မြန်မာနိုင်ငံမှအီးစီးကရက်၏အနာဂတ်မီးခိုးတိမ်တိုက်

မြန်မာနိုင်ငံတွင် အီးစီးကရက် သောက်သုံးမှုဆိုင်ရာဥပဒေမှာ မပြတ်သားသေးဘဲရှိနေရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် သက်ဆိုင်ရာက ဥပဒေမပြဋ္ဌာန်းနိုင်မီ အီးစီးကရက်ကို ပိတ်ပင်လာနိုင်ပေသည်။

ရဲမွန်နှင့် အိမ့်သက်ဆု ရေးသားသည်။

ကင်မရာသည် တန်းစီနေသောရောင်စုံ အီးစီးကရက် e-cigarette ဘူးလေးများကို ဆက်တိုက်ရိုက်ပြသွားသည်။ တခါသုံး ဖလိုး Flow တံဆိပ်ပါအီးစီးကရက်များဖြစ်ပြီး အရောင်အသွေးက သက်ဆိုင်ရာအနံ့အရသာကို ဖော်ညွှန်းသည်။ ထို့နောက် ကင်မရာသည် နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ဆီ ရောက်သွားသည်။ သင်ဇာဝင့်ကျော်က အီးစီးကရက်ကို ဟန်ပါပါသောက်နေရင်း သူ့နှုတ်ခမ်းလှလှဆီမှ ဆေးလိပ်ခိုးကို ကင်မရာဆီသို့ မှုတ်ထုတ်လိုက်သည်။ ထိုဖေ့ဘွတ်ခ်ဗီဒီယို၏ပုံစာကတော့ “Let’s flow with me” “ကျွန်မနဲ့အတူ စီးမျောရအောင်လေ” ဟူလို။ Flow Myanmar Page ကိုချိတ်ဆက်နိုင်မည့် လင့်ခ် link တစ်ခုပါပေးထားသေးသည်။

နောက် ဖေ့ဘွတ်ခ်ဗီဒီယိုတစ်ခုတွင် ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ‘ဝါဆိုမိုးဦး’က Flow တံဆိပ် အီးစီးကရက်နှင့် အခြားတရုတ်နိုင်ငံထုတ် ‘Relx’ တံဆိပ် အီးစီးကရက်များကို ဘူးလေးထဲမှထုတ်ပြီး အနံ့အရသာနှင့် ကျသင့်ဈေးကို ရှင်းပြနေသည်။ ဤသို့ နာမည်ကျော်သရုပ်ဆောင်များနှင့် အရောင်းမြှင့်နေသော အီးစီးကရက် (Vape ဟုလည်းခေါ်သော အီလက်ထရွန်းနစ်နည်းဖြင့် နီကိုတင်းဖြန့်ဝေရေးစနစ်) မြန်မာနိုင်ငံတွင် များများစားစား မသုံးကြသေးသော်လည်း လူလတ်တန်းစားဝင်ငွေရှိ မိသားစုမှလူငယ်များအကြား ရေပန်းစားလာနေသည်။ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် Vape အရောင်းဆိုင်များ အလျှိုလျှိုပေါ်ထွက်လာနေပြီး တစ်ခါသုံးနှင့် ဆေးဘူးလေးများထည့်၍အသုံးပြုနိုင်သော အီးစီးကရက်များကို ရောင်းချနေသည်။ ရောင်းဈေးကတော့ တစ်ခုလျှင် ကျပ် ၁၅,၀၀၀ မှ ကျပ် ဆယ်သိန်းတန်အထိ အမျိုးမျိုးရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အီးစီးကရက် ပျံ့နှံ့လာမှုကို သတိပြုမိလာရာ ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် အီးစီးကရက်၏ ကျန်းမာရေးဆိုးကျိုးများကို သတိပေးထားပြီး လူထုအား မသုံးစွဲဘဲ ရှောင်ရှားကြရန် အကြံပြုထားသည်။ ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းအသုံးပြုမှု ထိန်းချုပ်ရေးဥပဒေ (၂၀၀၆) တွင် အီးစီးကရက်ကို ဖော်ပြမထားသဖြင့် ယခုချိန်ထိမူ အီးစီးကရက်မှာ တရားဝင်ပစ္စည်းဖြစ်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အကြံပေးအရာရှိ ဒေါက်တာအောင်ထွန်းက အီးစီးကရက်သုံးစွဲမှုနှင့် ရောင်းချမှုကို ပိတ်ပင်နိုင်ရေးအတွက် ဥပဒေပြင်ဆင်ရန် ဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိပါသည်ဟု Frontier ကိုပြောသည်။ “ဥပဒေပြင်ဆင်ချက်တွေ လုပ်ဆောင်ရတာ အချိန်တွေကြာဦးမှာဖြစ်လို့ ဝန်ကြီးဌာနအနေနဲ့ လက်ဦးမှုရယူပြီး အီးစီးကရက် တင်သွင်းရောင်းချမှုနဲ့ပတ်သက်လို့ အမိန့်ထုတ်ပြန်နိုင်ဖို့ စဉ်းစားနေပါတယ်” ဟု သူကပြောသည်။

