A row of burned-out buildings in Yangon's Dawbon Township, including a ward administration office. (Frontier)
ရန်ကုန်၊ ဒေါပုံမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုအပါအဝင် မီးလောင်ကျွမ်းသွားသော အဆောက်အဦးများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကျီးလန့်စာစားအခြေအနေရောက်ရတဲ့ ဒေါပုံမြို့နယ်က ရပ်ကွက်တစ်ခု

စစ်သားများနှင့်ရဲများက ဒေါပုံမြို့နယ်ရှိ မွတ်စလင်အများစုနေထိုင်သည့် ရပ်ကွက်တစ်ခုတွင် ညစဉ်စစ်ဆေးမှုများ၊ ပစ်ခတ်မှုများပြုခဲ့သဖြင့် ရပ်ကွက်နေပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။

ဖရွန်းတီးယားမြန်မာ

စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ်လတတိပတ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ ရပ်ကွက်တစ်ခုအား သဲကြီးမဲကြီး ပစ်မှတ်ထားနှိမ်နင်းခဲ့သည်။ အကြောင်းအရင်းကို သေချာစွာမသိရသော်လည်း  ဒေသခံအချို့ကမူ မွတ်စလင်အများစုနေထိုင်သည့် ရပ်ကွက်ကြောင့်များလားဟု ထင်ကြေးပေးကြသည်။

ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်နှင့် သာကေတမြို့နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် ဒေါပုံမြို့နယ်တွင် ရှိသည့်ရပ်ကွက် ၁၄ခုအနက် အကြီးဆုံးရပ်ကွက်ဖြစ်သည် နွယ်အေးရပ်ကွက်တွင် မွတ်စလင်အများစု နေထိုင်သည်။

နွယ်အေးရပ်ကွက်ကို စစ်ကောင်စီ၏ဖိနှိပ်မှုများသည် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်များ ခန့်အပ်မှုနှင့်လည်း ဆက်နွယ်နေသည်။ မတ်၂၁ရက်၊ ည၁၀နာရီတွင် နွယ်အေးရပ်ကွက်မှ ဆန္ဒပြသူများသည် မင်းနန္ဒာလမ်းပေါ်ရှိ ၁ထိပ်မီးပွိုင့်တွင် ညသပိတ်ပြုလုပ်ခဲ့သည်။ 

၁၅မိနစ်အကြာတွင် ညသပိတ်ကိုရုတ်သိမ်းခဲ့ပြီးနောက် နွယ်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မီးကွင်းပစ်၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယင်းဖြစ်စဉ်ကို ရပ်ကွက်တွင်းနေထိုင်သူအချို့က ဆန္ဒပြသူများ ရှို့သည့်မီးဖြစ်သည်ဟု အတည်ပြုသည်။

၎င်းဖြစ်စဉ်ဖြစ်ပွားပြီး များမကြာမီတွင် စစ်ကားများ ချက်ချင်းရောက်ရှိလာကာ ရပ်ကွက်အတွင်းသို့ စတင်ပစ်ခတ်တော့သည်ဟု ရပ်ကွက်နေ အသက်၅၀ခန့်ရှိပြီဖြစ်သည့် အမျိုးသားတစ်ဦးက ဖရွန်တီးယားမြန်မာကို ပြောသည်။

“လမ်းထိပ်မှာ ဆန္ဒပြတဲ့သူတွေပြန်ဝင်လာပြီး မီးကွင်းပစ်တယ်ဆိုတဲ့အသံကြားတာနဲ့ စစ်တပ်ရဲ့ သေနတ်သံကို ချက်ချင်းကြားရတော့တာပဲ။ အဲဒီအချိန်ကတည်းကစပစ်လိုက်တာ ည၁၁နာရီ ကျော်လောက်မှ နားတယ်။ ပြန်လုပ်လို့ပစ်တာမျိုး မဟုတ်ဘူး။ စရောက်ကတည်းက တစ်ရပ်ကွက်လုံးကို တရစပ်မနားတမ်း‌တောက် လျှောက်ပစ်သွားတာ”ဟု ၎င်းကပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းမရှိသည့် နွယ်အေးရပ်ကွက်၊ နွယ်နီလမ်းက အသက်၅၀ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး ညာဘက်လက်မောင်းတွင် ထုတ်ချင်းပေါက်ဒဏ်ရာ ရရှိခဲ့သည်။

