Candidates from three political parties and development experts join the first Frontier election talk show. (Frontier)
နိုင်ငံရေးပါတီများက ကိုယ်စားလှယ်လောင်းသုံးဦးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးတို့သည် ဖရွန်တီးယားမြန်မာက စီစဉ်သည့် အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြသည်။

အွန်လိုင်းစကားဝိုင်းကတစ်ဆင့် နိုင်ငံရေးပါတီများက ၎င်းတို့၏မူဝါဒများ တင်ပြခဲ့ကြ

ဖရွန်းတီးယားမြန်မာက “ရွေးကောက်ပွဲနှင့် ပြည်သူ့အနာဂတ်”ခေါင်းစဉ်နဲ့ အခန်းဆက် အွန်လိုင်းဆွေးနွေးပွဲ ပထမဆုံးစကားဝိုင်းကို ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ပါတယ်။ ဒီစကားဝိုင်းဆွေးနွေးပွဲမှာ ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းသုံးဦးဟာ သူတို့ရဲ့ မူဝါဒရေးရာအမြင်တွေ မဲဆန္ဒရှင်ပြည်သူတွေကို တင်ပြခဲ့ကြပါတယ်။

အောင်ဖေကြည်စိုး ရေးသားသည်။

“ရွေးကောက်ပွဲနှင့် ပြည်သူ့အနာဂတ်” ခေါင်းစဉ်နဲ့ အခန်းဆက်ဆွေးနွေးပွဲရဲ့ ပထမဆုံးအွန်လိုင်းစကားဝိုင်းကို လွန်ခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီသုံးခုက ကိုယ်စားလှယ်လောင်းသုံးဦးပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲဝင်မဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆန္ဒရှင်ပြည်သူလူထုနဲ့ချိတ်ဆက်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

အပတ်စဉ်ပြုလုပ်သွားမဲ့ အခန်းဆက်ဆွေးနွေးပွဲတွေရဲ့ ပထမဆုံးစကားဝိုင်းကိုတော့ ဖရွန်းတီးယားမြန်မာရဲ့ မြန်မာဘာသာဖေ့စ်ဘွတ်ခ်စာမျက်နှာ “Frontier Myanmar – Burmese” မှာ လွှင့်တင်ထားပြီး ဘယ်သူမဆိုသွားရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ် (ဆွေးနွေးပွဲကို ကြည့်ရှုလိုပါက ဤနေရာကို နှိပ်ပါ)။ ဒီအွန်လိုင်းစာမျက်နှာကနေပဲ အောက်တိုဘာ ၁၄ရက်နဲ့ အောက်တိုဘာ ၂၁ရက်တွေမှာ နောက်ထပ် အွန်လိုင်းစကားဝိုင်းတွေ ထပ်မံပြုလုပ်သွားမှာဖြစ်ကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါတယ်။

တစ်ပတ်ချင်းစီအလိုက်တင်ဆက်တဲ့ စကားဝိုင်းတွေမှာ တိုင်းရင်းသားပါတီတွေအပါအဝင် မတူညီတဲ့နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံသားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝစိန်ခေါ်မှုတွေနဲ့ သူတို့ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် ဦးစားပေးလုပ်ဆောင်မဲ့ မူဝါဒကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေကိုတော့ WaterAid Myanmar က ပံ့ပိုးကူညီပေးတာဖြစ်ပြီး ဖွံဖြိုးတိုးတက်ရေးနယ်ပယ်က ပညာရှင်တွေသာမက အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေပါ ပါဝင်ဆွေးနွေးဖို့ရှိပါတယ်။ WaterAid Myanmar ဟာ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူသားတွေကျန်းမာရေးအတွက် အဓိကကျလှတဲ့ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု (Water. Sanitation and Hygiene-WASH)နဲ့ပတ်သက်ပြီး အဓိကလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ပထမဆုံးဆွေးနွေးပွဲစကားဝိုင်းမှာတော့ ရန်ကုန်သတင်းစာပညာသင်တန်းကျောင်း (Yangon Journalism School) က သင်တန်းဆရာ ဦးသီဟက ဆွေးနွေးပွဲမှာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ (YJSက ဦးသီဟကပဲ လာမဲ့အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲတွေကို အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်)

