Rohingya refugee children look out from their shanty in Chakmarkul refugee camp in Teknaf on August 26, 2020. (AFP)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သစ်ခ်နတ်ဖ်ဒေသ ချက်မာကူလ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်များကို ယခုနှစ်၊ ဩဂုတ်လအတွင်း မြင်တွေ့ရစဉ်။ ( Munir Uz zaman | AFP)

မွတ်စလင်ဒုက္ခသည်တွေအရေး ဘယ်သူတွေရှုံးပြီး ဘယ်သူတွေအောင်မြင်မှုရခဲ့ကြသလဲ

အဓိကတာဝန်ရှိသူတွေဖြစ်တဲ့ အထူးသဖြင့် တပ်မတော်နဲ့ ဒါကာအစိုးရတို့ဘက်က သဘောထားရပ်တည်ချက်မပြောင်းသရွေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေရဲ့ ရှေ့ရေးဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေဦးမှာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဘက်က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်ကြတဲ့ သန်းတစ်ဝက်ကျော် အရေအတွက်ရှိမယ့် အစ္စလာမ်ဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွားကြတာ သုံးနှစ်ကျော်ရှိပါပြီ။

လက်ရှိသုံးနှစ်တာကာလအတွင်း တရားဝင်အားဖြင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက အစ္စလာမ်ဘာသာဝင် တစ်ယောက်တစ်လေလေးတောင် မြန်မာနိုင်ငံထဲ ပြန်ဝင်လာတာမရှိသေးသလို၊ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့်လည်း သူတို့ဘယ်အချိန်ပြန်လာနိုင်မလဲဆိုတဲ့ အဖြေမသိနိုင်သေးပါဘူး။

အခုလို သန်းတစ်ဝက်ကျော် အရေအတွက်ရှိမယ့် မွတ်စလင်တွေ ဒုက္ခသည်စခန်းထဲ ပြွတ်သိပ်ကျပ်ညှပ်ပြီးနေကြရတဲ့ အခြေအနေကြောင့် သူတို့တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေးနဲ့ လူသားအရည်အသွေး ဘယ်လောက်ထိခိုက်ကျဆင်းနေပြီလဲဆိုတာ မှန်းဆလို့တောင်မရနိုင်ပါဘူး။

တကယ်တော့ အဲဒီဒုက္ခသည်စခန်းက မွတ်စလင်တွေဆိုတာဟာ မြန်မာ့တပ်မတော်၊ ARSAအဖွဲ့နဲ့ နိုင်ငံတကာကရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့ ပဋိပက္ခပြဿနာအကြား မြေစာပင်သဖွယ်၊ ဓားစာခံတွေသဖွယ်ဖြစ်နေတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒီပြဿနာ၊ ဒီအရေးကြောင့် ဘယ်သူတွေထိခိုက်နစ်နာခဲ့ရသလဲ၊ ဘယ်လိုချဉ်းကပ်ဖြေရှင်းနိုင်မလဲဆိုတဲ့ကိစ္စ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီပြဿနာအကြောင်း လေ့လာတင်ပြသွားပါ့မယ်။

အဲဒီဒေသက မွတ်စလင်တွေ လူ့အခွင့်အရေးချိုးဖေါက်ခံရ၊ ဖိနှိပ်ချုပ်ချယ်မှုခံနေရတာ ကာလကြာရှည်ပြီဖြစ်ပေမဲ့ လတ်တလောပြဿနာကတော့ ၂၀၁၆အောက်တိုဘာမှာ စတင်တာပါ။ အဲဒီအချိန်က ARSAလို့ခေါ်တဲ့ (Arakan Rohingya Salvation Army)အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်အပါအဝင် အဓိကရဲတပ်ဖွဲ့စခန်းကြီးနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဘက်က လူအသေအပျောက်ရှိသလို၊ လက်နက် တစ်ချို့လည်း ဆုံးရှုံးပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်ချိန် လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိတယ်ဆိုပြီး အဲဒီကတည်းက ဝေဖန်တာခံရပါတယ်။

ဒီနေရာမှာ စဉ်းစားဖို့လိုတာက ၂၀၁၆အောက်တိုဘာဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရအာဏာရပြီး ခြောက်လအကျော်လောက်မှာ ARSAအဖွဲ့က အကြမ်းဖက်တိုက်ခိုက်တာပါ။ အင်န်အယ်လ်ဒီအစိုးရဟာ ရခိုင်ပြည်နယ်က အဲဒီမွတ်စလင်တွေရဲ့ ပြဿနာအပြင် ရခိုင်ပြည်နယ်တစ်ခုလုံးက ပြဿနာတွေကို ကောင်းမွန်တဲ့နည်းနဲ့ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ကော်မတီဖွဲ့စည်း၊ စပြီးကြိုးစားနေတဲ့အချိန်ပါ။