“သေနတ်သံတွေကြားလို့ပြေးလာရင်း လမ်းမှာထိသွားတာ။ တစ်ခြားတော့ဘာမှမဖြစ်ပေမဲ့ လက်မောင်း အရင်းမှာအောင့်နေတယ်”ဟု ဒဏ်ရာရရှိသူ အမျိုးသားကပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နွယ်အေးရပ်ကွက်၊ (၃)လမ်းအတွင်း ရပ်နားထားသည့် မော်တော်ကား ၁၀စီးခန့်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကားမှန်များကွဲကြေကာ ထိခိုက်ပျက်စီးခဲ့သည်။ ထို့ပြင်  မီးရှို့ခံရသည့် ရပ်ကွက်ရုံးအနီးရပ်ထားသည့် ကားတစ်စီး၏ ရှေ့ဖုံးလည်း ပုဆိန်ဖြင့်ခုတ်ခံရသဖြင့် ပျက်စီးခဲ့သည်။

“ဘာမှလည်းမပြောချင်တော့ဘူး။ ဘယ်သူ့ကိုမှလည်း မယုံတော့ဘူး။ တစ်ခုခုလုပ်လိုက်လို့ဖြစ်လာတိုင်း ပြည်သူတွေချည်းခံနေရတယ်။ ဘယ်ကိုမှလည်းမတိုင်ရဲ၊ ဖြစ်လာရင်ဒီအတိုင်းခံနေရတယ်”ဟု ဖျက်ဆီးခံခဲ့ရသည့် ကားပိုင်ရှင်က ပြောသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် ရပ်ကွက်ရုံးနှင့်တစ်ဆက်တည်းဖြစ်သည့် ဆိုင်ခန်းတွဲတွင်ဖွင့်လှစ်ထားသည့် ဖုန်းအရောင်းဆိုင်တစ်ခုလည်း မီးထဲပါသွားခဲ့သည်။ ၎င်းဖုန်းအရောင်းနှင့် ပြုပြင်ရေးဆိုင်၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း၂၀၀ဝန်းကျင်ခန့်ရှိမည်ဟု ဆိုင်ရှင်အမျိုးသမီးကပြောသည်။

“ရပ်ကွက်ရုံးကို မီးကွင်းကျတယ်ဆိုတဲ့အသံကြားတာနဲ့ ဆိုင်ရှေ့မှာ သေနတ်တွေပစ်တဲ့အသံကို တစ်ပြိုင်တည်း ကြားလိုက်ရတယ်။ သေနတ်ပစ်နေလို့မထွက်ရဲဘဲ အထဲမှာပုန်းနေပေမဲ့ မီးတွေကများလာပြီး မီးခိုးတွေနဲ့ အသက်ရှုလို့မရတော့ဘူး။ နောက်ဆုံးမရတော့မှ တံခါးဖွင့်ပြီး မိသားစုအလိုက် ထွက်ပြေးရတယ်။ စစ်သားတွေဝိုင်းမေးတော့ ဒီဆိုင်ကပါလို့ပြောပြတော့ ဒီရှေ့မှာ (ဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင် ဓမ္မာရုံ)ထိုင်ခိုင်းထားတယ်။ ကွန်ပြူတာမော်နီတာပုံးတစ်ခုပဲရခဲ့တယ်။ ကျန်တာဘာဆို ဘာတစ်ခုမှမရဘူး အားလုံး မီးထဲပါသွားတယ်”ဟု ဆိုင်ရှင်အမျိုးသမီးက မတ်၂၂ရက်တွင် ဖရွန်တီးယားမြန်မာကိုပြောသည်။

ယင်းဖြစ်စဉ်မတိုင်မီ မတ်၂၁ရက်မနက်ပိုင်းတွင် စစ်သားများက နွယ်အေးရပ်ကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ခန့်အပ်ခဲ့သည်။ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ကို နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခန့်အပ်ခံရသူပင်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

