A man in Yangon on April 7 sits in front of shutters with the graffitied initials of the Civil disobedience Movement and the three-finger salute made by anti-coup protesters. (AFP)
စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတတစ်ခုဖြစ်သည့် လက်သုံးချောင်းထောင်သည့် အမှတ်အသားများ အဆောက်အဦးတစ်ခု၏ အရှေ့ဘက်မျက်နှာစာတွင် ရေးဆွဲထားသည်ကို ဧပြီ၇ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ခက်ခဲသောရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည့် သပိတ်မှောက်ဝန်ထမ်းများ

စစ်အာဏာသိမ်းမှု လေးလတာကာလသို့ ရောက်ရှိလာချိန်တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်နေသည့် အစိုးရဝန်ထမ်းအနည်းငယ်သာ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသွားသည်။ သို့သော် ဥပဒေအရခြိမ်းခြောက်မှုများနှင့် ငွေကြေးထောက်ပံ့မှုမရှိခြင်းကြောင့် ဝန်ထမ်းများသည် စစ်အစိုးရကျဆုံးသည်အထိ CDM ဆက်လုပ်ရန် တွေဝေစပြုလာသည်။

ဖရွန်းတီးယားမြန်မာ

ဖေဖော်ဝါရီက CDMလှုပ်ရှားမှုတွင်ပါဝင်ခဲ့စဉ် ကိုမင်းမင်း(အမည်လွှဲ)တွင် ခိုင်မာသည့် ယုံကြည်မှုတစ်ခုရှိခဲ့သည်။ သူတာဝန်ထမ်းဆောင်နေသည့် ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အလုပ်မလုပ်ဘဲ သပိတ်မှောက်ပါက စစ်တပ်ကို အချိန်တိုအတွင်း အမြန်ဆုံးဖြုတ်ချနိုင်လိမ့်မည်ဟု ကိုမင်းမင်း ယုံကြည်ခဲ့သည်။

သို့သော် နှစ်လကျော်အကြာတွင် လက်တွေ့အခြေအနေကို သူနားလည်စပြုလာသည်။ အကယ်၍ သူနေထိုင်သည့် အစိုးရလိုင်းခန်းမှ နှင်ထုတ်ခံရပါက နေထိုင်ရန်နေရာအခက်အခဲရှိသည်။ ထို့ပြင် မကြာသေးခင်ကမှ အစာအိမ် ခွဲစိတ်ကုသမှုခံယူပြီးနောက် အိပ်ယာထဲ လှဲနေရသော ဖခင်နှင့် ကျောင်းနေအရွယ် ညီငယ်နှစ်ဦးကို ဝင်ငွေမရှိဘဲ မည်သို့ထောက်ပံ့ရမည်နည်းဆိုသည်က သူ့အတွက် ခေါင်းခဲစရာမေးခွန်းများ ဖြစ်လာခဲ့သည်။ နောက်ဆုံး ဧပြီ၂၁ရက်တွင် မတတ်နိုင်တော့သည့်အဆုံး ကိုမင်းမင်းသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

လုပ်ငန်းခွင်ပြန်ဝင်ရန် ဆုံးဖြတ်ချက်နှင့်အတူ စိတ်ပျက်စရာလှောင်ပြောင်ကဲ့ရဲ့မှုကို ကိုမင်းမင်း ကြုံတွေ့လိုက်ရသည်။ အထက်အရာရှိများက စိတ်ဆိုးမည်ဟုထင်မှတ်ထားခဲ့သော်လည်း ၎င်းကို အေးဆေးစွာ လက်ခံကြိုဆိုခဲ့သည်။ သို့သော် လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်အချို့၏ စကားနာထိုးမှုများကိုမူ မရှောင်လွှဲနိုင်ခဲ့ပေ။

“အခုတော့ ဘာတတ်နိုင်သေးလဲ။ နောက်ဆုံးတော့လည်း ပြန်လာရတာပဲဆိုတဲ့ ပုံစံမျိုးနဲ့ အပြောခံရတယ်”ဟု ကိုမင်းမင်းက လုပ်ငန်းခွင်ပြန်ရောက်ချိန်တွင် ကြုံခဲ့သည်တို့ကို ပြန်ပြောပြာသည်။ “သိမ်ငယ်သလိုခံစားရတာပေါ့ဗျာ”

လုပ်ငန်းခွင်ပြန်ဝင်ရန်ဆုံးဖြတ်ကို မလွဲမရှောင်သာ ချခဲ့ရသည်ဟု ကိုမင်းမင်းက အကြောင်းပြချက်ပေးသည်။ အကယ်၍ သူ၏စားဝတ်နေရေး အခက်အခဲများကို ကူညီပေးမည့်သူရှိပါက သေချာပေါက် CDM တွင် ဆက်လက်ပါဝင်မည်ဟု သူကဆိုသည်။ ကံဆိုးစွာပင် CDM အထောက်အကူပြုအဖွဲ့များနှင့် ဆက်သွယ်သောအခါ မည်သူကမှ ၎င်းကို တုန့်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

“ရှင်သန်ရပ်တည်ဖို့ အရမ်းခက်ခဲလာတယ်။ ဘာလုပ်ရမှန်းမသိတော့ဘူး။ နောက်ဆုံးမှာ အလုပ်ပြန်လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး”ဟု သူက ပြောသည်။

