Staff of the Migrant Workers Rights Network in Samut Sakhon sort through advance vote applications by migrant workers ahead of the August 5 deadline. (Supplied)
စမွတ်စခွန်ခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ဝင်များသည် မဲပေးခွင့်ရရှိရန် ပုံစံ-၁၅ဖြည့်သွင်းနေသည့် ရွှေ့ပြောင်းလုပ်သားများကို ဩဂုတ် လဆန်းပိုင်းက ကူညီနေသည်ကို မြင်တွေ့ခဲ့ရသည်။ (ဓာတ်ပုံ | ပေးပို့)

ရေခြား၊မြေခြားက မဲဆန္ဒရှင်များ

မဲပေးခွင့်အတွက် စာရင်းပေးရာတွင်အချိန်ကန့်သတ်ချက်ရှိခြင်း၊ မဲပေးရန် သံရုံးရှိရာမြို့သို့ ခရီးနှင်ရခြင်း၊ ခရီးစရိတ်ထောင်းခြင်း၊ မဲပေးခွင့်စာရင်းပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် အသိမပေးနိုင်ခြင်းတို့ကြောင့် ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် မဲပေးနိုင်ခွင့် လက်လွှတ်ရဖွယ်ရှိနေသည်။

ကောင်းဆက်နိုင် ရေးသားသည်။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ စီလုံးထိုင်း ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မတင်ဝင်းလဲ့တစ်ယောက် လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးခွင့်ရရှိရေးအတွက် မျှော်လင့်နေသည်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် မတင်ဝင်းလဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ကဖြစ်ပြီး ၂၀၀၅က စတင်၍ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသူဖြစ်သည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ရန် ပုံစံ-၁၅ကို ဖြည့်စွက်ပြီး လွန်ခဲ့သည့် ဇူလိုင်လတွင်း အလုပ်ပိတ်ရက်တစ်ရက်တွင် ဖောင်တင်လိုက်ပြီဖြစ်ကြောင်း သူက ဆိုသည်။  “ပထမဆုံးအကြိမ်မဲပေးမှာ”ဖြစ်ကြောင်းသူကဆိုသည်။

ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၃၀ ဝန်းကျင်ကွာဝေးပြီး ငါးသေတ္တာလုပ်ငန်းများ အဓိကရှိရာ မဟာချိုင်ဒေသတွင်  တရားဝင်မြန်မာရွှေပြောင်းလုပ်သား လေးသိန်းခန့်ရှိပြီး အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် မည်သို့လုပ်ဆောင်ရမည်ကိုပင် သေချာမသိရှိခဲ့သူများဖြစ်ကြောင်း  ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)တာဝန်ရှိသူများက ဆိုသည်။

“၂၀၁၅ တုန်းကမဲပေးဖို့ စုံစမ်းတယ်။ စုံစမ်းလို့မရလို့လက်လျှော့လိုက်ရတယ်”ဟု မတင်ဝင်းလဲ့က ဖရွန်းတီးယားမြန်မာကို ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်တမ်းများအရ ၂၀၁၅ရွေးကောက်ပွဲကာလတွင် ထိုင်းနိုင်ငံမှ ရရှိသည့် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပမာဏသည် ၆၀၀ဝန်းကျင်ခန့်သာ ရှိခဲ့သည်။

ယင်းပမာဏသည် ထိုင်းတစ်နိုင်ငံလုံးတွင်ရှိသည့် အမှန်တကယ်မဲပေးပိုင်ခွင့်ရှိသည့် ရွှေ့ပြောင်းမြန်မာလုပ်သားဦးရေနှင့်စာလျင် အလွန်နည်းပါးလွန်းလှသည်။ 

ထိုင်းတစ်နိုင်ငံလုံးတွင် မဲပေးနိုင်ခွင့်ရှိသည့် တရားဝင်အထောက်အထားကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ နှစ်သန်းခန့်ရှိကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)နှင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) တို့က ခန့်မှန်းကြသည်။

