Liveblog 3- စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ

နိုင်ငံအဝှမ်းဖြစ်ပေါ်နေသည့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖရွန်းတီးယားမြန်မာက အချိန်နှင့်တစ်ပြေးညီ တင်ဆက်လျက်ရှိပါသည်။ နောက်ဆုံးရသတင်းများကို သိရှိနိုင်ရန် ဤ Liveblog ကို စောင့်မျှော်ဖတ်ရှု အားပေးကြပါရန် စာဖတ်ပရိတ်သတ်များကို အသိပေးအပ်ပါသည်။

ဖေဖော်ဝါရီ ၁၁ရက်မှ ၂၃ရက်အထိ နေ့စဉ်ဖြစ်ပေါ်မှုများအား အချိန်နှင့်တစ်ပြေးညီတင်ဆက်မှုများကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ ဖေဖော်ဝါရီ ၂၄ရက်မှ မတ်၄ရက်အထိ Liveblog 2 (တိုက်ရိုက်တင်ဆက်မှုအပိုင်း၂)ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။


ညနေ ၆နာရီ၊ ​၁၅မိနစ်

မန္တလေးမှာ ရဲနဲ့စစ်သားတွေက နေအိမ်တစ်လုံးကို ဝင်ရောက်ဖျက်ဆီး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်က နေအိမ်တစ်လုံးကို ရဲနဲ့စစ်သားတွေက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီးပစ္စည်းတစ်ချို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။

နေအိမ်အတွင်းက ရွှေ၊ လက်ဝတ်ရတနာနဲ့ ပိုက်ဆံတချို့ကိုလည်းယူဆောင်သွားခဲ့တယ်လို့ နေအိမ်ပိုင်ရှင်က ပြောပါတယ်။

“နေအိမ်မှာ ဘယ်သူမှ မရှိဘူး။ မရှိတာကို တံခါးတွေဖျက်ဆီး၊ အိမ်ထဲက ကားမှန်တွေလဲ ရိုက်ခွဲတယ်၊ တီဗွီကိုလဲခွဲသွားတယ်၊ ဘီဒိုထဲမှာ သိမ်းထားတဲ့ ရွှေနဲ့စုဗူးထဲက ပိုက်ဆံတွေရယ်၊ ဖုန်းတွေလဲ ယူသွားပါတယ်”လို့ နေအိမ်ပိုင်ရှင်က ပြောပါတယ်။ ရပ်ကွက်အတွင်း ဘေးဘီဝဲယာနေအိမ်တွေနဲ့ ရပ်ထားတဲ့ မော်တော်ကားတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေကဆိုပါတယ်။

ဒီနေ့၊ မန္တလေးမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ရာမှာ၏ ပြည်သူတစ်ဦး သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အရေအတွက် အတိအကျမသိရပေမဲ့ ဆန္ဒပြသူတွေ အများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။


ညနေ ၆နာရီ

CDMတွင်ပါဝင်သည့် ဝန်ထမ်း၁၁ဦးကို ရုံးထုတ်၊ ပုဒ်မ၅၀၅ပါ ပုဒ်မခွဲများဖြင့် တရားစွဲဆို

ဝန်ထမ်းများအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက တရားခွင်အပြီး ရှင်းလင်းပြောကြားစဉ်။

နေပြည်တော်တွင် ငြိမ်းချမ်းစွာအမိန့်ဖီဆန်ရေး (CDM) လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသည့် ဝန်ထမ်း၁၁ဦးကို ယနေ့ မွန်းလွဲပိုင်းအချိန်က ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် Video conferencing စနစ်ဖြင့် ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပြီး ခုနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)​​ဖြင့် တရားစွဲတင်လိုက်ပြီး လေးဦးကိုမူ ရာဇသတ်ကြီးပုဒ်မ၅၀၅(ခ)ဖြင့် တရားစွဲတင်လိုက်သည်။

အဆိုပါဝန်ထမ်းများသည် CDMလှုပ်ရှားမှုတွင် ပါဝင်ရန် ၎င်းတို့နေထိုင်ရာ ဝန်ထမ်းအိမ်ရာမှ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဖေဖော်ဝါရီ၁၈ရက်တွင် ဝန်ထမ်းအိမ်ရာမှ စစ်အစိုးရက ဖယ်ရှားခဲ့သည်။ ယင်းနောက် ၎င်းတို့ကို ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး အေးစိုးက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့သည်။

