အပစ်ရပ်နှစ်ဖွဲ့တိုးသောနေ့၏ စင်မြင့်ပေါ်နှင့် ဇာတ်ခုံနောက်ကွယ်

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားဟာ NCA အတွက် အပေါင်း ၂ ဖြစ်ပေမယ့် မူလထိုးပြီးသားရှစ်ဖွဲ့နဲ့ အနုတ်လက္ခဏာ ဆောင်မသွားဖို့ သတိပေးခေါင်းလောင်းသံလည်း ဖြစ်ခဲ့ပါတယ်။

ဉာဏ်လှိုင်လင်း ရေးသားသည်။

လွတ်လပ်ရေးအတွက်ကြိုးပမ်းရင်း ကျဆုံးသွားခဲ့ရတဲ့ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၃ နှစ်ပြည့် မွေးနေ့ဟာ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာတစ်ရပ် ဆောင်ကြဉ်းပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ကို တိုင်းပြည်က ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကို နှစ် ၇၀ နီးပါး ရင်ဝယ်ပိုက်ထားရချိန်၊ သူ့ သမီးဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး နှစ်နှစ်နီးပါးကြာသည်အထိ အပစ်အခတ်ရပ်စဲရေး ရှေ့မတိုး နောက်မဆုတ်ဖြစ်နေချိန်မှာ ရလဒ်အချို့ ဖန်တီးပြဖို့အတွက် ဖေဖော်ဝါရီ ၁၃ ရက်ကို အားလုံး သဘောတူတဲ့ နေ့ထူးနေ့မြတ်အဖြစ် ရွေးချယ်နိုင်ခဲ့လို့ပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း မူလက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အကောင်အထည်ဖော်ခဲ့သူ၊ ပြီးခဲ့သောအစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားရှစ်ဖွဲ့သာ လိုက်ပါနေနိုင်တဲ့ အခြေအနေကနေ နောက်ထပ်နှစ်ဖွဲ့ ထပ်မံပါဝင်လာလို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “ပြီးခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်ထွန်း ပေါ်ပေါက်လာအောင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပြီးတော့ NCA ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းခဲ့တဲ့အတွက်လည်း နိုင်ငံနဲ့ ပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ထပ်လောင်းပြောကြားလိုပါတယ်”လို့ သူ့မိန့်ခွန်းအစပိုင်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းရုံးတို့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပစဉ် ပြောကြားလိုက်တာပါ။

အဲဒီအခြေအနေကြောင့် သူ့အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်ခဲ့ရုံသာမက ပြီးခဲ့တဲ့နှစ် မေလမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ကျင်းပနိုင်ပြီး ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းအဖြစ် နိုင်ငံရေးသဘောတူညီချက် ၃၇ ချက်ရရှိသည်အထိ ဆောင်ရွက်နိုင်ခဲ့တာပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ထပ်တလဲလဲ

ဒါ့အပြင် ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားတွေမှာ ထည့်သွင်း ပြောကြားဖူးတဲ့အတိုင်းပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က NCA ဟာ လမ်းဆုံးမဟုတ်ကြောင်း၊ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့လမ်းသာဖြစ်ကြောင်း လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို ရည်ညွှန်းပြီး သူတို့ရဲ့ မိန့်ခွန်းအသီးသီးမှာ ထပ်မံထည့်သွင်း ပြောကြားခဲ့ကြပါတယ်။

“NCA ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အစ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချခြင်း တွေရဲ့အစ၊ တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းတိုင်ပင် အဖြေရှာမယ့် နိုင်ငံ ရေးဖြစ်စဉ်ရဲ့ အစပဲ ဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်းဆိုသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်ဆိုတာ လက်နက်ချခိုင်းတာဆိုပြီး မှားယွင်း မှတ်ယူတာကို မြင်တွေ့ရတဲ့အတွက် သံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ စိုးရိမ်စိတ်တွေ မရှိကြဖို့ မထားကြဖို့ တိုက်တွန်းသွားပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပသည့် NCA လက်မှတ်ရေးထိုးပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပသည့် NCA လက်မှတ်ရေးထိုးပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

“ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး မိမိတို့ရဲ့ လိုအင်ဆန္ဒတွေကို တောင်းဆိုလို့မရ ကြောင်း နားလည်သဘောပေါက်ပြီး နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ နီးပါး လက်နက်ကိုင်လမ်းစဉ်အပေါ် သံယောဇဉ် အစွဲအလန်း ဖြတ်တောက်နိုင်ဖို့ အကောင်းဆုံး အာမခံချက်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာဟာ NCA စာချုပ်ပဲဖြစ်တယ်”လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

