Medical officials test a man for the COVID-19 at a seafood market in the migrant hub of Samut Sakhon on December 19, two days after the virus was detected in a worker from Myanmar. (AFP)
မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးထံမှ ကိုဗစ်-၁၉ပိုးတွေ့ပြီး နှစ်ရက်အကြာ၊ ဒီဇင်ဘာ၁၉ရက်တွင် ထိုင်းကျန်းမာရေးအာဏာပိုင်များက ဆမွတ်ဆာခွန်ရှိ ပင်လယ်စာဈေးအနီးတွင် ကိုဗစ်ပိုးစစ်ဆေးမှုပြုလုပ်နေစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

နယ်စပ်အဝင်အထွက် ကျပ်ပေမဲ့ အခါနှောင်းခဲ့တဲ့ ထိုင်းနိုင်ငံ

တကျော့ပြန် ကိုဗစ်ရောဂါကူးစက်မှုကြောင့် ထိုင်းနိုင်ငံကနေရာတော်တော်များများကို လော့ခ်ဒေါင်းချခဲ့ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေအပေါ် နိုင်ငံအတွင်း ပြစ်တင်ဝေဖန်မှု ဆူညံခဲ့ပါတယ်။ ဒါ့ပြင် ထိုင်းအစိုးရက တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ဖို့ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ချထားခဲ့ပါတယ်။

လဝီဝမ် ရေးသားသည်။

ထိုင်းနိုင်ငံမှာ တကျော့ပြန် ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြောင့်ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ၂၂ရက်မှာ ပြစ်တင်ပြောကြားလိုက်ပါတယ်။

“သူတို့တွေဟာ ထိုင်းနိုင်ငံကနေ တရားမဝင် ထွက်သွားကြပြီး ပြန်ဝင်လာကြတာပါ”လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ကိုဗစ်ဒုတိယလှိုင်း ပထမဦးဆုံးလူနာကို ဘန်ကောက်ကနေ ၃၅ ကီလိုမီတာအကွာမှာရှိတဲ့ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ဒေသ၊ ပုစွန်ဈေးက ရွှေ့ပြောင်းလုပ်သားတစ်ဦးမှာ ဒီဇင်ဘာ၁၇ရက်က တွေ့ရှိခဲ့တာပါ။

မကြာခင်မှာပဲ ထိုင်းအာဏာပိုင်တွေက ကိုဗစ်ပိုးတွေ့လူနာ ၈၀၀လောက်အထိရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ကူးစက်ခံရသူအများစုဟာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ပထမဆုံးလူနာစတွေ့တဲ့အချိန်ကနေ အခုအချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာအရေအတွက်ဟာ ထောင်နဲ့ချီရှိနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

ပိုးတွေ့လူနာအများအပြားတွေ့ရှိပြီးနောက်ပိုင်းမှာတော့ ထိုင်းအစိုးရဟာ ဘန်ကောက်မြို့အပါအဝင် နေရာအတော်များများကို လော့ခ်ဒေါင်းချလိုက်ပါတယ်။

ဒီဇင်ဘာမတိုင်ခင်အထိကတော့ ထိုင်းနိုင်ငံဟာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကိုဗစ်ဒုတိယလှိုင်း ဖြစ်လာတဲ့အချိန်မှာတော့ ပရာယွတ်လို တာဝန်ရှိသူတွေရဲ့ မှတ်ချက်ပြုစကားတွေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဦးတည်တဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ဒေါသတကြီးပြစ်တင်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းစကားတွေ အများအပြား ပေါ်ပေါက်လာပါတော့တယ်။

“တချို့ ထိုင်းတက္ကစီသမားတွေဆိုရင် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပေးမစီးပါဘူး။ စက်ရုံပိုင်ရှင်တချို့ဆိုရင်လည်း သူတို့ထိုင်းနိုင်ငံသား ဝန်ထမ်းတွေကို အလုပ်ပေးဆင်းပေမဲ့ မြန်မာတွေကို အလုပ်မလာခိုင်းပါဘူး”လို့ မြန်မာနိုင်ငံသား ကိုသန်ဇော်ထိုက်က ပြောပါတယ်။ သူဟာ မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား နေထိုင်ရာ ပင်လယ်စာဈေးဖြစ်တဲ့ ဆမွတ်ဆာခွန်ခရိုင်က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