အီးစီးကရက်များကို တရားမဝင် မှောင်ခိုတင်သွင်းခြင်းဖြင့်လည်းကောင်း၊ ဆေးပစ္စည်းများအဖြစ် ကြော်ငြာဖော်ပြခြင်းအားဖြင့်လည်းကောင်း တင်သွင်းနေကြသည်ဖြစ်ရာ သွင်းကုန်တင်သွင်းသူများကို အဓိကထား ထိန်းချုပ်ရန်စီစဉ်နေခြင်းဖြစ်သည်။

“နှစ်မျိုးစလုံးဟာ တရားမဝင်တင်သွင်းနေကြတာပါဗျာ” ဟု သူကဆိုသည်။

“အီး-စီးကရက်ကို လူတွေ ဆေးလိပ်ဖြတ်ရာမှာ အထောက်အကူပြုတဲ့ ပစ္စည်းတွေလို့ ဖော်ပြပြီး သွင်းနေကြတာပါ။ ဒါကတရားဝင်သွင်းတဲ့နည်းလမ်း မဟုတ်ဘူးလေ။ ဥပဒေလိုက်နာရေး ထိန်းချုပ်မှုမရှိတော့ ဖြစ်ချင်သလိုဖြစ်နေကြတာပါပဲ” ဟု သူကပြောကြားသည်။

“အဂတိလိုက်စားမှုတွေကြောင့်လည်း ဒီလိုဖြစ်နေတာပါ။ အီးစီးကရက်နဲ့ပတ်သက်ပြီး အစိုးရရဲ့ပေါ်လစီတွေ မရှင်းလင်းတာလည်းပါတာပေါ့” ဟု ဒေါက်တာအောင်ထွန်းကပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဦးဆောင်သော အမျိုးသား ဆေးရွက်ကြီးထိန်းချုပ်ရေး ကော်မတီသည် ယခုလနောက်ပိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် အီးစီးကရက်များ တင်သွင်းရာလမ်းကြောင်းနှင့် တင်သွင်းသည့်လုပ်ငန်းစဉ်များကိုဆွေးနွေးပြီး အရေးယူဆောင်ရွက်ရေး အစီအစဉ်တစ်ရပ် ချမှတ်မည်ဖြစ်ကြောင်း သူကဆိုသည်။

ရန်ကုန်ဆိပ်ကမ်းမှတင်သွင်းသော အစားအစာနှင့် ကျန်းမာရေးပစ္စည်းများကို စောင့်ကြည့်ရသော စားသုံးသူ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အဖွဲ့သည် နိုင်ငံတွင်းသို့ အီးစီးကရက်များတင်သွင်းမှုကို ခွင့်ပြုထားရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အီးစီးကရက်ကို တားမြစ်မထားသောကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

