မန်းသြင်္ကန် – အမျိုးသမီးများအား မုန်းတီးမျက်ကွယ်ပြုခြင်း

သြင်္ကန်ကာလ ၎င်းတို့၏ အဝတ်အစား၊ ပြုမူနေထိုင်ပုံတို့နှင့်ပတ်သက်၍ အမျိုးသမီးများအား သတိပေး ပြောဆိုခြင်းများ ရှိသည်။ ယင်းမှာ အဓမ္မပြုကျင့်သော ယဉ်ကျေးမှုကို အားကောင်းစေရန် ခံရသူများအပေါ် အပြစ်ဖို့သော ဥပမာများပင် ဖြစ်သည်ဟု အမျိုးသမီးဝါဒီတို့က သတ်မှတ်ထားသည်။

စာသားနှင့် ဓာတ်ပုံ – ရှားလော့အင်္ဂလန်

မန်းသြင်္ကန် အကျနေ့တွင် နန်းတော်ကျုံးဘေး၌ လူအများကြားမှာပင် အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရသည်။ ၁၅ မိနစ်အကြာ ၎င်း၏ အလောင်းကို သယ်ဆောင်သွားပြီး မကြာမတင် ထိုအမျိုးသား လဲကျခဲ့ရာ နေရာတွင် လူများ ပြန်လည်ကခုန်ခဲ့ကြသည်။ ၎င်း၏သွေးများမှာလည်း မဏ္ဍပ်ပေါ် တန်းစီရှိနေသည့် ရေပိုက်နှစ်ဒါဇင်မှ လူအုပ်ထံသို့ ပက်ဖျန်းနေသည့်ရေများဖြင့် ဆေးကြောဖယ်ရှားပြီး ဖြစ်သွားသည်။

သောက်စားထားသည့် လူငယ်အမျိုးသား အများစုပါဝင်သော လူအုပ်ကြီးကသာ ကြိုတင်သတိပြုခဲ့မိပါမူ ယခုကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ပေ။ သိသိသာသာ စိုးရိမ်ပူပန်နေသူများမှာ မဏ္ဍပ်ပိုင်ရှင်နှင့် ဒီဂျေတို့ပင် ဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်း ၂၀ အတွင်း၌ မိမိတို့“ပိုင်နက်”နယ်ပယ်မှာ လူသတ်မှုကြောင့် နာမည်ပျက်ရကြောင်း တစ်ဦးနှင့် တစ်ဦး အပြစ်ဖို့ပြီး အချင်းများကြရာ ကိုယ်ထိလက်ရောက် ဖြစ်ကြရသည်ထိပင် ဖြစ်သည်။

မြန်မာ့နှစ်သစ်ကူး ရေကစားပွဲတော် ဖြစ်သည့် သြင်္ကန်မှာ အစဉ်အလာအားဖြင့် မိသားစုကဲ့သို့ ရင်းနှီးမှုမျိုးဖြင့် တစ်နိုင်ငံလုံးနီးပါး ဆင်နွှဲကြခြင်း ဖြစ်သည်။ ကလေးငယ်များက ဖြတ်သွားဖြတ်လာ ယာဉ်များကို ရေပုံးလိုက် ပက်ခြင်း၊ လူကြီးလူငယ်အားလုံးတို့ကလည်း သူငယ်ချင်းများ၊ အိမ်နီးနားချင်းများနှင့် လမ်းသွားလမ်းလာ သူစိမ်းတစ်ရံများကို ရေပက်ခြင်း၊ စားစရာများ လှူဒါန်းဝေငှခြင်း၊ အကအမျိုးမျိုး တင်ဆက်ဖျော်ဖြေခြင်းနှင့် မိသားစုထံ အလည်အပတ်ပြန်ရန် တစ်ပတ်တာမျှ အလုပ်နားခြင်းတို့ကို တွေ့ရလေ့ရှိသည်။