“တချို့စားသောက်ဆိုင်တွေကလည်း ရွှေ့ပြောင်းလုပ်သားတွေကိုဆိုရင် စားစရာတွေ မရောင်းပေးချင်ကြဘူးဗျ”လို့ သူက ပြောပြပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံသားတွေထက်စာရင် တခါတလေ အသွားအလာ ပိုမိုကန့်သတ်ခံရပြီး သူတို့ရသင့်တဲ့ နစ်နာကြေးတွေ မရကြဘူးလို့လည်း ကိုသန်းဇော်ထိုက်က ဆိုပါတယ်။ ဆမွတ်ဆာခွန်က ရွှေ့ပြောင်းလုပ်သားတချို့ဆို စားစရာဝယ်ဖို့အတွက် သူတို့နေတဲ့တိုက်ခန်းကနေ အပြင်တောင်ထွက်ခွင့် မရတဲ့ အခြေအနေ ရင်ဆိုင်နေကြရတာပါ။

“သူတို့စားစရာလိုရင် ကျွန်တော်တို့ကို ဆက်သွယ်လာပြီး ကျွန်တော်တို့က သူတို့ဆီသွားပြီး ကူညီပေးရပါတယ်”လို့ သူက ပြောပြပါတယ်။

ဒါပေမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို စာနာစိတ်နဲ့ ကူညီရိုင်းပင်းသူတွေလည်း ရှိနေပါတယ်။ တချို့ထိုင်းလူမှုအဖွဲ့အစည်းတွေဟာ မြန်မာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေ အသွားအလာကန့်သတ်ခံရတဲ့ လော့ခ်ဒေါင်းကာလအတွင်း စားစရာမပြတ်လပ်အောင် ကူညီပေးကြပါတယ်။ တချို့ ထိုင်းစားသောက်ဆိုင် ပိုင်ရှင်တွေကလည်း မြန်မာအလုပ်သမားတွေကို အစားအသောက်တွေ လှူဒါန်းတာမျိုး ရှိကြောင်းလည်း ကိုသန်းဇော်ထိုက်က ဆိုပါတယ်။

ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားမီက မြဝတီမှ ထိုင်းနိုင်ငံမဲဆောက်သို့ သောင်းရင်းမြစ်ကြောင်းအတိုင်း လှေစီး၍ လုပ်ငန်းခွင်သွားရောက်သည့် မြန်မာအလုပ်သမားများကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ထိုင်း-မြန်မာနယ်စပ်ကအခြေအနေ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ တကျော့ပြန်ဖြစ်ပွားမှုရဲ့အစကို အတိအကျ မသိရသေးပေမဲ့ ဝန်ကြီးချုပ်ပရာယွတ်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူ အတော်များများကတော့ မြန်မာနိုင်ငံကနေ တရားမဝင်လမ်းကြောင်းနဲ့ နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကြောင့်ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုလျက်ရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ ကပ်လျက်တည်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ ဩဂုတ်လလယ်ကစပြီး စတင်ခဲ့ပြီး လက်ရှိအချိန်အထိ အတည်ပြုလူနာဦးရေ ၁၃၀,၀၀၀ဝန်းကျင်အထိ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား ခန့်မှန်းချေ ၂ဒသမ၅သန်း ဝန်းကျင်ရှိပြီး တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား အရေအတွက်ကတော့ ငါးသိန်းဝန်းကျင် ရှိနေနိုင်ပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အရေးပါတဲ့သူတွေဖြစ်သလို မြန်မာပြည်အတွင်း ကျန်ခဲ့တဲ့ သူတို့ရဲ့မိသားစုတွေကို ငွေပြန်ပို့ပြီး ထောက်ပံ့နေသူတွေလည်း ဖြစ်ပါတယ်။

