Thai government security personnel guard a highway checkpoint in Thailand's southern province of Pattani in April after the country went into lockdown. (AFP)
ထိုင်းနိုင်ငံတောင်ပိုင်း၊​ နောင်ချစ်ခရိုင်တွင် မလေးရှားနိုင်ငံမှ ပြန်လာသည့် ၎င်းတို့၏နိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ဧပြီလအတွင်းက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ကြွေးဝန်ပိ မွန်ရွှေ့ပြောင်းလုပ်သားတို့၏ ထိုင်းအပြန်ခရီးကြမ်း

မွန်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းကြောင့် မွန်ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရန် တရားမဝင်နည်းလမ်းများဖြင့် ကြိုးပမ်းကြရသည်။

လဝီဝမ် ရေးသားသည်။

နိုင်ဝပ်သည် ကျွန်ုပ်၏အိမ်အပြင်ဘက်တွင် ဆိုင်ကယ်ပေါ်ထိုင်ကာ သူ့အခက်အခဲများကို ညည်းညူပြောဆိုနေရင်း  တဖြည်းဖြည်း စိတ်ရှုပ်ထွေးလာသည်။

ဧပြီတွင် ထိုင်းနိုင်ငံမှမွန်ပြည်နယ်သို့ ပြန်လာခဲ့ပြီးနောက် အသက်၄၈နှစ်အရွယ် နိုင်ဝပ်မှာ မုဒုံမြို့ရှိ ထိုင်းပြန်မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာနည်းတူ အလုပ်တစ်ခုခုရရန် ကြိုးပမ်းရှာဖွေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့ ဇနီးမောင်နှံမှာ စိတ်ပျက်လက်ပျက်ဖြစ်လာကြသည်။

သူတို့ ထိုင်းနိုင်ငံသွား၍ အလုပ်ပြန်လုပ်ဖို့လိုလာကြောင်း သူကပြောသည်။

သူ့တွင် အစီအစဉ်တစ်ခုရှိကြောင်း၊ ပွဲစားတစ်ဦးက သူ့ကို ထိုင်းနိုင်ငံသို့ခေါ်သွားပေးမည်ဟု အာမခံပြောဆိုလာကြောင်း ဇူလိုင်၁၅ ရက်က ကျွန်ုပ်နှင့် စကားစမြည်ပြောဆိုနေကြစဉ် နိုင်ဝပ်က ဆိုသည်။

အစီအစဉ်အရ သူတို့သည် မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ပွဲစားက သူတို့ကို ပို့ဆောင်ပေးမည်ဖြစ်သည်။

ထိုနေရာမှတဆင့် အများပြည်သူသယ်ယူပို့ဆောင်ရေးဘတ်စ်ကားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရာဘာစိုက်ခင်းများရှိရာအရပ်သို့ ဆက်လက်ခရီးနှင်ကြမည်ဖြစ်သည်။

ယင်းသို့ နိုင်ဝပ်ပြောဆိုနေဟန်က မသိလျှင် အဆိုပါပွဲစားသည် ထိုင်းနိုင်ငံတစ်ဝန်း တားမြစ်ထားသည့် ခရီးသွားလာမှုကန့်သတ်ချက်များကို ဂရုစိုက်စရာမလိုဘဲ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာခွင့်ရနေသည့် အခွင့်အာဏာရှိနေသည့် ပုံစံပင်။

ကျွန်ုပ်က သူပြောသည့်အစီအစဉ်အလုပ်ဖြစ်နိုင်ချေရှိ၊ မရှိ ဆက်လက်မေးမြန်းကြည့်ရာ နိုင်ဝပ်ကိုယ်တိုင်ပင် သူ့အစီအစဉ်ကိုသူ သံသယဝင်မိပြန်သည်။ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမှာကိုလည်း ကြောက်ရွံ့ကြောင်း သူကဆိုသည်။

နောက်နှစ်ရက်အကြာတွင် သူစိုးရွံ့နေသည့်အတိုင်း အမှန်တကယ်ဖြစ်လာသည်။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည့် အခြားမွန်လူမျိုး ရွှေ့ပြောင်းလုပ်သား ၁၃ ဦးနှင့်အတူ နိုင်ဝပ်တို့ ဇနီးမောင်နှံနှစ်ဦး ရနောင်းမြို့အနီးတွင် ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။ 