တူညီသော သတိပေးချက်

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က တိုင်ပြည် အောက်ကျနောက်ကျ ဖြစ်နေတဲ့ အခြေအနေကို ငဲ့ကွက်ကြဖို့ကိုလည်း မိန့်ခွန်းတွေကတစ်ဆင့် ပန်ကြားခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကဆိုရင် နိုင်ငံတကာအလယ်မှာ ဖိအားတွေ၊ ဝေဖန်မှုတွေများစွာ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ပြည်တွင်းမှာလည်း သဘောားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်နေတာမကောင်းဘူးလို့ ထည့်သွင်း သတိပေးသွားပါသေးတယ်။

“မတူကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ လောကကြီးနဲ့ ယနေ့ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။

ဒါကြောင့် မျိုးဆက်သစ်တွေ ကြီးပြင်းလာတဲ့အချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ထူးမခြားနား နိုင်ငံတော်မျိုးကို ထားရစ်ခဲ့မှာလား၊ စည်းလုံးညီညွတ် ခိုင်မာတောင့်တင်းပြီး အများသူငါက လေးစားရတဲ့ နိုင်ငံတော်ကို ထားရစ်ခဲ့မှာလားဆိုတာ အလေးအနက်ထား စဉ်းစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါသေးတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံအများစုရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နေတာဟာ အေးချမ်းတည်ငြိမ်မှုမှရရှိတဲ့ ရလဒ်ဆိုတာ ငြင်းလို့မရဘူးလို့ ဆိုပါတယ်။

“လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ လုံးဝမရှိဘဲ တည်ငြိမ် အေးချမ်းမှု ရှိမယ်ဆိုရင်တောင်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အခြားနိုင်ငံတွေကို မီအောင်၊ ရင်ဘောင်တန်းနိုင်အောင် များစွာ ကြိုးစားရုန်းကန်ရဦးမှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားပါတယ်။

သစ္စာဖောက်ခြင်းမဟုတ်

NCA မှာ လက်မှတ်ရေးထိုးတဲ့ အဖွဲ့နှစ်ဖွဲ့ကိုယ်စား မိန့်ခွန်းပြောတဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ကတော့ သူတို့ ဆောင်ရွက်ချက်ဟာ အဖွဲ့နှစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက် ကွက်ပြီး လုပ်ဆောင်တာမဟုတ်ဘဲ ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ မျှော်မှန်းချက်ကို ဦးတည်တယ်လို့ ဆိုပါတယ်။

သူတို့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေ၊ သဘောမတူသူတွေရှိတာကို အသိအမှတ်ပြုသလို ကွဲလွဲသူများရဲ့ အမြင်သဘောထားတွေကိုလည်း အလေးအနက်ထားကြောင်း၊ နည်းနာပိုင်း မတူပေမယ့် စေတနာနဲ့ မျှော်မှန်းချက်တွေ မကွဲဘူးလို့ ခံယူတဲ့အကြောင်းလည်း နိုင်ထောမွန်က ထည့်သွင်း ပြောကြားပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပသည့် NCA လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာသူများကို သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က နှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပသည့် NCA လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာသူများကို သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က နှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

လက်မှတ်မထိုးဘဲ ကျန်နေတဲ့အဖွဲ့တွေကို ရည်ညွှန်းပုံရတဲ့ သူ့စကားက “ကျွန်တော်တို့ ကိုယ်လွတ် မရုန်းပါဘူး။ သစ္စာမမဲ့ဘူးဆိုတာ အခိုင်အမာပြောပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ပေးဆပ်ခဲ့တဲ့ တိုင်းရင်းသား တော်လှန်ရေးသမားတွေအားလုံးကို တိုင်တည်ပြီး သစ္စာဆိုပါတယ်” ဆိုတာပါပဲ။

“NCA လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသား ညီနောင်များနဲ့ရော၊ မထိုးထားသေးတဲ့ ညီနောင်များနဲ့ပါ လက်တွဲပြီး NCA လမ်းကို လမ်းမှန်ဖြစ်ရုံမက ဖြောင့်ဖြူးတဲ့လမ်းမှန်ဖြစ်အောင် ဆောင်ရွက်သွားမယ်၊ ဖက်ဒရယ် ပြည်ထောင်စု မျှော်မှန်းချက်ကို မျက်ခြေမပြတ် လက်လွတ်မခံဘူး”လို့လည်း နိုင်ထောမွန်က ကတိပြုခဲ့ပါသေးတယ်။