အရင်ကဆိုရင် မြန်မာအလုပ်သမား အများစုဟာ အထောက်အထားမဲ့ အလုပ်သမားတွေပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က နှစ်နိုင်ငံ သဘောတူညီချက်အရ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိအောင် စိစစ်ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်သူ ရွှေ့ပြောင်းမြန်မာလုပ်သားဦးရေဟာ တိုးမြင့်လာပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပေါ်လာတဲ့နောက်ပိုင်း ရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး မသေချာ၊ မရေရာမှုတွေ စတင်ရင်ဆိုင်လာရပါတော့တယ်။ ကိုဗစ်-၁၉ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် စီးပွားရေးလုပ်ငန်းတော်တော်များများကို ရပ်နား၊ ပိတ်သိမ်း လိုက်တဲ့အခါမှာ ရွှေ့ပြောင်းမြန်မာလုပ်သား အတော်များများဟာ နေ့ချင်းညချင်း အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်မရှိလို့ မြန်မာပြည်ပြန်လာပေမဲ့ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် ဒီမှာလည်း အလုပ်မရကြပါဘူး။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ၂၀၂၀၊ မတ်ကစပြီး ထိုင်းနိုင်ငံက သူ့ရဲ့နယ်စပ်ဝင်ပေါက် (ကုန်းလမ်းကြောင်း)တွေအားလုံးကို ပိတ်ပစ်လိုက်ပါတယ်။ အရင်က နယ်စပ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ထိန်းချုပ်ရာ နယ်မြေတွေကတစ်ဆင့် တရားမဝင် နယ်စပ်ကျော်ဖြတ်လို့ ရပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာတော့ မရတော့ပါဘူး။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေက အစိုးရနဲ့ ပူးပေါင်းပြီး တရားမဝင် နယ်စပ်ကျော်ဖြတ်မှုကို တင်းတင်းကျပ်ကျပ် တားဆီးခဲ့ပါတယ်။ ဒီလိုလုပ်ရပ်ကတော့ အရင်တစ်ခါမှ မရှိဖူးခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးလို့တောင် ဆိုနိုင်ပါတယ်။

ဒီလိုကာကွယ်တားဆီးမှုတွေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲသွားပါတော့တယ်။ ထိုင်းနိုင်ငံဘက်က လုံခြုံရေးတွေ ဘယ်လောက်ပဲတိုးမြှင့်ချထားပါစေ မိုင်ထောင်ချီ ရှည်လျားလှတဲ့ နှစ်နိုင်ငံနယ်စပ်ကို လုံးဝကာကွယ်နိုင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေနဲ့ နယ်စပ်လုံခြုံရေးဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုကြောင့် လွန်ခဲ့တဲ့ကိုးလအတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကတော့ ဆက်လက်တည်ရှိ နေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ဒုတိယလှိုင်း စမဖြစ်ခင်လေးမှာပဲ ကရင်ပြည်နယ်အတွင်း နာမည်ကြီး တရားမဝင် နယ်စပ်ဖြတ်ကျော်လမ်းတစ်ခုဖြစ်တဲ့ ဘုရားသုံးဆူတောင်ကြားလမ်းကို ဖရွန်းတီးယားမြန်မာက သွားရောက်ပြီး အသွားအလာကန့်သတ်မှုအခြေအနေနဲ့ လုံခြုံရေးအစီအမံတွေကို ဘယ်လိုရှောင်ကွင်းပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ကြသလဲဆိုတာကို သွားရောက်စုံစမ်းခဲ့ပါတယ်။

ဘုရားသုံးဆူကနေ တစ်ဘက်ထိုင်းနယ်စပ်ဖြစ်တဲ့ ဆန်ခလဘူရီ (Sangkhlaburi) ခရိုင်ဘက်ကို သွားလို့ရတဲ့ လမ်းကြောင်းတွ အများကြီးရှိကြောင်း ဒေသခံတွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ လူမှောင်ခိုပွဲစားတွေက ဆိုပါတယ်။ တစ်ခါတလေ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းအာဏာပိုင်တွေနဲ့ ပက်ပင်းတိုးပြီး ဖမ်းဆီး ထိန်းသိမ်းခံရတာမျိုးရှိပေမဲ့ အများစုကတော့ နယ်စပ်လုံခြုံရေး အစီအမံတွေကို အောင်မြင်စွာ ဖြတ်ကျော် သွားလာနိုင်ခဲ့ကြပါတယ်။

လူတချို့က တောလမ်းကနေတစ်ဆင့် နယ်စပ်ကို ဆိုင်ကယ်နဲ့ ဖြတ်ကျော် ဝင်ရောက်ကြပြီး တချို့ကတော့ ထိုင်းနိုင်ငံဘက်ကို သွားတဲ့ မော်တော်ကား ကိုယ်ထည်တွေမှာ ပုန်းအောင်းလိုက်ပါကြပါတယ်။ တချို့ကလည်း ထိုင်းအာဏာပိုင်တွေကို လာဘ်ထိုးပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကြပါတယ်။