အဲဒီလို အချိန်မျိုးကိုမှရွေးပြီး ARSAအဖွဲ့က ဘာကြောင့်အကြမ်းဖက်တိုက်ခိုက်မှုကို အစပြုလိုက်ရသလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ဖိနှိပ်မှုရှိလို့ တန်ပြန်တိုက်ခိုက်မှုလုပ်ရတာပါလို့ ပြောလို့ရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရရဲ့ ကောင်းမွန်တဲ့ဖြေရှင်းနည်းကို လက်မခံတာကြောင့် အဲဒီလိုအကြမ်းဖက်တိုက်ခိုက်တာပဲလို့လည်း ကောက်ချက်ချနိုင်ပါတယ်။

၂၀၁၆အောက်တိုဘာတိုက်ခိုက်မှုနဲ့ ၂၀၁၇သြဂုတ်၂၅ရက်ARSAအဖွဲ့ရဲ့ တိုက်ခိုက်မှုနှစ်ခု ကြားကာလမှာ တပ်မတော်နဲ့ARSAအကြမ်းဖက်အဖွဲ့ဟာ ကိုယ့်ရည်မှန်းချက်ကိုယ်စီနဲ့ကိုယ် လှုပ်ရှားခဲ့ကြတာ တွေ့နိုင်ပါတယ်။

တပ်မတော်ကနယ်မြေရှင်းလင်းရေးလုပ်သလို၊ အုပ်ချုပ်ရေး ဘက်ကလည်း လုံခြုံရေးကိစ္စအကြောင်းပြုပြီး မွတ်စလင်ကျေးရွာသားတွေကို အသွားအလာကန့်သတ်တာ၊ ရေလုပ်ငန်းနဲ့ အသက်မွေးလုပ်ငန်းတွေကို ဖျက်ဆီးပစ်သလိုလုပ်တာ အစရှိသဖြင့် မွတ်စလင်တွေရဲ့ ဘဝရပ်တည်ရေး ခက်ခဲလာအောင်အထိ လုပ်ကိုင်ခဲ့ကြပါတယ်။ အခြားတစ်ဘက်မှာတော့ ARSAအဖွဲ့ဟာ ကျေးရွာတွေအထိဝင်စည်းရုံးတာ၊ စည်းရုံးတာကို လက်မခံရင်၊ အစိုးရဘက်နဲ့ပူးပေါင်းမယ်လို့ထင်ရင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့အထိ လုပ်ပြပါတယ်။

အောက်တိုဘာဖြစ်စဉ်နောက်ပိုင်း အစိုးရရဲ့ လုံခြုံရေးအစောင့်အရှောက်နဲ့ သတင်းမီဒီယာသမားတွေ အဲဒီဒေသဘက်စုပေါင်းသတင်းသွားယူတဲ့ ခရီးစဉ်တွေရှိခဲ့ဖူးပါတယ်။ ခရီးစဉ်နှစ်ခုမှာ သတင်းသမားတွေကို အမှန်ကိုအမှန်အတိုင်းပြောပြခဲ့တဲ့ မွတ်စလင်စာကြည့်တိုက်မှူးတစ်ယောက်နဲ့ ရပ်ကျေးတာဝန်ခံတစ်ယောက် နောက်ပိုင်းရက်ရက်စက်စက် သတ်ဖြတ်ပြတာ ခံရပါတယ်။

