၂၀၂၀၊ ဇူလိုင်၁၉ရက်က ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်တွင် ပြုလုပ်သည့် ၇၃နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြင်တွေ့ရစဉ်။ (ရဲအောင်သူ | အေအက်ဖ်ပီ)

တပ်ချုပ်အသစ် ဘယ်လိုရွေးမလဲ၊ ဘယ်လိုလူမျိုးဖြစ်လာနိုင်မလဲ

လက်ရှိတပ်ချုပ်ဟာ လာမယ့်ခြောက်လအတွင်း အနားယူသွားခဲ့ရင် ဘယ်လိုစစ်ဗိုလ်ချုပ်မျိုး တပ်မတော်ခေါင်းဆောင်ဖြစ်လာနိုင်ပါသလဲ။ ပိုပြီးအရေးကြီးတာက တပ်ချုပ်အသစ်ကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဘယ်လိုရွေးကောက်တင်မြှောက်မလဲ၊ အရင်စစ်အာဏာရှင်တွေလိုပဲ လက်ရှိတပ်ချုပ်က သူ့နေရာဆက်ခံမယ့်သူကို စိတ်ကြိုက်ရွေးချယ်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၂၀၀၈ဟာ ထူးဆန်းပါတယ်။ တိုင်းပြည်ကို ရွေးကောက်ခံ နိုင်ငံတော်သမ္မတတစ်ယောက်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီးအကဲဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ယောက်သီးခြားအာဏာတွေနဲ့ အုပ်ချုပ်နေပုံပေါက်နေလို့ပါပဲ။ ဒီအခြေအနေ အဆုံးသတ်နိုင်ဖို့ဆိုတာဟာ ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဆင်နိုင်မှဆိုပြီး ပြောဆိုသူတွေ ရှိသလို၊ ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲကြောင့်လည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိ တပ်မတော်ရဲ့ခံယူချက်နဲ့ပုံသဏ္ဌာန်မှာ ၂၀၀၈ဖွဲ့စည်းပုံအပြင် တပ်မတော်ကို ကွပ်ကဲရတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကလည်း အများကြီးအရေးပါနေလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ လာမယ့်လေးလ ဒါမှမဟုတ် ခြောက်လအတွင်း အနားယူသွားခဲ့ရင် ဘယ်လိုစစ်ဗိုလ်ချုပ်မျိုး ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမှာလဲ၊ အဲဒီလို အခြေအနေအောက်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကလည်း အခုလိုပဲ သိပ်ပြီးမကောင်းတဲ့ ပုံစံဆက်ဖြစ်နေဦးမှာလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာကြည့်ကြရအောင်ပါ။

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၁၁တုန်းက အရင် စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် စိတ်ကြိုက်ခန့်အပ် တာဝန်ပေးသွားခဲ့တာပါ။ အသက်၇၈နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးက သူ့ထက်အသက်အများကြီးငယ်၊ တပ်မတော်ထဲမှာလည်း ဂျူနီယာကျတဲ့ အသက်၅၅နှစ်အရွယ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ခန့်အပ်တာဝန်ပေးသွားခဲ့တာပါ။ သူဟာ ၂၀၁၃၊ မတ်လရောက်မှ ဗိုလ်ချုပ်မှူးကြီးရာထူးကိုရခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် သူတာဝန်ယူခဲ့ပုံကို အပိုင်းနှစ်ပိုင်းခွဲပြီး ကြည့်နိုင်ပါတယ်။ ၂၀၁၁ကနေ ၂၀၁၆အစောပိုင်း သမ္မတဦးသိန်းစိန် အစိုးရကာလနဲ့ ၂၀၁၆ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အစိုးရကာလဆိုပြီးဖြစ်ပါတယ်။

ပထမပိုင်းကာလတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ အနားယူသွားခဲ့ပေမဲ့ ကျန်သူ့ထက် အများကြီးစီနီယာကျတဲ့ ဗိုလ်ချုပ်ဟောင်းတွေဟာ အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ ပြည်ခိုင်ဖြိုးပါတီမှာ နေရာအသီးသီးယူ တိုင်းပြည်ကိုအုပ်ချုပ်တာမို့ သူ့အနေနဲ့ ခပ်ကုပ်ကုပ်လေးနေရင်း တပ်မတော်နဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့ပြုပြင်ပြောင်းလဲရေး တစ်ချို့လုပ်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်းတို့ ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းတွေမှာ နောက်ကနေ လိုက်ပါဆောင်ရွက်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၂၀၁၅မှာ အာဏာရပြည်ခိုင်ဖြိုးပါတီအတွင်း ကြီးမားတဲ့ အကွဲအပြဲတွေ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမှာလည်း ခွက်ခွက်လန်အောင် ရှုံးသွားပါတယ်။ ဒီလိုနည်းနဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ အစိုးရအာဏာဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထဲရောက်သွားပါတော့တယ်။