ကိုမင်းမင်းသည် ပြန်ကြားရေးဝန်ကြီးဌာနတွင် CDM လုပ်ဆောင်သည့် လူနည်းစုဝန်ထမ်းများအနက်က တစ်ဦးဖြစ်သည်။ အဆိုပါဝန်ကြီးဌာနရှိ ဝန်ထမ်းပေါင်း ၁၅,၀၀၀အနက် CDM တွင်ပါဝင်သူ ဝန်ထမ်းဦးရေမှာ အယောက်၄၀၀ကျော်သာ ရှိခဲ့သည်။ သို့သော် အခြားသတင်းအရင်းအမြစ်များကို ဖရွန်းတီးယားမြန်မာက မေးမြန်းချက်အရ အဆိုပါဌာန၏ CDM ဝန်ထမ်းများတွင် ကိုမင်းမင်းတစ်ဦးတည်းသာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

အခြားဝန်ကြီးဌာနများရှိ CDM တွင် ပါဝင်နေသော အစိုးရဝန်ထမ်းများသည်လည်း ကိုမင်းမင်းကဲ့သို့ပင် ဆုံးဖြတ်ရန်ခက်ခဲလှသော အခြေအနေမျိုး ကြုံတွေ့နေရသည်။

CDM လုပ်ဆောင်သည့် ဝန်ထမ်းအရေအတွက်သည် ဌာနတစ်ခုနှင့်တစ်ခုအကြား သိသိသာသာကွဲပြားသော်လည်း သပိတ်မှောက်ဝန်ထမ်းအနည်းငယ်သာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ဝန်ထမ်းအနည်းငယ်ဖြင့်သာ အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်ရသည်ဖြစ်ရာ စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍများအစ လျှပ်စစ်ဓာတ်အားခကောက်ခံမှုအဆုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအားလုံး နှောင့်နှေးကြန့်ကြာစေလျက်ရှိသည်။

ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းမှုအပြီး ကျန်းမာရေးဝန်ထမ်းများစတင်ခဲ့သည့် ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်း CDM လှုပ်ရှားမှုသည် စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရန် အဓိက မဟာဗျူဟာတစ်ရပ်ဖြစ်ခဲ့သည်။ CDM လှုပ်ရှားမှုသည် စတင်ပြီး အချိန်အနည်းငယ်အတွင်း အခြားဝန်ကြီးဌာနများမှ ထောင်ပေါင်းများစွာသော အစိုးရဝန်ထမ်းများသာမက ပြည်သူလုထု၏ ထောက်ခံမှု အလျင်အမြန်ရရှိခဲ့သည်။ အရပ်သားခေါင်းဆောင်များကို လက်နက်အားကိုးဖြုတ်ချခဲ့သည့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားကို ရပ်တန့်အောင်လုပ်ရန် ဆုံးဖြတ်ထားသော အစိုးရဝန်ထမ်းများသည် လုပ်ငန်းခွင်ကို သပိတ်မှောက်ရန် စတင်ခဲ့ကြသည်။

မကြာမီ ထိုလှုပ်ရှားမှုသည် ပုဂ္ဂလိကကဏ္ဍသို့ပါ ပျံ့နှံ့သွားသည်။ ဘဏ်များ၊ မီးရထားလုပ်ငန်း၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့်ဆိပ်ကမ်းများက ဝန်ထမ်းအများအပြား လုပ်ငန်းခွင်ကိုစွန့်ခွာသပိတ်မှောက်ခဲ့ကြရာ နိုင်ငံ့စီးပွားရေးနှင့် ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ရပ်တန့်သွားသည်။

သို့သော် စစ်အာဏာသိမ်းမှု လေးလအလွန်သို့ ရောက်ရှိလာချိန်တွင် CDM ဝန်ထမ်းများသည် ဘဝရပ်တည်ရေးအတွက် အကြီးအကျယ် အကျပ်ရိုက်လာတော့သည်။ သပိတ်မှောက်ဝန်ထမ်း တစ်ဒါဇင်ကျော်နှင့် ဆက်သွယ်မေးမြန်းချက်များအရ CDM ဝန်ထမ်းအများစုသည် ပုံမှန်ထောက်ပံ့မှုမရရှိသည့်အပြင် ပုံမှန်ဝင်ငွေမရှိသဖြင့် စားဝတ်နေရေး ကျပ်တည်းလာသည်။ သို့တိုင် CDM ဝန်ထမ်းအများစုသည် ကိုမင်းမင်းကဲ့သို့မဟုတ်ဘဲ ယနေ့အချိန်အထိ CDM ကို ဆက်လက်လုပ်ဆောင်နေကြသည်။

ခြိမ်းခြောက်မှုများနှင့် ဖိအားပေးခြင်း

ကနဦးပိုင်းတွင် ဝန်ထမ်းများလုပ်ငန်းခွင်ဝင်ရန် အပျော့နည်းဖြင့် စည်းရုံးသိမ်းသွင်းခဲ့သော်လည်း စစ်ကောင်စီသည် နောက်ပိုင်းတွင် CDM လှုပ်ရှားမှုကို ဖြိုခွင်းရန် ပိုမိုတင်းကျပ်သော နည်းလမ်းများကို တဖြည်းဖြည်း ပြောင်းလဲကျင့်သုံးလာခဲ့သည်။