FEDအဖွဲ့သည် ရန်ကုန်အခြေစိုက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးအဖွဲ့ (PACE) နှင့်ပူးပေါင်း၍ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့်အခြေအနေများအပေါ် စစ်တမ်းတစ်စောင်ကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ကောက်ယူခဲ့သည်။

“စစ်တမ်းအရ  ၈၀ ရာခိုင်နှုန်းကျော်၊ ၉၀ ရာခိုင်နှုန်းလောက်က  မဲပေးချင်တယ်” ဟု FED အဖွဲ့တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဦးထူးချစ်ကပြောသည်။

ရွှေ့ပြောင်းလုပ်သားအများအပြား မဲပေးနိုင်ပါ့မလား

ဖရွန်းတီးယားမြန်မာက ထိုင်း၊ ဂျပန်နှင့် စင်ကာပူနိုင်ငံများက ပြည်ပရောက် မြန်မာများမဲပေးခွင့်ရရေး လုပ်ဆောင်နေသည့်အဖွဲ့အစည်းများကို ဆက်သွယ်မေးမြန်းချက်မှုများအရ ပုံစံ-၁၅ တင်ရသည့်အချိန်နည်းပါးခြင်း၊ သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့တွင်သာ ကြိုတင်မဲသွားရောက်ပေးရမည့် အခြေအနေများကြောင့် ပြည်ပရောက်မြန်မာအများစုသည် မဲပေးရန် အခက်အခဲများ ကြုံတွေ့ရပြီး ယင်းအခက်အခဲများကြောင့်ပင် အချို့က မဲပေးရန် စိတ်အားထက်သန်ခြင်းမရှိကြောင်း သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် ပြည်ပနိုင်ငံများသို့ တရားဝင်သွားရောက်နေ သူနိုင်ငံသားများ မဲပေးနိုင်ရေးအတွက် ပုံစံ ၁၅ ဖောင်များကို ဇူလိုင် ၃ ရက်တွင် စတင်ထုတ်ပေးခဲ့သည်။ ထို့နောက် ဖြည့်စွက်ထားသည့်ဖောင်များကို ဇူလိုင်၁၆ရက်မှ သြဂုတ် ၅ရက်အထိ ပြန်လည်တင်သွန်းရန် လက်ခံခဲ့သည်။

ကြေညာသည့်ရက် နောက်ကျလွန်းပြီး ပုံစံများဖြည့်စွက်တင်သွင်းရန် အချိန်နီးကပ်လွန်းသည်ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဆိုသည်။ 

“ရက်က ကပ်နေပြီ။ စင်ကာပူမှာ ကိုဗစ်ကြောင့် လော့ခ်ဒေါင်းမိနေတဲ့သူတွေ၊ Quarantine (အသွားအလာကန့်သတ်နေထိုင်စေခြင်း) မိနေတဲ့သူတွေ၊ အပြင်ထွက်မရတဲ့သူတွေ ရှိတယ်” ဟု စင်ကာပူတွင် အင်ဂျင်နီယာတစ်ဦးအဖြစ်လုပ်ကိုင်နေပြီး စင်ကာပူအခြေစိုက် “မဲပေးကြမယ်” ဝက်ဆိုဒ်အတွက် ပြန်ကြားရေးတာဝန်ခံအဖြစ်လည်း တာဝန်ယူထားသူ ကိုသားကောင်းက ပြောသည်။

“မဲပေးကြမယ်”သည် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားနှင့် ဗြိတိန်တို့အပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံရှိ မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေး အွန်လိုင်းမှ ပုံစံ ၁၅ တင်ရန် ကူညီပေးနေသည့် ဝက်ဆိုဒ်တစ်ခုဖြစ်သည်။

ပုံစံ-၁၅ ဖောင်ပြန်တင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသည့်အချိန်မှာ သုံးပတ်သာဖြစ်သည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများ မဲပေးခွင့်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းမျာသာမက ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများကို ကူညီနေသည့် အဖွဲ့အစည်းများကပါ ပုံစံ-၁၅တင်သွင်းသည့်အချိန်ကို ပို၍တိုးမြှင့်ပေးရန် ကော်မရှင်ကို တောင်းဆိုခဲ့ကြသည်။

မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် စက်ရုံအလုပ်သမားများဖြစ်ပြီး ဖောင်တင်ရမည့်အချိန်ကို သေချာမသိရှိသလို၊ အချက်အလက်များ မှန်ကန်စွာမဖြည့်တတ်သူများလည်းရှိနေကြောင်း MWRN ကွန်ရက် ဒုတိယဥက္ကဋ္ဌဦးသန်းဇော်ထိုက်က ဆိုသည်။

“ညကဆို အယောက် ၅၀ လောက်ကို အသစ်ပြန်ပြင်ပြီး ဖြည့်ပေးလိုက်ရတယ်”ဟု ၎င်းက ဖရွန်းတီးယားမြန်မာကို ဩဂုတ်လအတွင်းက ပြောသည်။

ကြားရက်များတွင် အလုပ်သမားများ မအားမလပ်ဖြစ်၍ အချိန်ထပ်မံတိုးပေးပါက အဆင်ပြေကြောင်း သူကဆိုသည်။ “ကြားရက်တွေမှာက အလုပ်နဲ့ စားရေးသောက်ရေး တွေနဲ့ပဲ အချိန်ကုန်နေတယ်။ လာတင်ဖို့ အချိန်မရှိဘူးလေ”ဟု ဦးသန်းဇော်ထိုက်က ပြောသည်။

လွန်ခဲ့သည့်လအတွင်းက မြန်မာသံရုံးက အလုပ်သမားသံအရာရှိများသည် ပုံစံ-၁၅ဖောင်များကို စက်ရုံအချို့တွင် လိုက်လံဝေငှခဲ့သည်။ မဲဆောက်ခရိုင်ရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြည်ပနိုင်ငံအတွင်းဖြစ်၍ ပုံစံများကို ဖြန့်ဝေရာတွင် ကန့်သတ်ချက်များ ရှိကြောင်း ပြောသည်။ ၎င်း၏ခရိုင်အတွင်း ပုံစံ-၁၅ကို အရေအတွက် ၅,၀၀၀ခန့်အထိ ဖြန့်ဝေခဲ့ကြောင်း၎င်းက ဆိုသည်။

“တစ်နိုင်ငံလုံးတော့  ဖြန့်နိုင်သလောက်ဖြန့်နေတယ်။ ဆိုရှယ်မီဒီယာကနေလည်း ဖြန့်နေတယ်။ အကုန်လုံးတော့ ရောက်မရောက်တော့ မပြောတတ်သေးဘူး” ၎င်းက ပြောသည်။

အရပ်ဘက်အဖွဲ့အစည်းများက ပုံစံ၁၅ဖောင်ဖြည့်ရက်များကို ထပ်တိုးပေးသင့်ကြောင်း အကြံပြုတိုက်တွန်းခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်၁၅ ရက်အထိ ရက်တိုးမြှင့်ပေးခဲ့သည်။ ရက်တိုးမြှင့်ပေးခဲ့ပြီးနောက် အာရှငါးနိုင်ငံမှ ကြိုတင်မဲပေးရန် စာရင်းပေးသူ မြန်မာနိုင်ငံသားဦးရေ ၁၀၀,၆၀၀ ကျော်အထိရှိခဲ့သည်။ ၂၀၁၅က ပြည်ပရောက်မြန်မာများမဲပေးရန် စာရင်းတင်သွင်းမှုမှာ ၃၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ယခုနှစ်တွင် သုံးဆခန့် မြင့်တက်လာခြင်းဖြစ်သည်။

သက်ဆိုင်ရာနိုင်ငံများတွင်အခြေစိုက်သည့် မြန်မာသံရုံးများက ထုတ်ပြန်သော အချက်အလက်များကို ကိုးကားသည်။

