၂၀၁၉ ဇန်နဝါရီ လအတွင်းက ကရင်ပြည်နယ်၊ ကလိုရော်လေး၌ ကျင်းပသော အနှစ် ၇၀ မြောက် ကရင်တော်လှန်ရေးနေ့တွင် ကရင်ရိုးရာဒုံးယိမ်းအက ကနေသော ကရင်အမျိုးသမီးငယ်များကိုတွေ့ရစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်တီးယား)

တိုင်းရင်းသားများ၏ အမည်နာမအောင်ပွဲ

မွန်၊ ကရင်နှင့် ပအို့ဝ်တိုင်းရင်းသားများသည် ယခုအခါ ၎င်းတို့၏ရိုးရာအမည်ရှေ့ဆောင်စကားလုံးများကို တရားဝင်သုံးစွဲနိုင်တော့မည်ဖြစ်သည်။ ယင်းကို နှစ်ပေါင်းများစွာအစိုးရအဆက်ဆက်ကျင့်သုံးလာသည့် ဗမာလူမျိုးကြီးဝါဒကျင့်သုံးမှုမှ အနည်းငယ်ကွဲထွက်သောခြေလှမ်းတစ်ခုအဖြစ် တိုင်းရင်းသားခေါင်းဆောင်အချို့က ရှုမြင်သည်။

လဝီဝမ် ရေးသားသည်။

“မြေမြိုလို့ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မည်” ဟူသည့် ဆောင်ပုဒ်များကို လ.ဝ.က ရုံး (လူဝင်မှုကြီးကြပ်ရေးရုံး) များတွင် မြင်တွေ့ရလေ့ရှိသည်။

တိုင်းရင်းသားမဟုတ်သူများကို နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ရာတွင် သံသယမျက်လုံးဖြင့် သတိကြီးကြီးထားစစ်ဆေးရန် လဝကအရာရှိများကို တပ်လှန့်သတိပေးနေသည့် ဆောင်ပုဒ်များလည်းဖြစ်သည်။

သို့သော် ယင်းဆောင်ပုဒ်များသည် လူနည်းစုတိုင်းရင်းသားများအဖို့ ၎င်းတို့ကို အရွဲ့တိုက်ထားသည့် ထေ့လုံးတစ်ခုနှယ်ဖြစ်နေသည်။ အကြောင်းမှာ နှစ်ပေါင်းများစွာ ဗမာလူမျိုးတစ်မျိုးတည်းကိုသာ  ရှေ့တန်းတင်ဗဟိုပြုသော အစိုးရ၏မဟာဗမာလူမျိုးကြီးမူဝါဒကျင့်သုံးမှုကြောင့် ဖြစ်သည်။ ယင်းသို့ လူမျိုးကြီးမူဝါဒကျင့်သုံးမှုကြောင့် တိုင်းရင်းသားအဖြစ်တရားဝင်အသိအမှတ်ပြုခံရလင့်ကစား မိမိတို့၏ ယဉ်ကျေးမှုအမှတ်သညာနှင့် ဘာသာစကားတို့ ဝါးမြိုခံရသည်ဟု တိုင်းရင်းသားများကယုံကြည်ထားသည်။

ဇွန်လဆန်းက မွန်နှင့်ကရင်ပြည်နယ်အစိုးရတို့သည် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အသိအမှတ်ပြုသည့် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်အရ မွန်၊ ကရင်နှင့် ပအို့ဝ်တိုင်းရင်းသားများသည် နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားရာတွင်ဖြစ်စေ၊​ သန်းခေါင်စာရင်းပြင်ဆင်ဖြည့်စွက်ရာတွင်ဖြစ်စေ၊ သားသမီးများကို ကျောင်းအပ်ရာတွင်ဖြစ်စေ ၎င်းတို့၏ အမည်ရှေ့တွင်ပါရှိသော ရိုးရာရှေ့ဆောင်စကားလုံးများကို တရားဝင်သုံးစွဲခွင့်ရှိပြီဖြစ်သည်။ ယခင်ကဲ့သို့ ဗမာယဉ်ကျေးမှုအရ အမည်များရှေ့တွင် ထည့်သွင်းသုံးစွဲသည့် “ဦး၊ ဒေါ်၊ မောင်၊ မ” စသည်တို့ကို သုံးစွဲရန်မလိုတော့ ဟူ၍ ဖြစ်သည်။

