၂၁ ရာစုပင်လုံ ဒုတိယညီလာခံမှာ သဘောမတူနိုင်ခဲ့တာ ဘာတွေလဲ၊ ဘာဆက်လုပ်မှာလဲ

နိုင်ငံရေးကဏ္ဍမှာ အထက်ပါ ရှစ်ချက်ကို သဘောမတူနိုင်ခဲ့တာဟာ နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အခြေခံမူဝါဒကို ညှိနှိုင်းမရတာကြောင့် ဖြစ်ပါတယ်။

ဉာဏ်လှိုင်လင်း ရေးသားသည်။

နှစ်ပေါင်း ၇၀ နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ပဉ္စမအဆင့်ဖြစ်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်မှာ အစိတ်အပိုင်းတွေအဖြစ် ပါဝင်ရမယ့် အခြေခံမူဝါဒ ၃၇ ချက်ကို မေ ၂၄ ရက်နေ့ကနေ ခြောက်ရက်တိုင် ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကြီးက ချမှတ်လိုက်ပါပြီ။

ဒီနိုင်ငံရေးဆွေးနွေးမှု၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ညှိနှိုင်းဆွေးနွေးနေတဲ့ ဒီညီလာခံကြီးဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က စတင်အစပြုခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကျင်းပ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ်ယူ၊ ပြည်ထောင်စု သဘောတူစာချုပ်၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ယူ၊ စာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်ခြင်းနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းတွေကို အကာင်အထည်ဖော်မှု စတာတွေထဲတစ်ခုပဲဖြစ်ပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၂၁ဖွဲ့ရှိတဲ့အနက် NCA မှာ ၁၃ ဖွဲ့က လက်မှတ်မထိုးထားသေးလို့ ရှစ်ဖွဲ့သာ ပါဝင်တက်ရောက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီလိုပါပဲ ညီလာခံမတိုင်မီ ကြိုတင်ညှိနှိုင်းထားချက်တွေ အားလုံးကို ညီလာခံကြီးက သဘောတူနိုင်ခဲ့တာမျိုး မဟုတ်ခဲ့တဲ့အတွက် ကနဦးမှာ ငါးရက်သာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ညီလာခံကြီးကိုလည်း တစ်ရက်တောင်တိုးပြီး ကျင်းပခဲ့ရပါသေးတယ်။

မူလက နိုင်ငံရေးကဏ္ဍမှာ မူဝါဒ ၂၀ ချက်၊ စီးပွားရေးကဏ္ဍမှာ ၁၁ ချက်၊ လူမှုရေးကဏ္ဍမှာ လေးချက်၊ မြေယာကဏ္ဍမှာ ၁၀ ချက် စုစုပေါင်း ၄၅ ချက်ချမှတ်ဖို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် (NCA ထိုးပြီးသား)၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က စီစဉ်ထားပေမယ့် နိုင်ငံရေးကဏ္ဍ ရှစ်ချက်ကို ညီလာခံမှာ သဘောတူညီမှုမရလို့ ချန်လှပ်ထားခဲ့ရတာပါ။

မေ ၂၄ ရက်နေ့က ကျင်းပသည့် ညီလာခံဖွင့်ပွဲနေ့သို့ တက်ရောက်လာကြသည့် နိုင်ငံတော်အကြီးအကဲများ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မေ ၂၄ ရက်နေ့က ကျင်းပသည့် ညီလာခံဖွင့်ပွဲနေ့သို့ တက်ရောက်လာကြသည့် နိုင်ငံတော်အကြီးအကဲများ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

သဘောမတူနိုင်ခဲ့တဲ့အချက်တွေ

၁) မည်သည့်တိုင်းရင်းသားလူမျိုးကိုမျှ အထူးအခွင့်အရေးမပေးရ၊ ထို့အပြင် မည်သည့် တိုင်းရင်းသား လူမျိုးကိုမျှလည်း အခွင့်အရေး ကန့်သတ်ခြင်းမရှိစေရ။

၂) လက်တွေ့ အကောင်အထည်ပေါ်လာမည့် ဖက်ဒရယ်စနစ် မူဘောင်အတွင်းမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့် အညီတည်ဆောက်ရမည်။

၃) တိုင်း/ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပမျေားရေးဆွဲရာတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကျော်လွန်ဆန့်ကျင်ခြင်းမရှိစေဘဲ အခြေခံလွတ်လပ်ခွင့်၊ အခြေခံရပိုင်ခွင့်နှင့် ဒီမိုကရေစီကျင့်စဉ်များကို အာမခံရမည်။

၄) တိုင်း/ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းစသည့်ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံချက်ရှိစေရမည်။