စကားဝိုင်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်လောင်း ဒေါက်တာသက်သက်ခိုင်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဦးဂျန်ခွန်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်း၊ မြို့ပြုစီမံကိန်း လေ့လာရေးအဖွဲ့ Urbanize ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးအဲလက်စ်အောင်ခန့်နဲ့ WaterAid Myanmar ရဲ့ WASH and Health အစီအစဉ်က အကြီးတန်းအကြံပေး ပါမောက္ခဒေါက်တာသန်းထွဋ်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ပထမဆုံးဆွေးနွေးပွဲစကားဝိုင်းမှာ ဒေါက်တာသက်သက်ခိုင်က သူဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ အကြောင်း အနည်းငယ်ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

၂၀၁၉၊ အောက်တိုဘာမှာမှာ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ အထောက်အထားအခြေပြုမူ ဝါဒရေးဆွဲခြင်း (Evidence-based Policy-Making Strategy) နဲ့ အဖြေကိုဦးစားပေးချဉ်းကပ်ခြင်း (Solution-Based Strategy) စတဲ့ မဟာဗျူဟာတွေကျင့်သုံးပြီး မူဝါဒနဲ့လုပ်ငန်းလမ်းစဉ် အတိအကျရှိတဲ့ပါတီ (programmatic party)ဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်ကဆိုပါတယ်။

“Complain (ပြဿနာ)တွေပဲပြောနေတာ မဟုတ်ဘဲနဲ့ ပြဿနာတွေရဲ့အဖြေက ဘာလဲဆိုတဲ့ ပုံစံနဲ့ချဉ်းကပ်တာပေါ့ရှင်”လို့ သူကပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီကို တန်းတူညီမျှရှိခြင်း၊ လွတ်လပ်ခြင်း၊ စုံလင်ကွဲပြားခြင်း၊ တရားမျှတခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်းစတဲ့ ဒီမိုကရေစီစံနှုန်းငါးခုအပေါ်အခြေခံပြီး တည်ဆောက်ခဲ့တာလို့ ဒေါ်သက်သက်ခိုင်က ဆက်လက်ပြောဆိုပါတယ်။

“ကျွန်မတို့ မြန်မာ့နိုင်ငံရေးကိုကြည့်လိုက်လို့ရှိရင် အမျိုးသားရေးက တစ်ခြမ်း၊ လူ့အခွင့်အရေသမားဆို တာကတစ်ခြမ်းဆိုပြီး အုပ်စုနှစ်စုဖြစ်နေတာကိုတွေ့ပါလိမ့်မယ်။ ကျွန်မတို့ကတော့ အမျိုးသားရေးနဲ့ လူ့အခွင့်အရေးဆိုတာ အရေးကြီးတယ်ဆိုတဲ့ အလယ်အလတ်လမ်းစဉ် ရပ်တည်ချက်နဲ့ သွားတာဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ပါတီရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်”လို့ သူက ဆွေးနွေးပွဲအတွင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဆွေးနွေးစဉ်။ (ဖရွန်းတီးယားမြန်မာ)

ပြည်သူ့ရှေ့ဆောင်ပါတီနည်းတူ ကချင်ပြည်နယ်ပြည်သူ့ပါတီကလည်း အခုနှစ်ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီဟာ ကချင်ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီတွေ ပေါင်းစည်းထားတဲ့ ပါတီတစ်ခုဖြစ်ပြီး ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ပါတီမှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီဟာ ကချင်လူမျိုးတွေအတွက်သာမက ကချင်ပြည်နယ်မှာရှိတဲ့ လူမျိုး၊​ ဘာသာမရွေး အားလုံးပါဝင်နိုင်တဲ့ ပါတီဖြစ်အောင် အလယ်အလတ်လမ်းစဉ်မူဝါဒတွေကို ကိုင်စွဲထားတယ်လို့ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးဂျန်ခွန်က ပြောပါတယ်။​

“ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ကချင်လူဦးရေက တစ်ပြည်နယ်လုံးမှာရှိတဲ့ လူဦးရေရဲ့ အများဆုံး မဟုတ်ဘူး။ ကျွန်တော်တို့က တစ်ဝက်နီးနီးရှိတဲ့ လူဦးရေဖြစ်တယ်။ ကျန်တဲ့ ရှမ်း၊ ဗမာ အစရှိတဲ့ မတူကွဲပြားတဲ့ ညီနောင်တိုင်းရင်းသားများနဲ့ နေထိုင်တဲ့ပြည်နယ်ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ နိုင်ငံရေးမူဝါဒချမှတ်တဲ့အခါမှာ ကျွန်တော်တို့ပါတီအောင်နိုင်ရေးအတွက် အလယ်အလတ်လမ်း စဉ်ဖြစ်တဲ့မူဝါဒတွေကိုချမှတ်ပြီးမှ လူမျိုးမရွေး၊ ဘာသာမရွေးအားလုံးပါဝင်နိုင်တဲ့ပါတီဖြစ်အောင် အကောင်အထည်ဖော်တာဖြစ်တယ်”လို့ သူကပြောပါတယ်။

“လူထုလိုအပ်ချက်ကို ကျွန်တော်တို့ပြန်ကြည့်တဲ့အချိန်မှာ ကချင်ပြည်နယ်မှာရှိတဲ့လူထုက ဘာကိုတောင့်တနေသလဲဆိုတော့ ငြိမ်းချမ်းရေးကို အထူးတောင့် တနေတာကို ကျွန်တော်တို့တွေ့ရတယ်”လို့လည်း သူကဆက်လက်ပြောကြားပါတယ်။

ကချင်ပြည်နယ်အတွင်းက တခြားအရေးကြီးတဲ့ကိစ္စတွေကတော့ မူးယစ်ဆေးဝါးသုံးစွဲမှု၊ တရားမဝင်တဲ့ သယံဇာတတူးဖော်မှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေဖြစ်တယ်လို့ ဦးဂျန်ခွန်က ဆိုပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီအနေနဲ့ ပြည်နယ်အတွင်း အရည်အသွေးကောင်းမွန်တဲ့ ကျောက်စိမ်းတွေ တရားဝင်ရောင်းချခွင့်ရရှိဖို့ တရားဝင်ကျောက်စိမ်းဈေးကွက်တစ်ခု ဖြစ်လာအောင် ဖော်ဆောင်သွားဖို့ မူဝါဒချမှတ်ထားတယ်လို့လည်းသူက ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ မဟာဗျူဟာနဲ့ပတ်သက်ပြီးတော့ လက်ရှိမှာတော့ အွန်လိုင်းဘက်၊ ဆိုရှယ်မီဒီယာ (လူမှုကွန်ရက်)ဘက်ကို ကျွန်တော်တို့အနေနဲ့အားပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်တားမြစ်ချက်တွေကို သေသေချာချာလိုက်နာပြီးတော့မှ ရွေးကောက်ပွဲမဲဆွယ်မှုတွေကိုလုပ်နေပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ရွေးကောက်ပွဲ Tempo (အရှိန်) တွေကိုမြှင့်သွားဖို့လည်းရှိပါတယ်”လို့  ဦးဂျန်ခွန်က ဆိုပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားလှယ်ေလာင်း ဦးဂျန်ခွန်ဆွေးနွေးစဉ်။ (ဖရွန်းတီးယားမြန်မာ)

