ဘုန်းတော်ကြီးကျောင်းပိတ်၊ ရွာနှစ်ခြမ်းကွဲ

ရခိုင်ပြည်နယ် ကျေးရွာတစ်ရွာမှ ဒေသခံ ငါးဦးသည် ရှေးဟောင်း ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုတွင် ပါဝင်မိခဲ့ရာမှ ထောင်ကျခဲ့ရသည်။

ဆုမြတ်မွန် ရေးသားသည်။

မူရွင်းရွာ Mu Rwing သည် ယခင်ကတော့ အရိပ်ရသော သစ်ပင်များနှင့် အုံ့ဆိုင်းနေသည့် မြေပြင်ကျယ်ကြီးအဖြစ် ငြိမ်းချမ်းဆိတ်ငြိမ်ခဲ့သည်။ သို့တစေ ယင်းသွင်ပြင်တို့ ယိုယွင်းလာခဲ့တော့သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တောင်ဘက် မိုင် ၃၀ ခန့် အကွာတွင် တည်ရှိသော မူရွင်းရွာသည် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်း အပိတ်ခံရအပြီး နှစ်ခြမ်းကွဲသွားခဲ့သည်။

ထိုသို့အငြင်းပွားမှုများကြောင့် မူရွင်းရွာမြောက်ဘက်မှ ထိုဘုန်းကြီးကျောင်းကို အမြင့်ဆုံး သံဃာအဖွဲ့အစည်း၏ အမိန့်ဖြင့် ၂၀၀၇ ခုနှစ်ကတည်းက နှစ်ကြိမ် ပိတ်ပစ်ခဲ့ရသည်။ ယင်းသို့ ဘုန်းကြီးကျောင်းကို ပိတ်သိမ်းမှုကို ဆန့်ကျင်သူများထဲမှ ဒေသခံ ၅ ဦးမှာ ထောင်ချခံခဲ့ရသည်။ မူရွင်းရွာသည် အိမ်ထောင်စု ၃၀၀ ခန့်ရှိသောရွာ ဖြစ်သည်။

ဘုန်းကြီးကျောင်း ပိတ်သိမ်းမှုကို မကျေနပ်သော ရွာမြောက်ပိုင်းမှ အသက် ၆၂ နှစ်အရွယ် ဦးဖိုးစံက မူရွင်းရွာတွင် ဗုဒ္ဓဘာသာဝင်များအကြား ဆိုးရွားလာနေသည့်ဆက်ဆံရေးမှာ အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ ဖြစ်နေသည်ဟုဆိုသည်။

ပြဿနာ၏ရင်းမြစ်မှာ ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ မူရွင်းရွာရှိ ဘုန်းကြီးကျောင်း သုံးကျောင်းကို ဆည်းကပ်ကိုးကွယ်သူများသည် ကျောင်း သုံးကျောင်းကိုပေါင်းပြီး နေရာသစ်တွင် ကျောင်းအသစ်ဆောက်ရန် သဘောတူညီခဲ့ကြသည်။

ထိုအစီအစဉ်ကို ဘုန်းကြီးကျောင်း သုံးကျောင်းစလုံးမှ ကျောင်းထိုင်ဆရာတော်များနှင့် ဦးသုပိယတို့က သဘောတူကြသည်။ ဦးသုပိယသည် မူရွင်းရွာသားဖြစ်ပြီး ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်တွင် နေထိုင်လျက်ရှိသည်။ အစီအစဉ်မှာ ရွာသားများအချင်းချင်း စည်းလုံးညီညွတ်ကြစေရန် ရည်ရွယ်ကာ တစ်ရွာလျှင် ဘုန်းကြီးကျောင်း တစ်ကျောင်းသာ ထားရှိကြမည်ဟူသော အခြားရွာများနည်းတူ အတုယူ လုပ်ဆောင်ခြင်းဖြစ်သည်။

