The state lottery was once a lucrative business, but a boycott in the wake of the coup has brought sales to a standstill. (Frontier)

မြန်မာ့အောင်ဘာလေထီလုပ်ငန်း ပျက်စီးသွားပြီလား

ဖေဖော်ဝါရီ၁ရက်က စစ်တပ်က အာဏာသိမ်းပြီးနောက် အစိုးရအောင်ဘာလေထီလုပ်ငန်းကို လူထုက သပိတ်မှောက်လိုက်ချိန်တွင် ဖြန့်ချိသူများနှင့် ရောင်းချသူများလက်ထဲတွင် သန်းနှင့်ချီသည့် ထီလက်မှတ်များကျန်ရှိခဲ့သည်။

ဖရွန်းတီးယားမြန်မာ

“ပြည်သူတွေ အရမ်းလူညီကြမယ်လို့ မထင်ထားခဲ့မိဘူး။ ပြည်သူတွေသပိတ်မှောက်တာ အောင်မြင်တဲ့အတွက် ထီလုပ်ငန်းက ရပ်သွားတဲ့သဘောဖြစ်သွားပြီ”ဟု အစိုးရထီလုပ်ငန်း၏ အခြေအနေကို ရည်ညွှန်းကာ ထီလုပ်ငန်းရှင်တစ်ဦးကပြောလိုက်သည်။

အမည်မဖော်လိုသည့် အဆိုပါထီလုပ်ငန်းရှင်သည် ရပ်ဆိုင်းလုနီးပါးဖြစ်သွားသည့် အစိုးရအောင်ဘာလေထီလုပ်ငန်းကြောင့် ငွေကြေးအရင်းအနှီး ဆုံးရှုံးခဲ့သူများထဲက တစ်ဦးဖြစ်သည်။

ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းမှုနောက်ပိုင်းတွင် အခွန်ငွေများစစ်ကောင်စီထံ မရောက်ရှိရေး အစိုးရဝင်ငွေရနိုင်သည့် လုပ်ငန်းများကို သပိတ်မှောက်ကြရန် ပြည်သူများအကြား တက်ကြွလှုပ်ရှားသူများက ဆော်သြခဲ့ကြသည်။ ယင်းတို့အနက် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူကံစမ်းခြင်း မပြုရေးကလည်း တစ်ခုအပါအဝင်ဖြစ်သည်။

တစ်လတစ်ကြိမ်ဖွင့်သည့် အောင်ဘာလေထီလုပ်ငန်းမှအစိုးရသည် လစဉ် ထီလက်မှတ်ပေါင်း သန်း၄၀အထိ ရောင်းချရပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ၁၀သန်းကျော် အမြတ်ငွေရရှိနေသည်။

တစ်ဆင့်ပြန်လည်ရောင်းချသည့် ထီလုပ်ငန်းရှင်များသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ထီလက်မှတ်များကို လျှောက်လွှာစနစ်ဖြင့် ဝယ်ယူကြရသည်။ ထို့နောက် ထီလုပ်ငန်းရှင်များက လက်လီဖြန့်ဖြူးရောင်းချသူများထံ ထပ်ဆင့်ပြန်လည် ရောင်းချပြီး တစ်ခါတစ်ရံ အများပြည်သူသို့လည်း တိုက်ရိုက်ရောင်းချသည်။

ပုံမှန်အားဖြင့် အမြတ်အစွန်းများသော စီးပွားရေးလုပ်ငန်းဖြစ်သော်လည်း အာဏာသိမ်းမှုမတိုင်ခင်ကပင် ပြည်တွင်းထီလုပ်ငန်းများသည် အခြေအနေမဟန်ဘဲ ရုန်းကန်ခဲ့ရသည်။ ဖေဖော်ဝါရီ၁ရက် မတိုင်မီ ရက်အနည်းငယ်ကပင် လက်လီနှင့် လက်ကားဖြန့်ဖြူးရောင်းချသည့် ထီလုပ်ငန်းရှင်များထံတွင် ထီလက်မှတ်များ သန်းနှင့်ချီ၍ မရောင်းရဘဲ ကျန်ရှိနေခဲ့သည်။

ထီလုပ်ငန်းလည်ပတ်ပုံအရ ထီလက်မှတ်များကို ရိုက်နှိပ်ရန် လုပ်ငန်းရှင်များက စရန်ငွေကြိုတင်ပေး၍ ဝယ်ယူရပြီး ခွဲတမ်းရသည့် ထီလက်မှတ်စောင်ရေကို ကုန်သလောက် ရောင်းချရသည်။