၎င်းတို့ကို ထိုင်းအစိုးရက ရက်သတ္တနှစ်ပတ် ထောင်ချပြီးနောက် အဆိုပါနယ်စပ်မှပင် ပြည်နှင်ဒဏ်ပေးလိမ့်မည်ဟု နိုင်ဝပ်တို့ကို ပို့ဆောင်ခဲ့သည့် ပွဲစားက ၎င်း၏ ဆွေမျိုးတစ်ဦးကို ပြောသည်။

အဖမ်းခံရပြီးကတည်းက နိုင်ဝပ်နှင့်သူ့ဇနီးကို လုံးဝဆက်သွယ်၍မရဖြစ်နေရာ ဆွေမျိုးများက ၎င်းတို့ ဇနီးမောင်နှံအတွက် စိတ်ပူနေကြသည်။

ရွှေ့ပြောင်းလုပ်သားများ အစုလိုက်အပြုံလိုက်ထွက်ခွာခြင်း

မတ်လကုန်တွင် ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုကို ကာကွယ်တားဆီးရန်  မြန်မာနှင့်ထိုင်းအစိုးရတို့က နှစ်နိုင်ငံအကြား နယ်စပ်အဝင်အထွက်ဂိတ်များကို ပိတ်ပစ်လိုက်သည်။

ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သား ခန့်မှန်းခြေ လေးသန်းခန့်ကို အိမ်ရှင်အဖြစ်လက်ခံထားပြီး အများစုမှာ မြန်မာနိုင်ငံမှလာရောက်လုပ်ကိုင်ကြသူများဖြစ်သည်။ နိုင်ငံအတွင်း သွားလာခွင့်ကန့်သတ်မိန့် Lockdown ချမှတ်လိုက်သောအခါ ရွှေ့ပြောင်းလုပ်သား အများအပြား အလုပ်အကိုင်ဆုံးရှုံးကုန်ပြီး အချို့မှာ အလုပ်လုပ်ကိုင်ခွင့်ပါမစ်သက်တမ်း ကျော်လွန်ကုန်သည်။

ထိုကာလအတွင်း ထိုင်းနိုင်ငံ၊ တရားဝင်လမ်းကြောင်းများမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားဦးရေ ၈၆,၀၀၀ ကျော်ရှိသည်ဟု ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) မှတ်တမ်းများအရ သိရသည်။

အရေအတွက်အတိအကျမသိနိုင်သော ရွှေ့ပြောင်းလုပ်သားအတော်များများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ထိန်းချုပ်သော နယ်မြေများကတစ်ဆင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ အဆိုပါဒေသများတွင် လုံခြုံရေးတင်းကြပ်ပြီး တရားဝင်လမ်းကြောင်းများမှသာ ပြည်တွင်းသို့ ဝင်ရောက်ကြရန် တိုက်တွန်းမှုများ ရှိခဲ့သော်လည်း အဆိုပါရွှေ့ပြောင်းလုပ်သားများက လက်နက်ကိုင်များ ထိန်းချုပ်ရာနယ်မြေမှတစ်ဆင့် ဝင်ရောက်ခဲ့ကြသည်။

မတ်၂၂ ရက်မှစ၍ တရားဝင်လမ်းကြောင်းများကတစ်ဆင့် မွန်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားဦးရေ ၇,၀၀၀ ကျော်ရှိသည်ဟု IOMက ထုတ်ပြန်ထားသည်။ သို့သော် မွန်ပြည်နယ် အစိုးရကမူ ပြန်လာသည့်ရွှေ့ပြောင်းလုပ်သားအရေအတွက်သည် ၁၀,၀၀၀ကျော်ရှိသည်ဟု ဆိုသည်။

အချို့ကမူ ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်ရန် ချမှတ်ထားသော မြန်မာနိုင်ငံအတွင်းခရီးသွားလာခွင့် ကန့်သတ်ချက်ကြောင့် မွန်ပြည်နယ်အတွင်းက လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသည့် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ ချန်ရစ်ခဲ့သော ရာဘာနှင့်လယ်ယာစိုက်ခင်းများတွင် အလုပ်သမားများအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်ကြသည်။

