ဧရာစင်တာရှိ ကုသမှုခံယူနေသော ကိုဗစ်-၁၉ပိုးတွေ့လူနာများထံမှ ဆန္ဒမဲလက်မှတ်ကောက်​ယူသည့် မဲရုံဝန်ထမ်းအချို့ကို တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ အပြည့်အစုံဖြင့် နိုဝင်ဘာ၆ရက်က မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ ကိုဗစ်စင်တာများက လူနာများ

ကြိုတင်စီမံမှုနဲ့ ဆက်သွယ်ရေးအားနည်းချက်တွေအပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကြောင့် ကိုဗစ်-၁၉ကူးစက်ခံထားရပြီး ရန်ကုန်မှာ ကုသမှုခံယူနေတဲ့ ရာပေါင်းများစွာသော မဲဆန္ဒရှင်တွေဟာ မဲပေးခွင့်ဆုံးရှုံးခဲ့ကြရပါတယ်။

အောင်ဖေကြည်စိုး ရေးသားသည်။

နိုဝင်ဘာ၈ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) မဲပေးဖို့ ကိုအောင်အောင် တစ်ယောက် အားခဲထားပါတယ်။  ဒါကြောင့် ကျန်းမာရေးကောင်းတဲ့ သူတစ်ယောက်ဖြစ်အောင်နဲ့ ကိုဗစ်ရောဂါ ကူးစက်မခံရအောင် သူသတိထားနေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သူမျှော်မှန်းတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာ သူဟာ မထင်မှတ်ဘဲ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံလိုက်ရပြီး မရမ်းကုန်းမြို့နယ်က အင်းယားကိုဗစ်စင်တာကို အောက်တိုဘာ၃၁ရက်ကနေ နိုဝင်ဘာ၁၁ရက်အထိ ဆေးကုသမှုခံယူခဲ့ရပါတယ်။

ကံဆိုးချင်တော့ အထွေထွေရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၈ရက်၊ ညနေ၄:၀၀ နာရီအထိ မဲလက်မှတ်တွေ အချိန်မီရောက်မလာတာကြောင့် ကိုအောင်အောင်ဟာ သူနှစ်သက်တဲ့ပါတီကို မဲပေးခွင့် ဆုံးရှုံးခဲ့ရပါတယ်။

“ရွေးကောက်ပွဲနေ့မှာ ကျန်းကျန်းမာမာနဲ့ မဲပေးလို့ရအောင် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါလို့ အမေစုက ပြောဖူးတယ်။ ဒီလိုဂရုစိုက်နေတဲ့ကြားက မလွှဲမရှောင်သာ ကိုဗစ်ဖြစ်သွားတယ်။ မဲမပေးလိုက်ရတော့ စိတ်ထိခိုက်တာပေါ့”လို့ ရန်ကင်းမြို့နယ်မှာ အသွားအလာကန့်သတ်နေထိုင်အစီအစဉ်မှာနေထိုင်တဲ့ ကိုအောင်အောင်က ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

“နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးအနေနဲ့ အင်န်အယ်လ်ဒီကို မဲပေးဖို့အခွင့်အရေး ဆုံးရှုံ;သွားရတာ အရမ်းဝမ်းနည်းဖြစ်မိပါတယ်”လို့ သူကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ခွဲတာဝန်ရှိသူတွေ၊ ဆေးရုံတွေနဲ့ ကွာရန်တင်းစင်တာတွေက တာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်ရောဂါလူနာတွေမဲပေးနိုင်တဲ့အခွင့်အရေးရရှိအောင် တစ်ဦးနဲ့တစ်ဦးထိထိရောက်ရောက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့လိုကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက သုံးသပ်ပါတယ်။

“လက်ရှိကော်မရှင်အဖွဲ့ခွဲတွေ၊ မြို့နယ်ကော်မရှင်တွေအနေနဲ့ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နိုင်ဖို့လိုတယ်လို့ မြင်တယ်။ အဲဒီလိုမဆောင်ရွက်နိုင်ဘူးဆိုရင် သူတို့ရဲ့မဲပေးပိုင်ခွင့်က မမျှော်လင့်ဘဲ ဆုံးရှုံးသွားနိုင်တဲ့အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဖရွန်းတီးယားမြန်မာကိုပြောပါတယ်။