“အမှုဖွင့်ထားတဲ့ စွပ်စွဲချက်အရ သူတို့ဟာလူမှုကွန်ရက်ပေါ်မှာ messenger (စာပို့စနစ်က) ကနေတဆင့် သူတို့ရဲ့အကောင့်တွေကနေပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တခြားဝန်ထမ်းတွေကို CDM လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ လှုံ့ဆော်ရေးသားတာတို့ အစိုးရဝန်ထမ်းတွေကို ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ပေါ်စေဖို့နဲ့ အုပ်ချုပ်ရေးယန္တရားတွေကိုရပ်တန့်သွားစေဖို့ ရည်ရွယ်ပြီးတော့မှ သတင်းအမှားတွေ ပြောဆိုတယ်ဆိုပြီးတော့ ဒါကဖွင့်လှစ်ထာခြင်း ဖြစ်ပါတယ်”ဟု ၎င်းတို့ကို ကိုယ်စားပြုသည့် ရှေ့နေဦးသန်းလွင်က ပြောသည်။

တရားစွဲခံဝန်ထမ်းများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှကိုးဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှတစ်ဦးနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား)မှ တစ်ဦးတို့ပါဝင်ပြီး ၎င်းတို့၏ရာထူးများကိုမူ ရှေ့နေက ပြောကြားခဲ့ခြင်းမပြုပေ။

“သူတို့ကိုစွဲထားတဲ့ ၅၀၅(ခ)ကတော့ (ပြစ်မှုမြောက်ရင်)ပြစ်ဒဏ်သည် ထောင်ဒဏ်နှစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေချမှတ်နိုင်ပါတယ်။ ၅၀၅(က)ကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအသစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့သူကတော့ ထောင်ဒဏ်သုံးနှစ်အထိ၊  ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပါတယ်”ဟု ဦးသန်းလွင်က ပြောသည်။

နောက်ရုံးချိန်းကို မတ်၁၅ရက်သို့ ချိန်းဆိုထားပြီး အမှုသည်များအတွက် အာမခံလျှောက်ထားပေးမည်ဟု ၎င်းတို့၏ရှေ့နေက ပြောသည်။

လက်ရှိအချိန်တွင် video conference စနစ်ဖြင့် ရုံးထုတ်သည်မှာ ရဲတပ်ဖွဲ့၏ လုံခြုံရေးကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နောင်တစ်ချိန် ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်နိုင်မှုတို့တရားရုံးရဲ့အနေအထားအရတော့ ပြန်ပြောင်းလဲသွားနိုင်ခြင်းရှိ၊ မရှိကတော့ နောက်ပိုင်းမှာပဲ မှုခင်းအကြို ညှိနှိုင်းပြီးတော့မှပဲ ဘယ်လိုနည်းနဲ့စစ်ဆေးခြင်းကိုဆောင်ရွက်သွားနိုင်မယ်ဆိုတာ ကျွန်တော်ကပြောလို့ရမှာပါ”ဟု ရှေ့နေဦးသန်းလွင်က ပြောသည်။

ယနေ့ရုံးထုတ်ရာတွင် ဖမ်းဆီးခံထားရသည့် ဝန်ထမ်းများကို ၎င်းတို့၏မိသားစုဝင်များနှင့် ပေးမတွေ့ခဲ့ပေ။

“အချုပ်ထောင်သွားတာလည်းလူချင်းတွေ့ခွင့်တော့ မရပါဘူး။ ၁၅ ရက်နေ့ကလည်း  အန်တီတို့တော့ တွေ့ခွင့်ရမလားဘာလားတော့ မသိသေးဘူး။ နောက်ပြီးတော့ တစ်ရက်တည်း တစ်နေရာတည်းမှာဖမ်းသွားတာကို ပုဒ်မတွေကကွဲသွားတယ်။ ဥပဒေကြောင်းတော့ အန်တီတို့လည်း နားမလည်းပါဘူး”ဟု တရားစွဲဆိုခံရသည့် ဝန်ထမ်းတစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။