သို့သော် ရွှေ့ပြောင်းလုပ်သားအများစုသည် အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီး မည်သည့်အချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်သွားရောက်နိုင်မည်မှာ မသေချာမရေရာသေးပေ။

အသက်၂၅နှစ်ရှိပြီဖြစ်သည့် ကိုခိုင်ထွန်းသည် သူ့ဆွေမျိုးများထံမှ ငွေကျပ်၁၀သိန်း ချေးယူထားသည်။

သူသည် ဇနီးသည်နှင့်အတူ ထိုင်းနိုင်ငံဗဟိုတောင်ပိုင်းရှိ ရာဘာခြံများသို့ပြန်သွားရန် စဉ်းစားနေသည်။ သို့သော် ထိုသို့သွားရောက်နိုင်ရန်မှာ နယ်စပ်မှခိုးဝင်ရန် ပွဲစားများကို ငွေပေးရဦးမည်ဖြစ်သည်။

သာမန်အချိန်များတွင် သူတို့သည် နယ်စပ်မှ တရားဝင်သွားရောက်ရန် ဘတ်စ်ကားခအပါအဝင် ထိုင်းဘတ် ၂,၀၀၀ (မြန်မာငွေကျပ် ၉၀,၀၀၀နီးပါး) ဝန်းကျင်ပေးရပြီး အလုပ်လုပ်ခွင့်ပါမစ်အတွက် နောက်ထပ် ဘတ် ၁၀,၀၀၀ (မြန်မာငွေကျပ် ၄၃၆,၀၀၀ ဝန်းကျင်) ပေးရသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားကတည်းက ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်ရန် မဖြစ်နိုင်တော့၍ ပြန်သွားလိုသူများသည် ပွဲစားများကို အခကြေးငွေပေး၍ နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်ကြရသည်။

နိုင်ဝပ်၏ကိုယ်တွေ့ဖြစ်ရပ်က ထိုင်းနိုင်ငံသို့ အပြန်ခရီးမှာ အန္တရာယ်များလွန်းလှကြောင်း သက်သေပြနေသည်။ ထိုင်းနိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းများသည် ကျွမ်းကျင်မှုအလယ်အလတ်နှင့် ကျွမ်းကျင်မှုနှိမ့်ပါးသော ရွှေ့ပြောင်းလုပ်သားများအပေါ် အလွန်အမင်းမှီခိုရသည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရန် ၎င်းတို့ကို အဓိကအားထားရသည်။ သို့တိုင် ထိုင်းနိုင်ငံက လုပ်ငန်းခွင်များသို့ တရားမဝင်ပြန်လည်သွားရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းလုပ်သားများကိုမူ ထိုင်းအာဏာပိုင်များက ပြင်းပြင်းထန်ထန် အပြစ်ပေးလျက်ရှိသည်။

တရားမဝင် ဝင်ရောက်လာ၍ အဖမ်းခံရပါက ရွှေ့ပြောင်းလုပ်သားများသည် ရက်ပေါင်း ၄၈ရက်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး တခါတရံ စောလျင်စွာ ပြန်လည်လွတ်မြောက်လိုပါက ထောင်အာဏာပိုင်များကို လာဘ်ထိုးကြရကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသူ ဦးထူးချစ်က ပြောပြသည်။

ကိုဗစ်-၁၉ကြောင့် အသွားအလာကန့်သတ်ခဲ့စဉ်ကစတင်၍ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်းနှင့် ဘုရားသုံးဆူ စသည့် နယ်စပ်ဝင်ပေါက်များတစ်လျှောက် ထိုင်းအစိုးရက လုံခြုံရေးကို တင်းကျပ်ထားကြောင်း ဒေသအခြေစိုက်မီဒီယာများက ဆိုသည်။

ဇူလိုင် ၂၂ရက်တွင် တံငါသည်အယောင်ဆောင်ထားသော နယ်မြေစောင့်လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးက မြန်မာရွှေ့ပြောင်းလုပ်သား၁၈ ဦးနှင့် ၎င်းတို့ကိုကူညီသည့် ထိုင်းလူမျိုးတစ်ဦးကို ဘုရားသုံးဆူဂိတ်အနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု ဘန်ကောက်ပို့စ်က သတင်းတစ်ပုဒ်ကဆိုသည်။

ပွဲစားများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခေါ်ဆောင်ရန် လူတစ်ဦးလျှင် ဘတ်ငွေထိုင်းဘတ် ၇,၅၀၀ (မြန်မာငွေ ကျပ် ၃၃၀,၀၀၀ ဝန်းကျင်)​ပေးခဲ့ရကြောင်းနှင့် ဘန်ကောက်မြို့တစ်ဝိုက်တွင် အလုပ်အကိုင်တစ်ခုခု ရရှိရန် မျှော်လင့်နေခဲ့ကြသည်ဟု အဖမ်းခံရသည့် အဆိုပါ ရွှေ့ပြောင်းလုပ်သားများက ဘန်ကောက်ပို့စ်ကို ပြောသည်။

ရွှေ့ပြောင်းလုပ်သားများသည် ကိုဗစ်-၁၉ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာ တင်ပြနိုင်ပါက ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်နိုင်ကြောင်း ထိုင်းအစိုးရက နိုင်ငံပိုင်ရုပ်သံများကတစ်ဆင့် ဇူလိုင်၁၈ရက်တွင် ကြေညာခဲ့သည်။ သို့သော် ကိုဗစ်-၁၉ရောဂါပိုးရှိ၊​ မရှိ မြန်မာနိုင်ငံအတွင်း ဆေးစစ်ပါက ကုန်ကျစရိတ် မြန်မာငွေ ကျပ် ၂၀၀,၀၀၀ ခန့် ရှိသည့်အပြင် ထိုင်းနိုင်ငံအတွင်းသို့ ရောက်လာပါကလည်း ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့် ရက်သတ္တနှစ်ပတ်ခန့် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဖြစ်သည်။ ယင်းသို့ အသွားအလာ ကန့်သတ်နေထိုင်စဉ်တွင် ကုန်ကျစရိတ်က တစ်ရက်လျှင် ထိုင်းဘတ်ငွေ ၁,၀၀၀ ဘတ် (မြန်မာငွေ ကျပ် ၄၅,၀၀၀ ဝန်းကျင်)​ ကုန်ကျမည်ဖြစ်ပြီး ယင်းကုန်ကျစရိတ်ကို ကြိုတင်ပေးချေရမည်ဖြစ်သည်။

ယင်းကုန်ကျစရိတ်များကို အလုပ်ရှင်က တာဝန်ယူရမည်ဖြစ်သော်လည်း အချို့အလုပ်ရှင်များက အဆိုပါ ကုန်ကျစရိတ်များကို အလုပ်သမားများ၏ လုပ်ခလစာများမှ ပြန်လည်ခုနှိမ်လေ့ရှိသည်ဟု ထိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တည်ထောင်သူ ဦးထူးချစ်က ဆိုသည်။

အဆိုပါနှုန်းထားများအရဆိုလျှင် တစ်ရက် ဘတ်၃၀၀ (မြန်မာငွေ ကျပ်၁၃,၀၀၀ခန့်) သာ ရရှိသည့် နေ့စားစိုက်ပျိုးခြံလုပ်သားတစ်ဦးသည် ယင်းငွေပမာဏ ပြန်ကျေရန်အတွက်ဆိုလျှင် ၎င်း၏လုပ်ခ နှစ်လမှသုံးလစာခန့်အထိ ဖြတ်တောက်ခံရမည့်ကိန်းဆိုက်နေသည်။ (ကိုဗစ်-၁၉ ဆေးစစ်ခ ကျပ်နှစ်သိန်း၊ အသွားအလာကန့်သတ် နေထိုင်ကာလ တစ်ရက်လျှင် ကျပ်၄၅,၀၀၀နှင့် ၁၄ရက်အတွက် ကျပ်၆၃၀,၀၀၀ ကိုပါ ထည့်တွက်သည်)

အဝင်ခက်သော်လည်း ထိုင်းနိုင်ငံမှ ထွက်ခွာရန်မှာ လွယ်ကူလှကြောင်း ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ ခရိုင်သို့ မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ လာရောက်၍ သစ်သီးဝလံများ ရောင်းချနေသူ အသက် ၄၀နှစ် ရှိပြီဖြစ်သည့် မိဘုတ်က ပြောသည်။

