အတားအဆီးတွေကို ကျော်လွန်ပြောင်းလဲခြင်း

မျိုးဆက်ပေါင်းများစွာ သူတို့ကို ဒုတိယတန်းနေရာပဲပေးပြီး ခွဲခြားဆက်ဆံမှုကို ခံကြရတဲ့ အတားအဆီးတွေကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က အမျိုးသမီးတွေက ထိုးဖောက်ကျော်လွန်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

JENNIFER MACINTYRE / တက်လမ်း ရေးသားသည်။

“ကျွန်မသာ ယောင်္ကျားလေးတစ်ယောက်ဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ဆန္ဒဖြစ်ခဲ့ဖူးတယ်။ ဒါက မှားတယ်လို့ ကျွန်မ ခံစားရပါတယ်” လို့ သမီးမိန်းကလေးနှစ်ယောက်ရဲ့ မိခင် အသက် ၂၇ နှစ်အရွယ် မချိုနွယ်ဦးက ပြောပါတယ်။

ပထမကလေး ကိုယ်ဝန်ခြောက်လလောက်တုန်းက အချိန်ကို သတိရလိုက်တော့ သူ့ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ တွဲခိုလာပါတယ်။ မတရားဘူးလို့ သိရှိထားတဲ့ အရာတစ်ခုအတွက် ရွာက ခေါင်းဆောင်တစ်ဦးကို သူမက စိန်ခေါ်ခဲ့တာပါ။ ဒါပေမယ့် အထင်သေးနှိမ်ချခံရပြီး “မိန်းမတွေက သိပ်ရှုပ်တာပဲ” လို့သာ အပြောခံခဲ့ရပါတယ်။

ဒါပေမယ့် မချိုနွယ်ဦးဟာ မွေးရာပါ ခေါင်းဆောင်စိတ်ရှိသူတစ်ဦးပါ။ ဒီနေ့မှာတော့ သူမဟာ လူမှုရေးလုပ်ကိုင်သူတစ်ဦး ဖြစ်နေပြီး ကျောက်ဖြူမြို့နယ်က အများရဲ့ ယုံကြည်ခြင်းခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီမြို့နယ်မှာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုနဲ့ မြေယာအခွင့်အရေးနှင့် ပတ်သက်တဲ့ သင်တန်းအစီအစဉ်တွေကို သူမက ဦးဆောင်နေပါတယ်။

သူမရဲ့ကျေးရွာဖြစ်တဲ့ အုန်းတောမှာ အမျိုးသမီးအဖွဲ့တစ်ခုကို သူမက ဖွဲ့စည်းထားပြီး ကျောက်ဖြူစီးပွားရေးဇုန်ရဲ့ အကျိုးအပြစ်တွေကို သိနိုင်ဖို့ Oxfam and Scholar Institute က အစည်းအဝေးတွေကို တက်ရောက်နေပါတယ်။

“ကျားမခွဲခြားဆက်ဆံမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သစ်တောပြုန်းတီးမှုတွေလို ဖြစ်လာနိုင်တဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်လို့ ကျွန်မစိုးရိမ်မိပါတယ်။ ကျွန်မတို့ရဲ့ စိုးရိမ်မှုတွေကို ကြားသိစေဖို့ ကျွန်မတို့ ဘယ်လို စီမံကြမလဲ” လို့သူမက မေးခွန်းထုတ်လိုက်ပါတယ်။ “ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ကူညီပံ့ပိုးဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အသံတစ်သံတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဒီအကြောင်းကို လူအများက ဆွေးနွေးဖို့လိုပါတယ်။ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းက အလွန်အရေးကြီးပါတယ်” လို့လည်း သူမက ပြောပါတယ်။

ထိုးဖောက်ထွက်ခြင်း

အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပေးခြင်းဆိုတဲ့ အစီအစဉ်တစ်ခုကို Better Life Organization (BLO) နဲ့ Oxfam က အုန်းတောရွာကို ယူဆောင်လာချိန်မှာတော့ သူမစိတ်ထဲရှိတာပြောဖို့ ယုံကြည်ချက်နဲ့ အဲဒါကို ဘယ်လိုပြောမလဲဆိုတဲ့ နည်းလမ်းတွေကို ဒေါ်ချိုနွယ်ဦးတစ်ယောက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သင်တန်းမှာ လူ့အသိုင်းအဝိုင်းပြဿနာတွေကို အမျိုးသမီးတွေက ဖော်ထုတ်ကြပြီး အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ထိုးထွင်းမှုရှိတဲ့ နည်းလမ်းတွေကို ရှာဖွေကြပါတယ်။ သူတို့ရဲ့အဖြေတွေဟာ သိပ်အောင်မြင်တော့ သူတို့ရွာတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

