ချန်ပီယံသစ် ပေါ်ထွက်ခဲ့သလို လိဂ်ကို လက်ပြနှုတ်ဆက်ခဲ့တဲ့ အသင်းတွေ စံချိန်တင်ခဲ့တဲ့ ဘောလုံးရာသီ

ချန်ပီယံသစ် ပေါ်ထွက်လာပေမယ့် ကမောက်ကမဖြစ်စဉ်တွေနဲ့ပြည့်နှက်နေခဲ့တဲ့၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီဟာ မကြာမီက ပြီးဆုံးသွားခဲ့ပြီဖြစ်သလို လိဂ်ကို လက်ပြနှုတ်ဆက်သွားခဲ့တဲ့ အသင်းတွေ စံချိန်တင်ခဲ့တဲ့ ရာသီလည်း ဖြစ်ပါတယ်

ထွန်းခိုင် ရေးသားသည်။

အသင်း ၁၂ သင်းပဲရှိပေမယ့် လိဂ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်ကနေ အောက်တိုဘာ ၂၉ ရက်အထိ ၉ လနဲ့ ၁၀ ရက်ကြာ ကျင်းပခဲ့တာကြောင့် မာရသွန်ပြိုင်ပွဲအဖြစ် ဝေဖန်ခံခဲ့ရသလို ဘောလုံးရာသီအတွင်းမှာလည်း ကမောက်ကမ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ လိဂ်ရာသီဟာ မြန်မာနေရှင်နယ်လိဂ်သမိုင်းတလျှောက် ဘောလုံးကလပ်အသင်း အများဆုံး နှုတ်ထွက်သွားတဲ့ ဘောလုံးရာသီလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ လိဂ်ကနေ ဖျက်သိမ်းသွားတဲ့ လေးသင်းအထိရှိခဲ့ပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဖျက်သိမ်းလိုက်တဲ့ ဘောလုံးကလပ်တွေဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပြင် တူရကီက အာဏာသိမ်းမှုနဲ့ပါ ဆက်စပ်နေခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ရဲ့ လိဂ် ၁ လို့ခေါ်တဲ့ MNL 1 နဲ့ လိဂ် ၂ ဖြစ်တဲ့ MNL 2 လိဂ်တစ်ခုစီမှာ အသင်း ၁၂ သင်းစီနဲ့ ၂၄ သင်းရှိပြီး တန်းတက်တန်းဆင်းစနစ် ကျင့်သုံးနေရာမှာ ၂၀၁၇ ဘောလုံးရာသီ မစတင်မီကတည်းက လိဂ်ကနေ အသင်းနှစ်သင်း နှုတ်ထွက်သွားခဲ့ပါတယ်။

အဲဒီအသင်းနှစ်သင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဇေယျာရွှေမြေနဲ့ ကချင်ပြည်နယ်ကိုယ်စားပြု မနောမြေအသင်းတို့ပဲ ဖြစ်ပါတယ်။

ဇေယျာရွှေမြေအသင်းဟာ MNL 1 ကလပ်ဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဖြစ်ခဲ့တဲ့ ဦးဝင်းမြင့် တည်ထောင်ခဲ့တဲ့ဘောလုံးအသင်းလည်း ဖြစ်ပါတယ်။

ယခင်တပ်မတော်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရတို့နဲ့ နီးစပ်တဲ့ ဦးဝင်းမြင့်တည်ထောင်ခဲ့တဲ့ ဘောလုံးအသင်းဟာ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရ တက်လာချိန်မှာတော့ အိမ်ကွင်းအဖြစ်အသုံးပြုနေတဲ့ မုံရွာကွင်းကနေ ထွက်ခွာပေးပြီး ကွင်းကို ပြည်သူပိုင်အဖြစ် ပြန်အပ်ဖို့အတွက် ဖိအားပေးခြင်းခံခဲ့ပါတယ်။

ဒီပြဿနာဟာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ထဲအထိ ရောက်သွားခဲ့ပြီးတဲ့နောက်မှာ ဇေယျာရွှေမြေအသင်းဟာ ဘောလုံးကွင်းကို ပြန်အပ်ခဲ့သလို အသင်းကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

၂၀၁၆ ရာသီက MNL 2 မှာ ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၇ ဘောလုံးရာသီမှာ MNL 1 တန်း တက်ခွင့်ရခဲ့တဲ့ မနောမြေအသင်းဟာလည်း အစိုးရအပြောင်းအလဲနောက်ပိုင်း ဖျက်သိမ်းသွားတဲ့ ဘောလုံးအသင်းတစ်သင်း ဖြစ်ပါတယ်။

မနောမြေအသင်းဟာ ယခင်က ဒီမိုကရေစီသစ်တပ်မတော်-ကချင်(New Democratic Army-Kachin ) အဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းမိသားစုပိုင်တဲ့ ကလပ်တစ်ခုအဖြစ်လည်း လူသိများပါတယ်။

အခုတော့ နယ်ခြားစောင့်တပ်(၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃)အဖြစ် အသွင်ပြောင်းလိုက်ပြီဖြစ်တဲ့ အဲဒီတပ်ရဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်၊ ကချင်ပြည်နယ် အမှတ် ၅ မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရွေးချယ်ခံခဲ့ရပါသေးတယ်။

ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၃၀ ရက်နေ့မှာ ဦးဇခုန်တိန့်ယိန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ရုတ်သိမ်းလိုက်ပြီး ပြိုင်ဘက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးယောနာကို အနိုင်ပေးခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ လိဂ်(၂) မှာ ချန်ပီယံဖြစ်ခဲ့ပြီး လာမဲ့ရာသီမှာ လိဂ်(၁)မှာ ပြန်လည်ကစားခွင့်ရမယ့် မနောမြေအသင်းကို ဆက်လက်မကိုင်တွယ်တော့ဘူးဆိုပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ အသင်းပိုင်ရှင်တွေက အကြောင်းကြားလိုက်ပါတော့တယ်။

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အောက်တိုဘာ ၂၅ ရက်နေ့က အောင်ဆန်းအားကစားပြိုင်ကွင်း၌ ယှဉ်ပြိုင်နေကြစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အောက်တိုဘာ ၂၅ ရက်နေ့က အောင်ဆန်းအားကစားပြိုင်ကွင်း၌ ယှဉ်ပြိုင်နေကြစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

၂၀၁၇ ဘောလုံးရာသီ MNL 1 မှာ ကစားဖို့ရှိတဲ့ အသင်းနှစ်သင်းဟာ လိဂ်ပြိုင်ပွဲမစတင်မီ နှုတ်ထွက်သွားခဲ့သလိုပဲ ဘောလုံးရာသီကုန်ဆုံးချိန်မှာ နောက်ထပ်နှစ်သင်းဖြစ်တဲ့ နေပြည်တော်နဲ့ စီးတီးရန်ကုန် City Yangon တို့ဟာလည်း လိဂ် ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အစိုးရရုံးစိုက်တဲ့ နေပြည်တော်ကို ကိုယ်စားပြုထားတဲ့ နေပြည်တော်ဘောလုံးအသင်းကို ၂၀၁၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်က အားကစားဝန်ကြီးနဲ့ ဟိုတယ်/ခရီးဝန်ကြီးတွေအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ ဘောလုံးကလပ်တစ်ခုလည်း ဖြစ်ပါတယ်။

နေပြည်တော်အသင်းဟာ ကစားသမားတွေကို ကာလအတန်ကြာ လစာမပေးတာကြောင့် ကစားသမားတွေက ပြိုင်ပွဲတွေကို လာရောက်မယှဉ်ပြိုင်ကြတော့ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက အရေးပေါ်အစည်းအဝေးတစ်ခုကျင်းပခဲ့ပြီး နေပြည်တော်အသင်းကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့ဘဲ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အဲဒီဖြစ်ရပ်တွေအပြီး နောက်ထပ်တစ်လကျော်ကြာ အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းမှာတော့ ဦးဖြိုးကိုကိုတင့်ဆန်းဟာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားမဝင်လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက် သူ့နေအိမ်နဲ့ ရုံးခန်း၊ ဟိုတယ်ခန်းတွေထဲကနေ လက်နက်တွေနဲ့ ဆက်သွယ်ရေးစက်တွေ ထပ်မံဖမ်းမိခဲ့ပြီး သက်ဆိုင်ရာက သူ့ကို ဖမ်းဆီး စစ်ဆေးနေဆဲဖြစ်ပါတယ်။

