ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ဝင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

“ဖက်ဒရယ်တပ်မတော်က နေ့ချင်းညချင်းမဖြစ်နိုင်ဘူး”− ဖဒိုစောတောနီး ၊ ကေအဲင်န်ယူ၏ ပြောရေးဆိုခွင့်ရှိသူ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့လူထုဆန္ဒထုတ်ဖော်မှုတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိနှိပ်နှိမ်နင်းနေတဲ့တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တစ်ချို့နဲ့တိုက်ပွဲတွေကို ဆင်နွှဲနေပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲင်န်ယူ)နယ်မြေထဲမှာ နေ့စဉ်တိုးပွားလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေ၊ လူငယ်တွေကိုစစ်သင်တန်းပို့ချပေးနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကေအဲင်န်ယူ၊ နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးကို ဖရွန်းတီးယားမြန်မာက ဧပြီ ၂၅ရက်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 

မေး။  ။ ကေအဲင်န်ယူနဲ့ တပ်မတော်ကြားမှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာတွေ့ရတယ်။ လက်ရှိတိုက်ပွဲ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။  ။ တိုက်ပွဲအကြောင်းပြောမယ်ဆိုရင် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ၁ရက်ကနေ မတ်လကုန်ထိဆိုရင် တိုက်ပွဲပေါင်းက ၂၀၀ လောက်ဖြစ်သွားတယ်။ အဓိကတိုက်ပွဲဖြစ်တာက တပ်မဟာ ၃၊ တပ်မဟာ ၂နဲ့ တပ်မဟာ ၅မှာ အများဆုံးဖြစ်တယ်။ နောက်ပိုင်းမှာ တပ်မဟာ ၄နဲ့ တပ်မဟာ ၆တွေမှာပါ တိုက်ပွဲတွေဖြစ်လာပြီး တိုက်ပွဲမဖြစ်တဲ့ နေရာတော်တော်ရှားပါတယ်။ ဧပြီအထိ တိုက်ပွဲအကြိမ်ရေစုစုပေါင်းဆိုရင်တော့ အကြိမ် ၂၅၀ ကျော်ပါတယ်။ တိုက်ပွဲအကြီးကြီးတွေတော့ မဟုတ်ဘူး။ နယ်မြေကျော်လာရင်ဖြစ်တဲ့ ထိတွေ့မှုတွေ ဖြစ်တယ်။ ကျနော်တို့က တိုက်ပွဲအသေးတွေကျ တိုက်ပွဲဆိုတာထက်ထိတွေ့မှုလို့ သုံးတယ်။ 

မေး။  ။ တိုက်ပွဲတွေဖြစ်တော့ တပ်မတော်ဘက်က လူတွေနေတဲ့ရွာတွေပေါ်က လေကြောင်းကနေ ပစ်ခတ်မှုတွေရှိတယ်လို့ သိရတယ်။ အရပ်သားတွေ ထိခိုက်မှုအခြေအနေက ဘယ်လောက်အထိဆိုးလဲ။

ဖြေ။  ။အရပ်သားတွေထိခိုက်မှုနဲ့ပတ်သတ်ပြီး စာရင်းချုပ်ထားတာမျိုးတော့မရှိဘူး။ သတင်းပေးပို့ချက်တွေအရတော့ ရွာသားတွေ တော်တော်သေတယ်ဆိုတာတော့ ကြားတယ်။ တိုက်ခိုက်မှုတွေဖြစ်ရင် လူတွေကျတယ်၊ သေတယ်ဆိုတာ အဆန်းမဟုတ်ဘူး။ ဒါပေမဲ့ ထိတွေ့မှုဖြစ်ပြီး လက်နက်ကြီးတွေနဲ့ အရပ်သားကရင်ရွာသားတွေဘက်ကို အဓိကထားပြန်ပစ်ပြီးတုံ့ပြန်တာမျိုး အရင်က သိပ်မဖြစ်ဘူး။ အခု သိသိသာသာဖြစ်လာတယ်။ အခုမြို့ပေါ်မှဖြစ်နေတာနဲ့ တောမှာဖြစ်တာတွေက တစ်ထပ်တည်းပဲ။ ဗမာစစ်တပ်ဘက်က အရပ်သားတွေနဲ့ ရွာသားတွေကို အဓိကပစ်မှတ်ထားနေတယ်။