သို့သော် မြန်မာနိုင်ငံ မြို့ကြီးများရှိ သြင်္ကန်ပွဲတော်များမှာ အရက်သောက်သုံးလွန်းခြင်း၊ အကြမ်းဖက်ခြင်းနှင့် အမျိုးသမီးများအပေါ် မုန်းတီးခြင်းတို့ တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။ မတော်တဆမှု တစ်ခုတွင် လူတိုင်း ကိုယ်နှင့်မဆိုင်ဘဲ အလိုအလျောက် ပါဝင်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများ ပြုလုပ်နိုင်ကြလေသည်။ နေရာအချို့၌မူ ရန်လိုအစွန်းရောက်သော အမျိုးသားများ ရှိနေခြင်းမှာ အမျိုးသမီးများအား အရှက်ရစေခြင်း၊ လက်ရောက်စော်ကားမော်ကား ပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခြင်းများကို ပြုလေ့ရှိသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

An incident close to the Mandalay moat, in the heart of the city, saw one person stabbed with a sword, but revellers barely noticed. (Charlotte England / Frontier)

An incident close to the Mandalay moat, in the heart of the city, saw one person stabbed with a sword, but revellers barely noticed. (Charlotte England / Frontier)

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးတွင် တာဝန်ယူ ထောက်ပံ့ပေးထားသည့် မဏ္ဍပ်များကို ကျုံးဘေးတွင် အစီအရီ တည်ဆောက်ထားပြီး အားဖြည့်အချိုရည်များနှင့် ဘိလပ်မြေ ကြော်ငြာ ဆိုင်းဘုတ်ကြီးများကို တပ်ဆင်ထားကာ အမျိုးသားလိုလိုချည်း ဖြစ်နေသည့် လူအုပ်တစ်စုကို ဖျော်ဖြေမည့် ဒီဂျေသီချင်းများကလည်း ဆူညံမြည်ဟီးကာ ဝန်းကျင်တစ်ခို လွင့်ပျံ့နေသည်။

ယမန်နှစ်အတွင်းက လူမှုကွန်ရက် မီဒီယာပေါ်တွင် ဖြန့်ဝေခဲ့သည့် ဗီဒီယိုတစ်ခု၌ သြင်္ကန်ကာလအတွင်း၌ မန္တလေးမှ အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်စုက ရိုက်နှက်နေသည်ကို ပြသထားသည်။ သူ့ကို ဆောင့်တွန်းခြင်း၊ ဦးခေါင်းကို ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ လာရောက်ကြည့်ရှုနေသူများကလည်း တစ်စုံတစ်ရာ ကူညီဟန့်တားကြခြင်း မရှိပေ။

ယခုနှစ်တွင်မူ လူအုပ်ထဲသို့ အမျိုးသမီးများ မဆိုစလောက်သာ သွားရောက်ခဲ့ကြပြီး ကျုံးဘေးတစ်ဝိုက်ကို ရှောင်ရှားခဲ့ကြသကဲ့သို့ အများစုမှာလည်း တစ်ယောက်တည်း အပြင်ထွက်ခြင်း၊ သို့မဟုတ် ညအချိန် သွားလာခြင်းများ မပြုကြကြောင်း ဆိုသည်။ ငါးရက်တာ သြင်္ကန်ကာလအတွင်း မိမိတို့သည် အပြင်ထွက်ရန် ကြောက်ရွံ့ကြပြီး အိမ်ထဲ၌သာ နေလိုကြသည်ဟုလည်း အမျိုးသမီးအချို့က ဆိုသည်။