မွတ်စလင်ကျေးရွာတွေမှာ သတ်ဖြတ်မှုတွေ အများကြီးဖြစ်နေတဲ့ကာလအတွင်း အုပ်ချုပ်ရေးနဲ့လုံခြုံရေးပိုင်း တာဝန်ရှိသူတွေဟာ ကျေးရွာသားတွေကို အကာအကွယ်ပေးဖို့ ကျူးလွန်သူတွေကို ထိထိရောက်ရောက် ဖော်ထုတ်အပြစ်ပေးဖို့ ပျက်ကွက်ကြပါတယ်။ အဓိပ္ပာယ်ကတော့ ARSAအဖွဲ့ရဲ့ စိမ့်ဝင်ထိုးဖောက်နေမှုတွေကို သိသိကြီးနဲ့လွှတ်ပေးထားတဲ့ သဘောများလားလို့ သံသယဖြစ်စရာပါ။ ဒါပေမဲ့ အခြားတစ်ဘက်မှာတော့ “တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ ထပ်ပြီးလုပ်ရဲရင်လုပ်ကြည့်၊ အပြတ်နှိမ်နင်းပစ်လိုက်မယ်”ဆိုတဲ့ သဘောထားပြီး အဆင်သင့်ပြင်စောင့်ကြည့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နောက်တော့ သြဂုတ်၂၅ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းကြီးငယ် ၃၀လောက်ကို ARSAအဖွဲ့က တိုက်ခိုက်တဲ့ဖြစ်စဉ်ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခါ တပ်မတော်ဘက်ကလည်း အင်နဲ့အားနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး၊ နယ်မြေရှင်းလင်းရေးလုပ်ပါတယ်။ တပ်မတော်ဘက်က ထုတ်ပြန်ချက်အရကိုပဲ ကနဦးစစ်ဆင်ရေး ငါးရက်အတွင်းမှာ ARSAအဖွဲ့ဝင်၃၇၀ကို အသေပစ်ခတ်ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပါတယ်။

နောက်ပိုင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာမှာတော့ ဒီထက်အများကြီးပိုတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ရဲ့ထုတ်ပြန်ချက်ကို ကြည့်လိုက်ရင်ပဲ ဘယ်လောက်ပြင်းထန်တဲ့ ချေမှုန်းမှုလဲဆိုတာ နားလည်နိုင်ပါတယ်။ 

အဲဒီအချိန်က တိုက်ခိုက်မှုကိုပြန်ကြည့်ရင် ARSAအဖွဲ့ဝင်ဆိုသူတွေဟာ ဓားတွေ၊ လှံတွေ၊ ဝါး ချွန်တွေလိုမျိုးလက်နက်တွေကိုသုံးပြီး ရဲစခန်းတွေကို တိုက်ခိုက်ကြတာပါ။ တကယ်တော့ ကြည်း၊ ရေ၊ လေ အင်အားရှိတဲ့တပ်မတော်နဲ့ သူက ကျောထောက်နောက်ခံ ပေးထားတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ဓား၊ လှံ၊ ဝါးချွန်တွေလောက်နဲ့ တိုက်ခိုက်၊ အန်တုလို့ အနိုင်ရမှာ မဟုတ်ဘူးဆိုတာ ARSAအဖွဲ့ဝင်တွေ ကောင်းကောင်းသိပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကလည်း အဲဒီလုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်း အနိုင်ယူဖို့မဟုတ်ပါဘူး။ တိုက်ခိုက်မှုလုပ်ပြီးတာနဲ့ မိုးမလင်းမီထွက်ပြေးကြပါတယ်။ အဓိကအားဖြင့် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုပါ။ တစ်ပြိုင်နက်တည်း အဲဒီဒေသက မွတ်စလင် များနိုင်သမျှများများ ထွက်ပြေးကြဖို့ကိုလည်း လှုံ့ဆော်ခဲ့ကြပါတယ်။

အကျိုးဆက်ကတော့ တပ်မတော်ရဲ့ ကြမ်းတမ်းတဲ့ စစ်ဆင်ရေး၊ ကိုယ့်ကျေးရွာမှာ ကိုယ်ပြန်နေရင်လည်း နောက်ပိုင်းအကြောက်တရားနဲ့နေရမယ့် အနေအထား၊ ကိုယ့်အသိုင်းအဝိုင်းထဲက လူအများအပြားထွက်ပြေးကြတော့ ကိုယ်လည်းလိုက်ပါထွက်ပြေးမယ်ဆိုတဲ့စဉ်းစားမှု စတာတွေ ပေါင်းဆုံသွားတဲ့အခါ အရေအတွက် သန်းတစ်ဝက်ကျော်ရှိတဲ့ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ဖြစ်စဉ်ကြီး ပေါ်ပေါက်လာတာပါပဲ။