ဒါ့အပြင် အပစ်ရပ်စာချုပ်စာချုပ်ချုပ်ရုံ၊ လက်နက်ဖြုတ်သိမ်းရုံနဲ့ မပြေလည်နိုင်ဘဲ တစ်ဖက်နဲ့ တစ်ဖက် စစ်တိုက်စရာ မလိုတဲ့ အခြေအနေရောက်အောင် တန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ လိုတယ်၊ ငြိမ်းချမ်းရေးမှာ ဘယ်သူမှနောက်ချန်မနေချင်သလို ဖျက်မြင်းလည်း မဖြစ်ချင်ကြဘူး၊ ပြည်တွင်းစစ်ကို တစ်ကယ်နာကျည်း ခံစားနေရသူတွေမို့ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးကို ခိုင်မာစေချင်ကြတယ်လို့လည်း သူက ထည့်သွင်းပြောကြားပါတယ်။

“နိုင်ငံတော်အကြီးအကဲတွေ၊ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ စိတ်ရှည်ရှည်ထားပြီး အားလုံးပါဝင်ရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ဒီထက်ဆတိုး အားထုတ်ပေးပါ။ သဘောထားကြီးမှု ရှိရှိနဲ့ ထိုးစစ်ဆင်မှုတွေကို အမြန်ဆုံးရပ်စဲပါ” လို့လည်း သူ့မိန့်ခွန်းကတစ်ဆင့် တိုက်တွန်းစကားဆိုခဲ့ပါတယ်။

အဖုအထစ်တွေ

အခု အခမ်းအနားဟာ NCA အတွက် အပေါင်း ၂ ဖြစ်ပေမယ့် မူလထိုးပြီးသား ရှစ်ဖွဲ့နဲ့ အနုတ်လက္ခဏာ ဆောင်မသွားဖို့ သတိပေးခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ အဖွဲ့ဝင်သစ်နှစ်ဖွဲ့တိုးဖို့ လက်မှတ်ရေးထိုးရာမှာ အသိသက်သေအဖြစ် ပါဝင်ဖို့ ကနဦးရှစ်ဖွဲ့က ငြင်းဆိုလိုက်လို့ပါပဲ။ ဒါ့အပြင် ဆုံးရှုံးမှုတစ်ခုကိုလည်း ဒီအခမ်း အနားမတိုင်ခင် ၄၈ နာရီအလိုမှာ ကြုံခဲ့ရပါသေးတယ်။

ပထမအကြောင်းကတော့ ရှစ်ဖွဲ့ရှိပေမယ့် အသိသက်သေအဖြစ်ပါဝင်ဖို့ ငါးဦးသာ ဖိတ်ကြားခံရတာက စပါတယ်။ အဲဒီအဖွဲ့တွေကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)မှာ ပါဝင်တဲ့ သုံးယောက်၊ အပစ်အခတ်ရပ်စဲမှု ပူးတွဲစောင်ကြည့်ရေးကော်မတီ (JMC)ဝင် နှစ်ဦးကို ဖိတ်ကြားခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ကြတာပါ။

ခွဲတမ်းဆိုင်ရာ အယူအဆကို ညှိမရခဲ့ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောပေမယ့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဆလိုင်းလျန်မုန်းထံက မှတ်ချက်ရဖို့ ချဉ်းကပ်ရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။

ဆုံးရှုံးမှုဆိုတာကတော့ ဒီအခမ်းအနားမှာ တပါတည်း ပါဝင်လက်မှတ်ရေးထိုးဖို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညအထိ ရခိုင်ပြည်အမျိုးသား ကောင်စီ(ANC)နဲ့ ညှိနှိုင်းကြပေမယ့် မပြေလည်ခဲ့တာပါပဲ။ မဟုတ်ရင် ဖေဖော်ဝါရီ ၁၃ ဟာ NCA အတွက် အပေါင်း ၃ ဖြစ်ဖို့ရှိနေတာပါ။

