Social punishment Myanmar
မန္တလေးမြို့က ငြိမ်းချမ်းစွာဆန္ဒပြသူများကို အသေပစ်ခတ်ဖြိုခွင်းမှုတွင် တာဝန်ရှိသည့် စစ်ဗိုလ်ချုပ်တစ်ဦး၏ သမီးဖြစ်သူကို ဝိုင်းဝန်းဖယ်ကြဉ်၍ လူမှုပြစ်ဒဏ်ချမှတ်ရန် ၎င်းတက်ရောက်နေသည့် တိုကျိုတက္ကိသိုလ်အနီး ဂျပန်နိုင်ငံရောက် မြန်မာတက်ကြွလှုပ်ရှားသူအချို့က ဆန္ဒပြကြစဉ်။ (ဓာတ်ပုံ | ဖေ့စ်ဘွတ်ခ်)

စစ်တပ်အသိုင်းအဝိုင်းကို ပစ်မှတ်ထားလာတဲ့ လူမှုပြစ်ဒဏ်ခတ်လှုပ်ရှားမှု

လူမှုကွန်ရက်မှာတော့ အာဏာသိမ်းစစ်ကောင်စီက စစ်ဗိုလ်ချုပ်တွေရဲ့ သား၊​ သမီး၊ မိသားစုဝင်တွေကို ပစ်မှတ်ထားပြီး လူမှုပြစ်ဒဏ်ချမှတ်ဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုတွေ များပြားလာပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဖေဖေဝါရီ၁ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ဟာ ရွေးကောက်ခံ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်အာဏာသိမ်းပွဲ ဆင်နွှဲလိုက်ပါတယ်။

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ ရဟန်းရှင်လူ၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပြင်းထန်တဲ့ ဆန္ဒပြပွဲကြီးတွေ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပြီး အဲဒါနဲ့ တစ်ဆက်တည်း ပေါ်ပေါက်ခဲ့တာကတော့ အစိုးရယန္တရားရပ်တန့်အောင် ဖိအားပေးတဲ့ ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်း (CDM)လှုပ်ရှားမှု၊ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှု၊ စစ်ဗိုလ်ချုပ်မိသားစုဝင်တွေကို လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်ဖို့ လှုံ့ဆော်တဲ့ Social Punishment (လူမှုပြစ်ဒဏ်ပေးခြင်း) လှုပ်ရှားမှုတွေလည်း တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာပါတယ်။

အဲဒီလှုပ်ရှားမှုတွေနဲ့အတူ အနယ်နယ်၊ အရပ်ရပ်က လူထုဆန္ဒပြပွဲတွေကို နေ့စဉ်ရက်ဆက် ပစ်ခတ်၊ သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီးတာတွေလုပ်ပြီး ပြင်းပြင်းထန်ထန် ဖြိုခွဲနေပေမဲ့ ဒီကနေ့အချိန်ထိ အောင်မြင်မှုရတာ မတွေ့ရသေးပါဘူး။ ဆရာဝန်တွေ၊ ပါမောက္ခတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ စတင်လိုက်တဲ့ CDMလှုပ်ရှားမှုကလည်း အားကောင်းနေဆဲဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အစိုးရယန္တရား ပုံမှန်လည်ပတ်အောင် မစွမ်းဆောင်နိုင်သေးပါဘူး။

စစ်တပ်ပိုင်ကုမ္ပဏီထုတ်ကုန်တွေကို သပိတ်မှောက်တဲ့လှုပ်ရှားမှုကလည်း အသက်ဝင်စပြုလာတာ တွေ့ရပါတယ်။ ထင်သာမြင်သာရှိတာ တစ်ခုကတော့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကထုတ်ပြီး မြန်မာနိုင်ငံ ဘီယာဈေးကွက်မှာ ဝေစုအများဆုံးရထားတဲ့ မြန်မာဘီယာကို သပိတ်မှောက်မှုပါ။ (နှစ်ပေါင်း၂၀ကျော် ကြာအောင် မြန်မာဘီယာနဲ့ Adman Goldက ဈေးကွက်ဝေစု ၈၀ ရာနှုန်းကျော် ယူထားတယ်လို့  Eurocham Myanmarရဲ့ Consumer Good Guide 2020 အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။)