တချို့ကလည်း နမ်မကိတ် (Nam Ma Cake) လို့ခေါ်ကြတဲ့ ထိုင်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်အနီး တောအုပ်အတွင်း လမ်းလျှောက်သွားပြီး နယ်စပ်ဖြတ်ကျော်ပို့ပေးမယ့် ပွဲစားကို စောင့်ကြပါတယ်။ နယ်စပ်ဖြတ်ဖို့ ပွဲစားတွေက ဆိုင်ကယ်နဲ့ပို့ပေးပြီး လူတစ်ယောက်ကို ဘတ်၅၀၀ (မြန်မာကျပ် ၂၂,၀၀၀ခန့်) ပေးရသလို ဘန်ကောက်အရောက်ဆိုရင် ကားခ ဘတ်၈၀၀ (ကျပ်၃၅,၀၀၀ခန့်) ထပ်ပေးရပါတယ်။

“လူတွေ နယ်စပ်ဖြတ်ကျော်သွားနေကြတာဟာ ပွဲလမ်းသဘင်ရှိလို့ သွားနေကြသလိုပါပဲ”လို့ ဆန်ခလဘူရီမှာ အလုပ်လုပ်နေထိုင်တဲ့ မြန်မာနိုင်ငံသား ကိုနိုင်ဝင်းက ပြောပါတယ်။ သိပ်မကြာသေးခင်က ထိုင်းနိုင်ငံအတွင်းက တောလမ်းကနေ လမ်းလျှောက်ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရှိခဲ့ကြောင်း သူကဆိုပါတယ်။ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလုပ်သားတွေ တရားမဝင် လမ်းကြောင်းကနေ ဝင်လို့ရနေတာဟာ လာဘ်စားမှုတစ်ခုတည်းကြောင့် မဟုတ်ဘူးလို့ သူကပြောပါတယ်။

“ထိုင်းစစ်တပ်ဟာ မြန်မာတွေနယ်စပ်ဖြတ်ကျော်ပြီး ဝင်နေတာကိုသိပါတယ်။ ဒါပေမဲ့ သူတို့ကို စာနာပြီး လွှတ်ထားပေးတာပါ။ သူတို့တွေဆင်းရဲပြီး ထိုင်းနိုင်ငံမှာ အလုပ်တစ်ခုခု လုပ်မှရမှာ ဖြစ်တယ်ဆိုတာကို သိကြပါတယ်။ ရွှေ့ပြောင်းလုပ်သား တွေကို သူတို့အချိန်မရွေး တားဆီးလို့ရပါတယ်။ ဒါပေမဲ့ တောလမ်းတွေကနေ ဖြတ်ကျော်ဝင်နေတာတွေကို သူတို့ မသိချင်ယောင်ဆောင်ပေးထားတယ်”လို့ သူက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဝင်သွားပြီးရင် သွားချင်တဲ့နေရာရောက်ဖို့ အစီအစဉ်တွေက ပိုပြီး ရှုပ်ထွေးပါတယ်။ ဆန်ခလဘူရီကနေ ကန်ချနာဘူရီအထိ ကားလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် တချို့ ရွှေ့ပြောင်းလုပ်သားတွေဟာ ဆုန်ကလီယာ (Songkalia) မြစ်ကြောင်းတစ်လျှောက် လှေစီးပြီး စစ်ဆေးရေးဂိတ် မရှိတော့တဲ့နေရာရောက်မှ ကားနဲ့ခရီးဆက်ကြရပါတယ်။

အသွားအလာကန့်သတ်ချက်တွေကြောင့် အလုပ်ရှာဖို့အတွက် ထိုင်းနိုင်ငံကို သွားရတာ အရင်ကထက် အင်မတန်မှ အန္တရာယ်ကြီးလှသလို ကုန်ကျစရိတ်ကလည်း မသေးလှပါဘူး။ ဒါပေမဲ့ လူတော်တော်များများကတော့ ကံကိုပုံပြီး ဆူးပုံကိုနင်းကြဆဲပါပဲ။