Open Myanmar Initiative (OMI)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကတော့ ရပ်ကွက်နဲ့ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ရပ်ကွက်တွေထဲမှာ အသက် ၆၀ ကျော်တွေ ကြိုတင်မဲပေးဖို့ ဦးစားပေးဆောင် ရွက်မှုများပြီးမှသာ ဆေးရုံတွေနဲ့ ကွာရန်တင်းစင်တာတွေက လူနာတွေကိုဆောင်ရွက်ပေးနိုင်မှာဖြစ်တဲ့အပြင် ဒီဆေးရုံနဲ့ ကွာရန်တင်းစင်တာတွေထဲက ဆရာဝန်တွေနဲ့ တာဝန်ရှိသူတွေဟာ ဒီအချိန်မှာ အလုပ်အများဆုံးဖြစ်တဲ့အတွက် မဲပေးခွင့်ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။

“ပေါ့စတစ်ဖြစ်ပြီး ဆေးရုံရောက်နေတဲ့လူတွေ၊ Q canter (ကွာရန်တင်းစင်တာ)ကို ရောက်နေတဲ့သူတွေ အားလုံမဲပေးခွင့်ရဖို့ဆိုတာက ကျွန်တော်တို့နိုင်ငံရဲ့ အခက်အခဲက ဘယ်ကစလဲဆိုတော့ လူ့အရင်းအမြစ်ပိုင်းမှာလည်းအခက်အခဲရှိတယ်။ နောက်တစ်ခါ နည်းပညာပိုင်းတွေမှာလည်း အခက်အခဲရှိတယ်ဗျ။ မဲပေးနိုင်မဲ့ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းတောင် မသေချာဘူး။ ၃၀ရာခိုင်နှုန်းလောက်ပဲရှိမယ်” လို့ သူကပြောပါတယ်။

ကြိုတင်မဲပေးမှုလုပ်ငန်းစဉ်အဆင့်ဆင့်

ဒီနှစ်ရွေးကောက်ပွဲဟာ ကိုဗစ်-၁၉ကာလအတွင်း ကျရောက်နေတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မြန်မာနိုင်ငံအတွင်းမှာ အသက်၆၀နဲ့အထက် မဲဆန္ဒရှင်တွေနဲ့ ဆေးရုံနဲ့ ကိုဗစ်ကုသရေးစင်တာမှာ ရောက်ရှိနေတဲ့ လူနာတွေနဲ့ အသွားအလာ ကန့်သတ်ခံထားရပြီး စောင့်ကြည့်ခံနေသူတွေကို အောက်တိုဘာ၂၉ရက်ကနေ နိုဝင်ဘာ၅ရက်အထိ ကြိုတင်မဲပေးစေခဲ့ပါတယ်။ 

ဆေးရုံ၊ ကိုဗစ်ကုသရေးစင်တာနဲ့ ကွာရန်တင်းစင်တာမှာ ရောက်ရှိနေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်မဲပေးချင်တယ်ဆိုရင် သက်ဆိုင်ရာ ဆေးရုံ သို့မဟုတ် စင်တာ တာဝန်ရှိသူတွေဆီကို တင်ပြရပါတယ်။

ဒီလိုတင်ပြတဲ့အခါမှာ မဲပေးလိုသူတွေဟာ ပုံစံ-၁၅ကို ဖြည့်သွင်းရပြီး အဲဒီပုံစံတွေကို ဆေးရုံသို့မဟုတ် စင်တာရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ပေးပို့ရပါတယ်။ အဲဒီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကနေ ပုံစံ-၁၅တွေကို မဲပေးလိုတဲ့လူနာရဲ့ မူလမဲဆန္ဒနယ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ဆက်သွယ်ပြီး ကြိုတင်မဲကိစ္စအတွက် လျှောက်လွှာကို ပေးပို့ရပါတယ်။