၂၀၁၆နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မစ်ရှင်ပြောင်းသွားပုံရပါတယ်။ အဲဒါကတော့ တိုင်းပြည်ရဲ့ ၁၀၀ရာခိုင်နှုန်းသော အာဏာတွေကို ရာစုနှစ်တစ်ဝက်ကျော် ရယူပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်၊ စစ်ဗိုလ်ချုပ်ဟောင်း အုပ်စုကြီးအတွက် လက်လွတ်သွားတဲ့အာဏာကို ပြန်လည်ရယူနိုင်ရေးဦးဆောင် ကြိုးစားပေးရမယ့်သူအဖြစ် ရှေ့တန်းရောက်လာတော့တာပါပဲ။

အခြားတစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တာမျိုးတွေ မတွေ့ရပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့ပိုပြီးတင်းမာတဲ့ သဘောထားရပ်တည်ချက်ကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (အင်န်စီအေ)ကို လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေကလည်း တိုးတက်မှုမရှိ ဖြစ်စေတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့ တပ်မတော်ရဲ့ အဓိကထမ်းဆောင်ရမယ့် တာဝန်တွေကို အားကြိုးမာန်တက် စွမ်းစွမ်းတမံ ထမ်းဆောင်ရမယ့်အစား အရပ်ဘက်လုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်တာတွေလည်း တွေ့လာရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲနီးလာတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံရင်း ဖွဲ့စည်းပုံအရ သူသမ္မတဖြစ်နိုင်ရေး ကြိုးစားပါတယ်။ ပြည်ခိုင်ဖြိုးပါတီသာ ရွေးကောက်ပွဲမှာ ၃၄ရာခိုင်နှုန်းလောက်သာ အနိုင်ရမယ်ဆိုရင်၊ လွှတ်တော်ထဲရောက်သွားတဲ့အခါ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး သူကိုယ်တိုင် သမ္မတတာဝန်ယူနိုင်မှာမို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကြိုးစားချက်ကလည်း အောင်မြင်မှုမရခဲ့ပါဘူး။

ဒီကနေ့အချိန်ထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၁၊ မတ်မှာ လွှတ်တော်တွင်း သမ္မတ၊ ဒုသမ္မတတွေရွေးတဲ့အခါ သူ့အနေနဲ့ ဒုသမ္မတတစ်ယောက်အဖြစ် တာဝန်ယူမှာလား၊ ဒါမှမဟုတ် သူ အသက်၆၅နှစ်ပြည့်တဲ့ ၂၀၂၁၊ ဇူလိုင်ရောက်တဲ့အခါ အနားယူမှာလား၊ ဒါမှမဟုတ် တပ်တွင်းဥပဒေကို ကိုယ့်ဘာသာကိုယ်ပြင်ဆင်ပြီး သူ့ရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို ထပ်ပြီးတိုးဦးမှာလား ဆိုတာကိုတော့ တိတိကျကျထုတ်ဖော်ပြောဆိုခြင်း မပြုသေးပါဘူး။ တကယ်လို့ တပ်ချုပ်ရာထူးကို ဆက်မယူဘူးဆိုရင်တော့ သူ့ကိုဆက်ခံမယ့် နောက်ထပ်တပ်ချုပ်တစ်ယောက် ထပ်ပြီး ပေါ်ပေါက်လာပါလိမ့်မယ်။ ဒီကိစ္စကသာလျင် စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

မြန်မာ့တပ်မတော် သမိုင်းကို ၁၉၆၂က စပြီးကြည့်လိုက်ရင် အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကပဲ ရာစုနှစ်တစ်ဝက်နီးပါး ကြီးစိုးခဲ့တာတွေ့နိုင်ပါတယ်။ သူတို့ကိုယ်တိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေဖြစ်ခဲ့သလို၊ နောက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲတွေလုပ်ရာမှာလည်း အဲဒီအာဏာရှင်တွေကပဲ စိတ်ကြိုက်ရွေးချယ်၊ ခန့်အပ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံးဖြစ်ရပ်ကိုကြည့်ရင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တပ်ချုပ်အဖြစ် သူ့စိတ်ကြိုက် ရွေးချယ်၊ ခန့်အပ်၊ တာဝန်ပေးခဲ့တာပါ။ ဒါပေမဲ့လည်း လက်ရှိအသက်ပြည့်လို့ အနားယူတော့မယ့်အချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရင်စစ်အာဏာရှင်ကြီးတွေလို တပ်ချုပ်တစ်ယောက်ကို သူ့စိတ်ကြိုက်ခန့်အပ်ပြီးမှ အနားယူမယ်ဆိုတဲ့ သဘောလုပ်လို့မရတော့ပါဘူး။