အခုဆိုရင် နာမည်ကြီးစတိုးဆိုင်အားလုံးလိုလိုနဲ့ စားသောက်ဆိုင်အများစုမှာ မြန်မာဘီယာကို တင်မရောင်းတော့သလို၊ တချို့ဆိုင်ကြီးတွေဆို တင်မရောင်းကြောင်း အတိအလင်း ကြေညာခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုတွေထဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ လှုပ်ရှားမှုတစ်ခုကတော့ စစ်ဗိုလ်ချုပ်မိသားစုဝင်တွေကို လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်ဖို့လှုံ့ဆော်တဲ့ Social Punishment (လူမှုပြစ်ဒဏ်ပေးခြင်း) လှုပ်ရှားမှုပါ။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့လှုပ်ရှားမှုမှာ Social Punishment လုပ်တဲ့နည်းကတော့ အာဏာသိမ်းမှုမှာဦးဆောင်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးတွေရဲ့ သား၊ သမီးတွေဟာ ဘယ်သူတွေဖြစ်တယ်၊ သူတို့တွေ ဘယ်မှာ ရောက်နေတယ်။ စီးပွားရေး လုပ်နေတယ်ဆိုရင် ဘယ်လိုကုမ္ပဏီမျိုးဖြစ်တယ်။ ပညာသင်နေတယ် ဆိုရင် ဘယ်တိုင်းပြည်ရောက်နေတယ်၊ ဘယ်တက္ကသိုလ်မှာတက်နေတယ် စသဖြင့် အရင်စုံစမ်း ဖော်ထုတ်ပါတယ်။

အထူးသဖြင့် အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာ၊ ဖေ့စ်ဘွတ်ခ် (Facebook)နဲ့ တွစ်တာ (Twitter) စာမျက်နှာတွေကနေ ရှာဖွေဖော်ထုတ်တာမျိုးဖြစ်ပါတယ်။ တွေ့ပြီဆိုရင် ဘယ်ဗိုလ်ချုပ်ရဲ့သား သို့မဟုတ် သမီးဟာဘယ်သူဖြစ်တယ်၊ သူလုပ်နေတာ ဘယ်ကုမ္ပဏီဖြစ်တယ်၊ ဘယ်လိုစီးပွားရေး လုပ်ငန်းဖြစ်တယ်၊ ဒါကြောင့် အဲဒီကုမ္ပဏီနဲ့ စီးပွားရေးမလုပ်ဖို့၊ မဆက်ဆံဖို့၊ ထုတ်ကုန်တွေရှိတယ်ဆိုရင်လည်း အဲဒီထုတ်ကုန်တွေကို သပိတ်မှောက်တာ လုပ်ကြဖို့ပါ။

ဥပမာတစ်ခုပြရရင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သမီး ဒေါ်ခင်သီရိသက်မွန်ဟာ ငွေကုန်ကြေးကျများတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထုတ်လုပ်တဲ့ Seventh Sense Company Limitedနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ချွေးမ ဒေါ်မျိုးရတနာထိုက်က ရုပ်သံဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေကို တင်ဆက်နေတဲ့ “စတယ်လာဆဲဗင်း” (Stellar Seven Entertainment Company Limited) ဖျော်ဖြေရေးကုမ္ပဏီတွေကို အသီးသီး တည်ထောင်ထားကြပါတယ်။ ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက ထိပ်တန်းသရုပ်ဆောင်၊ အဆိုတော်တွေအပါအဝင် အနုပညာရှင်အတော်များများနဲ့ စာချုပ်ချုပ်၊ အလုပ်လုပ်နေကြတာပါ။

ဖေဖော်ဝါရီလအတွင်းပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာပါဝင်လာတဲ့ မြန်မာနိုင်ငံက နာမည်ကြီး အနုပညာရှင်အတော်များများက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီးနဲ့ချွေးမပိုင် ကုမ္ပဏီတွေနဲ့ နောက်ပိုင်း လက်တွဲအလုပ်လုပ်တော့မှာ မဟုတ်တော့ဘူးဆိုပြီး ကြေညာတာ တွေ့ကြရပါတယ်။