ဘုရားသုံးဆူမြို့ ဒေသခံတစ်ဦးဖြစ်တဲ့ နိုင်သိုက်လယီရဲ့ သားသမီးနှစ်ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတွေဖြစ်ပြီး ၂၀၂၀၊ ဧပြီမှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အလုပ်လက်မဲ့ဖြစ်တာကြာလာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာမှာပဲ ပွဲစားတွေကို တစ်ယောက် ဘတ်၈,၅၀၀ (ကျပ် ၃၈၀,၀၀၀နီးပါး) ပေးပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို တရားမဝင်လမ်းကြောင်းကနေ စွန့်စွန့်စားစား ပြန်လည်သွားရောက်ခဲ့ကြပါတယ်။ သူ့အဆိုအရ သားသမီးနှစ်ဦးရဲ့ ထိုင်းသွားဖို့ ပုံမှန်ကုန်ကျစရိတ်က ဘတ်၅၀၀ ကနေ ၁,၀၀၀ဝန်းကျင် (ကျပ် ၂၂,၀၀၀ မှ ၄၅,၀၀၀ဝန်းကျင်)အထိပဲ ရှိပါတယ်။

“အခုတော့ သူတို့အရင်အလုပ်မှာ ပြန်လုပ်နေကြပြီး ဘန်ကောက်ကို ရောက်ဖို့ ငွေအများကြီး အကုန်ခံခဲ့ရတာကြောင့် တင်နေတဲ့ အကြွေးတွေကို အရင်ဆပ်နေတယ်” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ တစ်ကျော့ပြန်ထပ်ဖြစ်လာတာကြောင့် ထိုင်းအာဏာပိုင်တွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ကြိုးပမ်းလာပါတယ်။

ကိုဗစ်-၁၉ တစ်ကျော့ပြန်ထပ်မဖြစ်ခင်က နယ်စပ်မှာ တာဝန်ချထားတဲ့ စစ်သားတော်တော်များများကို ထိုင်းအစိုးရက လူစားလဲလိုက်တဲ့အပြင် အဲဒီနေရာတွေမှာ တပ်ဖွဲ့တွေ ထပ်တိုးပြီး ချထားတယ်လို့ ဆန်ခလဘူရီက လူထုအခြေပြုအဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။ တောထဲမှာ စစ်သားတွေကို လုံခြုံရေးတာဝန်ချထားပြီး နယ်စပ်တစ်လျှောက်က ဝင်ထွက်သွားလာနိုင်တဲ့ နေရာတွေကိုလည်း အချိန်ပြည့်စောင့်ကြည့်နေပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ရွှေ့ပြောင်းလုပ်သားပို့ဆောင်ရေး မှောင်ခိုပွဲစားတွေကိုလည်း နှိမ်နှင်းနေတယ်လို့ ဆန်ခလဘူရီမြို့ခံတစ်ဦးက ဆိုပါတယ်။ ဇန်နဝါရီ ၇ရက်မှာ ထိုင်းရဲတွေဟာ အဲဒီနယ်တစ်ဝိုက်က မှောင်ခိုလူပို့တဲ့အလုပ်လုပ်သူလို့ နာမည်ထွက်နေတဲ့သူတွေကို မနက်စောစောစီးစီး ဝင်ဖမ်းဆီးခဲ့သလို လူမှောင်ခိုပို့ပေးတဲ့သူတွေဆီကနေ လာဘ်ငွေယူထားတဲ့ အစိုးရတာဝန်ရှိသူ တွေကိုလည်း စုံစမ်းစစ်ဆေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ကိုဗစ်-၁၉ဒုတိယလှိုင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရဆဲမို့ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဒီတင်းကျပ်လှတဲ့ ဥပဒေ၊ စည်းကမ်းတွေက တားဆီးနိုင်မယ့်ပုံ မပေါ်ပါဘူး။

“ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံက လူတော်တော်များများဟာ ရုန်းကန်နေကြရပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်လုပ်ကြဖို့ ဆက်ပြီး ကြိုးစားနေကြဦးမှာပါ”လို့ ရွှေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ၊ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းအစိုးရဟာ ၂,၄၀၀ကီလိုမီတာရှည်လျားတဲ့ နယ်စပ်မျဉ်းတလျှောက် လုံအောင်ပိတ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