အသက်၁၂အရွယ်ရှိပြီဖြစ်သည့် သမီးဖြစ်သူသည် ၎င်းတို့ထံသို့ ထိုင်းမြန်မာနယ်စပ်ဂိတ်ပိတ်လုဆဲဆဲအချိန် မတ်လအတွင်း လာရောက်လည်ပတ်ခဲ့သည်။​ နယ်စပ်အဝင်အထွက်ကို ပိတ်လိုက်သောအခါ သမီးဖြစ်သူသည် ၎င်းတို့နှင့်အတူ ထိုင်းနိုင်ငံအတွင်း လပေါင်းများစွာကြာအောင် သောင်တင်နေတော့သည်။

ဇူလိုင်လကုန်တွင် ကျောင်းများပြန်ဖွင့်မည်ဟု မြန်မာအစိုးရက ကြေညာခဲ့ရာ မိဘုတ်နှင့်အမျိုးသားဖြစ်သူသည် ၎င်းတို့၏ သမီးငယ်ကို မြန်မာပြည်သို့ ပြန်ပို့ရန် ဆုံးဖြတ်လိုက်ကြသည်။ ဇူလိုင်၈ရက်တွင် သမီးဖြစ်သူကို မြန်မာဘက်အခြမ်း ဘုရားသုံးဆူမြို့နှင့် နီးစပ်၍​ မွန်လူမျိုးအများစုနေထိုင်ရာ စံခလဘူရီမြို့သို့ ခေါ်ဆောင်သွားကြသည်။

အစီအစဉ်အရ ထိုမှတစ်ဆင့် သမီးငယ်ကို မြန်မာပြည်သို့ပြန်လည်ခေါ်ဆောင်ပေးရန် ဦးလေးတော်စပ်သူထံ အပ်နှံပြီး ၎င်းတို့က ထိုင်းနိုင်ငံအတွင်းနေရပ်သို့ ပြန်လှည့်လာခဲ့ကြသည်။

သို့သော် အပြန်လမ်းခရီး စံခလဘူရီရောက်ခါနီးတွင် ထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုက ၎င်းတို့ကို ဖြတ်သန်းသွားလာခွင့် မပြုဘဲ တားမြစ်ခဲ့သည်ဟု မိဘုတ်က ဆိုသည်။ အသွားခရီးတွင် မည်သည့်ပြဿနာမှ မရှိခဲ့သော်လည်း အပြန်တွင် ၎င်းတို့ကိုင်ဆောင်သည့် အထောက်အထားများသည် ရွှေ့ပြောင်းလုပ်သားများကို ထုတ်ပေးသည့် အလုပ်သမားလက်မှတ်များဖြစ်နေရာ ထိုင်းစစ်တပ်အာဏာပိုင်များက ဝင်ရောက်ခွင့် ငြင်းပယ်ခဲ့သည်။

မျိုးစုံတောင်းပန်သော်လည်း ထိုင်းအာဏာပိုင်များက ၎င်းတို့ကို စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပြုခဲ့ပေ။ ထိုသို့ရှိနေစဉ် ၎င်းတို့ကို စာနာထောက်ထားသော ရဲအရာရှိတစ်ဦးက စံခလယ်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် ခရီးနှင်ပါက စစ်ဆေးရေးဂိတ်ကို ရှောင်လွှဲနိုင်ကြောင်း ၎င်းတို့ကို ပြောဆိုခဲ့ပြီး၊ စစ်ဆေးရေးဂိတ် အလွန်တွင် ကားတစ်စီးအသင့်စောင့်ဆိုင်းခိုင်းရန်နှင့် ထိုမှတစ်ဆင့် ခရီးဆက်ကြရန် အကြံပေးခဲ့သည်။

မိဘုတ်သည် အဆိုပါအရာရှိ အကြံပေးသည့်အတိုင်း ထိုင်းလူမျိုးတစ်ဦးအား ဘတ် ၁,၅၀၀ (ကျပ် ၆၅,၀၀၀ခန့်) ပေး၍ ကားချည်းသက်သက် စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းစေပြီး တစ်ဘက်တွင် စောင့်နေစေသည်။ ၎င်းတို့ကမူ စက်လှေတစ်စီးကို ဘတ် ၃၀၀၀ (ကျပ် ၁၃၀,၀၀၀) ဖြင့် ငှားရမ်း၍ စစ်ဆေးရေးစခန်းများကို ရှောင်လွဲကာ ရေလမ်းအတိုင်း ခရီးဆက်ခဲ့ကြသည်။