တချို့စစ်ဗိုလ်ချုပ်တွေရဲ့ သား၊ သမီးတွေကတော့ နိုင်ငံရပ်ခြားမှာရောက်ပြီး ပညာသင်နေကြတာ ရှိပါတယ်။ အဲဒါတွေကိုဖော်ထုတ်ပြီး သူတို့တွေဟာ ပြည်သူတွေကို သတ်ဖြတ်၊ ရက်စက်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေ ဖြစ်တယ်၊ ဒါကြောင့် သက်ဆိုင်ရာ မြန်မာနဲ့ ဒေသခံအသိုင်းအဝိုင်းက အပေါင်းအသင်းမလုပ်၊ အဆက်အဆံမလုပ်ဘဲ ဖယ်ကြဉ်ကြဖို့ နှိုးဆော်ကြတာမျိုးပါ။

စစ်ဗိုလ်ချုပ်တွေရဲ့ သား၊ သမီးတွေ စကော်လာရှစ် (နိုင်ငံခြားအစိုးရကထောက်ပံ့တဲ့ ပညာတော်သင်ဆု) ရပြီး တက်နေတယ်ဆိုရင်လည်း စကော်လာရှစ်ကိုရုပ်သိမ်းဖို့ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်တွေကို တောင်းဆိုကြပါတယ်။ ဒီလို Social Punishmentလုပ်မှု ဘယ်လောက်အောင်မြင်တယ် မပြောနိုင်ပေမဲ့ ဒီလိုသတ်မှတ်ဖော်ထုတ်ခံရတဲ့သူတွေကတော့ သိပ်မခံနိုင်ကြဘူးလို့ သိရပါတယ်။

စီးပွားရေးသမားနဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးရဲ့ သမီးလည်းဖြစ်၊ Beauty Blogger လည်းဖြစ်သူ နာမည်ကြီးသရုပ်ဆောင် နေခြည်ဦးကတော့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံတယ်ဆိုပြီး အတိအလင်းပြောခဲ့သလို၊ ငွေကြေးထောက်ပံ့မှုတွေလည်း လုပ်ခဲ့တာတွေ့ရပါတယ်။ သူအဲဒီလို အာဏာရှင်ဆန့်ကျင်ရေးဘက် ရပ်တည်ခဲ့ရတာကို နားလည်ပေးဖို့ သူ့ဖခင် စစ်တပ်အရာရှိဟောင်းကို တောင်းပန်တဲ့စာကိုလည်း ဖေ့စ်ဘွတ်ခ်ပေါ်ရေးတင်ခဲ့တာ တွေ့ရပါတယ်။

အခုလို Social Punishment အလုပ်ခံရတဲ့ စစ်ဗိုလ်ချုပ် သား၊ သမီးတချို့ကတော့ သူတို့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်တွေကို (deactivateလုပ်) ပိတ်ထားလိုက်ကြပြီး လူမှုအသိုက်အဝိုင်းနဲ့လည်း ခပ်ကင်းကင်းနေလာကြတာ တွေ့ရပါတယ်။

တကယ်တော့ ပြည်သူတွေက စစ်ဗိုလ်ချုပ်တွေရဲ့ သား၊ သမီး၊ ဆွေမျိုးတွေကို Social Punishment လုပ်လာကြတာဟာ အခု ၂၀၂၁အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာမှ စတင်တာဖြစ်ပြီး စစ်အာဏာရှင်တွေကတော့ အတိုက်အခံနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အာဏာရှင်ကို ဆန့်ကျင်သူတွေနဲ့ သူတို့မိသားစုဝင်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက Social Punishment ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ကြောင်း စစ်အာဏာရှင်ခေတ်မှာ ထောင်တန်းကျခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေက ပြန်ပြောင်းပြောပြကြပါတယ်။