အမည်မဖော်လိုသည့် ထီလုပ်ငန်းရှင်တစ်ဦးကမူ မတ်၁ရက် ထီဖွင့်မည့်နေ့အတွက် ထီလက်မှတ်များကို အာဏာမသိမ်းခင် ဇန်နဝါရီနောက်ဆုံးအပတ်က ဝယ်ခဲ့ကြရပြီး ငွေကျပ်သန်း၂,၀၀၀ခန့် ရင်းခဲ့ရသည်ဟု ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ဖေဖော်ဝါရီမှာရောင်းရဖို့ဆို ဇန်နဝါရီ၂၆၊ ၂၇လောက်မှာ ဝယ်ရတယ်။ ဒါကတော့ပုံမှန်ပဲ။ ဒါပေမဲ့ ကျနော်တို့ဝယ်ခဲ့တဲ့ လက်မှတ်တွေက ပြည်သူတွေက သပိတ်မှောက်တာနဲ့ကြုံတော့ မရောင်းရတော့ဘူး။ တစ်ဆင့်ခံအရောင်းကိုယ်စားလှယ်တွေကိုလည်း အကြွေးစနစ်နဲ့ပေးထားတော့ ရတဲ့ ပိုက်ဆံကပြန်ရတယ်။ မရတာတွေလည်းရှိတယ်”ဟု အဆိုပါထီလုပ်ငန်းရှင်က ပြောသည်။

သို့သော် ဖေဖော်ဝါရီတွင် ရောင်းအားဆိုးရွားစွာကျဆင်းခဲ့သည့်အပြင် ထီအရောင်းဝန်ထမ်းများ နေရပ်ပြန်သွားသဖြင့် ဆိုင်ခွဲအားလုံးပိတ်ထားရသည်ဟု ၎င်းကဆိုသည်။ ထို့ပြင် ၎င်းတို့ ထီလုပ်ငန်းရှင်များအနေဖြင့် ငွေပေးချေထားပြီးဖြစ်သည့် ထီလက်မှတ်များရောင်းချပါကလည်း အများပြည်သူက ပြစ်တင်ဝေဖန်၊ ရှုံ့ချခံရမည့် အခြေအနေကိုလည်း ရင်ဆိုင်နေရသည်။

ယင်းအခြေအနေရှိသည့်တိုင် ပြည်တွင်းအခွန်များဦးစီးဌာနက ထီလုပ်ငန်းရှင်များကို ၎င်းတို့မရောင်းရသည့် ထီလက်မှတ်များအတွက် ငွေပြန်မအမ်းပေ။ အလားတူပင် လမ်းဘေးထီဆိုင်များနှင့် တစ်ဆင့်လက်လီရောင်းချသူများထံတွင် ကျန်ရှိနေသည့် ထီလက်မှတ်များအတွက်လည်း လက်ကားရောင်းချသည့် ထီလုပ်ငန်းရှင်များက ပိုက်ဆံပြန်အမ်းမည် မဟုတ်ပေ။

ထိုအခြေအနေများအောက်တွင် ပြည်တွင်းရှိ အောင်ဘာလေထီလုပ်ငန်းများမှာ ငွေကြိုတင်စိုက်ထားရသော်လည်း ထီလက်မှတ်ရောင်းမကုန်ဘဲရှိရာ လုပ်ငန်းအားလုံးနီးပါး အရှုံးပေါ်လျက်ရှိသည်။ ယင်းက စစ်ကောင်စီကို၏ ထီလုပ်ငန်းမှရရှိသည့် ဝင်ငွေများကိုလည်း လာမည့်လများတွင် တစ်နည်းတစ်ဖုံ ထိခိုက်လျော့နည်းလာစေမည်က အသေအချာပင်ဖြစ်သည်။

ထီလုပ်ငန်းများ ကမောက်ကမဖြစ်မှုကို သိသာစေသည့် ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့သည်။ မရောင်းရဘဲ ကျန်ရှိနေသည့် ထီလက်မှတ်များပြားလွန်းလှသဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ထီဖွင့်မည့်ရက်ကို နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့သည်။