“အလုပ်သမားတွေ ထိုင်းနိုင်ငံထဲကို ခိုးဝင်ဖို့ နေရာတွေ အများကြီးပဲ ရှိတယ်။ ထိုင်းအာဏာပိုင်တွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူတို့ချည်းသက်သက်တော့ နယ်စပ်ဖြတ်ကျော် ခိုးဝင်နေတာတွေ လုံးဝမရှိအောင် မလုပ်နိုင်ပါဘူး။ ခိုးဝင်တာတွေ ရပ်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာပါပဲ”လို့ သူက ပြောပါတယ်။

ဆန်ခလဘူရီက သစ်သားတံတားသည် လာရောက်လည်ပတ်သူများအကြား ရေပန်းစားသော လည်ပတ်ရန်နေရာတစ်ခုဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ကန့်သတ်ချက်များကြောင့် လက်ရှိတွင် ခရီးသွားဧည့်သည်များ ဆန်ခလဘူရီသို့ လာရောက်နိုင်ခြင်းမရှိသလို ခရီးသွားများအပေါ်မှီခို၍ ရပ်တည်ရသော ဒေသခံတို့၏ စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်ကုန်သည်။ (လဝီဝမ် | ဖရွန်းတီးယားမြန်မာ)

စီးပွားရေးဒဏ် အလူးအလဲခံစားကြရ

ဆမွတ်ဆာခွန်မှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့အတွက် ဆန်ခလဘူရီက စီးပွားရေးလုပ်ငန်းတွေလည်း ထိုင်းအစိုးရရဲ့ ကိုဗစ်ကာကွယ်ရေး ကန့်သတ်ချက်တွေကြောင့် ထိခိုက်ကျဆင်းသွားခဲ့ပါတယ်။ အဲဒီဒေသမှာ နေထိုင်သူ အများစုဟာ မွန်လူမျိုးတွေဖြစ်ပြီး သူတို့ဟာ ထိုင်းမြန်မာနယ်စပ် တစ်ဖက်တစ်ချက်ဆီမှာ နေထိုင်ကြပါတယ်။

ဆန်ခလဘူရီဟာ ထိုင်းလူမျိုးတွေ အားလပ်ရက် အပန်းဖြေခရီးထွက်လေ့ရှိကြတဲ့ နေရာတစ်ခုဖြစ်ပြီး အပန်းဖြေစခန်းတွေ တည်ရှိရာလည်းဖြစ်ပါတယ်။ အရင်က ခရီးသွားဧည့်သည်တွေဟာ ပုံမှန်အဝင်အထွက်ရှိပေမဲ့ ကိုဗစ်-၁၉တစ်ကျော့ပြန် ဖြစ်ပွားတဲ့နောက်ပိုင်း ခရီးသွားလာခွင့်ကန့်သတ်ခံရပြီး ခရီးသွားလုပ်ငန်း၊ ဧည့်သည်တွေအပေါ် မှီခိုရတဲ့ ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အပြင်းအထန် ကျဆင်းပါတော့တယ်။

“တချို့ဆို ဘွတ်ကင်ယူထားတာတွေကို ဖျက်လိုက်ကြပါတယ်”လို့ ဆန်ခလဘူရီမှာ တည်းခိုခန်းဖွင့်ထားတဲ့ မိစန်းဝင်းက ဖရွန်းတီးယားမြန်မာကို ဒီဇင်ဘာလကုန်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ တည်းခိုခန်းအပြည့်ဧည့်သည်တွေရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဧည့်သည်ငါးယောက်ပဲရတယ်လို့ သူက ပြောပြပါတယ်။

“ကိုဗစ်-၁၉ ပြန်မဖြစ်ခင် လတွေမှာတော့ ဧည့်သည်တွေရှိပေမဲ့ အခုတော့ဧည့်သည် ပါးတဲ့အတွက် ကျွန်မတို့လုပ်စရာ သိပ်များများစားစားမရှိဘူး”လို့ သူကပြောပါတယ်။

ဆိုင်ကယ်တက္ကစီမောင်းနေတဲ့ ဦးကူလာက နှစ်သစ်ကူးပိတ်ရက်မှာ တစ်ရက် ဘတ်၄ဝဝ (ကျပ် ၁၈,၀၀၀နီးပါး) လောက် ငွေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ တစ်ရက်ဘတ် ၆ဝ (ကျပ် ၂၅၀၀ကျော်) လောက်ပဲရတော့တယ်လို့ ပြောပါတယ်။ 