ဝေးလံသည့် မဲရုံများ 

အဝေးရောက်မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းမြန်မာလုပ်သားများအဖို့ မဲပေးခွင့်ရရေးအတွက် ကြုံတွေ့ရသည့် အခက်အခဲများတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပုံစံ-၁၅ဖြည့်စွက်တင်သွင်းရန် အချိန်ကန့်သတ်ချက်သာမက သတ်မှတ်ထားသည့်နေ့တွင် ၎င်းတို့သွားရောက်မဲထည့်ရမည့် မဲရုံများ၏ တည်နေရာလည်း အပါအဝင်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသည့် မြန်မာနိုင်ငံသားဦးရေ သန်းနှင့်ချီရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခဲ့သူအရေအတွက်မှာ အံ့ဖွယ်ကောင်းလောက်အောင် ၆၀၀ဦး ဝန်းကျင်သာရှိခဲ့သည်။ 

ယင်းသို့ဖြစ်ရသည်မှာ ပြည်ပရောက်မြန်မာနိုင်ငံသားများသည် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများတွင်သာ သွားရောက်၍ ကြိုတင်မဲပေးရခြင်းကြောင့်ဖြစ်ကြောင်း အဝေးရောက်မြန်မာနိုင်ငံသားများ မဲပေးနိုင်ရေးအတွက် လှုပ်ရှားကူညီသူများက တစ်ညီတစ်ညွတ်တည်းဆိုကြသည်၊။

လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံသားများ ဖြည့်စွက်တင်သွင်းသည့် ပုံစံ-၁၅များကို သံရုံးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့သည်။ ကော်မရှင်က လျှောက်ထားသူများသည် အမှန်တကယ် မဲပေးပိုင်ခွင့် ရှိသူများဟုတ်၊ မဟုတ် စိစစ်သည်။ မဲပေးခွင့်ရှိသူမှန်ပါက ၎င်းတို့၏ အမည်စာရင်းကို သံရုံးများက မဲစာရင်းအဖြစ် ကြေညာပေးသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ၆၁ (က) အရ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးစသည့် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက် သက်ဆိုင်ရာနိုင်ငံအတွင်း အခြေစိုက်သည့်ရုံးတစ်ခုခုက နေရာသတ်မှတ်၍ အဆိုပါနိုင်ငံများရှိ မဲဆန္ဒရှင်များကို စုစည်းကာ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးရသည်။

လွန်ခဲ့သည့်ရွေးကောက်ပွဲများတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများသည် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများတွင် မဲပေးခဲ့ကြရသည်။ ထိုင်းနိုင်ငံတွင်မူ မြို့တော်ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးတို့တွင် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခဲ့ကြသည်၊။

ယင်းပုံစံအတိုင်း ဆက်လက်ကျင့်သုံးနေပါက ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအချို့သာ မဲပေးနိုင်မည်ဖြစ်ပြီး လူများစုဖြစ်သည့် ရွှေ့ပြောင်းလုပ်သားများသည် မဲပေးခွင့်လက်လွှတ်ဆုံးရှုံးရဖွယ်ရှိသည်ဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူများက ဆိုသည်။

“ထိုင်းတောင်ပိုင်းကနေ ဘန်ကောက်မှာ သွားပြီးမဲထည့်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”ဟု FED အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က အခိုင်အမာဆိုသည်။

ထိုင်းရှိ မဲပေးပိုင်ခွင့်ရှိသော မြန်မာနိုင်ငံသားနှစ်သန်းဝန်းကျင်တွင် ထက်ဝက်ခန့်သာ ဘန်ကောက်နှင့် အနီးတစ်ဝိုက်တွင်နေထိုင်ပြီး ကျန်တစ်ဝက်ခန့်သည် အခြားခရိုင်များတွင် နေထိုင်သူများဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် နေထိုင်သည့် မြန်မာတစ်ဦးအဖို့ ဘန်ကောက်သို့ ကြိုတင်မဲ သွားထည့်မည်ဆိုပါက အနည်းဆုံး ခရီးစရိတ် ထိုင်းငွေ ဘတ် ၂,၀၀၀ (မြန်မာငွေ ကျပ် ၉၀,၀၀၀ဝန်းကျင်) ကုန်ကျမည်ဖြစ်သည်။ ယင်းပမာဏသည် တစ်ရက်လျှင် ဘတ်၃၃၀ (မြန်မာငွေ ကျပ်၁၄,၀၀၀)ခန့်သာ ရရှိသော ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးအတွက်မူ ၎င်း၏ခြောက်ရက်စာ လုပ်အားခနှင့် ညီမျှသည်ဟု ဦးထူးချစ်က တွက်ချက်ပြသည်။