နောက်ပိုင်းထွက်ပြေးသွားတဲ့ မွတ်စလင်တွေ မြန်မာနိုင်ငံပြန်လာရေး နှစ်ဘက်အစိုးရ ညှိကြနှိုင်းကြတဲ့အခါ ဘယ်လိုအခြေအနေမျိုးမှ ပြန်လာမယ်ဆိုတဲ့ တောင်းဆိုချက်မျိုး ထွက်ပေါ်လာပါတယ်။ အဓိကအချက်တွေကတော့ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရေး၊ တခြား နိုင်ငံသားတွေနည်းတူ လွတ်လပ်စွာသွားလာခွင့်ရရေး၊ လုံခြုံရေးအာမခံချက်ရှိအောင် တတိယနိုင်ငံတစ်ခုခု၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုရဲ့ စောင့်ကြပ်ကာကွယ်မှုအောက်မှာ နေထိုင်ရေး စတာတွေပါဝင်ပါတယ်။

ဒီလိုအချက်တွေ မပြေလည်နိုင်သေးတဲ့အခါ၊ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဒုက္ခသည်ပြဿနာကို ပြည်တွင်းနိုင်ငံရေးမှာ အသုံးချ၊ အမြတ်ထုတ်တဲ့အခါ၊ ကိုဗစ်-၁၉ပြဿနာ ပေါ်ပေါက်လာတဲ့အခါ ဒုက္ခသည်တွေ နှစ်နဲ့ချီသောင်တင်နေတဲ့ အနေအထား ကျရောက်သွားစေပါတော့တယ်။

ဖြစ်စဉ်တစ်ခုလုံးကို ပြန်ကြည့်လိုက်ရင် တပ်မတော်စစ်ခေါင်းဆောင်တွေဟာ အကြမ်းဖက်သမားတွေကို အပြတ်ချေမှုန်းပစ်မယ်လို့ ရည်ရွယ်စောင့်ဆိုင်း၊ အချိန်ကျတဲ့အခါ သူတို့ရည်ရွယ်ထားသလို လုပ်ကိုင်နိုင်ခဲ့ပေမဲ့ နောက်ပိုင်း လူမျိုးစုသုတ်သင်ရှင်းလင်းရေး လုပ်တယ်ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုံ့ချခြင်းခံရသလို၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေ တစ်ယောက်ချင်းစီကို အရေးယူပိတ်ဆို့တာမျိုးပါခံရပါတယ်။

ARSAအဖွဲ့နဲ့ နိုင်ငံတကာကရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကလည်း သူတို့ရည်မှန်းတဲ့ မွတ်စလင်ဒုက္ခသည်တွေ မြန်မာ့မြေပေါ်မှာ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ အကာအကွယ်နဲ့နေထိုင်ရေးဆိုတာမျိုးလည်း အကောင်အထည်ပေါ်မလာဘဲ ဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီနေထိုင်နေရတာပဲ အဖတ်တင်ပါတယ်။

ကောင်းတာလုပ်ခဲ့ပေမဲ့ ကံမကောင်းတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့ပါ။ သူတို့အကောင်အထည်ဖော်ချင်တဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးစုအချင်းချင်းသင့်မြတ်စွာနေထိုင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေဖြစ်မလာဘဲ ကုလသမဂ္ဂရဲ့နိုင်ငံတကာတရားရုံးမှာ တရားစွဲတာကိုပါ ခံလိုက်ရလို့ပါပဲ။

အဆိုးဆုံးဒုက္ခရောက်ရသူတွေကတော့ ကျဉ်းမြောင်းပြီးကျန်းမာရေးနဲ့မညီညွတ်တဲ့ ဒုက္ခသည်စခန်းတွေထဲမှာနေထိုင်နေရတဲ့ မွတ်စလင်ဒုက္ခသည်တွေပါပဲ။ အဲဒီစခန်းတွေမှာ ဘယ်လောက်ကြာကြာထပ်နေရဦးမလဲ ဆိုတာကလည်း ဘယ်သူတွေကမှ မခန့်မှန်းနိုင်သေးပါဘူး။

ဒုက္ခသည်စခန်းတွေကိုရောက်သွားတဲ့ မွတ်စလင်တွေ နေရပ်မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိ ပြန်လာရေးအတွက်ဆိုရင် တပ်မတော်စစ်ခေါင်းဆောင်တွေအနေနဲ့ အဲဒီမွတ်စလင်လူနည်းစုတွေအပေါ်ထားရှိတဲ့ သဘောထားတွေပြောင်းလဲဖို့ လိုပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံထဲမှာ နေထိုင်ခွင့်ရှိသူတွေဖြစ်ပြီး ဘယ်တော့မှမောင်းထုတ်လို့ မရတဲ့လူတွေအဖြစ် စိတ်ပါလက်ပါလက်ခံဖို့လိုပါတယ်။