အဲဒီနောက်မှာတော့ အဆိုမှာပါတဲ့ မူလမဲဆန္ဒနယ်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ကြိုတင်မဲပေးမဲ့ မဲဆန္ဒရှင်စာရင်းပြုစုပြီး ဆေးရုံနဲ့စင်တာတည်ရှိရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကို ပြန်လည်ပေးပို့ရပါတယ်။ အဲဒီစာရင်းလက်ခံရရှိတာနဲ့ လူနာရှိရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲစာရွက်တွေကို ဆေးရုံနဲ့စင်တာကို ပေးပို့ရပါတယ်။

အဲဒီနောက်မှာတော့ ကော်မရှင်အဖွဲ့ခွဲက မဲရုံမှူးတစ်ဦးနဲ့ အသိသက်သေနှစ်ဦးကို တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ (PPE) ဝတ်ဆင်စေပြီး မဲဆန္ဒရှင်လူနာထံက မဲလက်မှတ်ကိုရယူစေပါတယ်။​ မဲဆန္ဒရှင်က ဘယ်ပါတီကို မဲပေးလိုကြောင်း ပြောဆိုရမှာဖြစ်ပြီး PPEဝတ်ဆင်ထားတဲ့ နောက်ထပ်စေတနာ့ဝန်ထမ်းတစ်ဦးက လူနာပြောတဲ့အတိုင်း မဲတံဆိပ်တုံးကို ရိုက်နှိပ်ရတာဖြစ်ပါတယ်။ ဒီမဲပေးတဲ့ဖြစ်စဉ်တစ်ခုလုံးက ခုနှစ်မိနစ်ဝန်းကျင်ပဲကြာမြင့်တာကြောင့် မဲလက်မှတ်ရယူရမှာ ပါဝင်သူအားလုံး ကိုဗစ်-၁၉ပိုးကူးခံရနိုင်ခြေ မရှိသလောက်နည်းပါးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဆေးရုံနဲ့ကွာရန်တင်းစင်တာက ပေးလိုက်တဲ့ ကြိုတင်မဲတွေကို အဲဒီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ရဲ့မူလမဲဆန္ဒနယ်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ ပေးပို့ရပါတယ်။ ဒီလိုပို့တဲ့နေရာမှာ ရွေးကောက်ပွဲနေ့ နိုဝင်ဘာ၈ရက်၊ မဲရုံပိတ်ချိန် ညနေ၄:၀၀နာရီမတိုင်ခင် ပေးပို့ရတာဖြစ်ပါတယ်။

ဒီလိုပုံစံ-၁၅နဲ့ကောက်ယူတဲ့ ကြိုတင်မဲတွေကို ကော်မရှင်အဖွဲ့ခွဲနှစ်ခုအကြား စာတိုက်ကနေ ပေးပို့ရတာဖြစ်လို့ အချိန်ယူလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်ဖြစ်သလို အမှားအယွင်းတွေလည်း ရှိနိုင်ခြေများတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။ ရန်ကုန်ပြင်ပက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပုံစံလျှောက်လွှာတစ်ခါပို့ရင် သုံးရက်ကနေငါးရက်အထိ ကြာမြင့်တတ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဒေါက်တာကျော်စိုးဝင်းက ပြောပါတယ်။

“ကျွန်တော်တို့က စောစောကောက်နိုင်လေ၊ စောစောပို့နိုင်လေ သူတို့ရဲ့မဲက အခက်အခဲ မဖြစ်တော့ဘူး။ ရန်ကုန်ပြင်ပကဆို မြန်မြန်ရောက်ဖို့လိုပါတယ်။ နိုဝင်ဘာ၁ရက် နောက်ပိုင်းတက်လာတဲ့ ရန်ကုန်ပြင်ပက ကြိုတင်မဲတွေကျတော့ ကျွန်တော်တို့က အချိန်မီပို့ဖို့ အဆင်မပြေတော့ဘူး။ ဒါပေမဲ့ အချိန်မီရောက်အောင်တော့ ကျွန်တော်တို့က ကြိုးစားဆောင်ရွက်ပါတယ်”လို့ သူကပြောပါတယ်။

