၂၀၂၀၊ ဩဂုတ်၁၂ရက်တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ကရင့်အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ကရင်အမျိုးသမီးတစ်ဦးကို မြင်တွေ့ခဲ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

မဲဆန္ဒရှင်ပညာပေးမှု အားနည်းခဲ့တဲ့ ရန်ကုန်နဲ့ကချင်က တိုင်းရင်းသားဝန်ကြီးနေရာရွေးပွဲ

ရွေးကောက်ပွဲလုပ်ငန်းစဉ် စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် နေရာတစ်ချို့မှာ မဲဆန္ဒရှင်တွေဟာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို မဲပေးခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ နိုဝင်ဘာ၈ရက်မတိုင်ခင်ကာလမှာ တိုင်းရင်းသားမဲဆန္ဒရှင်တွေကို အသိပညာပေးမှု အားနည်းခဲ့တာကြောင့်လို့ ရန်ကုန်နှင့် ကချင်က မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက ဆိုပါတယ်။

ရဲမွန်နှင့် အက်စ်တာ ရေးသားသည်။

“ရွေးကောက်ပွဲရက်မှာတင် မဲပေးခွင့်မရကြလို့ ဖုန်းအကြိမ်တစ်ရာနီးပါး ခေါ်တာခံရပါတယ်”လို့ ပြောလာသူကတော့ ရန်ကုန်က ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ ဒေါ်ထုမေပါ။ သူဟာ ရွေးကောက်ပွဲအနိုင်ရပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာသူပါ။

“ရခိုင်တိုင်းရင်းသားတွေမဲပေးခွင့်မရခဲ့တာဟာ ရွေးကောက်ပွဲကော်မရှင်အတွက် ရှက်ဖို့ကောင်းပါတယ်”လို့ ဒေါ်ထုမေက ပြောပြီး မဲပေးခွင့်မရတဲ့ကိစ္စကို ရန်ကုန်တိုင်းဒေသကြီးကော်မရှင်အဖွဲ့ကို အကြောင်းကြားခဲ့ပေမဲ့ မဖြေရှင်းပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဒေါ်ထုမေဟာ ယခင်ရခိုင်အမျိုးသားပါတီဝင်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(ရခိုင်-၁၁)ကို ကိုယ်စားပြုခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ မိခင်အဖွဲ့အစည်း ရခိုင်အမျိုးသားပါတီက နုတ်ထွက်ခွင့်မပြုတဲ့အတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီးမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲနေ့မှာ ရခိုင်တိုင်းရင်းသားတွေသာမက ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးကြရမယ့် ကရင်တိုင်းရင်းသားတွေလည်း မဲပေးခွင့်မရခဲ့ကြပါဘူး။ သူတို့မဲပေးခွင့်မရတဲ့ အဓိက အကြောင်းအရင်းကတော့ နာမည်တွေ မဲစာရင်းမှာမပါခဲ့တာကြောင့်ပါ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွေအတွက် မဲပေးဖို့ သူတို့ရဲ့နာမည်တွေ မဲစာရင်းမှာပါခဲ့ပေမဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးဖို့ မဲစာရင်းထဲ နာမည်မပါတဲ့ ပြဿနာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းနှစ်ကြိမ် ကြေညာခဲ့ရာတွင် လွှတ်တော်သုံးရပ်အတွက် မဲစာရင်းတစ်ခုနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် မဲစာရင်းတစ်ခု နှစ်ခုခွဲပြီး ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မဲပေးမယ့်ပြည်သူတွေဟာ မဲစာရင်းတစ်ခုစီ ခွဲကပ်ထားတာကို မသိကြဘူးကော်မရှင်အဖွဲ့ခွဲတွေက ဆိုပါတယ်။

မရမ်းကုန်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေအတွက် မဲပေးမယ့်ပြည်သူတွေဟာ မဲစာရင်းကိုသေချာမစစ်ခဲ့ကြတာကြောင့် မဲပေးခွင့် ဆုံးရှုံးခဲ့ကြရတာလို့ဆိုပါတယ်။ ဒါပေမဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွေဟာ တိုင်းရင်းသားတွေကို မဲစာရင်းသီးသန့် စစ်ရမယ်လို့ ပြောခဲ့တာမျိုးမရှိခဲ့ပါဘူး။

ဒါ့ပြင် ကြိုတင်မဲပေးခဲ့ကြရတဲ့ အသက်၆၀နှစ်နဲ့အထက် ကရင်နဲ့ရခိုင်မဲဆန္ဒရှင်တစ်ချို့ကိုလည်း ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်တွေက ကြိုတင်မဲကောက်ယူတဲ့နေ့မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဆန္ဒပြုဖို့ မဲလက်မှတ်မထုတ်ပေးခဲ့တာမျိုးလည်းရှိကြောင်း စုံစမ်းသိရှိရပါတယ်။