မေး။  ။ တိုက်ပွဲတွေဖြစ်တဲ့အခါ တပ်မတော်ဘက်ကိုနယ်ခြားစောင့်တပ်တွေက ကူတိုက်ပေးတာမျိုးတွေရှိတော့ သူတို့တပ်တွေနဲ့ ထိပ်တိုက်တွေ့တာမျိုးတွေရှိလား။ 

ဖြေ။  ။နယ်ခြားစောင့်တပ်တွေက တိုက်ပွဲတွေဖြစ်ရင် တပ်ဘက်က ဝင်ပါတတ်တယ်။ တပ်မဟာ ၇၊ တပ်မဟာ ၆၊ တပ်မဟာ ၅နဲ့ဖြစ်တဲ့ တစ်ချို့တိုက်ပွဲတွေမှာ သူတို့က ရှေ့တန်းကနေအားဖြည့်ကူတိုက်တာရှိတယ်။ သီးသန့်ကြီး နယ်ခြားစောင့်တပ်နဲ့ ကေအဲင်န်ယူ တိုက်နေတာတော့မဟုတ်ဘူး။ သူတို့ဘက်က ပူးပေါင်းတိုက်တာများတယ်။ နယ်ခြားစောင့်တပ်က ဗမာစစ်တပ်ရဲ့ တိုက်ရိုက်အုပ်ချုပ်ခံအဖွဲ့ပဲဆိုတော့လေ။

မေး။  ။ ဖက်ဒရယ်တပ်မတော်တစ်ရပ် ထွက်ပေါ်လာဖို့လူထုက အရမ်းမျှော်လင့်နေကြတယ်။ ဒါနဲ့ပတ်သက်ပြီး ကေအဲင်န်ယူအနေနဲ့ရော ဘယ်လိုသဘောထားရှိလဲ။

ဖြေ။  ။ ဒီအကြောင်းပြောရမယ်ဆိုရင် ကေအဲင်န်ယူရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ကစပြီးပြောရမယ်။ကေအဲင်န်ယူက လက်နက်ကိုင်ခုခံစစ်ကို ဆင်နွှဲနေတယ်။ တစ်ချိန်တည်းမှာပဲ ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ စစ်အာဏာရှင်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုရဲ့သဘောထားကိုအပြည့်အဝထောက်ခံတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ လက်ရှိအခြေအနေနဲ့ ရပ်တည်ချက်က လက်နက်ကိုင်ခုခံစစ်ပဲ။ ဒါပေမဲ့ ကျတော်တို့ရဲ့ ခုခံစစ်နဲ့ ဒီမိုကရေစီစံနှုန်းတွေကို မရောထွေးဖို့ အပြည့်အဝ သတိထားတယ်။ တစ်ခုသေချာပြောနိုင်တာက အခု မြို့ပေါ်မှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ ရွာသားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ် အဲ့လိုအနေအထားတွေကို ပြန်ကြည့်ရင် ခံစားရတဲ့သူတွေရဲ့ ခံစားချက်က အရမ်းမြင့်တယ်။ ကျတော်တို့ မူဝါဒ ဘယ်လိုပဲရှိရှိ လူတိုင်းရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ ကျတော်တို့ တားလို့မရဘူး။ ဖက်ဒရယ်တပ်မတော်တို့ဘာတို့ဆိုတာကတော့ ကျနော်တို့ရည်မှန်းထားတာ ဖက်ဒရယ်ဒီမိုကရက်တစ်တိုင်းပြည်အဖြစ် လုပ်ဆောင်ဖို့ရည်မှန်းထားတယ်။ တိုင်းပြည်က ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံဖြစ်လာမှတော့ ရှိတဲ့ တပ်က ဖက်ဒရယ်တပ်မတော်မဖြစ်လို့ အခြားဘာဖြစ်နိုင်ဦးမလဲ။