အမျိုးသမီးများသည် သြင်္ကန်ကာလအတွင်း၌ ၎င်းတို့၏ လုံခြုံမှု မရှိသောဘဝကို ၎င်းတို့ကိုယ်တိုင် ဖန်တီးလျက်ရှိကြောင်း၊ ယင်းသို့မဟုတ်သည့်တိုင် အနိမ့်ဆုံးအားဖြင့် ထိုသို့ ဖြစ်အောင် စေ့ဆော်သကဲ့သို့ ဖြစ်နေကြောင်း၊ ထိုဖြစ်စဉ်များအတွင်း မြန်မာ့ယဉ်ကျေးမှုကိုလည်း ဂုဏ်သိက္ခာ မှေးမှိန်စေကြောင်း မန္တလေးရဲတပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဓမ္မပြုကျင့်မှုပေါင်း ၇၄၁ မှုရှိခဲ့ပြီး ထိုပမာဏကို နှိုင်းယှဉ်ပါက အဓမ္မပြုကျင့်မှုများမှာ အစီရင်ခံ တင်ပြထားသည်ထက် များပြားသည်ဟု ယုံကြည်ခြင်း ခံထားရပြီး မြန်မာနိုင်ငံထက် လူဦးရေ အနည်းငယ် ပိုများသော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ၂၀၁၃ ခုနှစ်၌ အမှုပေါင်း ၃၂,၀၀၀ ရှိခဲ့သည်။

မန္တလေးရဲတပ်ဖွဲ့ဝင်များသည် အတာသြင်္ကန်ပွဲတွင် ဝင်ရောက်ဆင်နွှဲသူများအားလုံးကို ကာကွယ်ရန်နှင့် အကြမ်းဖက်မှုခင်းများ တိုက်ဖျက်ရန် ကတိပြုရမည့်အစား အများပြည်သူရှေ့မှောက်၌ မလုံမခြုံ ဝတ်ဆင်ထားသည့် မိန်းကလေးများကို တွေ့ရှိရပါက ဖမ်းဆီးထိန်းသိမ်းသွားမည်ဟု သြင်္ကန်မတိုင်မီကတည်းက သတိပေးပြောကြားခဲ့သည်။

“အမျိုးသမီးတွေက သူတို့ရဲ့ဘေးကင်းလုံခြုံမှုအတွက် ယဉ်ယဉ်ကျေးကျေး ဝတ်စားဆင်ယင်ပြီး ချင့်ချင့်ချိန်ချိန် ပြုမူနေထိုင်ဖို့ အရေးကြီးပါတယ်” ဟု ဆိုပြီး ဖမ်းဆီးမည်ဆိုခြင်းမှာ ချောက်လှန့်ထားခြင်းသာ ဖြစ်ကြောင်း Frontier ကို မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ရှင်းလင်း ပြောကြားသည်။

“အမျိုးသမီးတွေသာ တကယ် မလုံမခြုံ ဝတ်မယ်၊ ဒါမှမဟုတ် သောက်စားမူးယစ်မယ်ဆိုရင်တောင် သူတို့ အဖမ်းခံရလိမ့်မယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ သူတို့ကို သတိပေးရုံလောက်ပဲ ကျွန်တော်တို့ လုပ်တာပါ” ဟု ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ဆိုသည်။ မလုံ့တလုံ ဝတ်ဆင်သည့် အမျိုးသမီးများအား ညစ်ညမ်းသော အပြုအမူများနှင့် သီချင်းများကို ဟန့်တားအရေးယူသည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၉၄ အရ ဖမ်းဆီးနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

မန္တလေးရဲတပ်ဖွဲ့၏ သတင်းစကားမှာ ရှင်းလင်းလှပေသည်။ ၎င်းတို့၏ ချဉ်းကပ်မှုမှာ အမျိုးသမီးများ၏ ဘေးကင်းလုံခြုံမှုအတွက် အမျိုးသမီးများ၏ အပြုအမူကို ထိန်းချုပ်ရန် အမျိုးသမီးများကိုယ်တိုင်က တာဝန်ယူစေခြင်းပင် ဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်ပြစ်မှုများ ကျူးလွန်သည့် ရာဇဝတ်ကောင်များကို ဦးတည်နှိမ်နင်းခြင်းမျိုး မဟုတ်ပေ။ ဤချဉ်းကပ်မှုမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တစ်ခုအတွက် ခံရသူများအပေါ် အပြစ်ဖို့ခြင်း ဖြစ်နေသည်။