အကြောင်းကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၂ မှာ “နိုင်ငံတာ်သမ္မတသည် အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်”လို့ ပြဋ္ဌာန်းထားလို့ပါပဲ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၂၀၀၈ဖွဲ့စည်းပုံအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို သမ္မတ၊ ဒုသမ္မတတွေအပါအဝင် စုစုပေါင်း၁၁ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီထဲမှာ ရွေးကောက်ခံတွေဘက်ကငါးယောက်၊ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်ငါးယောက်နဲ့ တပ်မတော်ဘက်က တာဝန်ပေးထားတဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ် ဒုသမ္မတတစ်ယောက် ပါဝင်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူအနားမယူခင် သူ့နေရာဆက်ခံမယ့်သူ ရွေးချယ်ဖို့ ကာ/လုံခေါ်ပေးဖို့ နိုင်ငံတော်သမ္မတကို တောင်းဆိုကောင်း၊ တောင်းဆိုနိုင်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နိုင်ချေ အရှိဆုံးကတော့ တပ်ချုပ်အနားယူတဲ့ အခြေအနေမပေါ်ပေါက်သေးလို့ဆိုပြီး သမ္မတက ကာ/လုံခေါ်မပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့သဘောနဲ့သူ၊ သူ့အချိန်ဇယားနဲ့သူ အငြိမ်းစားယူဖို့ ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါ တပ်မတော်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒါမှမဟုတ် ရာထူးအမြင့်ဆုံးသူ တစ်ယောက်ယောက်က ယာယီတာဝန်ယူထားတဲ့ သဘောဖြစ်နေပါလိမ့်မယ်။

အဲဒီလိုအခြေအနေရောက်ပြီဆိုရင် ရွေးကောက်ခံနိုင်ငံတော် သမ္မတဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ်တစ်ယောက် ရွေးချယ်ဖို့ ကာ/လုံအစည်းအဝေး ခေါ်ပါလိမ့်မယ်။ တပ်ချုပ် အသစ်တစ်ယောက် ရွေးချယ်မယ့် ကာ/လုံအစည်းအဝေးမှာ လက်ရှိစစ်ဗိုလ်ချုပ်လေးဦး၊ ဒုတိယသမ္မတ ရာထူးယူထားတဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တစ်ဦး၊ ရွေးကောက်ခံငါးဦး ပါဝင်နေပါလိမ့်မယ်။

ဒီလိုအခြေအနေအောက်မှာ စစ်ဗိုလ်ချုပ်တွေဘက်က တပ်ချုပ်အသစ်တစ်ယောက်ကို အဆိုပြုခွင့်ရှိသလို၊ ရွေးကောက်ခံတွေဘက်ကလည်း သူတို့ဖြစ်စေချင်တဲ့ တပ်ချုပ်တစ်ယောက်ကို အဆိုပြုခွင့် ရှိသွားစေပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ အဲဒီနည်းအတိုင်းသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်တစ်ယောက် ရွေးချယ်ဖို့အခြေအနေ ဖြစ်ပေါ်လာမယ်၊ ရွေးချယ်နိုင်ခဲ့မယ်ဆိုရင် ရွေးကောက်ခံတွေနဲ့ စစ်ဗိုလ်ချုပ်တွေ သဘောတူညီချက်နဲ့ ရွေးချယ်တဲ့တပ်ချုပ်အသစ်တစ်ယောက် ပေါ်ပေါက်လာမှာဖြစ်ပြီး အဲဒီလိုပေါ်ပေါက်လာခြင်းဟာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအတွက်ပဲ ဖြစ်ဖြစ်၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီတည်ဆောက်ရေးကိုပဲဖြစ်ဖြစ် အပေါင်းလက္ခဏာ ဖြစ်ပေါ်လာစေလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

ဒါတင်မက နိုင်ငံ့တပ်မတော်မှာ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ အာဏာရှင်တစ်ယောက်ကနေ နောက်ထပ်အာဏာရှင်ဖြစ်လာနိုင်ချေရှိသူ တစ်ယောက်ယောက်ကို သူ့စိတ်ကြိုက်တပ်ချုပ်ရာထူးပေးသွားတဲ့ အစဉ်အလာလည်း ကျိုးပျက်သွားစေနိုင်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.