ဒါပေမဲ့ ဖက်ဒရယ်တပ်မတော်က နေ့ချင်းညချင်းမဖြစ်နိုင်ဘူး။ ကျနော်တို့ကြိုးပမ်းလာတာလည်း ကြာပြီ၊ တပ်ပေါင်းစုအသွင်အမျိုးမျိုးနဲ့ ဖြတ်ကျော်လာခဲ့တယ်။ ကျနော်တို့ရဲ့ မတူကွဲပြားတဲ့ သမိုင်းနောက်ခံတွေ၊ တွေးခေါ်မြော်မြင်မှုတွေ၊ ပထဝီအနေအထားတွေမတူကြသူတွေချင်း ဘယ်လိုပေါင်းစည်းမလဲဆိုတာကိုလုပ်ဆောင်နေကြတုန်းပဲ။ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ပြီးတဲ့နောက်မှာ ဖက်ဒရယ်တပ်မတော်က ဖြစ်လာမှာပဲ။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ဖြစ်လာတဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ လုပ်ဆောင်ချက်တွေကတော့ လွဲရှောင်လို့မရတဲ့ အနေအထားပဲဖြစ်ပါတယ်။

မေး။  ။ အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းလိုက်တဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ရော ဖက်ဒရယ်တပ်မတော်အတွက် ဆွေးနွေးတာမျိုးတွေရှိနေပြီလား။ 

ဖြေ။  ။ ကျနော်တို့ မကြာခင်ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ရှိပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကြိုပြောလို့ မရသေးပါဘူး။

မေး။  ။ တိုက်ပွဲကြောင့် ရှောင်တိမ်းနေကြရတဲ့ ဒုက္ခသည်တွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲ ၊အခြေအနေကရော ဘယ်လိုရှိလဲ။ သူတို့ကို ဘယ်လိုမျိုးကူညီမှုတွေ လုပ်ပေးနေလဲ။ 

ဖြေ။  ။ ဒုက္ခသည်တွေလို့ပြောရရင် CDM လုပ်ပြီး ကျနော်တို့နယ်မြေဆီခိုဝင်လာတဲ့သူတွေနဲ့ တိုက်ပွဲကြောင့် ပြေးနေရတဲ့ ဒုက္ခသည်နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက တပ်မဟာ ၅အခြေစိုက်တဲ့ ဖာပွန်နဲ့ တပ်မဟာ ၃အခြေစိုက်တဲ့ ကျောက်ကြီးဘက်မှာ အရင်ကလမ်းဖောက်တာနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေဖြစ်လို့ တိမ်းရှောင်ကြတဲ့ ရွာသားတွေရှိတယ်။ ကျောက်ကြီးဘက်မှာ ဒုက္ခသည် ၂,ဝဝဝ၊ ဖာပွန်မှာ ၅,ဝဝဝလောက်ရှိတယ်။ ဒီလူတွေက အာဏာမသိမ်းခင်ကတည်းကတိုက်ပွဲဖြစ်လို့ ရှောင်နေကြတဲ့သူတွေ။

ဒုတိယတစ်မျိုးက မတ်၂၇ရက်မှာ ကေအဲင်န်ယူက သိမူထာစခန်းကိုသိမ်းပြီး တပ်မတော်ဘက်က ရွာသားတွေကို အဓိက ပစ်မှတ်ထားပြီးပစ်ကြ၊ လေကြောင်းကနေပစ်ကြရင်း ဒုက္ခသည်တွေတိုးလာတာ။ အရင်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ရွာသားတွေက အတွေ့အကြုံမရှိဘူး။ ဟိုးအရင်မာနယ်ပလောကျပြီးနောက်ပိုင်း အခု လေကြောင်းပြန်တိုက်ခိုက်တာ ၂၅နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်တယ်။ ရွာတွေကို အဓိကထားပစ်တာတော့ ဒါပထမဆုံးပဲ။ ကျောင်း၊ အိမ်တွေပြိုတယ်၊ မီးလောင်တော့ ရွာသားတွေက တကွဲတပြားပြေးကြတာ ဒုက္ခသည် သောင်းဂဏာန်းလောက် ဖြစ်သွားတယ်။ သံလွင်မြစ်ကမ်းကနေ ထိုင်းဘက်ကို တချို့ကူးကြတာ ၃,၀၀၀ကျော်လောက်ရှိတယ်။ တစ်ရက်ပဲနေရပြီး ထိုင်းဘက်က မောင်းထုတ်တော့ ဒီဘက်ကမ်းကို ပြန်လာကြရတယ်။