“ဒါက အဓမ္မပြုကျင့်တဲ့ ယဉ်ကျေးမှုကို အားကောင်းစေတဲ့ ခံရသူအပေါ် အပြစ်ဖို့ခြင်းမျိုးပဲ ဖြစ်ပါတယ်” ဟု Rainfall အမျိုးသမီးဝါဒီ မဂ္ဂဇင်း၏ အယ်ဒီတာနှင့် ပူးတွဲတည်ထောင်သူ မပျိုးလက်ဟန်က ဝေဖန်သည်။ “အချက်အလက် တော်တော်များများအရ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုက အဓမ္မပြုကျင့်မှုအပေါ် (သက်ရောက်မှုမရှိပါဘူး)” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မန္တလေးမြို့ဝန်းကျင်မှ ဘုန်းကြီးကျောင်းများတွင် တစ်ကြိမ်လျှင် လူပေါင်းဒါဇင်နှင့်ချီ၍ ပို့ချပေးသည့် အများပြည်သူ အသိပညာပေးရေးကဏ္ဍများ၌ သြဇာတိက္ကမ ရှိသော ရဲတပ်ဖွဲ့ဝင်များက ဤကဲ့သို့သော သတင်းစကားမျိုးကို ရယ်ရယ်မောမောဖြင့် ထပ်မံအသုံးပြုခဲ့သည်။

“ရိုးရာယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ရန်”နှင့် “တိုင်းပြည်ပုံရိပ်ကို မပျက်စီးစေရန်”တို့အတွက် အမျိုးသမီးများအား ၎င်းတို့ဝတ်စားဆင်ယင်မှုကို သတိထားရန် ရွှင်ရွှင်ပျပျ ပြောကြားခြင်းပင် ဖြစ်သည်။ အမျိုးသမီးများသည် အတာသြင်္ကန်ကာလ၌ ညဉ့်နက်သန်းခေါင် အပြင်မထွက်သင့်ဟုလည်း ရဲတပ်ဖွဲ့ဝင်များက ဖြည့်စွက်ပြောကြားသည်။ ထို့အတူ အရက်မမူးစေရန်နှင့် အခြားသူများက ပေးကမ်းကျွေးမွေးသည်များကို စားသောက်ခြင်း မပြုသင့်ဟုလည်း ဆိုလိုက်ကြသေးသည်။

Thingyan festivities in Mandalay. (Charlotte England / Frontier)

Thingyan festivities in Mandalay. (Charlotte England / Frontier)

ထိုဟောပြောပွဲများတွင် ရိုးရာအစဉ်အလာ ထိန်းသိမ်းရန် အမျိုးသမီးများ (အမျိုးသမီးများချည်းသာ ဖြစ်ဟန်ရှိသော) ၏ တာဝန်နှင့် ဝတ္တရားတို့ကို ဇောင်းပေးဖော်ပြထားခြင်းအားဖြင့် နိုင်ငံသားတို့၏ မီးခဲပြာဖုံး ဖြစ်နေသော မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ထားပြီး ဤအသိပညာပေး ဟောပြောပွဲများ၏ အဓိက ရည်ရွယ်ချက်မှာ အမျိုးသမီးများက မည်သို့မည်ပုံ ဝတ်စားပြုမူရမည်ဆိုသည်ကို အနက်ဖွင့်ဆိုထားခြင်း မဟုတ်ဟု ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