လက်ရှိတွင် တရားစွဲဆိုခံထားရသည့် ဝန်ထမ်းများကို နေပြည်တော်အချုပ်ထောင်တွင် ချုပ်နှောင်ထားသည်။


နေ့လယ် ၃နာရီခွဲ

ငြိမ်းချမ်းစွာအဆုံးသတ်ခဲ့တဲ့ စမ်းချောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ

ရဲတပ်ဖွဲ့က နေ့လယ် ၂နာရီ၄၅မိနစ်မှာ ဗဟိုလမ်းပေါ်က သပိတ်စစ်ကြောင်းကို ဒုတိယအကြိမ် ထပ်မံဖြိုခွင်းခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေကို ပစ်ဖောက်ခဲ့ပြီး ဆန္ဒပြသူတွေနောက်ကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ဗဟိုလမ်းတစ်လျှောက် တောင်ဘက်ကနေ မြောက်ဘက်၊ ဂွဈေးဘက်ကို ပြေးလွှားရှောင်တိမ်းကြရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျောင်းကုန်းလမ်းအပါအဝင် လမ်းသွယ်တွေထဲကိုလည်း အသံဗုံးတွေ ပစ်ခေါက်ခဲ့ပါသေးတယ်။

ရဲတပ်ဖွဲ့ဟာ ဗဟိုလမ်းပေါ်ကနေ ဗားကရာလမ်းမကြီးဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီးတဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ ပြန်လည်စုဝေးခဲ့ကြပြီး နေ့လယ် ၃နာရီခွဲလောက်မှာ လူစုခွဲပြီး ဒီနေ့စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အဆုံးသတ်လိုက်ကြပါတယ်။

အလားတူ ကျွန်းတောလမ်းပေါ်မှာလည်း ဗားကရာလမ်းမဘက်ကနေ မြောက်ဘက်ကို မျက်ရည်ယိုဗုံးနဲ့ အသံဗုံးတွေ ပစ်ဖောက်ပြီး ဆန္ဒပြသူတွေကို လူစုခွဲဖြိုခွင်းခဲ့ပါတယ်။


နေ့လယ် ၂နာရီ

လှိုင်မြို့နယ် ဘူတာရုံလမ်းအတွင်းက အရံအတားတွေဖယ်ရှားခံရ

 ယနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့သည်  ရန်ကုန်တိုင်း၊ဘူတာရုံလမ်းအနီး၊ ရွာမကျောင်းလမ်းနှင့် ဗဟိုလမ်းပေါ်မှာ လူထုကလုပ်ထားသည့် အတားအဆီးတွေများကို ဖယ်ရှားခဲ့သည်။

ထို့ပြင် နေ့လယ်၁၁ နာရီ ၃၀မိနစ်တွင်  ဗဟိုလမ်းနဲ့ ဘူတာရုံလမ်းဆုံတွင် ရဲများသည် အသံဗုံး၊ ရာဘာကျည်များနှင့်ပစ်ခတ်ခဲ့သည်။

“ဒီလှိုင်မြစ်လမ်းထဲကို ရာဘာကျည်တွေနဲ့ ပစ်တယ်။ အသံဗုံးတွေလည်း နှစ်ချက်လောက် ပစ်တယ်” ဟု မျက်မြင်တွေ့ရှိသူ အသက် ၄၀ ​ေကျာ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။  ” လမ်းထဲက ဆန္ဒပြသူတွေကို ခြောက်ပစ်တဲ့ သဘောပါ”ဟုအဆိုပါ အမျိုးသားကပြောသည်။ ဘူတာရုံလမ်းနဲ့ လှိုင်မြစ်လမ်းတွင် ဆက်လက်ဆန္ဒပြနေသူများရှိသည်။

လှည်းတန်းနှင့် အနီးတဝိုက်တွင် လုံထိန်းတပ်ဖွဲ့များ အင်အားပြည့် နေရာယူထားသည်။

လှည်းတန်းလမ်းမတွင် အနည်းဆုံး စစ်ကားငါးစီးခန့် နေရာယူထားပြီး အင်းစိန်လမ်းမတွင် လှည်းတန်းလမ်းဆုံမှ ဆင်ရေတွင်း မှတ်တိုင်အထိ နေရာယူထားသည်။