အစပိုင်းတွင် ဌာနဆိုင်ရာအကြီးအကဲများကို လစာဖြတ်တောက်ခြင်းမှ အလုပ်မှ ယာယီရပ်ဆိုင်းခြင်းအထိ ဌာနတွင်းစည်းကမ်းများဖြင့် အရေးယူခဲ့သည်။ သို့သော် ဧပြီ၂၀ရက် သင်္ကြန်အစိုးရရုံးပိတ်ရက်ကာလအပြီး အလုပ်ပြန်မဝင်သော ဝန်ထမ်းများကို သတိပေးချက်များအနှင့်အတူ အလုပ်ဖြုတ်ရန် စစ်ကောင်စီ၏ ခြေလှမ်းများ စတင်လာတော့သည်။

ပညာရေးဝန်ကြီးဌာန တစ်ခုတည်းတွင်ပင် ဝန်ထမ်းပေါင်း ၁၂၀,၀၀၀ ကျော်မှာ အလုပ်မှထုတ်ပယ်ခံခဲ့ရပြီး ထောင်နှင့်ချီသော လျှပ်စစ်နှင့်သစ်တောလုပ်သားများကိုလည်း ထိုနည်းအတိုင်းပင် ကိုင်တွယ်ခဲ့သည်။ သို့သော် စစ်ကောင်စီက ခြောက်လအတွင်း ၎င်းတို့၏ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်သည်ဟု ထည့်သွင်းရေးသားထားပြီး ပြန်လာနိုင်မည့်အခွင့်အရေးကို ဖွင့်ပေးထားခဲ့သည်။ ထိုအချက်သည် CDM အတွက် ထောက်ပံ့မှုမရဘဲ အခက်တွေ့နေသူ၊ အကျပ်အတည်းများကြောင့် CDM တွင် ဆက်လက်ပါဝင်ရန် တွေဝေနေသူများအတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးဖြစ်သူ မသီတာကဲ့သို့ အချို့အစိုးရဝန်ထမ်းများသည် အလုပ်ထုတ်စာများကို လွန်ခဲ့သည့်လအနည်းငယ်ခန့်ကရရှိခဲ့သည်။ CDM လုပ်သည့်အတွက် တစ်ချိန်တွင် အလုပ်မှထုတ်ပယ်ခံရမည်ကို မျှော်လင့်ပြီးသားဖြစ်ရာ အလုပ်ထုတ်စာသည် သူ့ကို စိတ်အနှောက်အယှက် မဖြစ်စေခဲ့ကြောင်း ၎င်းကဆိုသည်။ သို့သော် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ(အင်န်အယ်လ်ဒီ)က ဝန်ထမ်းများကို ထုတ်ချေးပေးခဲ့သည့် ချေးငွေကျပ် ၄၄၀,၀၀၀ကိုမူ ပြန်လည်ပေးဆပ်ရန် စစ်ကောင်စီက ပို့လိုက်သည့်သတိပေးချက်က မသီတာကို ပိုမိုစိတ်ပျက်စေခဲ့သည်။

မတ်၈ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က အစိုးရဝန်ထမ်းများအနေဖြင့် ချေးငွေများကို ပြန်ဆပ်ရန်မလိုကြောင်း ကြေညာခဲ့သည်။ ကြေညာချက်ကြောင့် အားတက်ခဲ့ရပြီး ချေးငွေပြန်ဆပ်စရာမလိုတော့ဟု မသီတာထင်ခဲ့မိသည်။ သို့သော် တစ်လခန့်အကြာ မေ၄ရက်တွင် ချေးငွေပြန်ဆပ်ရန် စစ်ကောင်စီလက်အောက်က ဝန်ကြီးဌာနထံမှ သတိပေးစာကို ဒုတိယအကြိမ် လက်ခံရရှိခဲ့သည်။ ထိုအမိန့်စာမိတ္တူကို ပေးပို့သည့်ဌာနများအနက် သက်ဆိုင်ရာနယ်မြေရဲစခန်းအမည် ပါဝင်လာသည်ကို သတိပြုမိလိုက်သည်ဟု မသီတာကဆိုသည်။ ချေးငွေပြန်မဆပ်ပါက ဖမ်းဆီး၍တရားစွဲဆိုမည့် အရိပ်အယောင်ပင်။

သို့ဖြစ်ရာ ယခုအချိန်တွင် အခြားနေရာတစ်ခု၌ ပုန်းအောင်းနေထိုင်သော်လည်း ချေးငွေပြန်မဆပ်ပါက အာဏာပိုင်များက သူ၏မိသားစုဝင်များအား ဖမ်းဆီးခေါ်ဆောင်သွားမည်ကို မသီတာက စိုးရိမ်သည်။

“ကျမကြောင့် မိသားစုဝင်တွေ ဒုက္ခမရောက်စေချင်ဘူး”ဟု မသီတာကပြောသည်။

ပြန်ဆပ်ရမည့်ငွေ ကျပ်၄၄၀,၀၀၀ကို CDM အထောက်အကူပြုအဖွဲ့တစ်ခုထံ အကူအညီတောင်းခံခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ “ငွေကြေးအထောက်မပံ့မရတာ ကျမတို့အုပ်စုမှာ ကျမတစ်ယောက်တည်း မရတာမဟုတ်ဘူး။ ဘယ်သူမှမရတာ။ သိသလောက် တော်တော်များများလည်း မရကြဘူး”ဟု မသီတာကပြောသည်။

ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်းလှုပ်ရှားမှုကို ထောက်ခံအားပေးကြောင်း ပိုစတာများကိုင်ဆောင်၍ ဆန္ဒပြသူများကို ဖေဖော်ဝါရီ၂၅ရက်က ရန်ကုန်မြို့တွင် မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အလားတူပင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ၎င်း၏ဝန်ထမ်းများအား ကိုဗစ်-၁၉ကုစားရေးအတွက် ထုတ်ချေးထားသော နှစ်လစာချေးငွေ ပြန်ဆပ်ရန် တောင်းဆိုထားသည်။ အဆိုပါဝန်ကြီးဌာနလက်အောက်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက မေ၄ရက်တွင် မကွေးတိုင်းရှိ ဝန်ထမ်း၃၉ဦးကို အလုပ်မှထုတ်ပယ်လိုက်ပြီး ၎င်းတို့၏ချေးငွေများနှင့် ခွင့်မဲ့ပျက်ကွက်ခဲ့သည့် ကာလများအတွင်း ထုတ်ယူခဲ့သည့် လုပ်ခလစာများကို ပြန်လည်ပေးဆပ်ရန် ဝန်ကြီးဌာနက စာထုတ်၍ တောင်းဆိုထားသည်။

ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ၎င်းတို့အား တရားစွဲဆိုမည်ဖြစ်ကြောင်းလည်း အဆိုပါဌာနက သတိပေးခဲ့သည်။ ယင်းဝန်ကြီးဌာနရှိ ဝန်ထမ်းပေါင်း၆,၀၀၀ကျော်သည် CDM လုပ်ဆောင်ခဲ့ပြီး အများစုမှာ အလုပ်ပြန်မဝင်ကြောင်း မေ၄ရက်က အလုပ်ထုတ်ပယ်ခံရသည့် သစ်တောအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“လူအနည်းစုလောက်ပဲ အလုပ်ပြန်ဝင်ကြတာပါ။ အများစုကသပိတ်မှောက်နေတုန်းပဲ။ ကျနော်တို့ကတော့ အလုပ်ထုတ်ခံရပြီး ချေးငွေတွေကို ပြန်ဆပ်ဖို့ ဖိအားပေးခံရတယ်။ ဒါပေမဲ့ ဂရုမစိုက်ဘူး။ ကျနော်တို့ မျှော်လင့်ပြီးသားပဲ။ ဒီမိုကရေစီကို ပြန်မရမချင်း ကျနော်ကတော့ CDM ဆက်လုပ်မှာ”ဟု အဆိုပါသစ်တောအရာရှိက ပြောသည်။

စစ်ကောင်စီသည် CDM လုပ်ဆောင်သူများကို အလုပ်မှထုတ်ပယ်ခြင်းအပြင် ပိုမိုဆိုးရွားသည့် နည်းလမ်းများအသုံးပြု၍ ပစ်မှတ်ထားကာ လုပ်ငန်းခွင်ပြန်ဝင်ရန် ဖိအားပေးလာခဲ့သည်။ မတ်လမှစတင်၍ CDM လုပ်ဆောင်သည့် အစိုးရဝန်ထမ်းများကို စတင်ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းတို့ စတင်ပြုလုပ်လာသည်။ ရာနှင့်ချီသည့် သပိတ်မှောက်အစိုးရဝန်ထမ်းများ၊ အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများအား ၎င်းတို့ကိုယ်တိုင် သပိတ်မှောက်သည့်အပြင် အစိုးရကိုသပိတ်မှောက်ရန် အခြားသူများကိုလည်း လိုက်လံလှုံ့ဆော်သည်ဟုဆိုကာ ထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုလာသည်။ အကျိုးဆက်အဖြစ် အချို့ဝန်ထမ်းများမှာ ဖမ်းဆီးခြင်းမခံရစေရန် လုံခြုံသည်ဟု ယူဆရသည့် နေရာများတွင် ပုန်းအောင်းနေဆဲဖြစ်သည်။

ထို့ပြင် စစ်ကောင်စီသည် CDM ဝန်ထမ်းများ၏ ဆွေမျိုးသားချင်းများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းဖြင့်လည်း ၎င်းတို့လုပ်ငန်းခွင်ပြန်ဝင်ရန် ဖိအားပေးခဲ့သည်။ ဥပမာအားဖြင့် မတ်၂၈ရက်တွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ကျေးရွာတစ်ခုတွင် နေအိမ်မှတိမ်းရှောင်နေသည့် CDM ဝန်ထမ်း ကျောင်းဆရာမတစ်ဦး၏ မိခင်နှင့်မောင်ဖြစ်သူတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ၅၀၅-ကဖြင့် တရားစွဲဆိုခဲ့သည်။

လွတ်မြောက်ခဲ့သည့် ကျောင်းဆရာမ၏ အစ်ကိုဖြစ်သူကမူ မိခင်နှင့်ညီဖြစ်သူတို့အား ညီမဖြစ်သူ ကျောင်းဆရာမနှင့် အလဲအလှယ်လုပ်ရန် ငြင်းဆန်ခဲ့သဖြင့် ယခုလို အမှုဖွင့်စွဲချက်တင်ခံရသည်ဟုပြောသည်။ “ကျနော့်ညီမကို သူတို့လက်ထဲဘယ်လိုထည့်မလဲ။ စစ်သားတွေကို ကျနော်မယုံဘူး”ဟု သူကပြောသည်။