“ဒီအသိပညာပေး ဟောပြောပွဲတွေရဲ့ရည်ရွယ်ချက်က ရာဇဝတ်မှုတွေ လျှော့ချဖို့နဲ့ သြင်္ကန်ကို ငြိမ်းချမ်းစွာ ဆင်နွှဲ အဆုံးသတ်ဖို့အတွက် ဖြစ်ပါတယ်”ဟု အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားသည်။ “အမျိုးသမီးတွေက မလုံ့တလုံ အဝတ်အစားတွေ ဝတ်ဆင်မယ်ဆိုရင် ဒါက သူတို့အတွက် အန္တရာယ်များပါတယ်။ သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံကြောင့် မူးရူးနေတဲ့ အမျိုးသားတွေက သူတို့ကို အနှောင့်အယှက် ပေးနိုင်ပါတယ်။ အမျိုးသမီးတွေက အရက်သောက်မယ် ဆိုရင်လည်း သူတို့အတွက် အန္တရာယ်များပါတယ်။ သူတို့ကိုယ်တိုင် ဘာမျှမသိလိုက်ဘဲ ရာဇဝတ်မှု တစ်ခုနဲ့ ပတ်သက်ဖွယ် ရှိလို့ပါ” ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် အဓမ္မပြုကျင့် မခံရစေရန် အာမခံချက် ရပိုင်ခွင့်ရှိရေးတို့ တစ်ဆက်တစ်စပ်တည်း ဖြစ်စေရန်မှာ မန္တလေးမြို့ခံများအတွက် ပုံမှန် ကိစ္စရပ်သာ ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းများကို ကြိုတင်ဟန့်တားရန် အမျိုးသမီးများတွင် တာဝန်ရှိပြီး နှောင့်ယှက်ခံခဲ့ရပါက ၎င်းတို့ကိုသာ အပြစ်တင်ရန်ရှိသည်ဆိုသော သတင်းစကားမှာ အမျိုးသမီးများက ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်သကဲ့သို့ “လူရိုသေ ရှင်ရိုသေ”ဝတ်ဆင်ရမည်ဖြစ်ကာ ထိုသို့မဆောင်ရွက်ပါက ဖြစ်ပေါ်လာသော အကျိုးဆက်များနှင့် ထိုက်တန်သည်ဟူသော သတင်းစကားနှင့် နီးကပ်စွာ ဆက်နွယ်နေသည်။ ထိုသတင်းစကား နှစ်ခုစလုံးမှာ နေရာအနှံ့ ပျံ့နှံ့လျက်ရှိသည်။

ထိုသတင်းစကားနှစ်မျိုး ပျံ့နှံ့ပုံနှင့် စပ်လျဉ်း၍ မန္တလေးမြို့ ၈၈ မျိုးဆက်၏ ထင်ရှားသော အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။ ဤအခြေအနေ၏ အရေးပါသော အမြင်သဘောထား တစ်ရပ်ကို ရယူရန် သူ့ထံ ဖုန်းဆက်မေးကြည့်သည့်အခါ သြင်္ကန်ကာလအတွင်း၌ နှောက်ယှက်ရန်ပြုမှုများ မြင့်တက်လာသည်မှာ မှန်ကန်ကြောင်း၊ ရဲတပ်ဖွဲ့၏ အကြံပြုချက်မှာ သင့်မြတ်မှန်ကန်သည်ဟု သူ လက်ခံသဘောတူကြောင်း ဖြေကြားသည်။

အမျိုးသမီးတွေက “မလုံ့တလုံ ဝတ်ထားရင်”အလွန်ရုပ်ဆိုးလှသည်ဟု သူက ပြောသည်။ “အမျိုးသမီးတစ်ဦး မလုံ့တလုံ အဝတ်အစားတွေကို ဝတ်မယ်ဆိုရင် ကောင်လေးတွေက သူ့ကို ဟိုတို့ဒီတို့ လုပ်မယ်” ဟုလည်း သူက ဖြည့်စွက်ပြောပြသည်။ “အဲသည် မလုံ့တလုံ အဝတ်အစားတွေကြောင့် အဓမ္မမှုတွေလည်း ဖြစ်ပွားတတ်ပါတယ်။ မလုံ့တလုံ အဝတ်အစားတွေက ရာဇဝတ်မှုတွေ ပေါ်ပေါက်ဖို့အတွက် ဖိတ်ခေါ်နေပါတယ်”ဟုလည်း ထပ်လောင်းပြောကြားသည်။

ဤဆောင်းပါး ရေးသားရာတွင် ကူညီဘာသာပြန်ပေးခဲ့သည့် အသက် ၁၉ နှစ်အရွယ် မဝေဝေမှာမူ ဤတက်ကြွလှုပ်ရှားသူ၏ အမြင်သဘောထားကို မအံ့သြခဲ့ပေ။ “ဗမာအမျိုးသားတွေက မလုံ့တလုံ ဝတ်ဆင်တာတွေနဲ့ မယဉ်ပါးကြသေးဘူးလို့ လူပြောများပါတယ်” ဟု သူက ဆိုသည်။