ရန်ကုန်ပြင်ပက လူနာတွေနဲ့ ကွာရန်တင်းစင်တာတွေက မဲဆန္ဒရှင်တွေရဲ့ ပုံစံ-၁၅နဲ့ ပေးရတဲ့ ကြိုတင်မဲတွေကို အောက်တိုဘာ၂၅ရက်က စတင်ကောက်ယူခဲ့ပြီး မဲဆန္ဒနယ်အတွင်းနေထိုင်သူများ ကြိုတင်မဲပေးခြင်းကိုတော့ အောက်တိုဘာ၂၉ရက်မှာ စတင်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ ရောဂါပြင်းထန်လို့ ဆေးရုံတွေနဲ့ ကိုဗစ်စင်တာတွေရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတဲ့ လူနာတွေနဲ့ မဲပေးလိုခြင်းမရှိတဲ့ လူနာတွေကိုတော့ ကြိုတင်မဲမကောက်ယူခဲ့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲဥက္ကဋ္ဌဦးခင်မောင်ဝင်းက ဆိုပါတယ်။

“ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ မဲပေးရန်မသင့်ပါဘူးလို့ မှတ်ထားတဲ့လူနာများဆိုရင် မဲမပေးလို့ရပါတယ်။ ဥပမာ ICU ထဲကို ရောက်နေတယ်၊ ဒီလူတော့မဲပေးလို့ မဖြစ်နိုင်ဘူးဆိုရင် နည်းဥပဒေနဲ့အညီ မဲမပေးခိုင်းလို့ရပါတယ်”လို့ သူက ပြောပါတယ်။

အင်းယားစင်တာက လူနာများ မဲပေးခွင့်ဆုံးရှုံးခဲ့

မရမ်းကုန်းမြို့နယ်၊ အင်းယားကိုဗစ်စင်တာမှာ မဲပေးခွင့်ရှိသူ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၂၈၀ဦးကျော်ဟာ ရွေးကောက်ပွဲနေ့မှာ ညနေ၄:၀၀နာရီ၊ မဲရုံပိတ်တဲ့အထိ သူတို့အတွက် မဲလက်မှတ်တွေ အချိန်မီမရောက်ရှိခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ မဲပေးခွင့် ဆုံးရှုံးခဲ့ကြရပါတယ်။

နိုဝင်ဘာ၆ရက်မှာ အင်းယားစင်တာက တာဝန်ရှိသူတွေက ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း၃၀၀ကျော်ကို ကြိုတင်မဲပေးဖို့ ပုံစံ-၁၅ဖြည့်ခိုင်းခဲ့ပေမဲ့ ရွေးကောက်ပွဲနေ့မှာ မဲလက်မှတ် ၁၅စောင်ပဲ ရောက်ရှိလာခဲ့တယ်လို့ မဲပေးခွင့်ဆုံးရှုံးခဲ့သူ လူနာတစ်ဦးဖြစ်တဲ့ ကိုအောင်အောင်က ဆိုပါတယ်။

“အဲဒီနေ့ကတော့ ကျွန်တော်တို့က မဲပေးရမယ်ဆိုပြီးတော့ စောင့်နေတာ။ ၃နာရီလောက်ထိ မရောက်လာသေးဘူး။ မဲရုံက၄နာရီပိတ်တော့မယ်ဆိုတော့ အရမ်းနီးနေပြီ။ နီးတဲ့အခါကျတော့ အဲဒီ control center (ထိန်းချုပ်ခန်း) က တာဝန်ကျတဲ့သူကို သွားမေးတယ်။ သူတို့ကလည်း မရမ်းကုန်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ဆက်သွယ်ပါတယ်”လို့ သူကပြောပါတယ်။

စင်တာက တာဝန်ရှိသူတွေက မရမ်းကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို  ဆက်သွယ်ခဲ့ပေမဲ့ ကော်မရှင်အဖွဲ့ခွဲက အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် သူတို့မဲပေးခွင့် ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ကိုအောင်အောင်က ဆိုပါတယ်၊။ 

အဲဒီသတင်းကြားတာနဲ့ ဖရွန်းတီးယားမြန်မာက ဖြစ်စဉ်နဲ့ပတ်သက်ပြီး အင်းယားစင်တာ အတွင်းရေးမှူးချုပ် ဦးတင့်ဆန်းကို ရွေးကောက်ပွဲနေ့မှာပဲ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး မရမ်းကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကိုသာ ဆက်သွယ်ဖို့ ဖြေကြားခဲ့ပါတယ်။