CDM လုပ်ဆောင်ခြင်းကြောင့် ၎င်းတို့၏ မိသားစုဝင်များအား စစ်ကောင်စီက အန္တရာယ်ပြုမည်ကို စိုးရိမ်သည့်အပြင် တစ်နေရာမှတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်၊ ပုန်းအောင်းရသည်ကို စိတ်ပျက်လာသည့် ဝန်ထမ်းများသည် အလုပ်ပြန်ဝင်ရန် စဉ်းစားလာကြသည်။

“ကျမမိတ်ဆွေတစ်ယောက်တော့ ညတိုင်းတစ်အိမ်ပြီးတစ်အိမ် ပြောင်းအိပ်နေရတာကို သည်းမခံနိုင်တော့ဘူးဆိုပြီး အလုပ်ပြန်ဝင်သွားတယ်”ဟု ရန်ကုန်နည်းပညာတက္ကသိုလ်မှ အမည်မဖော်လိုသော CDM ဝင်နေသည့် ဆရာမတစ်ဦးက ပြောသည်။

အခြားအစိုးရဝန်ထမ်းများကမူ နိုင်ငံပိုင်သတင်းဌာနများကတစ်ဆင့် စစ်တပ်ကနေ့စဉ် ထုတ်ပြန်နေသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရသည့် အစိုးရဝန်ထမ်းစာရင်းတွင် သူတို့အမည် ဘယ်တော့ပါလာမလဲဆိုသည်ကို စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသည်။

“အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရလာကြတာ။ အလုပ်ပြန်ဝင်တဲ့သူထဲမှာ အများစု အစကတည်းက စိတ်မခိုင်တာ၊ နောက်ပြီး စိတ်ဖိစီးမှုကို မခံနိုင်တာကြောင့်များတယ်”ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ အကြီးတန်းဆရာဝန်တစ်ဦးက ပြောသည်။ သို့သော် ဆရာဝန်အသိုင်းအဝန်းတွင် CDM လုပ်ဆောင်သည့် အစိုးရဆေးရုံများက ဆရာဝန်အားလုံးနီးပါး CDM ဆက်လက်လုပ်ဆောင်နေသည်ဟု သူကပြောသည်။

ရုန်းကန်ရခြင်း

အခြားဝန်ကြီးဌာနများတွင်လည်း အလားတူပင် သပိတ်မှောက်ဝန်ထမ်း အနည်းငယ်မျှသာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

ဥပမာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတွင် ဝန်ထမ်း၅၀၀ကျော်အနက် CDM ဝန်ထမ်း၈၀ကျော် ရှိခဲ့သည်။ ၎င်းတို့အနက် မေလကုန်အထိ အလုပ်ပြန်ဝင်သူ ၁၁ဦးသာရှိခဲ့သည်။ အခြားသူများကိုမူ မေ၂၁ရက်တွင် စစ်ကောင်စီက အလုပ်မှထုတ်ပယ်ခဲ့သည်။

လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကမူ ငါးလုပ်ငန်းဦးစီးဌာနမှ CDM ဝန်ထမ်း ၁၆၀အနက် ၁၅ဦးသာ အလုပ်ပြန်ဆင်းခဲ့ပြီး ကျန်၁၀၄ဦးကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

ပြန်လာသူများအတွက် ဌာနတွင်းအရေးယူခြင်းမရှိဟု တာဝန်ရှိသူကပြောသည်။ “သူတို့ပြန်လာတာကို ကြိုဆိုပါတယ်။ သူတို့ပြန်လာလေလေ ကျနော်တို့အတွက်လည်း အဆင်ပြေတာပဲ။ အလုပ်ကထုတ်ခံရပေမဲ့ ပြန်လာချင်တယ်ဆို ခြောက်လအတွင်း အယူခံဝင်လို့ရပါတယ်”ဟု အဆိုပါအကြီးတန်းအရာရှိကပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်များ၏အဆိုအရ အဆိုပါဝန်ကြီးဌာန၏ နေပြည်တော်ဝန်ကြီးရုံးရှိ ဝန်ထမ်း၂,၀၀၀ကျော်အနက် CDM ဝန်ထမ်း ၃၀၀ကျော်သည် လက်ရှိအချိန်ထိ CDMတွင် ဆက်လက်ပါဝင်နေဆဲဖြစ်သည်။ မတ်၂၄ရက်က ထုတ်ပယ်ခံခဲ့ရသည့် အကြီးတန်းဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီလတွင် CDM လုပ်ဆောင်ခဲ့သည့် ၎င်းတို့ဌာနရှိ ဝန်ထမ်း၂၆ဦးအနက် တစ်ဦးသာအလုပ်ပြန်ဆင်းခဲ့သည်ဟု ဆိုသည်။