၅) တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးအဖြစ်ပိုင်ဆိုင်ထားသော အမျိုးသားလက္ခဏာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မည်သည့်အခြေအနေတွင်မှ ရုပ်သိမ်းဟန့်တားခြင်းမရှိစေရ

၆) တိုင်း/ပြည်နယ်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကျင့်သုံးခွင့်ရှိစေရမည်။

၇) နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ။

၈) တိုင်း/ ပြည်နယ်များတွင် ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများတွင် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကျော်လွန်ဆန့်ကျင်စေခြင်းမရှိစေဘဲ ရေးသားပြဋ္ဌာန်းခွင့်ရှိစေရမည်။ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်များအကြားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီအာဏာများကို ခွဲဝေကျင့်သုံးခြင်း ရှိရမည်။ ကြွင်းကျန်သောအာဏာကျင့်သုံးခြင်းကိစ္စကို နောင်တွင်ဆက်လက်ဆွေးနွေးမည်ဟု သိရသည်။

မေ ၂၄ ရက်နေ့က ကျင်းပသည့် ညီလာခံဖွင့်ပွဲနေ့သို့ တက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မေ ၂၄ ရက်နေ့က ကျင်းပသည့် ညီလာခံဖွင့်ပွဲနေ့သို့ တက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဘာတွေဖြစ်ခဲ့တာလဲ

နိုင်ငံရေးကဏ္ဍမှာ အထက်ပါ ရှစ်ချက်ကို သဘောမတူနိုင်ခဲ့တာဟာ နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အခြေခံမူဝါဒကို ညှိနှိုင်းမရတာကြောင့် ဒီမူဝါဒနဲ့သက်ဆိုင်တဲ့ အခြားသော ခုနစ်ချက်ကိုပါ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားအပါအဝင် UPDJC ဖက်က တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ မခွဲထွက်ရဆိုတဲ့ မူဝါဒ ကို ထည့်သွင်းချမှတ်ဖို့ တိုင်းရင်းသားတွေဖက်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ညီလာခံကိုယ်စားလှယ်လည်းဖြစ်၊ UPDJC အဖွဲ့ဝင်များလည်းဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက် အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်တို့က ခွဲမထွက်ရဟူသော စကားလုံးဟာ အမိန့်သံပါနေတာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့်ကို ဒီထက်ပိုတဲ့ အာမခံျက်ရရှိလိုတာတွေကြောင့်လို့ Frontier ကိုပြောထားပါတယ်။

ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်းမုန်းကတော့ မခွဲထွက်ရဆိုသောမူကို လက်မခံခြင်းမဟုတ်ဘဲ အဲဒီစကားရပ်ရှေ့မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးရနေလျှင်ကဲ့သို့သော အညွှန်းစကားလုံးမျိုးထည့်ရန် တိုင်းရင်းသားများဖက်က အလိုရှိနေတာလို့ ဆိုပါတယ်။

မေ ၂၄ ရက်နေ့က ကျင်းပသည့် ညီလာခံဖွင့်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားခေါင်းဆောင်များ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မေ ၂၄ ရက်နေ့က ကျင်းပသည့် ညီလာခံဖွင့်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားခေါင်းဆောင်များ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဘာဆက်လုပ်မလဲ

ယနေ့ပြီးစီးသွားသည့် ညီလာခံတွင် အတည်မပြုနိုင်ခဲ့သော အချက်များနှင့် ထပ်မံဆွေးနွေးရမည့်ကိစ္စတွေကို UPDJC မှတစ်ဆင့် အတွင်းရေးမှူးအဖွဲ့၊ လုပ်ငန်းကော်မတီ ထိုမှတစ်ဆင့် နောင်ခြောက်လအကြာမှာ ထပ်မံကျင်းပရမည့် တတိယအကြိမ် ညီလာခံမတိုင်မီ ဒေသအသီးသီးတွင်ကျင်းပဖို့ ရှိတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေထံ ပြန်လည်ပေးပို့ ဆွေးနွေးရမှာပါ။

အဲဒီနောက်မှာတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့်ရလာသော ရလဒ်တွေကို လုပ်ငန်းကော်မတီ၊ UPDJC အတွင်းရေးမှူးအဖွဲ့၊ UPDJC စသဖြင့် အဆင့်ဆင့်ပြန်လည် ပေးပို့စတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို တတိယအကြိမ် ညီလာခံမတိုင်မီ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- ၂၁ ရာစုပင်လုံ ဒုတိယညီလာခံတွင် သဘောတူညီချက်ရရှိခဲ့သည့်အချက်များကို အစုအဖွဲ့ခေါင်ဆောင်များက ညီလာခံနောက်ဆုံးနေ့ဖြစ်သည့် မေ ၂၉ ရက်နေ့၌ လက်မှတ်ရေးထိုးနေကြစဉ်။ ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.