နေ့လယ် ၁နာရီ ၃၀မိနစ်

ယနေ့ စမ်းချောင်းအခြေအနေ

ရန်ကုန်တိုင်းဒေသကြီး ၊စမ်းချောင်းမြို့နယ်ကျွန်းတောနှင့် ဗဟိုလမ်းမကြီးပေါ်မှာ ဆန္ဒပြသူများ မစုဝေးနိုင်ရန် ယနေ့မနက်အစောပိုင်းကပင်  ရဲနှင့်စစ်တပ်က နေရာယူထားလိုက်သည်။ မနက် ၁၀နာရီဝန်းကျင်တွင်  ရဲနဲ့စစ်သားများသည် ဗဟိုလမ်းမကြီးတစ်လျှောက် ဗားကရာလမ်းတစ်လျှောက် ချီတက်သွားကြပြီး ဆန္ဒပြသူများ မစုဝေးနိုင်အောင် ဖြိုခွင်းခဲ့သည်။

သို့သော် ရဲတပ်ဖွဲ့နှင့်စစ်တပ်က လမ်းမကြီးပေါ်တွင် မရှိတော့သည့်နောက်ပိုင်း ဆန္ဒပြသူများသည်  ကျွန်းတောလမ်းနှင့် ဗဟိုလမ်းမကြီးနှစ်ခုပေါ်တွင်  ပြန်လည်စုဝေးခဲ့ကြသည်။ ဗားကရာလမ်းနဲ့ဆုံရာအနီး ယခင်ဆန္ဒပြနေကျနေရာတွင် စုဝေးကြပြီး အကာအရံ၊ အတားအဆီးတွေများနှင့် လမ်းမကြီးများကို ပြန်လည်ပိတ်ဆို့ထားခဲ့ကြသည်။ 



နံနက် ၁၁နာရီဝန်းကျင်တွင်  ရပ်ကွက်နေအမျိုးသမီးတစ်ချို့က ဗဟိုလမ်းမကြီးပေါ်၊ ညောင်တုန်းလမ်းအနီးတွင်  လမ်းမကြီးတစ်ဘက်စီကို ကြိုးတန်းလိုက်ပြီး အမျိုးသမီးဝတ်လုံချည်များ ချိတ်ထားလိုက်သည်။ လက်ရှိအချိန်တွင် ဗဟိုလမ်း၊ ကျွန်းတောလမ်းပေါ်တွင် ဆန္ဒပြသူတွေ ပြန်လည်စုဝေးကာ ဆန္ဒပြနေကြပြီဖြစ်သည်။


နေ့လယ် ၁နာရီ

မတ်လ ၃ရက်နေ့ မြောက်ဥက္ကလာပတွင်ကျဆုံးခဲ့သည့် လူငယ်သုံးဦးအား မီးသဂြိုဟ်

မတ် ၃ရက်နေ့က မြောက်ဥက္ကလာမြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ရဲနှင့် စစ်တပ်တို့၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသည့် လူငယ်သုံးဦးအား ယနေ့နေ့လယ်ပိုင်းက ရေဝေးသုသာန်တွင် သဂြိုလ်ခဲ့သည်။ကိုဖိုးချစ်( အသက်-၂၂) ၊ ဇွဲထက်စိုး (အသက်-၂၆) နှင့် အာကာမိုး (အသက်-၂၅)တို့ဖြစ်သည်။


နံနက် ၁၁နာရီ

နေပြည်တော်တွင် တင်းကျပ်သည့်လုံခြုံရေးကြောင့် ဆန္ဒထုတ်ဖော်ရန်ခက်ခဲနေ 

ယနေ့ မနက် ၉ နာရီအချိန်တွင်  ပျဥ်မနားမြို့နယ်၊ပေါင်းလောင်းရပ်ကွက်ရှိ ၉ လမ်းစျေးသို့ ဒေသခံပြည်သူ ၃၀ ဦးခန့်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ကန့်ကွက်ကြောင်း လမ်းလျှောက်လှည့်လည် ဆန္ဒပြခဲ့သည်။

၁၅ မိနစ်ခန့်အကြာတွင် ဆန္ဒပြလူစုရှိရာအနီးသို့ ရဲကားအချို့ရောက်ရှိလာသည့်အတွက်ထိပ်တိုက်မတွေ့ဆုံတော့ဘဲ ဆန္ဒပြသူများ လူစုခွဲလိုက်ရသည်။