ဒီတက်လမ်း ဦးဆောင်ဦးရွက်အစီအစဉ်က ဒေါ်ရွှေသန်းရဲ့ စည်းရုံးရေးစွမ်းရည်ကို ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာမှာ ချောင်းဝ ရွာသူရွာသားတွေက သူမကို သူတို့ရဲ့ ဆယ်အိမ်ခေါင်းတစ်ဦးအဖြစ် တစ်ညီတစ်ညွတ်ထဲ ရွေးချယ်ခဲ့ကြပါတယ်။ ရာအိမ်မှူးအစည်းအဝေးမှာ သူတို့ရဲ့အကျိုးစီးပွားကို ကိုယ်စားပြုဖို့နဲ့ ကျေးရွာအုပ်စု အာဏာပိုင်အဖွဲ့အတွက် သူမ ရွေးချယ်ခံရခြင်းက ဒေသခံအမျိုးသမီးတွေအတွက် စိတ်လှုပ်ရှား အားတက်စရာ ဖြစ်နေပါတယ်။

အခုတော့ ရခိုင်ပြည်နယ်က ကျေးလက်ဒေသတွေမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို မျိုးဆက်ပေါင်းများစွာ ခွဲခြားဆက်ဆံနေတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်တယ်ဆိုတာ သူတို့ တွေ့မြင်နေရပါပြီ။ သုံးဧကရှိတဲ့လယ်ကို စီမံနေတဲ့ မရွှေသန်းဟာ ပထမပိုင်းမှာတော့ အမည်စာရင်းတင်သွင်းမှုကို လက်ခံဖို့ စိုးရွံ့နေခဲ့ကြပါတယ်။ ရခိုင်ကျေးလက်က အမျိုးသမီးအများစုလိုပဲ စာရေးတတ်၊ ဖတ်တတ်ဖို့ အခွင့်အလမ်းကိုလည်း မရရှိခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျေးလက်ဒေသတွေမှာ အစိုးရစာသင်ကျောင်းတွေမရှိဘဲ ယောင်္ကျားလေးတွေကိုသာ သင်ကြားပေးတဲ့ ဘုန်းကြီးကျောင်းများသာရှိလို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတာဝန်ကိုယူပြီးကတည်းက သူမဟာ ကျေးရွာအစည်းအဝေးတွေကို ဦးဆောင်ရတာ နှစ်သက် သဘောကျလာပါတယ်။ “ကျွန်မဟာ BLO ရဲ့ အမျိုးသမီးတွေကို အခွင့်အာဏာအပ်နှင်းရေး လှုပ်ရှားမှုတွေမှာ အောင်အောင်မြင်မြင် လုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ဓါတ်တက်ကြွအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလိုလှုပ်ရှားမှုတွေကနေပဲ တင်ပြနိုင်မှု စွမ်းရည်တွေကို သင်ယူခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။

ချောင်းဝကျေးရွာရှိ ကျေးရွာအစည်းအဝေးတစ်ခုတွင် ဦးဆောင်ပါဝင်ဆွေးနွေးနေသည့် ဒေါ်ရွှေတင်။ ဓာတ်ပုံ- ကောင်းထက်/တက်လမ်း

ချောင်းဝကျေးရွာရှိ ကျေးရွာအစည်းအဝေးတစ်ခုတွင် ဦးဆောင်ပါဝင်ဆွေးနွေးနေသည့် ဒေါ်ရွှေတင်။ ဓာတ်ပုံ- ကောင်းထက်/တက်လမ်း

ခေါက်ရိုးကျိုး စိတ်ဓါတ်များကို ပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်မှာ တက်လမ်းရဲ့ ကျားမအခြေပြု လိင်စစ်တမ်းက အမျိုးသားနဲ့ အမျိုးသမီးတို့အကြား ခြားနားထားတဲ့ လမ်းကြောင်းတွေကို ထိန်းသိမ်းထားတဲ့ များပြားလှစွာသော ယဉ်ကျေးမှုအစဉ်အလာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူရဲ့ အသက်ထက် အနည်းဆုံး ငါးနှစ်ငယ်လေ့ရှိပြီး ခင်ပွန်းဖြစ်သူကသာ ဓလေ့ထုံးတမ်းအရ လူ့အသိုင်းအဝိုင်းရဲ့ အစည်းအဝေးတွေမှာ သူ့ရဲ့မိသားစုကို ကိုယ်စားပြုပြီး မိသားစုအတွက် ဆုံးဖြတ်ချက်အားလုံးကိုလည်း ချမှတ်ရသူဖြစ်ပါတယ်။