ကြိုတင်မဲထည့်ရုံမျှအတွက် ခြောက်ရက်လုပ်အားခကို သုံးစွဲရန်မှာ လုပ်ခလစာနှိမ့်ပါးသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက်မူ ကြီးစွာသော စွန့်စားမှုကြီးဖြစ်သည်။

ဘန်ကောက်နှင့်နီးစပ်သည့်တိုင် မဟာချိုင်ဒေက ရွှေ့ပြောင်းလုပ်သားတစ်ဦးအဖို့ မြို့တော်ရှိ မြန်မာသံရုံးသို့ သွားရောက်မဲထည့်ရေးမှာ ငွေကုန်ပေါက်တစ်ခုဖြစ်နေသည်။ ဖရွန်းတီးယားမြန်မာက မဟာချိုင်ရှိ ရွှေ့ပြောင်းလုပ်သားများကို အင်တာနက်၊ တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းမှုအရ ဘန်ကောက်သို့ အချင်းချင်းအစုအစပ်ဖြင့် ကားငှား၍ သွားရောက်မည်ဆိုလျှင်ပင် အနည်းဆုံး တစ်ဦးကို ဘတ် ၁,၀၀၀ (ကျပ်ငွေ ၄၂,၀၀၀ ဝန်းကျင်) ကုန်ကျမည်ဖြစ်သည်။ 

သို့ဖြစ်ရာ ပြည်တွင်းက မဲဆန္ဒရှင်များကရွေးကောက်ပွဲတွင် အပူအပင်မရှိ မဲပေးနိုင်ကြသော်လည်း ပြည်ပရောက်မြန်မာများ၊ အထူးသဖြင့် ထိုင်းနိုင်ငံအတွင်းက ဝင်ငွေနှိမ့်ပါးသည့် ရွှေ့ပြောင်လုပ်သားများအဖို့ အသဲကြားက မဲတစ်ပြားအတွက် ငွေကြေးအသပြာများ သုံးစွဲကြရမည့်အခြေအနေသို့ ရောက်ရှိနေသည်။

မွန်ပြည်နယ်၊ မုဒုံမြို့မှ မဟာချိုင်သို့ လာရောက်လုပ်ကိုင်နေသည်မှာ ခုနှစ်နှစ်ခန့်ရှိပြီဖြစ်သည့် မင်းဉာဏ်ထွန်းကမူ ကုန်ကျစရိတ်များကို မငှဲ့ကွက်ပေ။ ကြိုတင်မဲပေးရမည့်နေ့တွင် အလုပ်မပိတ်မှာကို စိုးရိမ်နေသည်။

“အလုပ်ဖွင့်ရက်နဲ့ကြုံရင်တော့ မဲပေးဖို့မလွယ်ဘူး”ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာသံရုံးအနေဖြင့် ကြိုတင်မဲပေးမည့်သူ အရေအတွက်အလွန်များပြားပါက မည်သို့ စီမံခန့်ခွဲမည်ကို သိလိုသည်ဟု MWRN အတွင်းရေးမှူး ဦးစိန်ဌေးက ပြောသည်။ လူဦးရေများစွာကို နေရာတစ်ခုတည်းတွင်သာ စုပြုံ၍မဲပေးစေခြင်းက အလုပ်မတွင်ကြောင်း ၎င်းက ထောက်ပြသည်။