“ဒါကြောင့် သူတို့ သောက်စားထားတဲ့အချိန်မှာ (စကတ်အတိုလေးတွေ၊ ဒါမှမဟုတ် ပေါင်ပေါ်တဲ့ စကတ်တွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေကို မြင်ရင်) သူတို့အတွက် လိင်ပိုင်းဆိုင်ရာအရ စိတ်လှုပ်ရှားမှု ဖြစ်စေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက လုံလုံခြုံခြုံ ဝတ်သင့်ပါတယ်” ဟုလည်း သူက ထပ်လောင်းရှင်းပြသည်။

ပျိုးလက်ဟန်ကမူ ခံရသူအပေါ် အပြစ်ဖို့ခြင်းကို ဆက်လက်တည်တံ့စေလိုသည်မှာ ရဲတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်များ၏ အကျိုးစီးပွား အလို့ငှာ ဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။ “ထိရောက်တဲ့ ဖြေရှင်းချက်တွေကို ရှာဖွေရမယ့်အစား (ခံရသူတွေအပေါ်ကို) အပြစ်အားလုံး ပုံချလိုက်ရတာက ပိုလွယ်ပါတယ်” ဟု သူက ဆိုသည်။ ဤအပြုအမူမှာ အမျိုးသမီးများအတွက် အလွန်တရာ အန္တရာယ် ကြီးမားလှသည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

ရန်ကုန်အခြေစိုက် ကျား/မတန်းတူညီမျှရေး ကွန်ရက်တစ်ခု၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာ တစ်ရပ်တွင် “အများပြည်သူပိုင် နေရာများတွင် ထိကပါး ယိကပါးလုပ်ခြင်းမှာ မြို့အနှံ့ သွားလာလှုပ်ရှားနေသည့် အမျိုးသမီးများ၏ အတွေ့အကြုံများအနက် တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု စဉ်းစားခြင်း ခံနေရကြောင်း”နှင့် “(စစ်တမ်းကောက်ယူခဲ့သော) အမျိုးသမီး ထက်ဝက်ခန့်မှာ ချစ်သူစုံတွဲ မဟုတ်သူ၏ အဓမ္မပြုကျင့်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုတို့ကို ကြုံတွေ့ခဲ့ရဖူးသူများ ဖြစ်ကြောင်း”ဖော်ပြထားသည်။

တရားဝင် စာရင်းအင်းများတွင်မူ ထိုပြဿ နာ၏ ပကတိ ထုထည်ပမာဏကို နီးစပ်အောင် မဖော်ပြနိုင်ပေ။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဓမ္မပြုကျင့်မှုပေါင်း ၇၄၁ မှုရှိခဲ့ပြီး ထိုပမာဏကို နှိုင်းယှဉ်ပါက အဓမ္မပြုကျင့်မှုများမှာ အစီရင်ခံ တင်ပြထားသည်ထက် များပြားသည်ဟု ယုံကြည်ခြင်း ခံထားရပြီး မြန်မာနိုင်ငံထက် လူဦးရေ အနည်းငယ် ပိုများသော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ၂၀၁၃ ခုနှစ်၌ အမှုပေါင်း ၃၂,၀၀၀ ရှိခဲ့သည်။

ဤနိုင်ငံ နှစ်နိုင်ငံအကြားတွင် ယခုကဲ့သို့ အကြီးအကျယ် ကွာဟနေခြင်းကြောင့် မြန်မာ့ကိန်းဂဏန်းများမှာ အခြေအနေမှန်နှင့် လုံးဝကွဲလွဲနေမှုကို ဖော်ပြလျက်ရှိသည်။