သို့သော် မူရွင်းရွာတွင် ပြောင်းပြန်ရလဒ်ပေါ်ထွက်နေသည်။

ထိုဘုန်းကြီးကျောင်းများကို နေရာအနေအထား၊ သက်တမ်းရင့်ရော်မှုပေါ်တွင်လည်းကောင်း၊ နှစ်ခုစလုံးပေါ်တွင်လည်းကောင်းမူတည်ပြီး နာမည်ပေးထားသည်။ မြောက်ပိုင်းမှကျောင်းကို ကျောင်းဟောင်းဟု ခေါ်ဆိုပြီး တောင်ဘက်မှကျောင်းကို တောင်ကျောင်းနှင့် နောက်ပိုင်းကျမှ ဆောက်ခဲ့သော ကျောင်းကို ကျောင်းသစ်ဟူ၍ဖြစ်သည်။

ကျောင်းအဟောင်းကို မြောက်ကျောင်းဟုလည်း ခေါ်ဆိုပြီး သက်တမ်းအရင့်ဆုံးကျောင်းဖြစ်သည်။ ယင်းကို ဝေသာလီဆိုသည့် ရခိုင်ဘုရင်များစိုးစံသောကာလ၊ ခရစ်နှစ် ၈၈၀ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယုံကြည်ကြသည်။

ဘုန်းကြီးကျောင်းသစ်ဆောက်လုပ်ရန် ညှိနှိုင်းဆွေးနွေးကြရာတွင် အခြားဘုန်းကြီးကျောင်းများနှင့် ဝေးရာတွင် တည်ဆောက်မည်ဟု သဘောတူညီခဲ့ကြသည်။

သို့ရာတွင် ကျောင်းအသစ်ကို တောင်ကျောင်းအနီးတွင် တည်ဆောက်ခဲ့သဖြင့် ကျောင်းဟောင်းကို ဆည်းကပ်ကိုးကွယ်သော ရွာသားများ မခံမရပ်နိုင်ဖြစ်ကာ မိသားစုများနှင့် ရွာလည်း နှစ်ခြမ်းကွဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရွာမြောက်ပိုင်းမှ ရွာသား ၅ ဦးသည် ကျောင်းဟောင်းကို ဆက်လက်ဆည်းကပ်နေသောကြောင့် ကျူးကျော်သွားလာမှုဖြင့် ထောင် ၆ လ ချမှတ်ခံခဲ့ရသည်။

၂၀၀၇ ခုနှစ်တွင် ကျောင်းဟောင်း၏ ကျောင်းထိုင်ဆရာတော် ဦးသြဘာသကို ဒေသအာဏာပိုင်များက ကျောင်းမှထွက်ခွာခိုင်းပြီး ကျောင်းကိုပိတ်သိမ်းခိုင်းလိုက်သည့်အခါ မကျေနပ်မှုများ ပိုမိုဆိုးရွားသွားခဲ့သည်။ ဦးသြဘာသသည် ထိုကျောင်းတွင် ၁၉ နှစ်ကြာ သီတင်းသုံးခဲ့သူဖြစ်သည်။

ဝါကြီးသော ဘုန်းတော်ကြီး နှစ်ပါးက ရွာသားအများစု၏ ထောက်ခံမှုဖြင့် ဝင်ရောက်စွက်ဖက်အပြီး ဘုန်းကြီးကျောင်း ပိတ်သိမ်းခိုင်းခံရခဲ့ခြင်း ဖြစ်သည်။

ယနေ့တော့ဖြင့် တံခါးများလည်း သော့တန်းလန်းနှင့်ဖြစ်ခဲ့ရပြီ။ ဓာတ်ပုံ - ဆုမြတ်မွန်

ယနေ့တော့ဖြင့် တံခါးများလည်း သော့တန်းလန်းနှင့်ဖြစ်ခဲ့ရပြီ။ ဓာတ်ပုံ – ဆုမြတ်မွန်

ထိုဘုန်းတော်ကြီး နှစ်ပါးမှာ ဦးသုပိယ၏ ဆရာများဖြစ်သော မူရွင်းရွာမှ ဦးစက္ကိန္ဒနှင့် ဦးပညာဝံသတို့ ဖြစ်ကြသည်။