မြို့ပြစီမံကိန်းနဲ့အုပ်ချုပ်မှုဆိုင်ရာ ပညာရှင်အဖွဲ့ Urbanizeရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးအဲလက်စ်အောင်ခန့်ကတော့ အုပ်ချုပ်မှု၊ မြို့ပြနဲ့ဒသန္တရစီမံကိန်းရေးဆွဲမှုတွေနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်မှာဆိုရင် အစိုးရရဲ့ မြို့ပြအုပ်ချုပ်မှုလုပ်ငန်းတွေက မြို့နေလူထုရဲ့လိုအပ်ချက်ကို ဦးစားပေးသင့်ကြောင်းလည်း သူက ဆွေးနွေးသွားခဲ့ပါတယ်။

 စည်ပင်နဲ့တိုင်းဒေသကြီး အစိုးရကြားက အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို  ဘယ်လိုတာဝန်ယူဆောင် ရွက်နေတာ၊ လုပ်ပိုင်ခွင့်တွေက ဘယ်လိုလုပ်မလဲ၊ ဘယ်လို တာဝန်တွေမျှကြမလဲဆိုတာနဲ့ ပက်သက် ပြီး တာဝန်ယူမှု၊တာဝန်ခံမှု ရှင်းလင်းဖို့လိုအပ်တယ်လို့ ထောက်ပြပါတယ်။ မြို့ပြစီမံကိန်းရေးဆွဲတဲ့အခါမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လွှမ်းမိုးမှုမပါဘဲ ရေးဆွဲသင့်တယ်လို့ သူက အကြံပြုပါတယ်။

“အစိုးရသက်တမ်းတစ်ခုမှာ ဝန်ကြီးချုပ်တွေက ငါးနှစ်ဆိုတာ နည်းမှာပဲလေ။ မြို့တော်ဝန်ဆိုလည်း ငါး နှစ်ဆို ပြောင်းရင်ပြောင်းသွားမှာပဲ။ ငါးနှစ်တာကာလမှာ မြို့ကြီးကိုဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတာ မပြော နိုင်ဘူးလေ။ ကျွန်တော်တို့ ၁ဝနှစ်၊ ၁၅နှစ်၊ အနှစ်၂၀၊ အနှစ်၅၀ ဖွံ့ဖြိုးမဲ့ Plan (စီမံကိန်း)တွေ လုပ်ဖို့အတွက် စည်ပင်နဲ့တိုင်းဒေသကြီးအစိုးရရဲ့ ယန္တရားတွေရဲ့ လွှမ်းမိုးမှုကင်းရှင်းမှ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့  ဦးအဲလက်စ်အောင်ခန့်က ပြောပါတယ်။

ငယ်စဉ်ကတည်းက  စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့သူဖြစ်တာနဲ့အညီ သူကြီးပြင်းလာတဲ့ သက်တမ်းတစ်လျှောက် ရပ်ထဲရွာထဲ ကြုံတွေ့ရတဲ့ပြဿနာတွေကြောင့် မြို့ပြစီမံကိန်းရေးဆွဲရေးဆိုတဲ့ ဘာသာရပ်ကို စိတ်ဝင်စားလာတာဖြစ်ကြောင်း ဦးအဲလက်စ်အောင်ခန့်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း စမ်းချောင်းမြို့နယ်အတွင်းနေထိုင်တဲ့ လူဦးရေ သိပ်သည်းများပြားလာပေမဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေ  တိုးတက်မလာတာကြောင့် ရေကြီးတဲ့ပြဿနာနဲ့ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအလွဲတွေရဲ့ အကျိုးဆက်ကို အမြဲကြုံတွေ့ရတယ်လို့ သူကဆိုပါတယ်။