၂၀၁၅ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့် စင်ကာပူရောက်မြန်မာနိုင်ငံသားဦးရေသည် ၁၅,၀၀၀ ကျော် ရှိခဲ့သည့်အတွက် မဲပေးသူအချို့သည် ညအိပ်စောင့်ဆိုင်းခဲ့ရပြီး၊ အချိန်မလုံလောက်သဖြင့် သံရုံးက မဲပေးသည့်နေ့ရက်ကို တိုးမြှင့်ခဲ့ရသည်ဟု ဦးစိန်ဌေးက ထောက်ပြသည်။

“မဲပေးနိုင်တဲ့အရေအတွက် နှစ်သန်းမှာ တစ်ရာခိုင်နှုန်းဆို ၂၀,၀၀၀ ပေါ့နော်။ လူဦးရေ ၂၀,၀၀၀ လောက် မဲလာပေးမယ်ဆိုရင်တောင် သံရုံးလက်ခံနိုင်စွမ်းကို ကြည့်ရဦးမယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် အခြေအနေကြောင့် လူစုလူဝေးဖြင့် မဲပေးခွင့်ရရန်မှာ ပိုမိုခက်ခဲမည်ဖြစ်ကြောင်း FEDအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ထောက်ပြသည်။ 

“ဘန်ကောက်ပတ်ဝန်းကျင်မှာ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲထည့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ” ဟု ၎င်းကပြောသည်။

အဆင်ပြေမယ့် နည်းလမ်း 

အလားတူ ဂျပန်တွင်လည်း သံရုံးများနှင့်ကောင်စစ်ဝန်ရုံးများတွင်သာ မဲပေးနိုင်သည်ဖြစ်၍ မြို့တော်တိုကျိုနှင့် အနီးတစ်ဝိုက်တွင် နေထိုင်သူများသာ မဲပေးရန် အဆင်ပြေလိမ့်မည်ဖြစ်ကြောင်း  ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း(ဂျပန်) အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော်စိုးက ပြောဆိုသည်။ 

တိုကျိုတွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ယခုကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်တွင် နေရာတစ်ခုတည်းတွင် စုပြုံမဲပေးရန်မှာ ၎င်းတို့ကဲ့သို့ မဲဆန္ဒရှင်များအတွက် အခက်အခဲများစွာရှိသည်ဟု ဆိုသည်။

“ဆန္ဒရှိရင်တောင် ငွေရေးကြေးရေးကြောင့် လာလို့မရဖြစ်နေတယ်။ လူအများကြီး တစ်စုတစ်ပြုံ လာဖို့ကလည်း အကန့်အသတ်နဲ့ဖြစ်နေတယ်’’ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း(ဂျပန်)၏ အဆိုအရ ဂျပန်တွင် မြန်မာနိုင်ငံသား ၂၈,၀၀၀ ဝန်းကျင်ရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများတွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နေသူများမှာ သန်းနှင့်ချီ ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခဲ့သည့်အရေအတွက်မှာ ၂၀,၀၀၀ ကျော်သာ ရှိခဲ့သည်။ ယခုနှစ်တွင် ကြိုတင်မဲပေးမည့် ပြည်ပရောက်မြန်မာနိုင်ငံသားအရေအတွက်သည် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် ပြောင်းလဲဖွယ်ရှိသည်။ 

PACEအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က တစ်နေရာတည်းတွင်သာ မဲပေးသူအားလုံးကို စုံပြုံ၍ ကြိုတင်မဲပေးစေခြင်းသည် ပြည်ပရောက်မြန်မာနိုင်ငံသားများအတွက် အဆင်မပြေသည်မှာ “ကျိန်းသေ”ဖြစ်သည်ဟု ဆိုသည်။ သို့သော် ၂၀၁၅တုန်းက​ထက်ပို၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ မဲပေးခွင့်ရလာအောင် ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိသည့်နေရာများတွင် မဲရုံများဖွင့်လှစ်သင့်သည်ဟု FED နှင့် MWRN အဖွဲ့တို့က အကြံပြုသည်။