ဦးစက္ကိန္ဒသည် ကျောက်ဖြူမြို့ သံဃာအဖွဲ့အစည်း၏ အကြီးအကဲဟောင်း ဖြစ်သည်။ မဟနဟု လူသိများသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဖြစ်သည်။

ဦးပညာဝံသသည်လည်း မဟာနာယက အဖွဲ့ဝင်ဖြစ်သည်။ မဟနကို နိုင်ငံတော်အတွင်းရှိ ထေရဝါရ ဗုဒ္ဓဘာသာဂိုဏ်းကြီး ၉ ခုမှ ဆရာတော် ၄၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ ဦးစက္ကိန္ဒနှင့် ဦးပညာဝံသတို့သည် သုဓမ္မဂိုဏ်းအဖွဲ့ဝင် ဖြစ်သည်။ သုဓမ္မဂိုဏ်းတွင် နိုင်ငံ၏ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအားလုံး၏ ၉၀ ရာခိုင်နှုန်း ပါဝင်သည်။

ကျောင်းဟောင်းပိတ်သိမ်းမှုကို သုဓမ္မဂိုဏ်း၏ ဝ/မြှောင်ဂိုဏ်းခွဲက ကန့်ကွက်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် ၎င်းတို့ထဲမှ သံဃာအပါး ၂၀ ခန့်သည် ကျောင်းဟောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဦးသောမနကို ကျောင်းထိုင်ဆရာတော်အဖြစ် ထားရှိခဲ့သည်။

ဘုန်းကြီးကျောင်းကို ပြန်ဖွင့်ရတာက ဒီလိုပိတ်ပင်ပစ်ပယ်ထားလို့ မရလို့ပါ။ ဒီဘုန်းကြီးကျောင်းက သမိုင်းကြောင်းအရ အရေးပါတာတွေ ရှိတယ်ဟု အသက် ၆၃ နှစ်အရွယ် ဦးစံချစ်က ပြောသည်။ ဦးစံချစ်သည် ၂၀၁၅ ခုနှစ်တွင် ထောင်ချခံရသော ကျောင်းဟောင်းထောက်ခံသူ ငါးဦးအနက်မှ တစ်ဦးဖြစ်သည်။

မဟန က ထိုအငြင်းပွားမှုနှင့်စပ်လျဉ်း၍ ရပ်တန့်ရန်တားမြစ်ပြီး ထိုကိစ္စတိုင်တန်းမှုများကို လက်ခံမည် မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်အပြီး ထိုဘုန်းကြီးကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ကြခြင်း ဖြစ်သည်။

“ဒီကြေညာချက်က ကျွန်တော်တို့ကို ပြန်ဖွင့်ခွင့်ပေးတယ်လို့ နားလည်မိပါတယ်” ဟု ဦးစံချစ်က ဆိုသည်။

ကျောင်းဟောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင်းမှ ဗုဒ္ဓဆင်းတုတော်။ ဓာတ်ပုံ - ဆုမြတ်မွန်

ကျောင်းဟောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင်းမှ ဗုဒ္ဓဆင်းတုတော်။ ဓာတ်ပုံ – ဆုမြတ်မွန်

သူသည် နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးမြို့တို့မှ မဟနဆရာတော်များအား ဘုန်းကြီးကျောင်း ပြန်ဖွင့်ခွင့်ပေးရန် ချဉ်းကပ်လျှောက်ထားလျက်ရှိသည်။ သို့ရာတွင် အချည်းနှီးပင် ဖြစ်သည်။

ဦးစံချစ်က သူသည် ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖြေရှင်းပေးရန် တောင်းဆိုသောအခါ ၎င်းက ဦးစက္ကိန္ဒကို မေးကြည့်ရန်သာ ညွှန်ကြားလိုက်ကြောင်း ပြောသည်။