သက်ကြီးရွယ်အိုတွေ ကြိုတင်မဲပေးခဲ့စဉ်ကာလမှာတော့ တိုင်းရင်းသားမဲဆန္ဒရှင်တွေ မဲပေးခွင့်မရတဲ့ ကိစ္စဟာ မဲစာရင်းမှာမပါတာထက်စာရင် ကြိုတင်မဲလိုက်လံကောက်ယူတဲ့ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ အားနည်းချက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလဖြစ်နေတာမို့ ဒီကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း ကော်မရှင်အဖွဲ့ခွဲများဟာ ကတိုက်ကရိုက်စီမံခဲ့ရပြီး ပိုးမကူးစက်အောင်လည်း ခန့်ခွဲခဲ့ရပုံပေါ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ မဲပေးခွင့်ရှိသူ သက်ကြီးရွယ်အို ရှစ်သိန်းကျော်အနက် ခြောက်သိန်းဝန်းကျင် ဆန္ဒမဲပေးခဲ့ပါတယ်။ များပြားလှတဲ့ မဲဆန္ဒရှင်တွေထံက ကြိုတင်မဲကောက်ယူရမယ့် လုပ်ငန်းစဉ်နဲ့ ပြင်ဆင်ချိန်အနည်းငယ်သာရရှိခဲ့ခြင်းကြောင့် တိုင်းရင်းသားမဲဆန္ဒရှင်တစ်ချို့ သူတို့ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို မဲပေးခွင့်မရခဲ့တာဖြစ်ပါတယ်။

အသက်၆၀နှစ်အရွယ်ရှိပြီဖြစ်တဲ့ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်နေ ဒေါ်ထူးထူးက ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်တွေက ကြိုတင်မဲပေးခဲ့စဉ်က တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲလက်မှတ်ထုတ်မပေးခဲ့ဘူးလို့ဆိုပါတယ်။ ဒီအတွက်ကြောင့် ကရင်တိုင်းရင်းသူ ဒေါ်ထူးထူးဟာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲမပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒေါ်ထူးထူးဟာ ၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ လွှတ်တော်သုံးရပ်လုံးနဲ့ တိုင်းရင်းသား ရေးရာ၀န်ကြီးနေရာအတွက် မဲပေးခဲ့သူလည်းဖြစ်ပါတယ်။

“လူကိုယ်တိုင်မဲသွားမပေးချင်လို့ ကြိုတင်မဲပေးတာကို မဲရုံထပ်သွားပေးရမယ်ဆိုတော့ အဓိပ္ပာယ် မရှိတော့ဘူးလေ။ အဲဒါကြောင့် အခုနှစ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားရေးရာ၀န်ကြီးနေရာကို မဲမပေးခဲ့ဘူး”လို့ သူက ပြောပါတယ်။

လှိုင်သာယာမြို့နယ်ခံ၊ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကိုကျော်ရဲလင်းဟာလည်း၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ မဲစာရင်းထဲ နာမည်မပါတာကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

သူမဲပေးရမယ့်မဲရုံမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာပါရင် မဲပေးခွင့်ရမယ်လို့ ပြောပေမဲ့လည်း အရေးကြီးတဲ့ အလုပ်ကိစ္စရှိနေတာကြောင့် သူဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာ သွားမယူတော့ပါဘူး။

“ပြည်ထောင်စုဝန်ကြီးဌာနအဆင့်ဖြစ်တဲ့ လဝက ကထုတ်ပေးထားတဲ့ မှတ်ပုံတင်မှာ ကရင်တိုင်းရင်းသားဆိုတာ ပါပြီးပြီပဲလေ။ အဲဒါထက်ခိုင်လုံတဲ့ ထောက်ခံချက်ရှိဦးမှာလား။ အုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာပါရင် ရတယ်ဆိုတာအဓိပ္ပာယ်မရှိဘူး”လို့ ကိုကျော်ရဲလင်းက ပြောပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းသီးသန့်စစ်ရမယ်ဆိုတာကိုလည်း ပြည်သူတွေကို အသိပေးခဲ့သင့်တယ်လို့ သူကဆိုပါတယ်။