ရန်ကုန်မြို့ရှိ စတိုးဆိုင်တစ်ဆိုင်၌ အီးစီးကရက်များ ပြသထားစဉ်။ ဓာတ်ပုံ - သူရဇော်

ရန်ကုန်မြို့ရှိ စတိုးဆိုင်တစ်ဆိုင်၌ အီးစီးကရက်များ ပြသထားစဉ်။ ဓာတ်ပုံ – သူရဇော်

ကမ္ဘာလုံးဆိုင်ရာပြဿနာ

အီးစီးကရက်များကို မည်သို့ အရေးယူရမလဲဆိုသည်ကို မသိရှိသေးသောနိုင်ငံများမှာ မြန်မာတနိုင်ငံတည်း မဟုတ်ပေ။ ယင်းတို့မှထွက်ရှိသော ရေငွေ့မီးခိုးမိုးတိမ်များနှင့် သီးစုံရနံ့များဖြင့် ကမ္ဘာတဝန်းတွင် စီးကရက်အစားထိုး ထုတ်ကုန်အဖြစ် ခေတ်စားလာခဲ့သည်။ အထူးသဖြင့် လူငယ်များအကြားတွင်ဖြစ်သည်။ ကျန်းမာရေး ထိခိုက်စေသည်များရှိသော်လည်း အီးစီးကရက်များကို တားမြစ်မထားသည့် နိုင်ငံများတွင် အဆိုပါစျေးကွက်သည် လျင်မြန်စွာ တိုးတက်လာနေသည်။ ထိုနိုင်ငံများတွင် နာမည်ကျော် အနုပညာရှင်များ၊ လူသိများပုဂ္ဂိုလ်များသည် လူမှုကွန်ရက်များပေါ်၌ အီးစီးကရက်များကို အရောင်းမြှင့်တင်လာသည်။

အီးစီးကရက် သောက်သုံးခြင်းသည် စီးကရက်သောက်သုံးခြင်းထက် ပိုမိုဘေးကင်းလုံခြုံသလော၊ အန္တရာယ် ရှိသလော ငြင်းခုံမှုများလည်း ဖြစ်ပွားနေကြသည်။ အီးစီးကရက် ရောင်းချသောကုမ္ပဏီများနှင့် အများပြည်သူ ကျန်းမာရေးပညာရှင်အချို့က အီးစီးကရက်များသည် သာမန်စီးကရက်သောက်သုံးခြင်းကို ဖြတ်တောက်ရာတွင် အကူအညီပေးနိုင်သည်ဟု ဆိုကြသည်။ သို့သော် ထိုအချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ငြင်းဆိုထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ အီးစီးကရက်သည် စီးကရက်သောက်သူများ ဆေးလိပ်ဖြတ်နိုင်ရန် အကူအညီ ပေးနိုင်သည့်အချက်ကို လုံလောက်သည့်သက်သေအထောက်အထား မပြသနိုင်ကြောင်း၊ သို့ရာတွင် အီးစီးကရက်သည် အန္တရာယ်ရှိသည်ဆိုသည့်အချက်ကိုမူ ရှင်းလင်းသောသက်သေအထောက်အထားများ ရှိသည်ဟုဆိုသည်။

“အီးစီးကရက်တွေက ကျန်းမာရေးကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သူတို့က ဘေးမကင်းပါဘူး” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီလ ၂၁ ရက်က ပြောကြားသည်။ ထိုနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အီးစီးကရက်များသည် သန္ဓေသားကို ထိခိုက်စေကြောင်းနှင့် ဆယ်ကျော်သက်များ၏ ဦးနှောက်ကို ပျက်စီးစေသည်ဟုထုတ်ပြန်ခဲ့သည်။ နီကိုတင်းသည် လွန်စွာစွဲစေတတ်ကြောင်း၊ လူငယ်များ၏ ဦးနှောက်သည် အသက် ၂၅ နှစ်အရွယ်ခန့်ထိ ဖွံ့ဖြိုးခြင်းဖြစ်ပြီး နီကိုတင်းနှင့်တွေ့ထိပါမူ ရေရှည်ထိခိုက်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုသည်။