လတ်တလောတွင် ပျဥ်းမနားမြို့နယ်အတွင်း ရဲကားအများအပြားဖြင့် လုံခြုံရေးယူထားလျှက်ရှိပြီး ဆန္ဒပြလူစုများအား လိုက်လံတားဆီး ဖြိုခွင်းလျှက်ရှိသည်။ ဒေသခံပြည်သူများကလည်း လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ လူအနည်းငယ်စုဝေးပြီးရသည့်နည်းဖြင့် ဆန္ဒထုတ်ဖော်နေသည်။ 


မတ် ၅ရက်၊နံနက် ၁၀နာရီ

ဦးဝင်းထိန်အမှုအား အများပြည်သူရှေ့မှောက်တွင်ကြားနာရန် ရှေ့နေတင်ပြ

National League for Democracy patron U Win Htein speaks to reporters on February 1 in Nay Pyi Taw. (Frontier)

စစ်ကောင်စီက တရားစွဲခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယကဦးဝင်းထိန်၏အမှုအား အများပြည်သူရှေ့မှောက်တွင် ကြားနာစစ်ဆေးရန် ယနေ့ပြုလုပ်သည့်ရုံးချိန်းတွင် တင်ပြခဲ့သည်ဟု အမှုအားလိုက်ပါဆောင်ရွက်နေသည့်  တရားလွှတ်တော်ရှေ့နေ  ဒေါ်မင်းမင်းစိုးကပြောသည်။ 

“အများပြည်သူရှေ့မှောက်မှာ စစ်ဆေးခံတဲ့အခွင့်အရေး‌ဖို့ တရားရုံးကိုတင်ပြခဲ့ပါတယ်။(တရားသူကြီးက)နောက်ရုံးချိန်းမှာလျှောက်လွှဲချက်တင်ဖို့ ပြောပါတယ်”ဟု မတ် ၅ရက်နေ့က နေပြည်တော်၊ဒက္ခိဏခရိုင်တရားရုံး၌ Video Conferencing ဖြင့်ပြုလုပ်ခဲ့သည့် ရုံးချိန်းအပြီးတွင် ဒေါ်မင်းမင်းစိုးကပြောသည်။

နေပြည်တော်၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက တရားလိုပြုလုပ်ပြီး ဖေဖော်ဝါရီ ၄နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကဖြင့် ဦးဝင်းထိန်ကို တရားစွဲခဲ့ခြင်းဖြစ်သည်။

သို့သော် တရားစွဲရသည့်အကြောင်းရင်းကိုမူ ရှေ့နေများပင်လက်ရှိအချိန်အထိ သိခွင့်မရသေးပေ။ အများပြည်သူရှေ့မှောက်တွင်စစ်ဆေးခွင့်အပါအဝင် အသက်အရွယ်နှင့်ကျန်းမာရေးအခြေအနေအရ အာမခံပေးရန်လည်းတင်ပြခဲ့သည်ဟု ရှေ့နေကပြောသည်။ တရားရုံးတွင် ကျန်းမာရေးအခြေအနေအားတင်ပြရန် နေပြည်တော်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် ဦးဝင်းထိန်၏ ကျန်းမာရေးကုသမှုဆေးမှတ်တမ်း မိတ္တူကို တောင်းခံခဲ့သော်လည်း ယနေ့ အမှုစစ်ဆေးသည့်အချိန်အထိ မရှိခဲ့ကြောင်း ဒေါ်မင်းမင်းစိုးကပြောသည်။ ထို့ပြင်  ဦးဝင်းထိန်သည် သူ၏ရှေ့နေအပါအဝင် မိသားစုဝင်များနှင့်လက်ရှိအချိန်အထိတွေ့ခွင့်မရသေးပေ။အမှုအား မတ် ၁၉ရက်နေ့တွင် ထပ်မံကြားနာမည်ဖြစ်သည်။

နိုင်ငံတော်အကြည်ညိုုပျက်စေမှုပုဒ်မအဖြစ် သိထားကြသည့် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံရသူများသည်  အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်ပါက ထောင်ဒဏ် နှစ် ၂၀ အထိကျခံရနိုင်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.