“အွန်လိုင်းမဲစာရင်းမှာလည်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေးဖို့မဲစာရင်းဆိုပြီး သီးသန့် မထုတ်ပြန်ပေးထားဘူးလေ”လို့ သူက ပြောပါတယ်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဝင် နော်အုန်းလှကတော့ ကရင်တိုင်းရင်းသားတချို့ မဲပေးခွင့်မရခဲ့ဘူးဆိုတာကို သိထားကြောင်း ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်(ဘယ်)နှင့် ကရင်(ညာ)တိုင်းရင်းသားရေးရာဝန်ကြီးနေရာများတွက် မဲပေးပိုင်ခွင့်ရှိသော တိုင်းရင်းသားမဲဆန္ဒရှင်စာရင်းကို ၂၀၂၀၊ ဇူလိုင်လအတွင်းက အင်းစိန်မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုတွင် ကြေညာထားသည်ကို မြင်တွေ့ခဲ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

ရန်ကုန်အပြင်ဘက်က အလားတူပြဿနာ

မဲစာရင်းမှာ နာမည်မပါလို့ မဲမပေးခွင့်မရတဲ့ပြဿနာက ရန်ကုန်တစ်ခုတည်းမှာ ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဗမာ၊ ရှမ်း၊ လီဆူနဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကို ရွေးကောက် တင်မြှောက်ရတဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားမဲဆန္ဒရှင်အသိုင်းအဝိုင်းတွေမှာတော့ ဒီလိုမဲပေးခွင့် ဆုံးရှုံးတာဟာ အကြီးအကျယ်စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

၂၀၁၅က မျိုးနွယ်မတူသူမိဘတွေက ပေါက်ဖွားလာတဲ့ တိုင်းရင်းသားတွေဟာ ဖခင်ဖြစ်သူရဲ့ တိုင်းရင်းသားလူမျိုးစုအဖြစ်သာ မဲစာရင်းမှာ ထည့်သွင်းခံရပြီး အဲဒီတိုင်းရင်းသားရေးရာဝန်ကြီးကိုပဲ ဆန္ဒမဲပေးခွင့်ရှိခဲ့တာဖြစ်တယ်လို့ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊​ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းအောင်ခိုင်က ဆိုပါတယ်။ ဒါပေမဲ့ ၂၀၂၀မှာတော့ ဒီလိုတိုင်းရင်းသားမဲဆန္ဒရှင်တွေကို မိဘနှစ်ပါးရဲ့ မျိုးနွယ်စုနှစ်ခုထဲက ကြိုက်နှစ်သက်ရာမျိုးနွယ်စုကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးကို ဆန္ဒမဲပေးဖို့ ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ မပြောင်းလဲတဲ့ လုပ်ရိုးလုပ်စဉ်အရ မျိုးနွယ်စုနှစ်ခုရောနှောတဲ့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ဖခင်ဖြစ်သူရဲ့ တိုင်းရင်းသားမျိုးနွယ်စုအောက်မှာပဲ မဲစာရင်းပေါက်ခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းအရ ကိုယ်နှစ်သက်တဲ့ တိုင်းရင်းသားမျိုးနွယ်စုရဲ့ မဲစာရင်းမှာပါဝင်ပြီး သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေးချင်ရင်တော့ ဒီလိုမဲစာရင်းပြောင်းဖို့ကို မဲစာရင်းကြေညာစဉ်က ပြင်ဆင်ခဲ့ရမှာဖြစ်ပါတယ်။ အောက်တိုဘာ၁၄ရက်အထိ မဲစာရင်းကြေညာခဲ့စဉ်က ကော်မရှင်အဖွဲ့ခွဲတွေက ပြောင်းလဲခွင့်ပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပြောင်းဖို့က အတော်နောက်ကျသွားတယ်လို့ မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။ “အခုအချိန်မှတော့ ပြောင်းလို့မရတော့ဘူး။ သူတို့ဗမာမဲစာရင်းထဲပါရင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေးရမယ်။ ရှမ်းမဲစာရင်းမှာပါရင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကိုပဲ မဲပေးရမှာဖြစ်တယ်”လို့ သူက ရွေးကောက်ပွဲ မတိုင်ခင်တစ်ပတ်အလို နိုဝင်ဘာ၁ရက်က ပြောခဲ့တာဖြစ်ပါတယ်။

ရန်ကုန်က ကရင်နဲ့ရခိုင်တိုင်းရင်းသားတွေလိုပါပဲ ကချင်ပြည်နယ်က တိုင်းရင်းသားမဲဆန္ဒရှင်တွေကလည်း ဒီလိုပြောင်းလဲလို့ရတဲ့ သတင်းအချက်အလက်တွေကို ကော်မရှင်အဖွဲ့ခွဲတွေက မဲဆန္ဒရှင်တွေ ပိုသိအောင် လုပ်ခဲ့သင့်တယ်လို့ ဆိုပါတယ်။