“အုပ်ချုပ်ရေးမှူးကို ရပ်ကွက်ကလူတွေက သိပ်မကြိုက်ကြတော့ဘူး။ အခု ပြန်ပြီးခန့်အပ်ခံရတော့ မကျေနပ်တဲ့သူတွေများတယ်။ ရပ်ကွက်ရုံးမီးလောင်တဲ့ကိစ္စက အုပ်ချုပ်ရေးမှူးခန့်တဲ့ကိစ္စကြောင့် လည်းပါတယ်”ဟု နွယ်အေးရပ်ကွက်နေ အသက်၄၀အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

နောက်တစ်နေ့၊ မတ်၂၂ရက်တွင်လည်း စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နွယ်အေးရပ်ကွက်ကို ဆက်လက်နှိမ်နင်းခဲ့သည်။ နံနက်၇နာရီတွင် စစ်ကားသုံးစီးနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရပ်ကွက်အတွင်းဝင်ရောက်ကာ မတ်၂၁ရက်ညက ဆန္ဒပြပွဲတွင် ပါဝင်သည်ဟု သံသယရှိသူ အယောက်၂၀ကို ဖမ်းဆီးသွားခဲ့သည်။ ညနေပိုင်းတွင် ထပ်မံရောက်ရှိလာပြီး နောက်ထပ်ရှစ်ဦးကို ဖမ်းဆီးသွားသည်ဟု ရက်ကွက်နေ ပြည်သူများကဆိုသည်။

“လာဖမ်းတဲ့အချိန်မှာ စာရွက်တစ်ရွက်ကိုင်ပြီး အိမ်လိပ်စာနဲ့တကွ လိုက်ပြီးခေါ်သွားတယ်။ ဘယ်လို စာရင်းရလဲဆိုတာ မပြောတတ်ဘူး။ ကျနော်တို့တောင် ညတုန်းကဆန္ဒပြတဲ့သူတွေအားလုံးကို မမှတ်မိဘူး”ဟု အသက်၂၅နှစ်ဝန်းကျင်ရှိ ရပ်ကွက်နေ လူငယ်တစ်ဦးက ပြောသည်။

နွယ်အေးရပ်ကွက်အတွင်း ရပ်နားထားသည့် အိမ်စီးကားတစ်စီး မတ်၂၁ရက်ညက မှန်များရိုက်ခွဲခံရသည်ကို မြင်တွေ့ရစဉ်။ ရပ်ကွက်နေလူထုကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်ခွဲသည်ဟု စွပ်စွဲထားသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်သည့် ကိစ္စတစ်ခုတည်းနှင့် နွယ်အေးရပ်ကွက်ကို အာရုံစိုက်၍ နှိမ်နင်းနေသည်ကို ရပ်ကွက်နေပြည်သူများက နားမလည်နိုင်ဖြစ်ခဲ့ရသည်။ ဒေါပုံမြို့နယ်တွင် ဝါဆိုရပ်ကွက်သည် ဆန္ဒထုတ်ဖော်ရေးလှုပ်ရှားမှုကို အများဆုံးနှင့် အတက်ကြွဆုံးဖြစ်သော်လည်း နွယ်အေးရပ်ကွက်လောက် ဖိအားပေးခံရခြင်း၊ အဖမ်းအဆီးကြမ်းတမ်းခြင်း မရှိခဲ့ပေ။