ANC ကိုလက်နက်ကိုင်တပ်ဖွဲ့မရှိဘူးလို့ မှတ်ယူတာကြောင့် သူနဲ့ အလားတူ အခြေအနေရှိတဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးနဲ့ အတူ NCA မှာ တစ်ပါတည်း လက်မှတ်ရေးထိုးခြင်းဟာ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ အစိုးရက အသိပေးခဲ့ပေမယ့် ဖြစ်မလာခဲ့တာပါ။

“ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တနည်းနည်းနဲ့ ပါဝင်ပတ်သက်နိုင်ဖို့တော့ရှိပါတယ်။ သို့သော် NCA လမ်းကြောင်း ကတော့ သူတို့အတွက် တော်တော်လေး ခက်သွားပါပြီ”လို့ ဦးဇော်ဌေးက Frontier ကို ပြောတယ်။ NCA လမ်းကြောင်းအတိုင်း ပါဝင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စီမံရာမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ UPDJC ရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မှာကို သူက ရည်ညွှန်းပုံရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွေမှာ ANC အနေနဲ့ အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်ကဖြစ်စေ၊ နိုင်ငံရေးပါတီက တစ်ဆင့်ဖြစ်စေ၊ တစ်ဦးချင်းအနေနဲ့ဖြစ်စေ ပါဝင်လို့ ရနိုင်ပါတယ်လို့ ဦးဇော်ဌေးက ဆက်ပြီး ရှင်းပြပေမယ့် အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

000_zo1nu.jpg

 title=

title=

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ANC ရဲ့ ကြေညာချက်မှာတော့ NCA လက်မှတ်ထိုးမည်ဟု ကတိမပြုမီ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံခွင့်မရခြင်း၊ တန်းတူရေးအခြေခံဖြင့် အားလုံးလိုက်ပါနိုင်သော အခင်းအကျင်းမရှိခြင်း စတာတွေကြောင့် ပါဝင်ခြင်းမပြုတော့ဘူးလို့ ဖော်ပြထားပါတယ်။ အသေးစိတ်အခြေအနေကို ANC တာဝန်ရှိသူတွေထံ Frontier က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် မအောင်မြင်သေးပါဘူး။

၂၁ ရာစုပင်လုံ အကြပ်ကြုံ

အခက်အခဲတွေက ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အကြီးတကာ့ အကြီးဆုံးကြီး ရှိနေပါသေးတယ်။ နိုင်ငံရေးဆွေးနွေးဖို့အတွက် တစ်နှစ်မှာ နှစ်ကြိမ်ကျင်းပမယ်လို့ဆိုထားတဲ့ ၂၁ ရာစုပင်လုံ အစည်းအဝေးမှာ ပါဝင်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ ၁၀ ဖွဲ့ဖြစ်လာပေမယ့် အကြပ်အတည်းကတော့ ရှိနေပါတယ်။

ညီလာခံဟာ ပြီးခဲ့တဲ့နှစ်အတွင်း တစ်ကြိမ်တည်းသာ ကျင်းပနိုင်ခဲ့သလို ဒီအစည်းအဝေးအပြီး ၁၁ လကြာချိန် အထိ တတိယအစည်းအဝေး ကျင်းပမယ့်ရက်ကို မသတ်မှတ်နိုင်သေးပါဘူး။

NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သူ့ဒေသမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့ ရှမ်းပြည်နယ်အတွင်း လူထုတွေ့ဆုံပွဲတွေလုပ်တဲ့အခါ တပ်မတော်ဖက်က တားဆီးမှုတွေရှိခဲ့ပြီးနောက် မပြေလည်မှုတွေ စတင်ခဲ့တာပါပဲ။

ဒါနဲ့ ပတ်သက်ပြီး Frontier ကမေးမြန်းကြည့်တဲ့အခါ တပ်မတော်ဟာ NCA လမ်းကြောင်းအတိုင်းသာသွားကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲဆွေးနွေးမှုကော်မတီ (UPDJC)ရဲ့ ဆွေးနွေးဆုံးဖြတ်ထားတဲ့အတိုင်း ပြုလုပ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမျိုးဖြစ်ရန်လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ရှင်းပြပါတယ်။ သူက UPDJC မှာ တပ်မတော်ဖက်က ကိုယ်စားလှယ်အဖြစ် ပါဝင်သူတစ်ဦးဖြစ်ပါတယ်။