လိဂ်ကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ထပ်ဘောလုံးအသင်းတစ်သင်းကတော့ စီးတီးရန်ကုန် (City Yangon) ဘောလုံးအသင်းပဲ ဖြစ်ပါတယ်။

စီးတီးရန်ကုန်ဟာ ၂၀၁၂ ခုနှစ်တုန်းက ဖွဲ့စည်းခဲ့တဲ့ ဟော်ရီဇုံ (Horizon) ဆိုတဲ့ အသင်းကနေ အမည်ပြောင်းလဲခဲ့ဲတဲ့ ဘောလုံးအသင်းဖြစ်ပြီး ၂၀၁၇ ရာသီ MNL 2 မှာ ဗိုလ်စွဲခဲ့တာကြောင့် လာမယ့်နှစ်မှာ MNL 1 ကို ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်က တူရကီမှာဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုဂယက်က ဒီဘောလုံးကလပ်ကိုပါ အကျပ်ရိုက်စေခဲ့ပါတယ်။

ဟော်ရီဇုံဆိုတဲ့အမည်ဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာဖွင့်လှစ်ထားတဲ့ Horizon International School နဲ့ အမည်တူသလို ပိုင်ရှင်လည်း အတူတူပဲဖြစ်ပါတယ်။ တူရကီက မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် Horizon International School ဟာ အာဏာသိမ်းအုပ်စုရဲ့ ကွန်ယက်တစ်ခုဆိုပြီး ရန်ကုန်က တူရကီသံရုံးကို ကိုးကားပြီး မြန်မာသတင်းဌာနတွေက ရေးသားခဲ့ကြပါတယ်။

တူရကီက အာဏာသိမ်းမှုဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်းနဲ့ ဒီအာဏာသိမ်းမှုကို မထောက်ခံကြောင်း Horizon အုပ်စုက ကြေညာခဲ့ပေမဲ့ မြန်မာအစိုးရကတော့ တူရကီနိုင်ငံသား အနည်းဆုံး ၄၄ ဦးကို ဗီဇာသက်တမ်းတိုးပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒီအကျိုးဆက်အဖြစ် အသင်းကိုလည်း ဖျက်သိမ်းတော့မယ်ဆိုပြီး စီးတီးရန်ကုန်က ကြေညာခဲ့ပါတယ်။

ဒိုင်တွေလည်း လက်ပြနှုတ်ဆက်ခဲ့တဲ့ ဘောလုံးရာသီ

ကလပ်အသင်းတွေ လိဂ်ကို လက်ပြနှုတ်ဆက်သွားသလို ဒိုင်တွေလည်း လိဂ်ကနေ ထွက်ခွာသွားခဲ့ရတဲ့ဖြစ်စဉ်တွေ ဒီနှစ်ဘောလုံးရာသီမှာ ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်သူကြီးတစ်ဦးဖြစ်တဲ့ ဦးဝင်းထွဋ်ဟာ စက်တင်ဘာ ၂၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမှာ ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းယူနိုက်တတ်နဲ့ ရန်ကုန်ယူနိုက်တတ်တို့ပွဲအပြီးမှာ ရာသီကုန်အထိ ပွဲပယ်ခံခဲ့ရပါတယ်။