“လိင်ပိုင်းဆိုင်ရာအရ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို အရှက်ရဖွယ် လုပ်ရပ်အဖြစ် သတ်မှတ်ထားပြီး အမျိုးသမီး၏ ကောင်းသတင်းအပေါ် ယင်း၏ထိခိုက်သက်ရောက်မှုဖြင့် ဘောင်ခတ်ခံရခြင်းကလည်း ခံရသူအား အပြစ်ဖို့ခြင်းဆီသို့သာ ဦးတည်သွားသည်” ဟု ကျား/မတန်းတူညီမျှရေး ကွန်ရက် GEN ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။

အဓမ္မပြုကျင့်ခံရသူများ နှုတ်ဆိတ်နေအောင် အရှက်တရားကို ရှေ့တန်းတင်ခြင်း၊ ပြစ်တင်ကဲ့ရဲ့ခြင်းနှင့် အားပေးထောက်ကူမှု မပေးခြင်းတို့က ရဲတပ်ဖွဲ့နှင့် အစိုးရကို ဤပြဿ နာရပ်မှ ရှောင်ရှားနိုင်ခွင့် ရစေသည့်ပြင် အမျိုးသမီးများအား ကူညီရမည့် အချိန်နှင့် စွ?
်းအင်တို့ကိုလည်း သုံးဖို့ မလိုတော့အောင် ဖြစ်သွားစေသည်။ ယင်းက နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော် ဖြစ်သည့် အမျိုးသမီးထုကိုလည်း ဆက်လက်ဖိနှိပ်ထားသည့်နှယ် ဖြစ်သွားရသည်။

“အမျိုးသမီးတွေအပေါ် သတိပေးတာမျိုးတွေကို ရပ်ပါတော့လို့ သူတို့ကို ကျွန်မ ပြောချင်ပါတယ်။ သူတို့တာဝန်က အတာသြင်္ကန်ပွဲတော်ကို ဆင်နွှဲနေတဲ့ နိုင်ငံသားတိုင်းကို ကာကွယ်ဖို့ ဖြစ်ပါတယ်”

အမျိုးသမီးများအား ပြစ်တင်ကဲ့ရဲ့ခြင်းနှင့် ၎င်းတို့အား တိုင်တန်းရန် တွန့်ဆုတ်စေခြင်းတို့မှာ ကျူးလွန်သည့် အမျိုးသားများအား အပြစ်မှ လွတ်စေနိုင်သည်ဟု အထင်ရောက်သွားစေသည်။ ရဲတပ်ဖွဲ့ကလည်း ခံရသူအပေါ် အပြစ်ဖို့သော ဇာတ်လမ်းများ ပိုမိုခိုင်မာစေ၊ ဆက်လက်တည်တံ့စေခြင်းတို့အားဖြင့် ဤပြဿ နာရပ်ကို ဆိုးသထက် ဆိုးရွားလာစေသည်။

ယမန်နှစ်က လူမှုကွန်ရက်ပေါ်တွင် အမျိုးသမီးတစ်ဦး ရိုက်နှက်ခံရသည့် ဗီဒီယိုနှင့်ပတ်သက်၍ ကျွနု်ပ် မေးမြန်းသောအခါ ဒုတိယ ရဲမှူးကြီးစိန်ထွန်းက တိုင်တန်းမှု မရှိခြင်း၊ ငြင်းကွယ်ခြင်းများဖြင့် ရှင်းပြခဲ့သည်။

“ပြီးခဲ့တဲ့နှစ် သြင်္ကန်မှာ အမျိုးသမီးတွေ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတဲ့၊ အရှက်ရစေတဲ့ ဖြစ်ရပ်တွေ မရှိခဲ့ပါဘူး”ဟု ပြောပြီး ထိုရိုက်နှက်မှုကို မိမိ မသိရှိပါကြောင်း ဖြေကြားသည်။ သူ့ရှင်းလင်းချက်မှာ မန္တလေးရှိ အမျိုးသမီးများက ကျွနု်ပ်အား ဖွင့်ဟပြောဆိုချက်နှင့် အွန်လိုင်းပေါ်၌ လူပေါင်း ထောင်သောင်းချီ၍ ကြည့်ရှုခဲ့သည့် ဗီဒီယိုမှ အချက်အလက်များနှင့် ဆန့်ကျင်ကွဲလွဲနေသည်။