သို့သော် ၎င်း၏လုပ်ဖော်ကိုင်ဖက်နှစ်ဦးသည် နေရာထိုင်ခင်းအခက်အခဲကြောင့် အလုပ်ပြန်ဝင်ရန် စဉ်းစားနေကြသည်ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။ “အခုထိတော့ ဘာလုပ်ရမှန်းသူတို့လည်း မသိသေးဘူး။ အဓိက,က ပိုက်ဆံအခက်အခဲထက် နေစရာအခက်အခဲဖြစ်နေတာ။ CDM ဆက်လုပ်မယ်ဆိုရင် ချက်ချင်းရွှေ့ရမယ့်သဘောဆိုတော့ သူတို့မှာလည်း တခြားနေစရာမရှိဘူးလေ။ အိမ်ငှားနေဖို့ဆိုတာလည်း အချိန်တိုအတွင်း မရနိုင်ဘူး။ နောက်ပိုက်ဆံလည်း မတတ်နိုင်ဘူး”ဟု မိဘများနှင့်အတူ ဇာတိမြို့တွင် ပြန်လည်နေထိုင်နေသည့် အဆိုပါအကြီးတန်းဝန်ထမ်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်ရုံးက CDM ဝန်ထမ်းတစ်ဦးကမူ CDM လုပ်ဆောင်သည့် ဝန်ထမ်းများသည် လုပ်ငန်းခွင်ပြန်ဝင်ရန် ၎င်းတို့၏မိသားစုဝင်များကပင် ဖိအားပေးခြင်းခံနေရသည်ဟု ဆိုသည်။

“ကျမတို့နဲ့အတူ CDM လုပ်တာ ၁၃ ယောက်ရှိတယ်။ အလုပ်ပြန်ဝင်တဲ့သူ သုံးယောက်ရှိတယ်။ အလုပ်ပြုတ်မှာကြောက်လို့ ပြန်ဝင်တာ။ နောက်ပြီး မိဘတွေကိုယ်တိုင်က ဖိအားပေးကြတာတွေလည်းရှိတယ်။ တစ်ယောက်ဆို သူ့အဖေကိုယ်တိုင်က ဖိအားပေးလို့ ပြန်ဝင်ရတာ”ဟု ပြည်ထောင်စုလွှတ်တော်ရုံး ဝန်ထမ်းကပြောသည်။

တစ်ချိန်တည်းမှာပင် အလုပ်ပြန်ဝင်သူအချို့ကို ၎င်းတို့၏မိသားစုဝင်များကပင် ဝေဖန်အပြစ်တင်ပြောဆိုသည့် ဖြစ်စဉ်များလည်းရှိနေသည်။

ရန်ကုန်မြို့မြောက်ပိုင်း ဆင်ခြေဖုံးဒေသ မှော်ဘီမြို့နယ်၊ မူလတန်းကျောင်းတစ်ခုက CDM ကျောင်းအုပ်ဆရာမကြီးတစ်ဦးသည် သင်္ကြန်ပိတ်ရက်နောက်ပိုင်းတွင် လုပ်ငန်းခွင်ပြန်ဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ယခင်က ဆရာမကြီး၏သားဖြစ်သူသည် စမ်းချောင်းမြို့နယ်ရှိ နေအိမ်မှမှော်ဘီသို့ ကားမောင်းပို့ပေးလေ့ရှိသော်လည်း CDM မလုပ်တော့သည့် မိခင်ဖြစ်သူကို စိတ်ပျက်ပြီး အကြိုအပို့မလုပ်ပေးတော့ပေ။

“ဆရာမကြီးကျောင်းပြန်တက်လို့ သူ့သား၊ သမီးတွေက အရမ်းစိတ်ဆိုးနေတာ။ ကားမောင်းမပို့ပေးတော့ဘူး။ ဆရာမကြီးက ပင်စင်ယူဖို့ တစ်နှစ်ပဲကျန်တော့လို့ ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်လိုက်တာ။ အခုတော့ နေ့တိုင်းတက္ကစီနဲ့ အဝေးကြီးကလာပြီး ကျောင်းတက်နေရတာပေါ့”ဟု အဆိုပါမူလတန်းကျောင်းမှ ဆရာမတစ်ဦးကပြောသည်။

လက်လှမ်းမမီသော ငွေကြေးထောက်ပံ့မှု

CDM တွင် ဆက်လက်ပါဝင်သည့် ဝန်ထမ်းအများစုသည် သူတို့၏ယုံကြည်ချက်ပေါ်တွင် ခိုင်မာစွာ ရပ်တည်နေဆဲဖြစ်သည့်တိုင် ငွေကြေးခက်ခဲမှုပြဿနာနှင့် ရင်ဆိုင်နေရသည်။

CDM လှုပ်ရှားမှုများစတင်ပြီးမကြာမီ လူထုထံမှ အလှူငွေများဖြင့် CDM လုပ်ဆောင်သည့်ဝန်ထမ်းများအား လခနှင့်အခြားထောက်ပံ့ပေးသည့် လူမှုကူညီရေးကွန်ရက်အများအပြား ထွက်ပေါ်လာသည်

CDM အထောက်အကူပြုအဖွဲ့များသည် အာဏာသိမ်းပြီး အစောပိုင်းကာလများတွင် CDM ဝန်ထမ်းများအား ငွေကြေးနှင့် အခြေခံစားသောက်ကုန် အများအပြား ထောက်ပံ့ပေးနိုင်ခဲ့သည်။ မတ်၁၅ရက်တွင် စစ်ကောင်စီက မိုဘိုင်းအင်တာနက်ကို ဖြတ်တောက်ခဲ့ပြီး မတ်လဆန်းပိုင်းတွင် ATM စက်များနှင့် ဘဏ်များမှ ငွေသားထုတ်ယူခြင်းပမာဏများကို ကန့်သတ်လိုက်ခြင်းတို့ကြောင့် အဆိုပါအထောက်အကူပြုကွန်ရက်များ၏ ရန်ပုံငွေများ တဖြည်းဖြည်း လျော့နည်းလာသည်။