ကျောင်းဟောင်း ပြန်လည်ဖွင့်လှစ်ခြင်းကို ဆန့်ကျင်သောရွာသားများသည် ၂၀၁၅ ခုနှစ်တွင် မဟနသို့ စာရေးတိုင်ကြားရာ၌ ဦးသောမန လေးနှစ်ကြာ သီတင်းသုံးခဲ့သော ကျောင်းတွင် ဦးကေသရိန္ဒသည်လည်း နေထိုင်ခဲ့ဖူးသည်ဟု စွပ်စွဲခဲ့သည်။

ထိုစာကြောင့် နှစ်ဖက်အငြင်းပွားမှုများ ပိုမိုဆိုးရွားသွားခဲ့သည်။

ဦးကေသရိန္ဒသည် ဝ/မြှောင်ဂိုဏ်းအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကျောက်ဖြူမြို့ သင်တောင်ကျောင်းတွင် ၁၀ နှစ်ကြာ သီတင်းသုံးခဲ့သော ကျောင်းထိုင်ဆရာတော် ဖြစ်သည်။ သူသည်လည်း ကျောင်းဟောင်း ပြန်ဖွင့်နိုင်ရန် ကြိုးပမ်းခဲ့သူများတွင် ပါဝင်သည်။

ကျောက်ဖြူမြို့နယ် သံဃနာယကအဖွဲ့ဝင် ဦးဝရသာမိက ဦးကေသရိန္ဒကို ထိုသို့စွပ်စွဲကြခြင်းမှာ ကျောင်းဟောင်း ပြန်ဖွင့်ရာတွင် ပါဝင်ပတ်သက်နေသောကြောင့်ဖြစ်သည်ဟု ပြောသည်။

မဟန က ဘုန်းကြီးကျောင်း ပိတ်သိမ်းခဲ့ခြင်းကို ကာကွယ်ပြောဆိုသောအားဖြင့် ဦးဝရသာမိက ထိုသို့ လုပ်ဆောင်ရခြင်းမှာ ရွာသားများအချင်းချင်း ညီညွတ်ကြစေရန် ရည်ရွယ်ခြင်းသာဖြစ်မည်ဟု ဆိုသည်။

ဦးကေသရိန္ဒက ကျောင်းဟောင်းကို ပိတ်သိမ်းခိုင်းခြင်းမှာ မှားယွင်းကြောင်း၊ ထိုသို့လုပ်ဆောင်ရန် လုပ်ငန်းစဉ်လည်း မရှိကြောင်း ဆိုသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်သောစာတွင် မဟန က ဦးကေသရိန္ဒကို ကျောင်းဟောင်းမှ ထွက်ခွာခိုင်းပြီး ကျောင်းကိုပြန်လည်ပိတ်သိမ်းခိုင်းခဲ့သည်။

“ဦးဇင်း အဲဒီမှာ တစ်ခါမှ မနေခဲ့ပါဘူး။ ဒါကို လူတိုင်းသိပါတယ်။ သူတို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး စိတ်မျိုးရှိရင် ဦးဇင်းနဲ့ ကျောင်းဟောင်းကို ထောက်ခံသူတွေကို ဒီလိုလုပ်မှာ မဟုတ်ဘူး” ဟု ဦးကေသရိန္ဒက ပြောသည်။

၂၀၁၅ ခုနှစ် ဧပြီလတွင် ဝ/မြှောင်ဂိုဏ်းဘုန်းတော်ကြီး ၉၈ ပါးက ကျောင်းဟောင်းကို ဖွင့်ပေးထားရန် အစိုးရကို အသနားခံစာတင်ခဲ့သော်လည်း ကျောင်းကို အတင်းအကျပ် ပိတ်သိမ်းခဲ့သည်။