“ဒီလိုပြောင်းလို့ရတယ်ဆိုတာ မသိတဲ့သူ တော်တော်များတယ်”လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းကျော်ထွေးက နိုဝင်ဘာ၂ရက်မှာ ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက မဲစာရင်းကို တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ပေမဲ့ မဲဆန္ဒရှင်တွေကို ဒီလိုအရေးကြီးတဲ့သတင်းအချက်အလက် အသိမပေးခဲ့ဘူးလို့ သူကဆိုပါတယ်။

“မဲစာရင်းတွေပြုစုတုန်းက ဘယ်သူကမှ ရှမ်းဗမာကပြားတွေဆိုရင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေးရမှာလား၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေးရမှာလား ရှင်းရှင်းလင်းလင်း မသိရဘူး။ ရှမ်း-ဗမာဆိုပြီး မှတ်ပုံတင်မှာပါတဲ့သူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ဘက်ကို ပေးလို့ရတယ်ဆိုတာ တကယ်တော့ သူတို့က မဲဆန္ဒရှင်တွေကို ကြိုပြီးအသိပေးခဲ့ဖို့ကောင်းတာ”လို့ သူက ပြောပါတယ်။

၂၀၁၉၊ အောက်တိုဘာ၂ရက်က တရားခွင်သို့ တက်ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူ နော်အုန်းလှကို မြင်တွေ့ရစဉ်။ ၎င်းသည် ထိုစဉ်က ခွင့်ပြုချက်မရှိဘဲ ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သည့်အတွက် အဖမ်းခံရပြီး တရားစွဲဆိုခံခဲ့ရသည်။ ၎င်းသည် ယခုနှစ်တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

တစ်ကျော့မပြန်သင့်တဲ့ ပြဿနာ

တိုင်းရင်းသားတွေရဲ့ကိုယ်စားပြုမှုထင်ဟပ်စေဖို့အတွက် ပြည်နယ်နဲ့တိုင်း၁၄ခုမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၂၉နေရာကို သက်ဆိုင်ရာ တိုင်းရင်းသားတွေက တိုက်ရိုက်မဲပေးပြီး ရွေးချယ်ကြရပါတယ်။ ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့ဝင်တွေကို ဝန်ကြီးချုပ်က ရွေးချယ်ခန့်အပ်ပေမဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကတော့ မဲဆန္ဒရှင်က ဖွဲ့စည်းပုံအရ တိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့ တစ်မျိုးတည်းသော အစိုးရအဖွဲ့ဝင်တွေဖြစ်ပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေကို အခြေခံဥပဒေက အသေးစိတ် ပြဋ္ဌာန်းပေးထားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ၂၀၁၅တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပေဒေမှာတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို သူတို့ရဲ့သက်ဆိုင်ရာ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့နဲ့ အခွင့်အရေးတွေချိုးဖောက်ခံရတာရှိနေရင်စိစစ်ဖို့ တာဝန်ပေးအပ်ထား ပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းရင်းသားရေးရာ၀န်ကြီး ၂၉နေရာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ၂၃နေရာ အနိုင်ရရှိခဲ့ပါတယ်။ ကျန်ခြောက်နေရာကိုတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦး၊ မွန်ညီညွတ်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က တစ်ဦးစီ အနိုင်ရခဲ့ကြတာပါ။

ရန်ကုန်မှာတော့ ကရင်တိုင်းရင်းသားရေးရာ၀န်ကြီးနေရာအတွက် မဲပေးခွင့်ရှိသူ ၂၃၅,၀၀၀ဦးမှာ တစ်သိန်းခွဲကျော်ပဲ မဲပေးခွင့်ရခဲ့ကြပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ကိုတော့ မဲပေးခွင့်ရှိသူ ၇၃,၀၀၀ဝန်းကျင်မှာ ၄၅,၀၀၀လောက်ပဲ မဲပေးခွင့်ရခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှာတော့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၂၁၀,၉၈၆ဦး ရှိပေမဲ့ ၁၄၇,၁၅၀ဦးပဲ မဲပေးခွင့်ရခဲ့တယ်လို့ သိရပါတယ်။

အနိုင်ရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်ထုမေက ၂၀၂၀ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတခဲ့တယ်လို့ မှတ်ချက်မပြုနိုင်ကြောင်းနဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာ အခုလို မဲပေးခွင့် ဆုံးရှုံးရတာမျိုးတွေ မရှိသင့်ဘူးလို့မှတ်ချက်ပြုပါတယ်။

“နောက်ရွေးကောက်ပွဲတွေအတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဂရုစိုက်သင့်ပါတယ်။ အခုလိုမျိုး နောက်တကြိမ် တိုင်းရင်းသားပြည်သူတွေအဖို့ ထပ်မဖြစ်သင့်တော့ဘူး”လို့ သူကဆိုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.