အမည်မဖော်လိုသည့် ရန်ကုန်မြို့က CDM အထောက်အကူပြုအဖွဲ့တစ်ခုမှ ခေါင်းဆောင်တစ်ဦးကမူ လက်ရှိအချိန်အထိ CDM လှုပ်ရှားမှုသည် ဆက်လက်အားကောင်းနေဆဲဖြစ်သည်ဟု ပြောသည်။ သို့သော်  ယင်းအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ၎င်းတို့အတွက် ဘဏ္ဍာရေးနှင့် လုံခြုံသော အကာအကွယ်များ ပိုမိုလိုအပ်နေသည်ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သို့မဟုတ် ဧပြီလက ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က CDM ဝန်ထမ်းများအား ထောက်ပံ့မှုများ ပိုမိုလုပ်ဆောင်ပေးရန်လိုအပ်ကြောင်း အဆိုပါအထောက်အကူပြုအဖွဲ့ ခေါင်းဆောင်က အကြံပြုသည်။

“(CDM လုပ်နေတဲ့ဝန်ထမ်းတွေ) ငွေကြေးထောက်ပံ့မှုမရဘူးဆိုရင် ရေရှည်မှာ CDM ဆက်လုပ်ဖို့ဆိုတာ ဘယ်သူမှ အာမခံနိုင်မှာမဟုတ်ဘူး”ဟု သူကပြောသည်။

CRPH သည် မြို့နယ်အများစုတွင် CDM အထောက်အကူပြုအဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး သပိတ်မှောက်အစိုးရဝန်ထမ်းများအား ၎င်းတို့နှင့် ဆက်သွယ်ရန် တိုက်တွန်းခဲ့သည်။ သို့သော် လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးမှုမှ ရှောင်ရှားရန် လျှို့ဝှက်စွာလုပ်ဆောင်ရသောကြောင့် နှစ်ဘက်အဆက်အသွယ်ပြုလုပ်ရန် ခက်ခဲလှသည်။ CDM ဝန်ထမ်းများအနေဖြင့် ဒေသခံအထောက်အကူပြုအဖွဲ့များမှတစ်ဆင့် အကူအညီတောင်းခံနိုင်ကြောင်း CRPH-CDM Supporting Team အဖွဲ့က ၎င်းတို့၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သတင်းစကားပါးသည်။ သို့သော် ယင်းသို့ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုများက စစ်ကောင်စီ၏ သတင်းပေးများအတွက် ၎င်းတို့ကို ရှာဖွေနှိမ်နင်းရန် အထောက်အကူဖြစ်စေနိုင်သည်။

အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာရန် တောင်းဆိုထားသည့် ပိုစတာကိုင်ဆောင်၍ ဆန္ဒပြနေသော အမျိုးသမီးငယ်တစ်ဦးကို မတ်၈ရက်က ရန်ကုန်မြို့တွင်းတစ်နေရာတွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

CRPH-CDM အထောက်အကူပြုအဖွဲ့က မေ၅ရက်မှ ၁၁ရက်အကြားတွင် CDM ဝန်ထမ်းများအတွက် ဒေသခံ အထောက်အကူပြုအဖွဲ့များမှတစ်ဆင့် ကျပ်၂၅၆သန်းနီးပါး ထောက်ပံ့ပေးခဲ့ပြီး ဝန်ထမ်းတစ်ဦးလျှင် ကျပ်၅၀,၀၀၀နှင့် ၁၀၀,၀၀၀ကြား ထောက်ပံ့နိုင်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ကြေညာခဲ့သည်။ အဆိုပါအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာရှိ သတင်းထုတ်ပြန်ချက်ပို့စ်အောက်တွင် အင်တာနက် အသုံးပြုသူများစုက CDM ပြုလုပ်သည့် အစိုးရဝန်ထမ်းများ ထောက်ပံ့ငွေတစ်ကြိမ်မှ မရသေးကြောင်း မှတ်ချက်ပေးကြသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံ CDM အထောက်အကူပြုအဖွဲ့မှ စေတနာ့ဝန်ထမ်းများက ၎င်းတို့၏ မြို့နယ်အတွင်း သပိတ်မှောက်အလုပ်သမား ၁,၆၀၀ခန့်ရှိသည်ဟု စာရင်းပြုစုထားသည်။ သို့သော် CRPH ထံမှရရှိသည့် လစဉ်ထောက်ပံ့ငွေ ကျပ်၃၅သိန်းသည် အမှန်တကယ်လိုအပ်သည့်ပမာဏ၏ အနည်းငယ်မျှကိုသာ ဖြည့်ဆည်းပေးနိုင်ကြောင်း စေတနာ့ဝန်ထမ်းများက ဖရွန်းတီးယားမြန်မာကိုပြောသည်။

အပိုရန်ပုံငွေများရှာဖွေရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ အရေးပေါ်ထောက်ပံ့မှုလိုအပ်နေသည့် အိမ်ထောင်စုများ၊ ကလေးငယ်နှင့် နာမကျန်းမိသားစုဝင်များရှိသည့် CDM ဝန်ထမ်း၇၀ကိုသာ မျှဝေထောက်ပံ့ပေးနိုင်သည်။