မတ်၁ရက်၊ ထီဖွင့်မည့်နေ့ကို မတ်၁၅ရက်သို့ ပထမအကြိမ် ရွှေ့ဆိုင်းခဲ့သည်။ မတ်၂၁ရက်တွင် ထီရောင်းသူနှင့် ဝယ်သူများအဆင်ပြေစေရန်ဟုဆိုကာ အဆိုပါဦးစီးဌာနက ဧပြီ၁ရက်တွင် ဖွင့်လှစ်ရမည့် ထီဖွင့်ပွဲကို မေ၁ရက်သို့ တစ်လတိတိ ဒုတိယအကြိမ်ရွှေ့ဆိုင်းခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှုးချုပ်ဦးမင်းထွဋ်က ထီလုပ်ငန်းရှင်များ ရောင်းချချိန် ပိုရရန်ရည်ရွယ်၍ ထီဖွင့်ရက်ကို ရွှေ့ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ရောင်းအားကျမှု အပေါ် ဖြေရှင်းပေးနိုင်ရန် ဝန်ကြီးဌာနတွင် အခြားနည်းလမ်းမရှိကြောင်း ဖရွန်းတီးယားမြန်မာကို မတ်၂၃ရက်က ပြောသည်။

“ထီလက်မှတ်ရောင်းအားကျတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ ငွေကျပ်၅၀၀တန်ထီကို ၁,၀၀၀တန် ပြောင်းတုန်းကလည်း အခုလိုကျတာပဲ။ ကိုဗစ်ကာလတုန်းကလည်း ကျခဲ့တာပဲ။ အခုမှမဟုတ်ဘူး။ ဒါက ဖြစ်ရိုးဖြစ်စဥ်တစ်ခုပဲ။ ထီလုပ်ငန်းရှင်တွေလည်း မြတ်တုန်းက မြတ်ခဲ့ကြတာပဲ။ ရှုံးတဲ့အခါဆိုတာလည်းရှိမှာပေါ့”ဟု ၎င်းက ပြောသည်။

မေတွင် အောင်ဘာလေသိန်းဆုထီများ ရောင်းအားပုံမှန်ပြန်ဖြစ်လာပြီး ဆုငွေများကိုလည်း ထုတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း ဦးမင်းထွဋ်က ဆိုသည်။

သို့သော် ထီရောင်းချသူများကမူ ထီဆိုင်များပြန်လည်ဖွင့်လှစ်ပါက မမျှော်လင့်နိုင်သည့် အခြေအမျိုး ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြသည်။ ထီလက်မှတ်ရောင်းအား ထိုးကျသွားခြင်းမှာ ဖေဖော်ဝါရီ၁ရက်က စစ်အာဏာသိမ်းမှု၏ အကျိုးဆက်ဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

“ကိုဗစ်−၁၉ကပ်ရောဂါဖြစ်နေတဲ့ အချိန်တုန်းကတောင် ထီလက်မှတ်တွေ ရောင်းနေရသေးတယ်။ ဒါပေမဲ့ အခုအခြေအနေက တော်တော်ဆိုးသွားပြီ။ အရောင်းက လုံးဝနီပါးရပ်သလောက် ဖြစ်နေပြီ”ဟု ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ထီဆိုင်ပိုင်ရှင် ကိုအောင်ကြီးကပြောသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် လှည်းဖြင့် ထီလက်မှတ်ရောင်းချနေသူတစ်ဦးကမူ ဖေဖော်ဝါရီမှ စတင်၍ ထီလက်မှတ်ရောင်းအား မကြုံစဖူးကျဆင်းခဲ့ပြီး အချို့ရပ်ကွက်များတွင် ထီလက်မှတ်ရောင်းသည့်အတွက် အဆဲအဆိုပင် ခံခဲ့ရသည်ဟု ဖရွန်တီးယားမြန်မာကို ပြောသည်။

လွန်ခဲ့သည့်လအတွက် ထီလက်မှတ်ဝယ်ရန် ကျပ်နှစ်သိန်းရင်းခဲ့သော်လည်း ရောင်းရသည့် ငွေပမာဏက ကျပ်၈၀,၀၀၀သာဖြစ်ရာ သူ့အတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်သည်။