နိုင်ငံအများအပြားသည် အီးစီးကရက်သောက်ခြင်းနှင့် ရောင်းချခြင်းကို တားမြစ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် သောက်သုံးသူနှင့် ဘေးပတ်ဝန်းကျင်ရှိလူများအပေါ် ကျန်းမာရေးအန္တရာယ် ကျရောက်စေနိုင်သောကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့တွင် အီးစီးကရက် သောက်သုံးကိရိယာများ အသုံးပြုခြင်းကို တင်းကျပ်စွာထိန်းချုပ်ထားသည်။ နိုဝင်ဘာလ ၁ ရက်တွင် တရုတ်နိုင်ငံသည် အသက် ၁၈ နှစ်အောက် လူငယ်များအား အီးစီးကရက်ရောင်းချခြင်းကို တားမြစ်ခဲ့ပြီး အွန်လိုင်းပေါ်တွင် ရောင်းချခြင်း၊ ကြော်ငြာခြင်းများကို ပိတ်ပင်ခဲ့သည်။

အိမ်နီးချင်း ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့တွင် ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ်များတွင် အီးစီးကရက်သောက်သုံးမှုကို အသီးသီး တားမြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် လူငယ်များကြားတွင် အီးစီးကရက်သောက်သုံးမှု တိုးပွားလာခြင်းကို သတိပေးခဲ့ပြီး ပြီးခဲ့သောစက်တင်ဘာလ၌ တားမြစ်မှုများထုတ်ပြန်ခဲ့သည်။ ဗြိတိန်နိုင်ငံကမူ အခြားနည်းချဉ်းကပ်မှုနှင့် တုန့်ပြန်သည်။ အီးစီးကရက်အန္တရာယ်ကို လျှော့ချရန်အာရုံထားသည်။ အီးစီးကရက်များကို တင်းကျပ်စွာထိန်းချုပ်ထားသော်လည်း ယင်းတို့ကို စီးကရက်ဖြတ်ရန် နည်းလမ်းတစ်ခုအဖြစ် လက်ခံကြသည်များလည်းရှိသည်။

အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးပညာဗဟုသုတ အကြံပေးဝက်ဘ်ဆိုက်မှ ဒေါက်တာ သူရိန်လှိုင်ဝင်း။ ဓာတ်ပုံ - သူရဇော်

အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးပညာဗဟုသုတ အကြံပေးဝက်ဘ်ဆိုက်မှ ဒေါက်တာ သူရိန်လှိုင်ဝင်း။ ဓာတ်ပုံ – သူရဇော်

စောင့်ဆိုင်းကြည့်ရှု

မြန်မာနိုင်ငံတွင် အီးစီးကရက်ကို စောင့်ကြည့်လာခဲ့သည်မှာကြာပြီဖြစ်သည်။ မီဒီယာများသည် အီးစီးကရက် အကြောင်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ရေးသားလာခဲ့ကြသည်။ ရုပ်ရှင်မင်းသမီး ဆုပန်ထွာက ရန်ကုန်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အီးစီးကရက် လက်လီအရောင်းဆိုင် Vape City ကို စတင်ဖွင့်လှစ်ချိန်ကဖြစ်သည်။

မြန်မာနိုင်ငံစျေးကွက်တွင် နာမည်ရနေသော အီးစီးကရက်များကို တရုတ်နှင့် အမေရိကန်နိုင်ငံတို့မှ ထုတ်လုပ်သည်။ Flow နှင့် Relx အမှတ်တံဆိပ်များကို ရန်ကုန်နှင့် မန္တလေးတို့ရှိ ရှော့ပင်စင်တာ စျေးဆိုင်များတွင် တွေ့ရသည်။ အရက်ဘားများနှင့် နိုက်ကလပ်များတွင် တခါသုံး အီးစီးကရက်များကို ဖောက်သည်များအား ရောင်းချကြသည်။

အသက် ၂၆ နှစ်အရွယ် ကိုအောင်သူက အီးစီးကရက်ကို သူ တစ်ပတ်ခန့်စမ်းသောက်ကြည့်ကြောင်း၊ သူသောက်သော အီးစီးကရက်သည် ကျပ် ၃၅,၀၀၀ ခန့်ကျသင့်ကြောင်း၊ ယင်းမှာ သူတတ်နိုင်သည့်ပမာဏသာ ဖြစ်ကြောင်း၊ သို့သော် အရည်အသွေးမကောင်းကြောင်း Frontier ကို ပြောပြသည်။