အမျိုးသမီးအများစုက အိမ်ထောင်ရဲ့ ငွေကြေးကို စီမံခန့်ခွဲရပေမယ့် လူထုအစည်းအဝေးတွေမှာ ပါဝင်ဖို့အတွက်တော့ ယုံကြည်မှု မရှိကြပါဘူး။ သူတို့ရဲ့ခင်ပွန်း၊ ဒါမှမဟုတ် ကျေးရွာက ရွာမိရွာဖတစ်ဦးက ဖိတ်ကြားမှသာ တက်ရောက်ကြပါတယ်။ အစဉ်အလာအားဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ အမျိုးသားနဲ့ ယောင်္ကျားလေးတွေ စားပြီးမှသာ စားရလေ့ရှိတာမို့ အရင်စားသူတွေက ငါးတွေအားလုံးစားလိုက်ပြီဆို မိန်းကလေးနဲ့အမျိုးသမီးတွေ မစားရတော့လို့ အာဟာရဖြစ်စေတဲ့ ပရိုတိန်းဓာတ်ကို မရတော့ပါဘူး။

အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ အိမ်မှာပဲ နေထိုင်ပြီး ထမင်းဟင်း ချက်ပြုတ်ခြင်း၊ ဆေးကြောလျှော်ဖွပ်ခြင်း၊ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေခပ်ခြင်းတို့နဲ့ သူတို့ရဲ့ မိသားစုတွေကို ပြုစုပျိုးထောင်ဖို့ ဖြစ်ပါတယ်။ တက်လမ်းအစီအစဉ်က ဝေးလံခေါင်ဖျားတဲ့ ကျေးရွာ ၂၅၉ ရွာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အားပေးခြင်းအားဖြင့် ဒီလိုမညီမျှတွေကို ထိပ်တိုက်ရင်ဆိုင်ပါတယ်။

ဒီနေ့ အင်တာဗျူးခဲ့တဲ့ အမျိုးသမီး ၁၀၀ မှာ ၇၆ ယောက်က သူတို့ရဲ့ ကျေးရွာတွေရဲ့ ငွေရေးကြေးရေးကဏ္ဍ အဆုံးအဖြတ်မှာ သူတို့ပါဝင်တယ်လို့ ဆိုပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးကော်မတီတွေရဲ့ အဖွဲ့ဝင် ၁၀ ဦးထဲက သုံးဦးဟာ ယခုအခါမှာတော့ အမျိုးသမီးတွေဖြစ်နေပြီး သူတို့ဟာ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ကျေးရွာငွေကြေးစုဆောင်းမှုနဲ့ ချေးငွေအဖွဲ့အစည်းတွေနဲ့ အခြေခံအဆောက်အအုံတွေအပါအဝင် အသက်မွေးဝမ်းကျောင်းအဖွဲ့တွေကို ကိုယ်စားပြုနေကြပါတယ်။

မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာတော့ အမျိုးသမီးအချို့ဟာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း အလုပ်အဖွဲ့တွေ ဖွဲ့စည်းနေပြီး အဲဒီအဖွဲ့က အမျိုးသမီးအဖွဲ့ဝင်တွေဟာ တူညီတဲ့အလုပ်အကိုင်တွေမှာ အမျိုးသားတွေနဲ့ တူညီတဲ့ လုပ်ခလစာရရှိမှာ ဖြစ်ပါတယ်။ အဲဒီလို တူညီတဲ့ လုပ်ခလစာပေးတာကို ကနဦးပိုင်းမှာ အမျိုးသားတွေက ကန့်ကွက်ပြောဆိုခဲ့ပေမယ့် အမျိုးသမီးတွေကတော့ ဒါဟာ တန်းတူညီမျှရဲ့ အရေးကြီးတဲ့ အမှတ်သင်္ကေတအဖြစ် ထိန်းသိမ်းခဲ့ကြပါတယ်။