“ကျွန်မတို့လှေက စစ်ဆေးရေးဂိတ်ရှိတဲ့ တံတားအောက်က ဖြတ်သွားပြီး တစ်ဘက်ကမ်းကိုရောက်တယ်။ တစ်ဘက်မှာ ကားသမားက ကျွန်မတို့ကိုစောင့်နေတယ်” ဟု မိဘုတ်ကပြောသည်။

ထိုမှတစ်ဆင့် ၎င်းတို့၏ လုပ်ငန်းခွင့်ရှိရာ ကန်ချနဘူရီခရိုင်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သူက ဆိုသည်။

မိခင်တစ်ဦးဖြစ်သည့်အလျောက် မိဘုတ်သည် သမီးဖြစ်သူနှင့်အတူ မြန်မာပြည်သို့ ပြန်လည်သွားရောက်နေထိုင်လို သော်လည်း ဘဝပေးအခြေအနေများကား ယင်းဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖွယ် မရှိ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံ၏စီးပွားရေးသည် အထိနာသော်လည်း ထိုင်းသည် မိဘုတ်တို့ကဲ့သို့ ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင် ရှားပါးလှသည့် မြန်မာပြည်၊ မွန်ပြည်နယ်ထက်စာလျှင် အခွင့်အလမ်းများ ရှိနေသေးသည်။

သာမန်အချိန်များတွင် မွန်ရွှေ့ပြောင်းလုပ်သားများသည် ရိုးရာနှစ်သစ်ကူးပွဲတော်ဆင်နွှဲရန် မြန်မာပြည်သို့ ဧပြီလတွင်သာ ပြန်လာလေ့ရှိပြီး မိုးဦးကျကာလတွင် ထိုင်းနိုင်ငံသို့ လုပ်ငန်းခွင်ဝင်ရန် ပြန်သွားလေ့ရှိကြသည်။

ယခုနှစ်မိုးရာသီတွင်မူ မွန်ပြည်နယ်အတွင်းက မြို့၊ ရွာများတွင် ထူးထူးခြားခြား လူစုံတက်စုံဖြစ်နေသော်လည်း တစ်ဦးတစ်ယောက်မျှ အလုပ်များနေဟန်မရှိဘဲ အားလုံးက အေးအေးလူလူပင်။ အချို့က ဝမ်းရေးအတွက် မိသားစုဝင်များအပေါ်မှီခိုကြပြီး တခါတရံ ကြွေးဝန်များပင် ပိနေကြရသည်။ လူတိုင်းက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါပြီးမည့်အချိန်ကိုသာ မျှော်လင့်စောင့်ဆိုင်းနေကြသည်။

မျှော်လင့်ချက်မဲ့၍ နေမထိထိုင်မသာနှင့် ရတက်မအေးနိုင် ဖြစ်ကြရသည်။ မကြာခဏဆိုသလို ထိုင်းနိုင်ငံသို့ စွန့်စွန့်စားစား ပြန်လည်ထွက်ခွာရန် မျှော်လင့်တကြီး ကြိုးပမ်းနေသူများကို လာရောက်ခေါ်ဆောင်သော ဗင်ကားများမြင်ရတိုင်း နိုင်ဝပ်တို့ဇနီးမောင်နှံကဲ့သို့အဖြစ်မျိုး မကြုံတွေ့ပါစေနှင့်ဟုသာ ကျွန်ုပ်ဆုတောင်းပေးနေမိသည်။

ဤဆောင်းပါးကို X-Border Local Research Network နှင့် ဗြိတိန်အစိုးရ၏ ဖွံ့ဖြိုးရေးအစီအစဉ် UK Aid က ကူညီပံ့ပိုးသည်။ ဆောင်းပါးပါ အာဘော်များသည် ဖရွန်းတီးယားမြန်မာ၏ အာဘော်သာဖြစ်ပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.