ဦးဝင်းထွဋ်ဟာ ရှမ်းယူနိုက်တတ်ကို ပင်နယ်တီပြစ်ဒဏ်ဘောပေးဖို့ငြင်းဆန်ခဲ့တာကြောင့် ပွဲအပြီးမှာ ရှမ်းယူနိုက်တတ်ရဲ့ ကန့်ကွက်တိုင်ကြားမှုကို ခံခဲ့ရပါတယ်။ ဦးဝင်းထွဋ် ဆုံးဖြတ်တာ မှန်ကန်တယ်ဆိုပြီး ကန့်ကွက်မှုကို ပယ်ချခဲ့ပေမဲ့ နောက်ပိုင်းမှာ ရာသီကုန်အထိ ပွဲတွေ ကိုင်တွယ်ခွင့် ပိတ်ပင်ခဲ့တဲ့ ပြစ်ဒဏ်ကိုလည်း ဦးဝင်းထွဋ်အပေါ် ချမှတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အပြီးမှာ ဦးဝင်းထွဋ်လည်း ဒိုင်သူကြီးအဖြစ်ကနေ အနားယူသွားခဲ့ပါတယ်။

သူအနားယူမှုဟာ သူ့အပေါ် ချမှတ်တဲ့ပြစ်ဒဏ်ကြောင့် မဟုတ်ဘူးလို့ ဒိုင်ကော်မတီဘက်က တုန့်ပြန်ခဲ့ပေမဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အာဖရိကသားတွေ အရေးပါခဲ့တဲ့ ဘောလုံးရာသီ

မြန်မာကလပ်အသင်းတွေအနေနဲ့ တစ်သင်းမှာ ကစားသမား ၃၀ ဦးစီ မှတ်ပုံတင်ခွင့်ရပေမယ့် နိုင်ငံခြားသား လေးဦးထက်ပိုပြီး မှတ်ပုံတင်ခွင့်မရဘဲ ၄+၂၆ စည်းမျဉ်းနဲ့ ပြိုင်ပွဲဝင်ရတာ ဖြစ်ပါတယ်။

ဒီလေးဦးအနက် သုံးဦးကို ကမ္ဘာ့နိုင်ငံအနှံ့က ကြေးစားကစားသမားတွေ ခေါ်ယူခွင့်ရပေမယ့် နောက်တယောက်ကိုတော့ အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံတွေက ကစားသမားကိုသာ ခေါ်ယူခွင့်ရတာ ဖြစ်ပါတယ်။

ကလပ်အသင်းအများစုဟာ အစဉ်အလာအတိုင်း ဈေးသက်သာပြီး ကြိုးစားကစားလေ့ရှိကြတဲ့ အာဖရိကနွယ်ဖွား ဘောလုံးသမားတွေကို အဓိကထား ခေါ်ယူကြပါတယ်။

စုစုပေါင်း ကစားသမားအရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းသာ မှတ်ပုံတင်ခွင့်ရရှိတဲ့ နိုင်ငံခြားကစားသမားတွေက မြန်မာလိဂ်ရဲ့ အဓိကအရေးပါတဲ့ ကစားသမားများဖြစ်ခဲ့ပြီး လိဂ်ပြိုင်ပွဲတလျှောက် သွင်းဂိုးအားလုံးရဲ့ ထက်ဝက်ကို သူတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ရာသီ MNL 1 ပြိုင်ပွဲတလျှောက် သွင်းဂိုးပေါင်း ၃၂၉ ဂိုး ရှိတဲ့အနက် ထက်ဝက်နီးပါးဖြစ်တဲ့ ၁၆၁ ဂိုးကို နိုင်ငံခြားသား ကစားသမားတွေက သွင်းယူပေးခဲ့ပါတယ်။

လိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကိုလည်း ရှမ်းယူနိုက်တက်က နိုင်ဂျီရီးယားနိုင်ငံသား Christopher Chizoba နဲ့ ဧရာဝတီက လိုက်ဘီးရီးယားနိုင်ငံသား တိုက်စစ်မှူး Keith Martu Nah တို့က ၁၅ ဂိုးစီနဲ့ ရရှိသွားခဲ့ပါတယ်။