ဇူလိုင်လတွင် ကျောင်းဟောင်းပိတ်သိမ်းမှုနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့တွင် ကန့်ကွက်ဆန္ဒပြကြရာ ရွာသား ၃၀၀ ခန့်နှင် ဝ/မြှောင်ဘုန်းတော်ကြီးများ ပါဝင်ခဲ့သည်။

မူရွင်းရွာမြောက်ပိုင်းမှ အသက် ၆၂ နှစ်အရွယ် ဦးဖိုးစံက ဘုန်းကြီးကျောင်း သုံးကျောင်းကို တစ်ခုတည်းပေါင်းပြီး အသစ်တည်ဆောက်ရန် စီစဉ်ခဲ့မှုကြောင့် စိတ်ဝမ်းတွေကွဲကုန်ပြီး ရွာ ၂ ခြမ်းကွဲခဲ့ရသည်ဟု ဆိုသည်။

“သူတို့က ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ခဲ့တာပဲ။ ဒါပေမဲ့ အခုကျွန်တော်တို့ရွာ နှစ်ခြမ်းကွဲနေပြီဆိုတော့ အဲဒါဘာကြောင့်လဲဆိုတာ မေးရမယ်” ဟု ဦးဖိုးစံက Frontier ကို မေလ ၁၅ ရက်နေ့တွင် ပြောသည်။

“ကျောင်းဟောင်း အပိတ်ခံရတာက ဗုဒ္ဓဘာသာ စည်းကမ်းတွေကို ဖောက်ဖျက်လို့ မဟုတ်ဘူး။ အကျပ်ကိုင်ပြီး ပိတ်သိမ်းခံလိုက်ရတာ” ဟု သူက ဆိုသည်။

သြဇာညောင်းသည့် ဆရာတော်များဖြစ်သော ဦးစက္ကိန္ဒနှင့် ဦးသုပိယတို့က ကျောင်းသစ်ဆောက်လုပ်မှုကြောင့် ဘယ်သူမှ မထိခိုက်စေရဘူးဟု ကတိပြုခဲ့သညိ။ သို့ရာတွင် ယခုမူ လူအများစု၏ဆန္ဒကို ဦးစားပေးပြီး ကတိကို ဖောက်ဖျက်လိုက်ပြီဟု ဦးဖိုးစံက ဆိုသည်။

ဘုန်းတော်ကြီးကျောင်းပြဿနာကြောင့် ရွာဈေးဝယ်ခွင့်၊ ရေခပ်ခွင့်မရတော့သော ရွာမြောက်ပိုင်းမှ ဒေသခံ အသက် ၇၅ နှစ်ရှိ ဒေါ်အေးဖြူမ။ ဓာတ်ပုံ - ဆုမြတ်မွန်

ဘုန်းတော်ကြီးကျောင်းပြဿနာကြောင့် ရွာဈေးဝယ်ခွင့်၊ ရေခပ်ခွင့်မရတော့သော ရွာမြောက်ပိုင်းမှ ဒေသခံ အသက် ၇၅ နှစ်ရှိ ဒေါ်အေးဖြူမ။ ဓာတ်ပုံ – ဆုမြတ်မွန်

ထိုအငြင်းပွားမှု၏ဂယက်သည် ကြီးမားသည်။ ဒေသတွင်းမှ အာဏာပိုင်များသည် ရွာမြောက်ပိုင်းမှ အိမ်ထောင်စု ၆၀ ခန့်ကို တောင်ပိုင်းရှိဈေးနှင့် ရေတွင်းအသုံးပြုခွင့် မပေးတော့ပေ။

သူ့ရွာဘက်ခြမ်းမှာ ဈေးဆိုင်များ မဖွင့်နိုင်မချင်း သည်ဘက်က ရွာသားတို့က အခြားရွာက ဈေးကို သွားနေရကြောင်း၊ ကိုယ့်ဘာသာ ရေတွင်းသစ်များ တူးနေရကြောင်း ဦးဖိုးစံက ဆိုသည်။