အစိုးရဘက်ကတော့ ကိုဖီအာနန်ကော်မရှင်အကြံပြုချက်ပါ အချက်အလက်တွေကို အောင်မြင်အောင်ဆက်ပြီး အကောင်အထည်ဖော်ဖို့လိုပါတယ်။ အဲဒီလိုအကောင်အထည်ဖော်ရာမှာလည်း တပ်မတော်ခေါင်းဆောင်တွေ နားလည်လက်ခံလာအောင် စည်းရုံးဆွဲဆောင်ဖို့ လိုပါတယ်။

နိုင်ငံတကာဖိအားတွေပြေလျော့သွားနိုင်ဖို့ ဒုက္ခသည်တွေပြန်လက်ခံရေးလိုကိစ္စမျိုးမှာ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နဲ့လည်းအဆင်ပြေ၊ အနောက်နိုင်ငံတွေနဲ့လည်းအဆင်ပြေတဲ့ ဂျပန်လိုနိုင်ငံမျိုးရဲ့ ကြားဝင်ကူညီဖြေရှင်းပေးမှုမျိုးကို ဖိတ်ခေါ်ဖို့သင့်ပါတယ်။ ဂျပန်အစိုးရဘက်ကလည်း အဲဒီလိုကူညီဖို့ဆန္ဒရှိနေတာမို့ အစိုးရကသာဆန္ဒရှိရင် အကောင်အထည်ဖော်နိုင်ပါတယ်။

နောက်ထပ်အရေးကြီးတာက နိုင်ငံတကာက ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့ သဘောထားပါ။ သူတို့အနေနဲ့ ဒုက္ခသည်စခန်းထဲကဒုက္ခသည်တွေရဲ့ ဆိုးရွားလှတဲ့အခြေအနေတွေကို ကိုယ်ချင်းစာကြဖို့လိုပါတယ်။ မြန်မာနိုင်ငံနဲ့အစိုးရကို ကမ္ဘာကြီးကဝိုင်းဝန်းဖယ်ကြဉ် ပြစ်တင်လာအောင်ချည်းပဲ ကြိုးစားနေတာ ဒုက္ခသည်စခန်းကဒုက္ခသည်တွေကို ကူညီရာမရောက်ဘူးဆိုတာပါ။ မြန်မာနိုင်ငံထဲမှာ အဲဒီမွတ်စလင်တွေ ပြဿနာတွေဖြေရှင်းပေးနေတာ၊ ကောင်းကျိုးဆောင်ကြဉ်းပေးနိုင်တာ လက်ရှိအင်န်အယ်လ်ဒီအစိုးရပဲဖြစ်တာမို့ အဲဒီအစိုးရကို ဒုက္ခပေးတာဟာ ပြဿနာပြေလည်စေရေးမရောက်ပါဘူး။

ဒါ့အပြင် အဲဒီလှုပ်ရှားသူတွေကြောင့် ပြည်တွင်းက အခြားဘာသာမတူ၊ လူမျိုးမတူတဲ့နိုင်ငံသားတွေရဲ့ ဒုက္ခသည်တွေအပေါ် စာနာထောက်ထားမှု၊ ထောက်ခံမှုဆုံးရှုံးကုန်စေမှာဖြစ်ပါတယ်။ ဒီအတွက် ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး လက်တွေ့ကျတဲ့ ချဉ်းကပ်ကူညီပေးမှုကိုပဲ အာရုံစိုက်လုပ်သင့်ပါတယ်။

နောက်ထပ်လိုအပ်သေးတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခန်းကဏ္ဍပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံက မွတ်စလင်ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး သူ့ပြည်တွင်းနိုင်ငံရေးမှာ အမြတ်ထုတ်ဖို့ကြိုးစားနေတာတွေရပ်တန့်ပြီး ဒုက္ခသည်တွေပြန်ပို့နိုင်ရေး မြန်မာအစိုးရနဲ့ လက်တွေ့ကျကျ ညှိနှိုင်း၊ သဘောတူညီချက်တွေရယူ အကောင်အထည် ဖော်သင့်ကြောင်းပါ။ အဲဒီလိုဘက်ပေါင်းစုံက အကောင်အထည်ဖော်နိုင်ပါမှ အားလုံးရှုံးနေကြတဲ့ဖြစ်စဉ်ကနေ အားလုံးအကျိုးရှိမယ့် ပြဿနာပြေလည်ရေးကို ဦးတည်စေနိုင်မှာဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.