“ကျွန်တော် သာမန်စီးကရက်လောက် မကြိုက်ပါဘူး” ဟု ကမာရွတ်မြို့နယ်မှ ကိုအောင်သူကပြောသည်။

နာမည်ရ အီးစီးကရက် လက်လီဆိုင်ပိုင်ရှင်ကမူ သူ့ဆိုင်မှပစ္စည်းများသည် အမေရိကန်နိုင်ငံထုတ်များ ဖြစ်ကြောင်း၊ မလေးရှားကတဆင့် မြန်မာနိုင်ငံကို တင်သွင်းခြင်းဖြစ်ကြောင်းဆိုသည်။ မလေးရှားနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် အသက် ၁၈ နှစ်အောက်လူငယ်များကို အီးစီးကရက်ဖြည့်အရည် e-liquid များနှင့် အီးစီးကရက်များရောင်းချခြင်းကို စတင်တားမြစ်ခဲ့သည်။

ယင်းဆိုင်ပိုင်ရှင်အမျိုးသမီးက အီးစီးကရက်များကို သူ တရားဝင်တင်သွင်းခြင်းဖြစ်ကြောင်း၊ အကောက်ခွန် စစ်ဆေးမှုကိုလည်း ခံယူရကြောင်း၊ သူ့လုပ်ငန်းသည် အစိုးရကို ပုံမှန်အခွန်ပေးဆောင်နေကြောင်း အမည်မဖော်လိုဘဲပြောကြားသည်။

“တရားမဝင်လမ်းကြောင်းက တင်သွင်းတဲ့လုပ်ငန်းတွေနဲ့မတူပါဘူး။ ကျွန်မတို့က အမြတ်များများ မရဘူးလေ။ စျေးကွက်ထဲမှာ ကျွန်မတို့ရပ်တည်နိုင်တာက ကျွန်မတို့က အရည်အသွေးမြင့်ထုတ်ကုန်တွေကိုပဲ ရောင်းချလို့ပါ” ဟု သူကဆိုသည်။

ဆိုင်ရှင်အမျိုးသမီး ဝန်ကြီးဌာနက အီးစီးကရက်ကို တားမြစ်မယ်ဆိုတာကို သူ မသိရှိသေးကြောင်း၊ အီးစီးကရက်သည် သာမန်စီးကရက်ထက် အန္တရာယ်ပိုမိုနည်းပါးကြောင်းနှင့် ဆေးလိပ်စွဲနေသူများကို ဆေးလိပ်ပြတ်စေနိုင်ကြောင်းသူကဆက်လက်ပြောပြသည်။ သူ့ခင်ပွန်းမှာ အီးစီးကရက်သောက်ပြီး သာမန်စီးကရက် ပြတ်သွားသည်ဟုဆိုသည်။

“သူ အီးစီးကရက်သောက်နေတာ သုံးနှစ်ရှိပြီ။ အတော်ကောင်းပါတယ်။ ချောင်းလည်း သူ မဆိုးတော့ဘူး။ ကျွန်မတို့ဖောက်သည်အများစုက စီးကရက်ပြတ်သွားတယ်လို့ ပြောကြတယ်” ဟု သူကဆိုသည်။

Flow Myanmar ကုမ္ပဏီမှ မစ္စပင့်ကီဟွမ် Ms Pinky Huang က ကုမ္ပဏီ၏သုတေသနတွင် Flow ထုတ်ကုန်များ အသုံးပြုသူ ၅ ယောက်တွင် ၄ ယောက်သည် သာမန်စီးကရက် သောက်သုံးမှုကို ရပ်တန့်နိုင်ကြသည်ဟုဆိုသည်။ သူတို့အများစုက သာမန်စီးကရက်သောက်လာတာ သုံးနှစ်ကျော်နေသူတွေပဲဟု ဆိုင်ရှင်အမျိုးသမီးကပြောသည်။

“ကျွန်မတို့က စီးကရက်သောက်သုံးမှု ရပ်တန့်စေဖို့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ချင်ပါတယ်။ ဗြိတိန်နိုင်ငံမှာ အဖွဲ့အစည်းတွေက အီးစီးကရက်အသုံးပြုပြီး သာမန်စီးကရက် သောက်သုံးမှုကို ပူးပေါင်းတိုက်ဖျက်ကြသလိုပေါ့”