ကေအဲင်န်ယူက ဧပြီ၂ရက်မှာ ပစ်ခတ်မှုကြောင့် တိုးလာတဲ့ ဒုက္ခသည်ဦးရေ ၁၅,၀၀၀ကျော်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ ထပ်တိုးလာတဲ့စာရင်းတွေပါ ထပ်ပေါင်းရင် လက်ရှိမှာ လူဦးရေ ၃၀,၀၀၀ နီးပါးလောက်ရှိနေပြီ။ အဲဒီထဲမှာ  မူလကတည်းက စစ်ရှောင်နေတဲ့ လူဦးရေ ၇,၀၀၀ကျော် မပါသေးဘူး။ 

မေး။  ။ လက်ရှိကေအဲင်န်ယူနယ်မြေထဲက လူငယ်တွေကို စစ်သင်တန်းပေးနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတယ်။ ဒီသတင်းတွေကအမှန်ပဲလား။ အမှန်ဆိုရင် ဘယ်လိုမျိုး စစ်သင်တန်းတွေပေးနေလဲ။

ဖြေ။  ။ စစ်သင်တန်းနဲ့ ပတ်သက်ပြီး ကျနော်ပြောပြလို့ရတာကတော့ မြို့ပေါ်မှာ ရက်ရက်စက်စက် ဖြိုခွင်းခံလိုက်ရတဲ့အခါ လူငယ်တွေရဲ့ စိတ်ကပြောင်းသွားတယ်။ သူတို့ကိုယ်တိုင်က အကြမ်းမဖက်လိုပေမဲ့ သူတို့ကိုမညှာမတာ အကြမ်းဖက်တော့ လူငယ်တွေက ပြန်တုံ့ပြန်၊ လုပ်ချင်တဲ့စိတ်တွေပေါ်လာတယ်။ လူငယ်တော်တော်တော်များများ ကျနော်တို့ဘက်ကို ရောက်လာတယ်။ ကေအဲင်န်ယူရဲ့ မူဝါဒကတော့ အကြမ်းဖက်မှုကို အားမပေးဘူး။ သို့သော် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်အရ စိတ်အားထက်သန်ပြီးရောက်လာကြတဲ့ လူငယ်တွေကိုလည်း ကျနော်တို့ဘက်က မင်းတို့မလုပ်ကြနဲ့ကွာဆိုပြီး တားဆီးလို့ကလည်း မရပြန်ဘူးလေ။

မေး။  ။သင်တန်းလာတက်ကြသူ ဘယ်ဒေသတွေကနေ အများဆုံးလာကြလဲ။ သင်တန်းတက်တဲ့သူ တော်တော်များနေပြီလား။ ခန့်မှန်းခြေဘယ်လောက်ရှိလဲ ပြောပေးနိုင်မလား။ 

ဖြေ။  ။လူဦးရေကိုတော့ အတိအကျ ပြောပေးလို့မရဘူး။ သူတို့က တပ်မဟာအသီးသီးမှာ ဝင်လာကြတာဆိုတော့ အတိအကျစာရင်း ကောက်ထားတာလည်းမရှိသေးဘူး။ အများစုကတော့ တပ်မဟာ ၅နဲ့ တပ်မဟာ ၁ ဘက်ကနေ ဝင်လာကြတာများတယ်။ 