“ရေကြီးတဲ့အဆင့်ပြဿနာဆိုရင် မိုးတွင်းမှာ နှစ်မိနစ်လောက်ပဲမိုးရွာလိုက် ချက်ချင်း ရေပြည့်သွားတယ်။ ရေတင်သွားရော။ အရင်တုန်းကတော့ ရန်ကုန်မြို့က စိမ်းစိုတဲ့နေရာတွေက အခုလောက် မနည်းသေးဘူး၊ ပိုများတယ်။ သစ်ပင်တွေ နည်းနည်းပိုအုပ်တယ်။ ကွန်ကရစ်တွေ လောင်းထားတာ သိပ်မရှိသေးဘူး။ ခြံတွေနဲ့နေကြတယ်။ တိုက်တွေလည်း သိပ်မရှိကြသေးဘူး ဆိုတော့ မိုးရွာပြီဆိုရင် မိုးရေတွေက မြေကြီးထဲကိုဝင်သွားတယ်”လို့ သူက ဆွေးနွေးပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်းကတော့ သူတို့ပြည်နယ်ဟာ ကိုဗစ်-၁၉ပိုးတွေ့လူနာ မရှိသေးတဲ့ မြန်မာနိုင်ငံအတွင်းက တစ်ခုတည်းသော ပြည်နယ်ဖြစ်နေပေမဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ ကြုံတွေ့နေရကြောင်း ဆိုပါတယ်။

“ကျန်းမာရေးရှုထောင့်က စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာရတာပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ကျွန်တော်တို့စည်းရုံးရေးသွားတဲ့အခါ လူစုလူဝေးလုပ်လို့ မရပါဘူး။ လူဦးရေ အကန့်အသတ်နဲ့ပဲ လုပ်ရတာဖြစ်ပါတယ်။ ကျေးရွာတွေကိုဆင်းတဲ့အခါတောင်မှ ကန့်သတ်ထားတဲ့ လူဦးရေထက် မပိုအောင်ဖိတ်ရတယ်။ ပြီးရင် စည်းမျဉ်းတွေနဲ့အညီ Mask (ပါးစပ်နှာခေါင်းစည်း) တပ်တာတို့၊ လက်ဆေးတာတို့၊ ခပ်ခွာခွာနေရတာတို့ကို အကုန် လိုက်နာရပါတယ်။ ဒါကလည်း တစ်နည်းတစ်ဖုံနဲ့ စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်”လို့ သူကပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်း ဆွေးနွေးစဉ်။ (ဖရွန်းတီးယားမြန်မာ)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ဒုတိယလှိုင်းထန်နေတဲ့ကာလမှာ အခုလိုအပိုင်းသုံးပိုင်းပါဝင်တဲ့ စကားဝိုင်းဆွေးနွေးပွဲကျင်းပခြင်းဟာ နိုင်ငံရေးပါတီတွေအတွက် သူတို့ရဲ့ အနာဂတ် အမြော်အမြင်တွေကို မဲဆန္ဒရှင်ပြည်သူလူထုကို တင်ပြနိုင်ဖို့ အရေးပါတဲ့ အခွင့်ကောင်းတစ်ရပ် ဖြစ်ကြောင်း  ဖရွန်းတီး​ယားမြန်မာမဂ္ဂဇင်း စီမံခန့်ခွဲမှုအရာရှိချုပ်နဲ့ ထုတ်ဝေသူဦးဆန်နီဆွေက မှတ်ချက်ပြုပါတယ်။

“နိုဝင်လာ၈ရက်မှာ ပြုလုပ်မဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲဟာ ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် လူတိုင်းဟာ အိမ်မှာပဲ အသွားအလာအကန့်အသတ်နဲ့ နေထိုင်ရတာဖြစ်လို့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို အများကြီးထိခိုက်စေပါတယ်။ ရွေးကောက်ခံမဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူလူထုနဲ့ ဆက်သွယ်ပြောဆိုဖို့ အခွင့်အရေးက မရှိသလောက်ဖြစ်လာပါတယ်”လို့ သူကပြောပါတယ်။

“လက်ရှိဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ဖရွန်းတီးယား အနေနဲ့ နေရာတစ်ခုဖန်တီးပေးချင်တာ ဖြစ်ပါတယ်။ ဒီစကားဝိုင်းဆွေးနွေးပွဲတွေကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်သူလူထုနှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေကို နားလည်သိရှိပြီးတော့ သူတို့ရွေးကောက်တင်မြှောက်ခံရရင် ဒီကိစ္စရပ်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားဖို့ အစီအစဉ်တွေရှိတယ်ဆိုတာကိုပြောပြဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်”လို့ ဦးဆန်နီဆွေကပြောပါတယ်။​​