“မဲပေးနိုင်တဲ့ အလုပ်သမားအများစုရှိတဲ့နယ်မြေတွေမှာ မဲပုံးထားနိုင်ဖို့ သံရုံးကိုတော့ အကြံပြုထားတယ်”ဟု ဦးသန်းဇော်ထိုက်က ပြောသည်။

အလုပ်သမားများနေထိုင်သည့် နေရာမဟုတ်သည့်တိုင် သွားရလာရလွယ်ကူသည့် နေရာများတွင် မဲသွားပေးနိုင်လျှင်ပင် အဆင်ပြေကြောင်း ဦးထူးချစ်ကဆိုသည်။

မဲရုံဖွင့်လှစ်ရန် အဆင်မပြေပါကလည်း ကြိုတင်မဲပေးထားသည့် မဲလက်မှတ်များကို စာတိုက်မှတစ်ဆင့် ပေးပို့ခြင်းကိုလည်း စဉ်းစားသင့်ကြောင်း ဂျပန်ရောက်မြန်မာများ မဲပေးနိုင်ရေးဆောင်ရွက်နေသည့် ဦးကျော်ကျော်စိုးက ပြောသည်။

“စာတိုက်ကနေ မဲလက်မှတ်ကို ချိတ်ပိတ်ပြီး မဲထည့်ရမယ့်သူဆီ ပို့လိုက်မယ်။ အဲဒါကို ဖြည့်မယ်။ တစ်ခါ မဲရုံမှူးကို ချိတ်ပိတ်ပြီး ပြန်ပို့တာမျိုး။ ဒါမှမဟုတ် အွန်လိုင်းကနေမဲပေးတာကိုလည်း လုပ်ဖို့ စဉ်းစားသင့်တယ်”ဟု သူက အကြံပြုသည်။ 

“အခြေအနေတွေအရ အပြောင်းအလဲတွေ တွေးသင့်ပြီ”ဟု ၎င်းက ပြောသည်။

သံရုံးနှင့် ကောင်စစ်ဝန်ရုံးများတွင်သာ မဲပေးနိုင်သည့် ကန့်သတ်ချက်ကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားအများအပြား မဲပေးရာတွင် အခက်အခဲဖြစ်နေသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံထားသည်။ 

မေလကုန်တွင် နိုင်ငံပိုင်မီဒီယာမြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြည်ပရောက်မြန်မာများ မဲအပြည့်အဝပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နည်းလမ်းများရှာဖွေနေပြီး စာတိုက်နှင့် အွန်လိုင်းမှ မဲပေးသည့်စနစ်ကိုမူ ဥပဒေအရ ခွင့်မပြုထားကြောင်း ဖြေကြားထားသည်။

ထို့ပြင် မဲဆောက်၊ မယ်ဆိုင်နှင့် ရနောင်းတို့ရှိ အလုပ်သမား သံအရာရှိရုံးများတွင် မဲရုံများ စမ်းသပ်ဖွင့်လှစ်နိုင်ရေးကိုလည်း ဖြေရှင်းရန်နည်းလမ်းတစ်ခုအဖြစ် စဉ်းစားထားကြောင်း ဦးမြင့်နိုင်က ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဖရွန်းတီးယားမြန်မာက ကော်မရှင်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အစိုးရ၏ အလုပ်ဖြစ်မည့်နည်းလမ်းများရှာဖွေရာတွင် အားနည်းပြီး အချိန်အကန့်အသတ်ရှိခြင်းကြောင့် နိုဝင်ဘာတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရွှေ့ပြောင်းမြန်မာလုပ်သားအများစု မဲထည့်နိုင်ဦးမည်မဟုတ်ဟု ယူဆကြောင်း ဦးထူးချစ်က ဆိုသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေ ၁၀ ရာခိုင်နှုန်းလောက်မဲပေးနိုင်မယ်ဆိုရင်တောင် ဒီနှစ်က အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ၁၀ ရာခိုင်နှုန်း ပြည့်ပါ့မလားလို့တောင် စိုးရိမ်နေတယ်” ဟု ၎င်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.