“လူထုတွေ့ဆုံပွဲတို့၊ အကြိုဆွေးနွေးပွဲတို့ကို ခွင့်ပြုခဲ့တာမရှိဘူး။ သို့သော်လည်း သူတို့က ရှမ်းပြည်နယ်အစိုးရကို ခွင့်တောင်းပြီးလုပ်တယ်လို့ နောက်ပိုင်းမှာသိရတယ်။ လုပ်ငန်းလမ်းညွှန်နဲ့မကိုက်လို့ တားခြင်းဖြစ်ပါတယ်”လို့ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကတော့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သူတို့လုပ်ခွ?
?့်ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က ယူဆနေတာကြောင့် အငြင်းပွားမှုတွေ ရှိနေတာလို့ ဆိုပါတယ်။

“အဖုအထစ်ကတော့ရှိတယ်၊ ရှိလို့ပဲ အစည်းဝေးတွေ ခေါ်လို့မရတာ။ NCA စပြီး ဖြစ်တည်လာမှုအပေါ်မှာ နားလည်ချက် လွဲတယ်။ နားလည်မှု ကွဲလွဲနေတယ်။ အဲဒီနားလည်မှုတွေ ပြန်ညှိရဦးမယ်”လို့ သူက ဆိုပါတယ်။ လက်ရှိ အချိန်မှာတော့ NCA မှာ ကနဦးလက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးမှုတွေ ရပ်ဆိုင်းနေတဲ့ အခြေအနေဆိုက်နေတာပါ။

NCA မှာ ကနဦးလက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့ဖက်က တာဝန်ရှိသူတွေကတော့ ဒါနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေကြားခြင်းမပြုသလို လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေဖက်ကလည်း လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုဖို့ နှုတ်ဆိတ်နေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဘယ်တော့ ကျင်းပနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ အခုလက်မှတ်ရေးထိုးလိုက်တဲ့ မွန်ပြည်သစ်ပါတီရဲ့ နယ်မြေအတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေပြုလုပ်ပြီးချိန်၊ ကနဦးလက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့နဲ့ အငြင်းပွားမှုတွေ ဖြေရှင်းပြီးချိန်မှာသာ ဖြစ်နိုင်မယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးစိုးသိန်းကတော့ တိုင်းရင်းသားများရဲ့ မတူကွဲပြားမှုတွေကို နားလည်ပေးပြီး ယုံကြည်မှု တည်ဆောက်နိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင်မှာပါလို့ Frontier ကို မှတ်ချက်ပြုပါတယ်။

“ကိုယ့်မှာ အခြားအမြတ်ထုတ်ချင်တာ ရှိလို့မရဘူး။ အဖြူရောင်နှလုံးသားနဲ့ လုပ်မှ ငြိမ်းချမ်းရေးက အောင်မြင်မယ်။ အခုဟာက ကောင်းပါတယ်။ ရန်ဖြစ်နေတာထက်စာရင် ဒီလိုပဲ ရွှေ့သွားရမှာပါပဲ”လို့ ဦးစိုးသိန်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းမှာ ဘာတွေကြုံရမယ်ဆိုတာ မသိနိုင်ပေမယ့် ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာ တောင့်တနေတဲ့ ပြည်သူတွေအတွက် ရဲရဲတင်းတင်းနဲ့ ရှေ့ကို တက်လှမ်းကြဖို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မိန့်ခွန်းမှာ ထည့်သွင်း တိုက်တွန်းထားပါတယ်။

“ဖြစ်လာသမျှ ရင်ဆိုင်ကြမယ်၊ ကြုံလာသမျှ ဖြေရှင်းကြမယ်”တဲ့။

NCA လက်မှတ်ထိုးပြီးသူများ

၁) ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)

၂) ကရင်အမျိုးသား အစည်းအရုံး (KNU)

၃) ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)

၄) ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)

၅) ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)

၆) ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)

၇) ချင်းအမျိုးသားတပ်ဦး (CNF)

၈) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)

၉) လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)

၁၀) မွန်ပြည်သစ်ပါတီ (NMSP)

အခြားအဖွဲ့များ

၁) ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)

၂) ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)

၃) ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)

၄) မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊

၅) ရခိုင် အမျိုးသားကောင်စီ (ANC)

၆) ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)

၇) ဝ အမျိုးသား အဖွဲ့ချုပ် (WNO)

၈) ဝ ပြည် သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA)

၉) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)

၁၀) ရက္ခိုင့် တပ်မတော် (AA)

၁၁) နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)

ခေါင်းစီးဓာတ်ပုံ-အေအက်ဖ်ပီ

“”

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.