“ထီရောင်းပြီးအသက်မွေးလာတာကြာပါပြီ။ ဒါမျိုးမကြုံဖူးဘူး။ အခုကျမတို့ကြားတာက တချို့ဆို ထီလှည်းနဲ့ ကြက်ဥတောင်ရောင်းနေကြပြီ။ ကျမလည်း ကြက်ဥရောင်းဖို့လုပ်နေပြီ။ ပြီးခဲ့တဲ့လကဆို တစ်သိန်းကျော်ဖိုးလောက်ရှုံးတယ်။ ပစ်ခတ်မှုတွေရှိတော့ ထွက်တောင်မရောင်းရဲဘူး”ဟု ဒေါ်သူဇာမျိုးကပြောသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းကြောင့် ကြီးစွာရိုက်ခတ်မှုဖြစ်ပေါ်နေသော ထီလုပ်ငန်းအပေါ် လက်တွန်းလှည်းထီသည်ကအစ လက်လီ၊ လက်ကားရောင်းချသည့် ဆိုင်ကြီးများ၊ ထီလုပ်ငန်းရှင်များအားလုံး စိုးရိမ်စိတ်သောက ရောက်ကြရသည်။

ထီလုပ်ငန်းရှင်များသည် ဖေဖော်ဝါရီအတွင်းက ဖြစ်ပေါ်ခဲ့သည့် ရောင်းအားကျဆင်းမှုကြောင့် ငွေကြေးဆုံးရှုံးမှု ကြီးမားခဲ့ပြီး ထီလုပ်ငန်းဆက်လက်လုပ်ကိုင်ပါက ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြသည်ဟု မြန်မာနိုင်ငံထီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးသီဟဝင်းမော်က ဆိုသည်။

“မရောင်းရတဲ့ထီလက်မှတ်တွေ သူတို့လက်ထဲမှာအများကြီးကျန်ခဲ့တဲ့အတွက် မေ၁ရက်အတွက် ဆက်ရောင်း၊ မရောင်းဖို့ကိုတောင် စိုးရိမ်မကင်းဖြစ်နေကြတယ်”ဟု ၎င်းကပြောသည်။

ဆိုင်ခွဲပေါင်း၅၀ဖြင့် လုပ်ငန်းလည်ပတ်နေသည့် အမည်မဖော်လိုသူ ထီလုပ်ငန်းရှင်တစ်ဦးက ကိုဗစ်-၁၉ကာလတွင် ထီရောင်းအား ကျဆင်း၍ လုပ်ငန်းရှင်များ အထိနာခဲ့သော်လည်း တစ်နှစ်အတွင်း ပုံမှန်အနေအထား ရောက်ရှိမည်ဟု မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ကိုဗစ်-၁၉ထက် အခြေအနေဆိုးသည့် နိုင်ငံရေးအကျပ်အတည်းကြောင့် ထီလုပ်ငန်းများ ယခင်ပုံမှန်အနေအထား ပြန်ရောက်ရန်မှာ အလွန်ခက်ခဲသွားပြီဖြစ်ကြောင်း ဆိုသည်။

စစ်အာဏာရှင်များက အာဏာသိမ်းထားသမျှ အချိန်ကာလပတ်လုံး ကျဆင်းနေသည့် ထီလုပ်ငန်းများ ပြန်လည်ဦးမော့လာရန်မှာ မဖြစ်နိုင်တော့ကြောင်း ၎င်းက သုံးသပ်သည်။

၂၀၁၂ကတည်းက ထီလုပ်ငန်းလောကသို့ အခြေချဝင်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးကမူ ၎င်းတို့ကဲ့သို့ ထီလုပ်ငန်းရှင်များသည် ဝန်ထမ်းစရိတ်နှင့် ဆိုင်ငှားရမ်းခစရိတ်များကိုပါ ထည့်တွက်ရခြင်းကြောင့် ငါးရာခိုင်နှုန်းမြတ်သည့်အနေအထားပင်မရှိခဲ့ဟု ဆိုသည်။

“ကျနော့်ငွေတွေလည်း တော်တော်ဆုံးရှုံးသွားပြီဆိုတော့ ထီရောင်းဖို့လက်မှတ်တွေ ထပ်မဝယ် တော့ဘူး။ ပြီးတော့ အလုပ်သမားတွေအတွက်လည်း ထီရောင်းဖို့ မလုံခြုံဘူးလေ”ဟု ၎င်းက ပြောသည်။

“စစ်တပ်က ဆန္ဒပြနေတဲ့လူတွေကို ရက်ရက်စက်စက်နှိမ်နင်းနေတဲ့အချိန်မှာ လူတွေက ထီထိုးနေမယ်လို့ ကျနော်ကတော့ မထင်ဘူး”ဟု အဆိုပါလုပ်ငန်းရှင်က ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.