မေး။  ။ သင်တန်းတစ်ခုကို အချိန်ကာလဘယ်လောက်ကြာလဲ။ ဘာတွေသင်ပေးတာလဲ။ 

ဖြေ။  ။ စစ်သင်တန်းနဲ့ပတ်သက်ပြီး ကျနော်တို့အဖွဲ့အစည်းရဲ့ မူဝါဒအရဆိုရင် ဗိုလ်သင်တန်းရှိတယ်။ ဒီပုံမှန်သင်တန်းတွေက နှစ်နဲ့ချီပြီးတော့မှ အချိန်ပေးပြီးသင်ရတယ်။ နောက်တစ်ခါ ဆေးမှူးသင်တန်းတို့၊ အရံ စစ်ကူသင်တန်းကျတော့ အနည်းဆုံးခြောက်လတက်ရတယ်။ အခုဝင်လာတဲ့ လူငယ်တွေက လုပ်ချင်ကိုင်ချင်စိတ်များပြီး မြန်မြန်တတ်ချင်တော့ ကေအဲင်န်ယူက ပုံမှန်သင်တန်းတွေကအချိန်ကြာပြီး လက်တွေ့မကျဘူးလို့ သူတို့ယူဆကြတယ်။ တစ်ကယ်လိုအပ်ပြီး ထိ​ရောက်တဲ့ အခြေခံပစ်ခတ်တိုက်ခိုက်ရေးကို ကာလတိုသင်ပေးဖို့ တောင်းဆိုကြတယ်။ ဒါတွေကတော့ သူတို့ကိုယ်သူတို့ ခုခံပိုင်ခွင့်အတွက် ကူညီသင်ပေးတာရှိတယ်။

မေး။  ။ လက်ရှိမှာ စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ဖို့ဆိုပြီး လူထုက ကေအဲင်န်ယူအပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းမှုကိုမျှော်လင့်နေကြတယ်။ ကေအဲင်န်ယူရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့ လူထုရဲ့ မျှော်လင့်ချက်အပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ 

ဖြေ။  ။ပထမအချက်က ဒီတိုင်းပြည်ထဲမှာ လူထုကဦးနှောက်အဆေးခံရတော့ ဖြစ်နေတဲ့ အခြေအနေအမှန်ကို မသိလိုက်တာမျိုးတွေရှိတယ်။ ကျနော့်မိတ်ဆွေတွေ ကိုယ်တိုင်တွေကတောင် အရင်က ကေအဲင်န်ယူဆိုတာ လူဆိုးတွေ၊ သူပုန်တွေလို့ ယူဆခဲ့တာ။ အခုအာဏာသိမ်းပြီး မြို့ပေါ်မှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို မြင်လိုက်ရပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပေါ်၊ တိုင်းရင်းသားနယ်မြေက တိုင်းရင်းသားတွေအပေါ် အမြင်တွေက ပြောင်းသွားတယ်။

အခုမြို့ပေါ်မှာ လုပ်နေတဲ့အနေအထားတွေက နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားနယ်မြေတွေမှာ သူတို့ အနိုင်ကျင့်လာတာလုပ်လာတာနဲ့ တစ်ထေရာတည်းပဲဆိုတာကို ရှင်းပြရတယ်။ ဘာပဲဖြစ်ဖြစ်အဆိုးထဲကအကောင်းဆိုသလို အခုလို အမြင်တွေပွင့်သွားတာ ကြိုဆိုတယ်။ ကေအဲင်န်ယူကို အားကိုးကြတယ်ဆိုတော့လည်း အများကြီးဝမ်းသာတယ်။

ဒါပေမဲ့ ဘယ်လိုအခြေအနေကြုံကြုံ ကေအဲ့င်န်ယူရဲ့ မူဝါဒအတိုင်းပဲ ကျနော်တို့သွားမယ်။ ၁၉၅၆ခုနှစ်ကတည်းကချထားတဲ့ မူဝါဒဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်ရောက်အောင်ပဲ ဖြည်းဖြည်းမှန်မှန် သွားမယ်။ အခုကျနော်တို့ပါဝင်နေတဲ့ အပိုင်းတွေကလည်း ကျနော်တို့ရဲ့ မူရင်းမူဝါဒဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်ကိုသွားဖို့အထောက်အပံ့ကောင်းဖြစ်စေမယ့် ပူးပေါင်းမှုတွေ၊ လုပ်ရပ်တွေဖြစ်လို့ ဖြည်းဖြည်းနဲ့မှန်မှန်သွားရင်း ကျနော်တို့ အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုရအောင်လုပ်သွားမယ်လို့ တိုင်းရင်းသားမောင်၊ နှမအားလုံးကို အသိပေးလိုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.