အဲဒီအချိန်တုန်းက စစ်အာဏာရှင်ဆန့်ကျင်သူတွေဟာ ဖိနှိပ်၊ နှိပ်စက်၊ ဖမ်းဆီး၊ ထောင်သွင်း အကျဉ်းချ ခံကြရရုံမက သူတို့မိသားစုဝင်တွေကို ဝန်ထမ်းလောကမှာရှိရင် ဆက်ပြီး အလုပ်လုပ်လို့မရအောင် နှိပ်ကွပ်တာ၊ တချို့ကို ရာထူးလုံးဝတိုးမပေးတာ၊ မိသားစုဝင်အားလုံးကို နိုင်ငံခြားထွက်လို့ မရအောင် နိုင်ငံကူးလက်မှတ် (Passport) ထုတ်မပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါတင်မကသေးဘဲ သား၊ သမီးတွေကို ကိုယ်အပ်ချင်တဲ့ကျောင်းမှာ အပ်လို့မရအောင်၊ လက်မခံအောင် ထောက်လှမ်းရေးတွေကနေ တစ်ဆင့်ဖိအားပေးတာ၊ ကျောင်းတွင်းမှာလည်း ဆရာ၊ ဆရာမတွေက အဲဒီကလေးတွေကို တခြားကလေးတွေက ပေါင်းသင်းလို့မရဲအောင် ခွဲခြားဆက်ဆံစေတာ အစရှိသဖြင့် နှစ်ပေါင်းများစွာ လုပ်ခဲ့ကြလို့ပါပဲ။

အတိုက်အခံတွေကို အဲဒီလိုလုပ်ပေမဲ့ အဂတိလိုက်စားမှုမျိုးစုံကြောင့် ငွေကြေးအရလည်း ချမ်းသာကြွယ်ဝမှုရှိလာတဲ့ စစ်အာဏာရှင်အသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့သား၊ သမီးတွေကိုတော့ ဖြစ်နိုင်တဲ့နည်းတွေသုံးပြီး နိုင်ငံရပ်ခြား ပို့လွှတ်၊ ပညာသင်စေတာကတော့ ဒီကနေ့ အထိပါပဲ။

ဒီအဖြစ်အပျက်တစ်ခုလုံးကို ဆက်စပ်ကြည့်လိုက်ရင် စစ်အာဏာရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သား၊ သမီးတွေဟာ နိုင်ငံရပ်ခြားတွေမှာ ပညာသင်၊ ပညာတတ်ပြီး မြန်မာနိုင်ငံပြန်လာ၊ သူတို့မိဘတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေကို အသုံးပြုပြီး ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေတည်ထောင်၊ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေရဲ့ သားသမီးတွေကတော့ ပညာလည်းကောင်းကောင်းမတတ်၊ ငွေကြေးဥစ္စာကလည်း မပြည့်စုံ၊ နောက်ဆုံး စစ်ဗိုလ်ချုပ် သား၊ သမီးတွေရဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ပြန်လုပ်နေကြရတဲ့ ဖြစ်စဉ်မျိုး နေရာအနှံ့မှာ တွေ့မြင်နိုင်ပါတယ်။

အဓိပ္ပာယ်ကတော့ အတိုက်အခံတွေ၊ ပြည်သူတွေဟာ စစ်အာဏာရှင်တွေ လက်အောက် ကျွန်သဘောက်လိုနေခဲ့ကြရုံမက နောက်မျိုးဆက်၊ မျိုးဆက်တိုင်သည်အထိ ဓနဥစ္စာနဲ့ ပညာကြောင့် သူတို့တွေရဲ့ သားသမီးတွေဆီဆက်ပြီး ကျွန်တွေလို အလုပ်အကျွေးပြုနေရတဲ့ စနစ်တစ်ခု အသက်ဝင်နေတာ တွေ့မြင်ကြရပါတယ်။

အခု၂၀၂၁အရောက်မှာမှ ပြည်သူတွေကနေ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့စစ်အုပ်စု အသိုင်းအဝိုင်းကို Social Punishment စလုပ်လာကြတာပါ။ ဒါကို ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးတွေက ဝဋ်လည်တယ်ဆိုပြီး ပြောဆိုလေ့ရှိကြပါတယ်။

တကယ်တော့ မိဘဆိုးသမျှ သားသမီးလည်း ဆိုင်တယ်ဆိုတာမျိုးကို လူ့ကျင့်ဝတ်အရ၊ လူ့အခွင့်အရေးရှုဒေါင့်အရ လက်ခံလို့ရနိုင်မှာ မဟုတ်ပေမဲ့ မြန်မာနိုင်ငံမှာ အဲဒီ ပြဿနာကြီး ပျောက်ကွယ်သွားဖို့ဆိုတာကတော့ စစ်အာဏာရှင်စနစ် လုံးဝအဆုံးသတ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထွန်းကားတဲ့ အခြေအနေတစ်ခုရောက်မှဖြစ်လာနိုင်မယ် ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.