ဒါ့အပြင် လိဂ်ထိပ်သီး ဂိုးသွင်းသူ ၈ ယောက်ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး သူတို့ထဲက ၇ ယောက်ဟာ အာဖရိကတိုက်က ကစားသမားတွေ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်ဟာ တစ်နှစ်အတွင်း ဖလားနှစ်လုံး ရခဲ့တဲ့ ဘောလုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဓာတ်ပုံ-ရှမ်းယူနိုက်တက်

ရှမ်းယူနိုက်တက်ဟာ တစ်နှစ်အတွင်း ဖလားနှစ်လုံး ရခဲ့တဲ့ ဘောလုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဓာတ်ပုံ-ရှမ်းယူနိုက်တက်

ချန်ပီယံအသစ် ပေါ်ထွက်လာခဲ့တဲ့ ဘောလုံးရာသီ

၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်မှာ ရှစ်နှစ်တာကာလအတွင်း ရန်ကုန်အခြေစိုက် ရန်ကုန် ယူနိုက်တတ်နဲ့ မန္တလေးအခြေစိုက် ရတနာပုံအသင်းတွေသာ လေးကြိမ်စီ ချန်ပီယံဖြစ်ခဲ့ပြီး လိဂ်ကို စိုးမိုးထားခဲ့ပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ရှမ်းပြည်နယ်အခြေစိုက် ရှမ်းယူနိုက်တတ်ဟာ လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အတွက် မြန်မာနေရှင်နယ်လိဂ်မှာ ချန်ပီယံအသင်းသစ် ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။

နေရှင်နယ်လိဂ်စတင်ကတည်းက ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကမ္ဘောဇအမည်ကနေ ရှမ်းယူနိုက်တတ်လို့ အမည်ပြောင်းခဲ့တဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် လိဂ်ချန်ပီယံဖြစ်လာတာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်ဟာ လိဂ်ချန်ပီယံအဖြစ်သာမက ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပွဲကိုပါ ဗိုလ်စွဲခဲ့တဲ့အတွက် တစ်နှစ်အတွင်း ဖလားနှစ်လုံးရတဲ့ စံချိန်ကိုပါရခဲ့တဲ့ ဘောလုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကမောက်ကမ ဆုံးဖြတ်ချက်များချခဲ့တဲ့ ဘောလုံးရာသီ

၂၀၁၇ ရာသီအတွင်းမှာ ထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တဲ့အထဲမှာ ထူးဆန်းပြီး ကမောက်ကမဆန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာတွေလည်း ပါဝင်ပါတယ်။

လိဂ်ကနေ စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပယ်ခံခဲ့ရတဲ့ နေပြည်တော်အသင်း ကစားခဲ့တဲ့ပွဲတွေကို မပယ်ဖျက်ဘဲ အတည်ပြုခဲ့သလို နောက်ထပ် ကန်ဖို့ရှိတဲ့ အသင်းတွေကို သုံးဂိုး သုံးမှတ်ပေးပြီး အနိုင်ပေးခဲ့တဲ့ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ကို လိဂ်ကော်မတီက ချမှတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် တန်းဆင်းဇုံးထဲက GFA အသင်းဟာ ပြိုင်ပွဲမကစားတော့ဘဲ သပိတ် မှောက်ခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံဖြစ်ဖို့ အကြိတ်အနယ်ဖြစ်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်နဲ့ ရတနာပုံအသင်းတွေထဲမှာ ရှမ်းယူနိုက်တက်ကလွဲရင် ကျန်တဲ့နှစ်သင်းဟာ နေပြည်တော်နဲ့ မကစားရဘဲ သုံးမှတ်သုံးဂိုး ရခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၇ လိဂ်ရာသီဟာ ကမောက်ကမဖြစ်စဉ်တွေနဲ့အတူ ပြီးဆုံးသွားပြီဖြစ်သလို နောက်လာမယ့် ၂၀၁၈ ရာသီမှာ ဘယ်လိုဖြစ်ပေါ်လာဦးမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- သိ့မ်မွန်စိုး (J)

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.