အင်းယားစင်တာက လူနာများ မဲပေးခွင့်ဆုံးရှုံးခဲ့သည့်အပေါ် တောင်းပန်စာတစ်စောင် ရေးသားထားသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

ရွေးကောက်ပွဲနေ့ ညနေ ၄:၀၀နာရီလောက်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့သူ လူနာတွေကို “မဲပေးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားပေးခဲ့ပါသည်။ မိဘပြည်သူများ၏ သက်ဆိုင်ရာမြို့နယ်များမှ မဲလက်မှတ်တချို့သော လူနာများအတွက်သာ ပေးပို့လာပြီး လူနာအများစုအတွက် ယခုအချိန်အထိ ပေးပို့လာခြင်းမရှိပါ၍ လူနာအများစုမှာ မဲပေးရန် မည်သို့မျှမဖြစ်နိုင်တော့ကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်”လို့ အင်းယားစင်တာရဲ့ ဒုတိယဦးစီးအုပ်ချုပ်သူ ပါမောက္ခဒေါက်တာအောင်သိန်းဌေးက လက်နဲ့ရေးသားထားတဲ့ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မရမ်းကုန်းရွေးကောက်ပွဲကော်မရှင်ခွဲဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းကတော့ ပုံစံ-၁၅ တင်သွင်းတဲ့အချိန်နဲ့ ရွေးကောက်ပွဲရက် နီးကပ်လွန်းတာကြောင့် လူနာတွေရောက်ရှိနေရာနဲ့ မူလမဲဆန္ဒနယ်က ကော်မရှင်အဖွဲ့ခွဲနှစ်ခုအကြား အချိန်မီဆက်သွယ်နိုင်ဖို့ အချိန်မရတော့ဘဲ အခုလိုဖြစ်ရတာဖြစ်ကြောင်း ပြောပါတယ်။

“လက်လှမ်းမီသလောက်လေးတော့ လိုက်လုပ်ပေးနိုင်တယ်။ အဓိက,က အချိန်ကာလကြောင့်ပါ။ အချိန်ကာလ အရမ်းနီးကပ်သွားတော့ အဆင်မပြေဖြစ်သွားတာတွေရှိတယ်။ ပို့ထားတွေက အများကြီးပဲ။ တချို့တင်လာတာတွေ အရမ်းကပ်လို့ မဖြစ်နိုင်တော့ဘူး။ အရမ်းကပ်သွားလို့ဆိုတဲ့အကြောင်း အဲဒီက(အင်းလျား) တာဝန်ခံဆရာဝန်ကြီးကိုလည်း ရှင်းပြပါတယ်”လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အင်းယားစင်တာမှာ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ မဲဆန္ဒရှင်အရေအတွက်ကို မေးမြန်းတဲ့အခါမှာတော့ သူက ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

အခြားကိုဗစ်စင်တာများမှ မဲဆုံးရှုံးမှုများ

ရန်ကုန်မြို့က တခြားကိုဗစ်ကုသရေးစင်တာလေးခုမှာ မဲမပေးခင် ဆေးရုံမှဆင်းသွားလို့ မဲမပေးလိုက်ရတဲ့သူနဲ့ မူလမဲဆန္ဒနယ်တွေက မြို့နယ်ရွေးကောက်ပွဲကော်မရှင်က အချိန်မီကြိုတင်မဲပေးမဲ့စာရင်း အရောက်မပို့နိုင်တာကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ မဲဆန္ဒရှင်ဦးရေ ၅၀၀လောက် ရှိနေတာကို ဖရွန်းတီးယားမြန်မာက လေ့လာတွေ့ရှိခဲ့ရပါတယ်။

နေရာနဲ့ မဲအရေအတွက်အလိုက် ပြောရမယ်ဆိုရင် ဖောင်ကြီး (လှည်းကူး) ကိုဗစ်ကုသရေးစင်တာမှာ ၈၀ဦး၊ ရိုးမရိပ်သာ (ဒဂုံဆိပ်ကမ်း) ကိုဗစ်စင်တာမှာ ၃၅၀ဦး၊ ဟက်ပီးကိုဗစ်စင်တာ(သာကေတ)မှာ ၁၀ဦးနဲ့ ဧရာဝတီကိုဗစ်စင်တာ (သင်္ကန်းကျွန်း)က ၆၀ဦးတို့ ဖြစ်ပါတယ်။