ဖမ်းဆီးခံရသူများတွင် ဗုဒ္ဓဘာသာများအပါအဝင် အစ္စလာမ်ဘာသာဝင်များစွာလည်း ပါဝင်ခဲ့သည်ဟု အထက်ပါလူငယ်က ပြောသည်။ ၂၀၁၄၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်တွင် လူဦးရေ၁၉,၀၀၀ခန့်ရှိပြီး မွတ်စလင် ၅၀,၀၀ကျော်၊ ဗမာ၊ ဟိန္ဒူနှင့် အခြားလူမျိုးများ နေထိုင်ကြသည်ဟု ဒေါပုံမြို့နယ်က တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီနေ့(မတ်၂၂ရက်)လည်း ထပ်ပြီးပြေးပုန်းရတယ်။ အဲဒီမတိုင်ခင်ကလည်း သုံး၊ လေးရက်ကလည်း ဆက်တိုက်လာတယ်။ သေနတ်သံတွေနဲ့ ကြောက်ပြီးနေရတော့တာပဲ။ ဘာကြောင့်ဒီရပ်ကွက်ကိုပဲ မဲနေလည်း မသိဘူး။ ဒီရပ်ကွက်က နွယ်အေးဗလီဆိုရင် ကိုဗစ်ဖြစ်တုန်းက တောက်လျှောက်လှူခဲ့တဲ့ ဗလီပါ။ အခုအဲဒီရပ်ကွက်ကိုပဲ တောက်လျှောက်လာပြီး ပစ်ခတ်ခြိမ်းခြောက်နေတယ်။ ဘာကိုဖြစ်စေချင်နေတာလဲမသိဘူး”ဟု ရပ်ကွက်နေ မွတ်စလင်အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တပ်ကိုယ်တိုင်က ဒီရပ်ကွက်မို့လို့ တမင်ပိုလုပ်နေတာဆိုရင်တော့ ကျနော်လည်း မပြောတတ်ဘူး။ ဒီပုံစံနဲ့ ဘာသာရေးဘက်တွေဖြစ်လာအောင် ဆွပေးတာမျိုးဆိုရင်တော့ ရူးတယ်လို့ပဲပြောရတော့မယ်။ လူတွေက အဲလောက်မအ’တော့ဘူး။ အားလုံးက ပွင့်လင်းပြီး အသိတရားတွေရှိနေပြီ”ဟု နွယ်အေးရပ်ကွက်တွင်နေထိုင်သူ အသက်၅၀နှစ်ရှိပြီဖြစ်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များသည် နွယ်အေးရပ်ကွက်နှင့် ကပ်လျက်တည်ရှိသည့် ဗုဒ္ဓဘာသာအများစုနေထိုင်ရာ ဗမာအေးရပ်ကွက်အတွင်းသို့လည်း လှည့်ပတ်သွားလာလေ့ရှိသည်။ ထိုဖြစ်စဉ်များ မတိုင်မီ မတ်၂၀ရက်တွင် ဗမာအေးနှင့် နွယ်အေးရပ်ကွက်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီး

ဆန္ဒပြသူများ တည်ဆောက်ထားသည့် လမ်းပိတ်ဆို့အကာအရံများ၊ သဲအိတ်များကို ရပ်ကွက်နေပြည်သူများအား အတင်းအဓမ္မ ဖယ်ရှားစေခဲ့သည်။ ယင်းနေ့၊ ညနေပိုင်းတွင်လည်း နွယ်အေးရပ်ကွက်အတွင်း ဝင်ရောက်ကာ အသံဗုံးများဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

“ဗမာအေးရပ်ကွက်ထဲမှာ သွားလာနေတဲ့သူတွေကိုတွေ့ရင် မေးခွန်းမေးတယ်။ ရိုက်တယ်။ အခုည ၈နာရီကျော်တာနဲ့ တိတ်ဆိတ်နေတာပဲ”ဟု ဗမာအေးရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်ချို့အဖွဲ့တွေက နွယ်အေးထဲမှာညဘက် လျှောက်ပတ်နေကြနေတာ။ နွယ်အေးဘက်က သေနတ်သံတွေကို ကျမတို့ညတိုင်းကြားနေရတယ်”ဟု ၎င်းက ဆက်ပြောသည်။

အခြားတစ်ဘက်တွင် နွယ်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်ပြီးနောက် ဗမာအေးရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ခန့်ရန် စစ်တပ်ကအလျှင်အမြန်လုပ်ဆောင်နေသည်ဟု ဗမာအေးရပ်ကွက်နေ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ရပ်ကွက်ထဲက အရင်အုပ်ချုပ်ရေးမှူးကို အခုပြန်ခန့်တယ်။ အဲဒါအုပ်ချုပ်ရေးမှူးက မလုပ်တော့ဘူးဆိုပြီး ငြင်းလိုက်တယ်။ ပြီးတော့ ဒီနေ့(၂၅ ရက်)ပဲ သင်္ကန်းစည်းသွားပြီ လို့ကြားတယ်။ ဘယ်သူ့ကိုခန့်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ”ဟု ၎င်းက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ်၂၁ရက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မတ်၃၁ရက်၊ ညပိုင်းအထိ နွယ်အေးနှင့်ဗမာအေး ရပ်ကွက်များသို့ နေ့စဉ်၊ ည၈နာရီနောက်ပိုင်း စစ်ကားနှစ်စီးမှ လေးစီးအထိ ဝင်ရောက်၍ ကင်းလှည့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။     

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.