ကျောင်းဟောင်းကို ပိတ်သိမ်းမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မညီညွတ်ကြောင်း၊ ဖွဲ့စည်းပုံ အပိုဒ် ၃၄ တွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ပါရှိသည်ဟု သူကဆိုသည်။

ရွာမြောက်ပိုင်းမှ လူများက ကျောင်းဟောင်းကို ပြန်လည်ဆည်းကပ်နိုင်ရန် စောင့်ဆိုင်းပြင်ဆင်နေကြကြောင်း ဦးဖိုးစံကပြောသည်။

ဗုဒ္ဓဘာသာဝင် အဘိုးအဘွားတို့က ဘုန်းကြီးကျောင်းမှာပင် အချိန်အများစု ကုန်လွန်စေပြီး တရားနှင့် မွေ့လျော်နေတတ်ကြသည်။ ကျောင်းဟောင်းကို ပိတ်လိုက်၍ ရွာမြောက်ပိုင်းမှ အသက် ၆၀ နှင့် ၁၀၃ နှစ်ကြား အဘိုးအဘွားတို့အတွက် အခက်တွေ့စေပေသည်။ ရွာမြောက်ပိုင်း၌ အဘိုးအဘွား အယောက် ၄၀ ခန့်ရှိသည်။ ယင်းတို့ထဲတွင် အသက် ၇၅ နှစ်အရွယ် ဒေါ်အေးဖြူမလည်း ပါဝင်သည်။

ကျောင်းဟောင်းကို မသွားရောက်နိုင်သဖြင့် “အဖွားတော့ ဝမ်းနည်းပြီး ငိုချင်မိတော့တာပါပဲ” ဟု ဒေါ်အေးဖြူမက ဆိုသည်။

“ကျောင်းဟောင်းကို ပိတ်စေချင်သူတွေက ပျော်နေချိန်မှာ ကျွန်မတို့က ငိုနေရတယ်” ဟု ကျောင်းဟောင်းအနီး နေထိုင်သူ အသက် ၃၆ နှစ်အရွယ် ဒေါ်ပပမြိုင်က ပြောသည်။ သူ့ခင်ပွန်း ဦးမောင်သန်းဇော်သည် အသက် ၃၉ နှစ်ရှိပြီး ထောင်ကျသူ ၅ ဦးထဲ၌ ပါဝင်သည်။

“ကျွန်မခင်ပွန်းက ဗုဒ္ဓဘာသာကို ကိုးကွယ်လို့ ထောင်ချခံရတာပါ” ဟု မေလ ၁၅ ရက်၌ Frontier ကို သူက ဆိုသည်။

“အိမ်အတွက် ပိုက်ဆံရှာပေးသူက ကျွန်မခင်ပွန်းတစ်ယောက်တည်းပဲဆိုတော့ ကျွန်မတို့ အတော်ကလေး ဒုက္ခတွေရောက်ပါတယ်။ သူ ထောင်ချခံရတော့ သမီးလေးက ၅ လ အရွယ်ပဲ ရှိသေးတယ်” ဟု ဒေါ်ပပမြိုင်က ဆိုသည်။

ထိုမှ ၆ လအကြာ ဦးမောင်သန်းဇော် ထောင်ကလွတ်လာသည်တွင် သမီးက သူ့အား ဖေဖေဟု ပထမဆုံး စတင်ခေါ်လိုက်သည်ဟု ဒေါ်ပပမြိုင်က ပြောပြသည်။

“သူခမျာ ချုံးပွဲချငိုလိုက်တာလေ၊ သူ့သမီးကို သိပ်ကိုလွမ်းနေခဲ့တာကိုး”

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ။ ကျောက်ဖြူမြို့ မူရွင်းရွာမှ ကျောင်းဟောင်းဟု ခေါ်ဆိုသော ဘုန်းကြီးကျောင်း။ ယင်းကျောင်းကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ်ထပ်မံ၍ အာဏာပိုင်များက ပိတ်သိမ်းခဲ့သည်။ ဓာတ်ပုံ – ဆုမြတ်မွန်

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.