“တချို့လူနာတွေကျတော့ ကြိုတင်မဲရောက်တဲ့အထိ စောင့်ကြတယ်။ တချို့လူနာတွေကျတော့ မစောင့်နိုင်ကြဘူး။ သူတို့က ဆင်းမဲ့ရက်ကို ဆင်းချင်ကြတယ်။ ကျွန်တော်တို့က အဲဒီလိုလူနာတွေကို သက်ဆိုင်ရာမြို့နယ်မှာ ရောက်ရောက်ချင်း မဲပေးနိုင်အောင် စာရင်းပေးလိုက်ပါ။ ကြိုတင်မဲပေးနိုင်အောင် ဒီဘက်က လှည်းကူးကော်မရှင်နဲ့ သူတို့ရဲ့မြို့နယ်ကကော်မရှင်နဲ့ ချိတ်ဆက်ပြီးတော့ ဟိုမှာပဲဆက်ပေးဖို့ မှာလိုက်ပါတယ်”လို့ ဖောင်ကြီးကိုဗစ်ကုသရေးစင်တာ တာဝန်ခံဒေါက်တာကိုကိုနိုင်က ပြောပါတယ်။

မဲပေးတဲ့သူတချို့နဲ့ မဲပေးခွင့်ဆုံးရှုံးခဲ့ရသူတချို့ကတော့ မြို့နယ်ရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲအချင်းချင်းကြား ကြိုတင်မဲကိစ္စ စာတိုက်ကနေ ဆက်သွယ်ရာမှာ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း ဆိုပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆက်သွယ်တဲ့နည်းစနစ်ပိုင်းမှာတော့ လိုအပ်နေသေးတယ်လို့ ထင်တယ်။ သူတို့စီမံခန့်ခွဲမှု အားနည်းတာ အများအမြင်မှာ လက်ညိုးထိုးစရာဖြစ်တာပေါ့”လို့ ကိုအောင်အောင်က ပြောပါတယ်။

ကိုဗစ်- ၁၉ ရောဂါနဲ့ပတ်သက်တဲ့ အစီအစဉ်တွေ၊ ကန့်သတ်ချက်တွေကြောင့် မဲမပေးနိုင်တဲ့ ပြည်သူတွေကို တောင်းပန်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ 

“ရွေးကောက်ပွဲနဲ့ အင်မတန်မှနီးတဲ့ ရွေးကောက်ပွဲမတိုင်ခင် တစ်ရက်၊ နှစ်ရက်မှာ ကွာရန်တင်း ဝင်ရတဲ့သူတွေ၊ ဒါမှမဟုတ် ဆေးရုံတက်ရတဲ့ပြည်သူတွေ အဲဒီလိုပြည်သူတွေအတွက် ကျွန်မတို့က မဲပေးဖို့ စီစဉ်ပေးဖို့အချိန်မရှိလို့ မစီစဉ်နိုင်ခဲ့ပါဘူး။ ဒါလည်း ကျွန်မစိတ်မကောင်းပါဘူး”လို့ သူက ပြောပါတယ်။

အင်းယားစင်တာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ အဘိုးဖြစ်သူကို လာရောက်စောင့်ရှောက်ရင်း မဲမပေးလိုက်ရတဲ့ တောင်ဥက္ကလာပက​ ကိုဇင်နိုင်လင်းထွန်းကတော့ သူမဲမပေးလိုက်ရလို့ အင်န်အယ်လ်မနိုင်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က ဒီလိုမဲပေးဖို့ ငါးနှစ်ကြာမှ တစ်ကြိမ်မဲပေးလို့ရတာဖြစ်ပါတယ်။ အဲဒီအတွက် အခွင့်အရေးအနေနဲ့ မဲပေးတဲ့နေရာမှာ ပါဝင်သင့်ပါတယ်။ ကောင်းမွန်တဲ့ အစိုးရကို ရွေးချယ်ဖို့က ပြည်သူတစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်လို့ ခံစားရတယ်”လို့ သူကပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.