ဂျန်ဒါရေးရာအရာရှိ မသန္တာသဲစုဦးဆောင်တဲ့ Oxfam ရဲ့ အမျိုးသမီးများ၏ ခေါင်းဆောင်မှုသင်တန်းဟာ အမျိုးသမီးရော အမျိုးသမီးတွေအတွက်ပါ ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ ဒီသင်တန်းက လူတိုင်းကို ကျား၊ မ လိင်သဘာဝကို သိရှိစေတဲ့အပြင် သော့ချက်ကျတဲ့ သဘောတရားသုံးခုကိုလည်း နားလည်စေပါတယ်။ ဒါတွေကတော့ အမျိုးသမီးနဲ့ အမျိုးသားတွေမှာ တူညီတဲ့အခွင့်အရေးတွေရှိတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ လက်ခံနိုင်ဖွယ်မရှိဆိုတာနဲ့ အမျိုးသမီးတွေမှာလည်း ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ အမျိုးသားတွေလို တူညီတဲ့ အလားအလာတွေရှိတယ်ဆိုတာပါပဲ။

သုံးရက်ကြာ Oxfam သင်တန်းကို မတက်ခင်က ကုလားခြံရွာက ဦးငညိုကတော့ အမျိုးသမီးများအတွက် ခေါင်းဆောင်မှု သင်တန်းဟာ သူတို့ခင်ပွန်းတွေနဲ့ ရန်ဖြစ်ဖို့ အမျိုးသမီးတွေကို မြှောက်ပေးတာလို့သာ ထင်ခဲ့တယ်လို့ ပြောပါတယ်။

“သင်တန်းက ကျွန်တော်ထင်ထားတာနဲ့ လုံးဝတခြားဆီပါ။ ကျွန်တော်တို့ အမျိုးသမီးနဲ့ အမျိုးသားတွေကြား မိတ်ဆွေဖြစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးတွေအကြောင်း ဆွေးနွေးကြပါတယ်” လို့ သူကပြောပါတယ်။

“ကျွန်တော့်ဇနီးနဲ့ ရန်မဖြစ်ဖို့ ကြိုးစားချင်ပါတယ်။ နောက်ပြီး သားနဲ့သမီးကိုလည်း ဘဝမှာ တန်းတူအခွင့်အရေး ပေးချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

အမျိုးသားတွေဆီက လေးစားမှုရဖို့ နှစ် ၃၀ ကြာ ကြိုးစားရုန်းကန်ခဲ့ရပြီးနောက် ကျောက်ဖြူအမျိုးသမီးများကွန်ရက်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောခင်ဝင်းက အမျိုးသားနဲ့ အမျိုးသမီး အတူတူ အလုပ်လုပ်စဉ်မှာ တိုးတက်လာတဲ့ တန်းတူညီမျှမှုကို ချီးကျူးပြောကြားပါတယ်။

“ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေက ဒုတိယတန်းစားပါ။ အမျိုးသားတွေက အမျိုးသမီးတွေကို မယုံကြည်ခဲ့ပါဘူး။ အခု ကျွန်မတို့ဟာ လူမှုရေးအရ တာဝန်ခံမှုရှိတဲ့ ဦးဆောင်မှုကနေတဆင့် စဉ်ဆက်မပြတ် လူ့အသိုင်းအဝိုင်း ဖွံ့ဖြိုးမှုကို ဖန်တီးတည်ဆောက်ရေးအတွက် တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်နေကြပါတယ်” လို့ သူမက ပြောပါတယ်။

ယခုအခါ မခင်ဝင်းသည် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အစိုးရဝန်ကြီးဋ္ဌာနများမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် လွှတ်တော်အမတ်တွေနဲ့အတူ လူ့အသိုင်းအဝိုင်းမှ ပြဿနာများကို ဆွေးနွေးရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေပါတယ်။

“ယခုလို ဖူးသစ်စ တန်းတူညီမျှမှုဟာ လာမယ့်နှစ်တွေမှာ ကြီးထွားလာမှာပါ” လို့ မချိုနွယ်ဦးက ယုံကြည်ထားပါတယ်။ “ကျွန်မတို့ လုပ်နေတာတွေ မမှားဘူးဆိုတာ ကျွန်မတို့သိပါတယ်။ အခုဆို ရှေ့ဆက်လို့ရတယ်။ အခု မိန်းမတစ်ယောက်ဖြစ်ရတာ ကျွန်မ မကြောက်တော့ဘူး” လို့ သူမက ပြောပါတယ်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.