အားလပ်ရက် အပန်းဖြေခရီးထွက်လာသူတွေကိုရောင်းဖို့ မွန်၊ ကရင်နဲ့ ထိုင်း ဝတ်စုံတွေ ဘတ်သောင်းချီပြီး ရင်းနှီးမြှုပ်နှံထားကြပေမဲ့ သူတို့ပစ္စည်းတွေ ရောင်းမရဘဲ ဖြစ်နေတယ်လို့ ဆန်ခလဘူရီက လက်မှုပစ္စည်းဆိုင်ရှင်တွေက ဆိုပါတယ်။

“ကျွန်တော်တို့ မြေးမလေးက ပိတ်ရက်မှာလာကြမယ့်ဧည့်သည်တွေ သဘောကျမယ့် အထည်တွေ အများကြီး ဝယ်ထားတာဗျ။ အခုတော့ သူဝယ်ထားတာတွေကို ဘယ်လို ပြန်ရောင်းမလဲ မသိပါဘူး”လို့ အသက်၈၀ရှိပြီဖြစ်တဲ့ အဘိုးဦးနိုင်ထွန်းက ပြောပါတယ်။

ဆန်ခလဘူရီမှာနေထိုင်ကြတဲ့ မွန်လူမျိုးအများစုဟာ မြန်မာနိုင်ငံကပို့လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ကနေ ကိုးနာရီလောက် ကားနဲ့သွားရတဲ့ ဆမွတ်ဆာခွန်ကို ပို့ပြီး အပိုဝင်ငွေ ရှာကြပါတယ်။ ဒါပေမဲ့ ဆမွတ်ဆာခွန်မြို့ကို လော့ခ်ဒေါင်းချထားပြီး ထိုင်းနိုင်ငံမှာ တစ်နေရာကနေ တစ်နေရာကို အသွားအလာ ကန့်သတ်ထားတာကြောင့် သူတို့ရဲ့ တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းရောင်းတဲ့လုပ်ငန်းတွေလည်း ရပ်တန့်နေပါတယ်။

ဝင်ငွေရလမ်းဆုံးရှုံးသွားတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေဟာ ရရာအလုပ်ကို လုပ်ကိုင်ကြရပါတယ်။ မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ မိဝင်းကတော့ စက်ရုံတစ်ရုံမှာ လုံချည်ချုပ်တဲ့အလုပ်လုပ်နေပြီး တစ်ရက်ကိုအထည်၂ဝချုပ်ရင် ဘတ်၁၀၀ (ကျပ် ၄,၅၀၀ဝန်းကျင်) ရတယ်လို့ ပြောပါတယ်။ စက်ရုံပိုင်ရှင်တစ်ဦးက တစ်ရက်ကို လုံချည် အထည်၁၀၀ပြီးအောင် ချုပ်ချင်တယ်လို့ပြောတာကြောင့် အလုပ်မရှိဖြစ်နေတဲ့ သူ့ သူငယ်ချင်းလေးယောက်နဲ့ပေါင်းပြီး အထည်ချုပ်နေကြပါတယ်။

ဆန်ခလဘူရီခရိုင်နဲု့ မြန်မာနိုင်ငံနယ်စပ်တလျှောက်က တခြားနေရာတွေမှာ ထိုင်းအာဏာပိုင်တွေက စည်းကမ်းတွေ ပိုပြီးတင်းကျပ်လိုက်မှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ပြည်နယ်အတွင်း လော့ခ်ဒေါင်းချတော့မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ဒေသခံတွေဟာ ဆန်နဲ့ဆီကို အသည်းအသန် ပြေးဝယ်ပြီး စုဆောင်းနေကြပါတယ်။ စျေးနှုန်းတွေ မတက်ပေမဲ့လည်း တချို့ဆိုင်တွေမှာဆို ရောင်းစရာ ဆန်တောင် မကျန်တော့ပါဘူး။

လူတိုင်းတော့ စားစရာတွေ ကြိုတင်စုဆောင်းနိုင်ကြတာတော့ မဟုတ်ပါဘူး။“ကျွန်တော့်မှာ ကျွေးရမယ့် ကလေးကိုးယောက် ရှိပါတယ်။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ရှေ့ဆက် ဘာစားပြီးနေကြရမလဲ ကျွန်တော်လည်း မသိတော့ပါဘူး”လို့ ဆိုင်ကယ်တက္ကစီသမား ဦးကူလာက ပြောပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.