အောက်တိုဘာ၁၄ရက်၊ မြန်မာစံတော်ချိန် ည၇နာရီမှာ ဒုတိယမြောက် ဆွေးနွေးပွဲစကားဝိုင်းကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဒုတိယမြောက်စကားဝိုင်းမှာတော့ ပြည်သူ့ပါတီဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီး၊ မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်း ဦးနိုင်တလညီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်နဲ့ မြန်မာ့သတင်းသိပ္ပံအုပ်ချုပ်မှုဒါရိုက်တာဦးကျော်မင်းဆွေနဲ့ WaterAid Myanmar က Urban WASH စီမံချက်မန်နေဂျာ ဒေါ်ခင်ဝင်းကြည်တို့ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အောက်တိုဘာ၁၄ရက်၊ မြန်မာစံတော်ချိန် ည၇:၀၀နာရီတွင် ပြုလုပ်မည့် ဒုတိယဆွေးနွေးပွဲစကားဝိုင်းတွင် ပါဝင်မည့်သူများ။ (ဖရွန်းတီးယားမြန်မာ)

အောက်တိုဘာ၂၁ရက်မှာ တင်ဆက်မဲ့ တတိယမြောက် စကားဝိုင်းမှာတော့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေနဲ့အတူ ထင်ရှားတဲ့ လူငယ်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်သဉ္ဇာရွှန်းလဲ့ရည်နဲ့ Wateraid Myanmar က Wash and Health စီမံချက်မန်နေဂျာ ဒေါက်တာ ဦးမင်းကိုကိုတို့ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲစကားဝိုင်းတွေဟာ မြန်မာနိုင်ငံမှာအတွင်းက ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အခြေအနေတွေကို မီးမောင်းထိုးပြနေပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း ပြည်သူလူထု ၉ဒသမ၆သန်းဝန်းကျင်ဟာ ရေကောင်းရေသန့်မရရှိသေးဘဲ နေထိုင်ကြရပြီး လူဦးရေ ၁၉ဒသမ၂သန်း ကတော့ သန့်ရှင်းသပ်ရပ်တဲ့ အိမ်သာမရှိဘဲနေထိုင်ကြရပါတယ်။

ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေဟာ ဒေသတစ်ခုနဲ့တစ်ခုတော့ မတူညီကြပါဘူး။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲစကားဝိုင်းတွေဟာ သောက်သုံးရေသန့်ရရှိရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အမြင်ဖွင့်ပေးရုံမက တစ်ကိုယ်ရေသန့်ရှင်းမှုမြှင့်တင်ဖို့ ကောင်းမွန်တဲ့အမူအကျင့်တွေနဲ့ပတ်သက်ပြီးလည်း ပညာပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

မတူညီတဲ့နယ်ပယ်အစုံကို ကိုယ်စားပြုသူတွေရဲ့ အသံအစုံအလင်ပါဝင်တာကြောင့် ဒီဆွေးနွေးပွဲစကားဝိုင်းတွေနဲ့ပတ်သက်ပြီး ကျေနပ်အားရဖြစ်မိကြောင်း ဖရွန်းတီးယားမြန်မာသတင်းဌာန စီမံခန့်ခွဲမှုအရာရှိချုပ် ဦးဆန်နီဆွေကဆိုပါတယ်။

“ဒီဆွေးနွေးပွဲစကားဝိုင်းတွေမှာ နိုင်ငံရေးပါတီတွေ အစုံအလင်ပါဝင်အောင် ကျွန်တော်တို့ တတ်နိုင်သမျှ ဆက်သွယ်ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စကားဝိုင်းအစီအစဉ်မှာ ပါဝင်ဆွေးနွေးတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်းဖော်ပြလိုပါတယ်”လို့ သူက ပြောကြားခဲ့ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.