ချက်များနှင့် သူမ နားလည်ရန် အပြင်းအထန် ကြိုးစားခဲ့သော ပဋိပက္ခ၏ ပြင်းထန်မှုအတိုင်းအတာ ကျယ်ပြန့်မှု၊ သူမကိုယ်တိုင် အကူအညီပေးရန် ကြိုးစားခဲ့သော လူများအပေါ် ထိုသုံးသပ်ချက်များ၏ သက်ရောက်မှုကို ပြန်လည်ပေးဆပ်ထားသည်။ ဤနေရာတွင် စာရေးဆရာမ Metro သည် သူမရရှိခဲ့သော သင်ခန်းစာများကို အတူတကွ ပေါင်းစပ်ချည်နှောင်လိုက်ပုံမှာ နှစ်လိုဖွယ် ကောင်းလှသည်။ ဘာမှ မသိနားမလည်ဘဲ အော်ဟစ်ကန့်ကွက်နေခြင်းထက် သိမ်မွေ့နက်နဲစွာ ပိုမို ထိရောက်ပေသည်။ အဒဲလာက ဤသို့ပြန်လည်သုံးသပ်ထားသည်။ “ဒါက ပြီးခဲ့တဲ့နှစ်အတွင်း ပြောင်းလဲခဲ့တဲ့အရာပါ။ ဘယ်ဟာကိုမှ ခြောက်ပစ်ကင်းသဲလဲစင်လို့ မသတ်မှတ်နိုင်ပါဘူး” ဟူ၍ ဖြစ်သည်။ ဤဝတ္ထုသည် မိန်းမငယ်လေးတစ်ဦး အရွယ်ရောက်လာပုံကို သတိကြီးစွာဖော်ပြထားသည့် နိုင်ငံရေးသုံးသပ်ချက်များနှင့်အတူ လျှို့ဝှက်သဲဖိုဇာတ်လမ်းများအား  ရောထွေးရစ်ပတ်ထားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

စာရေးဆရာမ Metro က ရခိုင်ပဋိပက္ခအကြောင်း ဖော်ပြရာတွင် အသေးစိတ်နှင့် အနက်အဓိပ္ပာယ်ကို အလေးဂရုပြုပြီး အလွန်ပင် မျှမျှတတရှိသည်မှာ ချီးကျူးဖွယ်ကောင်းသည်။ မြန်မာပြည်မှ လူမျိုးရေးပဋိပက္ခများအကြောင်း မကြာသေးမီက ရေးသားသော စာအုပ်များတွင် ဤသို့မျှတမှုကင်းမဲ့နေသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ဤသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။ စာရေးသူသည် မြန်မာနိုင်ငံ၏ ပညာရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း စံပြပညာရေး ကျမ်းတစ်စောင်ကို ပြုစုခဲ့သည့်ပြင် ရှုပ်ထွေးလှသော မြန်မာ့အတိတ်သမိုင်း ကျောင်းသုံးစာအုပ်များကိုလည်း ပြုစုခဲ့သူ ဖြစ်သည်။ ဤဝတ္ထုသည် စာဖတ်သူအား ဖတ်ရကြိုး နပ်စေပါလိမ့်မည်။ ၎င်းပြင် Metro ၏ ပညာရေးဆိုင်ရာ ကျမ်းများကိုလည်း ရှာဖွေဖတ်ရှုရန် တိုက်တွန်းလိုသည်။

Have Fun in Burma သည် အချိန်သင့်အခါသင့် ပေါ်ထွက်လာသော စာအုပ်တစ်အုပ်ဖြစ်ပေရာ ဝတ္ထုကောင်း တစ်အုပ်အနေနှင့်လည်းကောင်း၊ ယနေ့မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ရှုပ်ထွေးလှသည့် ပြဿနာနှင့် စိန်ခေါ်မှုများကို မိတ်ဆက်ပေးရန်လည်းကောင်း မလွတ်တမ်းဖတ်ရှုသင့်သော စာတစ်အုပ်ဖြစ်ပေသည်။ ဤစာအုပ်ကို Northern Illinois University Press က ၂ဝ၁၈ ခုနှစ်တွင် ရိုက်နှိပ် ထုတ်ဝေပါသည်။

(David Scott Mathieson သည် ရန်ကုန်မြို့တွင် အခြေစိုက်သော အလွတ်တန်း ဝေဖန် ဆန်းစစ်သူတစ်ဦးဖြစ်သည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.