“(ရဲတပ်ဖွဲ့ဝင်တွေက) ကျား/မရေးရာအရ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းတဲ့ အသိပညာမျိုး အရေးတကြီး လိုအပ်နေပါပြီ”ဟု ပျိုးလက်ဟန်က ဆိုသည်။ ထို့အပြင် “သူတို့အားလုံးလိုလိုက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုတွေနဲ့ အဓမ္မပြုကျင့်ခံရမှုတွေကနေ ကာကွယ်ပေးမယ့် ဥပဒေတွေကို (လက်တွေ့ဖော်ဆောင်) ပေးရမယ့်အစား အမျိုးသမီးတွေကို (ဘာ) ဝတ်ရမယ်၊ အပြင်ကို (တစ်ယောက်တည်း မထွက်ရဘူး၊ အရက်မသောက်ရဘူး ဆိုတာနဲ့ လိင်အသားပေးတဲ့ ဝတ်စုံတွေ မဝတ်ရဘူး ဆိုတာတွေကိုပဲ (ပြောတတ်တဲ့) ကျား/မရေးရာ အကျိုးအပြစ်တွေကို မသိသူတွေပါပဲ”ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

အတာသြင်္ကန်မှာ လူများစုအတွက် ပျော်ရွှင်ဖွယ်ရာ အချိန်အခါ ဖြစ်ပါသည်။ သို့သော် အမျိုးသမီးများကို ကာကွယ်မည့် အရေးယူ ဆောင်ရွက်မှုများ မရှိဘဲ ၎င်းတို့အပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ၎င်းတို့ကိုသာ ဆက်လက်အပြစ်ဖို့နေမည် ဆိုပါက အတာသြင်္ကန်မှာ အမျိုးသမီးများ လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ခြင်း မရှိသည့် အမျိုးသားသီးသန့် ပါတီတစ်ခုအသွင် ဖြစ်နေသော မန္တလေးရှိ မဏ္ဍပ်များမှ လူအုပ်များကဲ့သို့သာ ပို၍ပို၍ ဖြစ်လာမည် ဖြစ်သည်။

ကျွနု်ပ်က ပျိုးလက်ဟန်အား ရဲတပ်ဖွဲ့ဝင်များကို မည်သည့်အရာများ ပြောလိုသနည်းဟု မေးမြန်းရာ “အမျိုးသမီးတွေအပေါ် သတိပေးတာမျိုးတွေကို ရပ်ပါတော့လို့ သူတို့ကို ကျွန်မ ပြောချင်ပါတယ်”ဟု ဖြေကြားသည်။

“သူတို့တာဝန်က အတာသြင်္ကန်ပွဲတော်ကို ဆင်နွှဲနေတဲ့ နိုင်ငံသားတိုင်းကို ကာကွယ်ဖို့ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။ လူတိုင်းတွင် သူတို့ စိတ်တိုင်းကျ ဝတ်ဆင်ပိုင်ခွင့်ရှိပြီး လွတ်လပ်သည့် အမျိုးသမီးတိုင်းသည် သူတို့အဝတ်အစားကို သူတို့ဘာသာ ရွေးချယ်နိုင်သည်ဟုလည်း ထပ်လောင်းပြောကြားသည်။

“လူတိုင်းမှာ တခြားသူတွေကို ဘယ်လိုအရာတွေ ဝတ်ဆင်ရမယ်ဆိုတဲ့ ပြောဆိုပိုင်ခွင့်မျိုး မရှိပါဘူး”ဟု သူက ဆိုသည်။

“အမျိုးသမီးတွေကို အပြစ်ဖို့နေတာတွေ ရပ်တန့်ပေးကြပါတော့လား”

စောနန်းက ဖြည့်စွက်ရေးသားသည်။

အောင်မင်း ဘာသာပြန်သည်။

“”

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.