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပေးဦးအောင်ထွန်းကမူ အီးစီးကရက်က အန္တရာယ် နည်းပါးသည်ဟု ပြောဆိုချက်များကို လက်မခံပေ။ သူက အီးစီးကရက်သည် သာမန်စီးကရက်များကဲ့သို့ပင် အန္တရာယ်များသည်ဟုဆိုသည်။

“နီကိုတင်းပါတဲ့ အီးစီးကရက်တွေ ရှိပါတယ်။ ဒါတွေက သာမန်စီးကရက်တွေလိုပဲ လူကိုစွဲလမ်းစေတတ်ပါတယ်။ သူတို့ကထုတ်လွှတ်တဲ့ အခိုးအငွေ့တွေကလည်း သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်” ဟု သူက ဆိုသည်။

အီးစီးကရက် ထုတ်ကုန်အချို့တွင် မြန်မာ၊ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် လမ်းညွှန်ချက်များ မပါဝင်ခြင်းကြောင့်လည်း အစိုးရမှာ အခက်ကြုံရလျက်ရှိသည်။

တရုတ်ပြည်မှ တင်သွင်းသော အီးစီးကရက်များတွင် တရုတ်ဘာသာဖြင့်သာရေးထားသော ကျန်းမာရေး သတိပေးချက်များ၊ လမ်းညွှန်ချက်များမှာ မြန်မာစားသုံးသူများအတွက် အသုံးမဝင်ပေ။ တရုတ်ဘာသာဖြင့် ရေးထားသော အီးစီးကရက်ထုတ်ကုန်များရောင်းသည့် လက်လီဆိုင်များသို့ Frontier က သွားရောက်မေးမြန်းကြည့်ရာ အရောင်းစာရေးသည် ယင်းတို့ကို ဘေးကင်းစွာ မည်သို့အသုံးပြုရမည်နှင့် မည်သည့်ရက် သက်တမ်းကုန်မည်တို့ကို ပြောပြနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

အီးစီးကရက်အပါအဝင် စားသုံးကုန်အားလုံး၏ ထုပ်ပိုးမှုတွင် မြန်မာဘာသာဖြင့် ရှင်းလင်းသော လမ်းညွှန်ချက်များ၊ ကျန်းမာရေး သတိပေးချက်များ ရေးသားထားသင့်သည်ဟု ဦးအောင်ထွန်းကပြောသည်။

Hello Doctor အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးပညာဗဟုသုတ အကြံပေးဝက်ဘ်ဆိုက်၏ အယ်ဒီတာချုပ်နှင့် လုပ်ငန်းဒါရိုက်တာ ဒေါက်တာ သူရိန်လှိုင်ဝင်းက အီးစီးကရက်သောက်ရန် အသုံးပြုသော e liquid တွင် နီကိုတင်း မပါဝင်ဟုဆိုဦး၊ အခြားပါဝင်ဓာတုပစ္စည်းများက ကျန်းမာရေးအန္တရာယ်ပင်ဖြစ်ကြောင်း ပြောပြသည်။

“ကျွန်တော်ကတော့ အီးစီးကရက်ကို စမ်းသောက်ကြည့်ဖို့ အကြံမပြုပါဘူး” ဟု သူက Frontier ကိုပြောသည်။

အစိုးရသည် အီးစီးကရက်ရောင်းချခြင်း၊ သောက်သုံးခြင်းကိုတားမြစ်ရန် အဆောတလျင် လုပ်သင့်ကြောင်း၊ တရားမဝင် ခိုးသွင်းခြင်းများကိုလည်း အရေးယူသင့်ကြောင်း သူကဆိုသည်။

“ကျန်းမာရေးအတွက် အီးစီးကရက်ကို ကျွန်တော်တို့ တားမြစ်သင့်ပါတယ်။ ဒါပေမဲ့ အဲဒီလိုတားမြစ်ဖို့အတွက် ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းမရှိသလောက်ဖြစ်နေတယ်ဆိုတာကိုလည်း အသိအမှတ်ပြုရပါလိမ့်မယ်”

ဦးကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – သူရဇော်

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.