“ပြီးခဲ့တဲ့ သုံးလအတွင်းမှာ အရေးပေါ်ထောက်ပံ့ဖို့ လိုနေတဲ့ ဆင်းရဲချို့တဲ့သူတွေကို သုံးအုပ်စုခွဲပြီး သုံးကြိမ်ထောက်ပံ့ခဲ့တယ်။ CDM ဝန်ထမ်း ၁,၆၀၀ထဲမှာ တချို့ကို တစ်ကြိမ်လောက်ပဲ ထောက်ပံ့နိုင်တယ်”ဟု အဆိုပါ ဒေသအထောက်အကူပြုအဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။

အခြားဒေသများတွင် CDM ဝန်ထမ်းများသည် ယနေ့အချိန်အထိ CRPH ထံမှ ထောက်ပံ့ငွေ လုံးဝမရရှိသေးကြောင်း ဖရွန်းတီးယားမြန်မာကိုပြောသည်။ ၎င်းတို့နှင့်အတူ လုပ်ဖော်ကိုင်ဖက်များလည်း လေးလတိုင်သည်အထိ အထောက်အပံ့ စိုးစဉ်းမျှ မရသေးဟု CDM လုပ်ဆောင်နေသည့် အစိုးရဝန်ထမ်းများကပြောသည်။

မတ်၁၀ရက်က နိုင်ငံပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အလုပ်ရပ်စဲခံလိုက်ရသည့် သပိတ်မှောက်ဝန်ထမ်း အမျိုးသမီးသည် CRPH ၏ တရားဝင်အင်တာနက်စာမျက်နှာ ဝက်ဆိုက်တွင် ကိုယ်ရေးအချက်အလက်များဖြည့်သွင်းကာ ငွေကြေးအထောက်အပံ့ရရန် လျှောက်လွှာတင်ခဲ့ဖူးသည်။ သို့သော် ယနေ့အချိန်အထိ မည်သူကမျှ သူ့ထံ မဆက်သွယ်ခဲ့ပေ။

“ကျမမြို့နယ်က CDM ဝန်ထမ်းတွေလည်း CRPH ကနေ အထောက်အပံ့ရတယ်လို့ပြောတာ တစ်ခါမှမကြားဖူးဘူး။ ကျမကတော့ မြို့နယ်က အရပ်ဘက်လူမှုကူညီရေးအဖွဲ့ဆီက ငါးသောင်းနှစ်ခါရဖူးတယ်”ဟု အဆိုပါ CDM ဝန်ထမ်း အမျိုးသမီးကပြောသည်။ CRPH ထံမှ အကူအညီကို စောင့်ဆိုင်းနေခြင်းထက် ဒေသခံအရပ်ဘက်လူမှုကူညီရေးအဖွဲ့ထံ ဆက်သွယ်ခြင်းက အထောက်အပံ့ရရန် ဖြစ်နိုင်ခြေပိုရှိသည်ဟု သူက အကြံပြုသည်။

CDM လုပ်ဆောင်နေသည့် ကျောင်းဆရာမတစ်ဦးကလည်း CRPH ထံမှ အကြောင်းပြန်စာမရသည့်အဆုံး ရင်းနှီးသည့် မိတ်ဆွေများထံ အကူအညီတောင်းခံခဲ့ကြောင်း ပြောသည်။ “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ထောက်ပံ့မှုရတယ်ဆိုပေမဲ့လည်း အနည်းအကျဉ်းပါပဲ”ဟု သူကပြောသည်။

“ကျမမိတ်ဆွေက တစ်ဦးချင်းဆီက အလှူငွေစုပြီး ကျမဆီကို ပို့ပေးတယ်။ ကျမကတစ်ဆင့် CDM အတူတူလုပ်ကြတဲ့ လုပ်ဖော်ကိုင်ဖက် ငါးယောက်ကို ထပ်ခွဲပေးတာပေါ့။ ဧပြီလအထိတော့​ တစ်ယောက်ကို ကျပ် ၅၀,၀၀၀ နဲ့ ၇၀,၀၀၀ကြားလောက် ခွဲပေးနိုင်တယ်။ အခုဆို ငွေသားကလည်း ထုတ်ရခက်လာတော့ မေလအတွက်တော့ အလှူရှင်ရဖို့ မသေချာတော့ဘူး”ဟု သူကပြောသည်။ “CDMလုပ်ရတဲ့အချိန် ကြာလာတာနဲ့အမျှ ကျမတို့ကို ကူညီဖို့လည်း ပိုပိုပြီးခက်ခဲလာမှပေါ့လေ”ဟု သူကထပ်လောင်းပြောသည်။

အချုပ်အားဖြင့်ဆိုသော် အဆိုပါအစိုးရဝန်ထမ်းအမျိုးသမီးနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များသည် စစ်ကောင်စီကျဆုံးသည်အထိ CDM ဆက်လုပ်နိုင်ရန် ရာနှုန်းပြည့် ယုံကြည်မှုမရှိတော့ပေ။ “ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး”ဟု CDM တွင် ဆက်လက်ပါဝင်နေသေးသည့် အမျိုးသမီးက ညည်းတွားလိုက်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.