“ဒါက အခြေခံအခွင့်အရေးပါ” ဟု အသက်၅၈နှစ်ရှိပြီဖြစ်သည့် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောသည်။

“ကျွန်တော်တို့ တောင်းဆိုတိုက်ပွဲဝင်ရဦးမယ့် တခြားအခွင့်အရေးတွေအများကြီးရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားအခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစိုးရ၏ အဆိုပါခြေလှမ်းကို ကြိုဆိုသည်။ လူနည်းစုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးကို လေးစားသမှုပြသသော ရှားရှားပါးပါး ဆောင်ရွက်ချက်ဖြစ်သည်ဟုလည်း ၎င်းတို့ကဆိုသည်။

တိုင်းရင်းသားအရေးနှင့်ပတ်သက်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့်အစိုးရသည်လည်း လူနည်းစုတိုင်းရင်းသားခေါင်းဆောင်များ၏ မကြာခဏ ဝေဖန်ခံမှုကမလွတ်ကင်းပေ။ ပါတီကို အဓိက ကျောထောက်နောက်ခံပြုသော လူများစုဗမာများကိုသာ အာဏာရပါတီကဦးစားပေးလေ့ရှိသည် တိုင်းရင်းသားများခေါင်းဆောင်များက ရှုမြင်ကြဆဲဖြစ်သည်။

အငြင်းပွားဖွယ်အကောင်းဆုံး ဥပမာတစ်ခုမှာ၂၀၁၇က မွန်ပြည်နယ်၏ မြို့တော်မော်လမြိုင်နှင့် ချောင်းဆုံမြို့ကို ဆက်သွယ်ထားသောတံတားမည်ကို ဒေသခံများ အပြင်းအထန်ကန့်ကွက်သည့်ကြားက ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အစိုးရက အမည်ပေးခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးသူရဲကောင်း ဖြစ်သည့်တိုင် ဗမာလူမျိုးတစ်ဦးဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို ဒေသခံတိုင်းရင်းသားများက သဘောမကျပေ။ မွန်ယဉ်ကျေးမှု (သို့မဟုတ်) မွန်တိုင်းရင်းသားများ၏သမိုင်းဝင်အမှတ်သညာ တစ်ခုခု၏ အမည်နာမကို တံတားအမည်အဖြစ်သတ်မှတ်ပေးရန် ဒေသခံများကတောင်းဆိုခဲ့သော်လည်း အစိုးရကလျစ်လျူရှုခဲ့သည်။

မကြာသေးမီနှစ်များက တိုင်းရင်းသားအများစုနေထိုင်ရာပြည်နယ်များတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများနေရာအနှံ့အပြားစိုက်ထူခြင်းကိုလည်း တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူများက လုံးဝမနှစ်မြို့ကြပေ။ ဗမာသူရဲကောင်းကို ရှေ့တန်းတင်ခြင်းက အတိတ်ကထင်ရှားခဲ့သော တိုင်းရင်းသားလူမျိုးစုသူရဲကောင်းများ၏ သမိုင်းကိုမှေးမှိန်စေသည်ဟုဆိုကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

တိုင်းရင်းသားများ၏ အမည်နာမ၊​ အခေါ်အဝေါ်များကို တရားဝင်သုံးစွဲရန်အသိအမှတ်ပြုခြင်းက ဗမာလူမျိုးကြီးဝါဒကျင့်သုံးမှုမှ အနည်းငယ်ခွဲထွက်လာသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု တိုင်းရင်းသားအခွင့်အရေးလှုပ်ရှားသူများကဆိုသည်။ ဗမာလူမျိုးကြီးဝါဒဆိုသည်မှာ ပညာရေး၊ ဘာသာရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍတို့တွင် ဗမာမဟုတ်သောလူမျိုးစုများနှင့် ဗမာမဟုတ်သော ဘာသာစကားများကို အဘက်ဘက်က ဖိနှိပ်ချုပ်ချယ်ေသာ အစိုးရ၏မူဝါဒပင်ဖြစ်သည်။ တရားဝင်ပြဌာန်းခြင်းမရှိသော်လည်း ဖိနှိပ်လိုသောရည်ရွယ်ချက်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးခဲ့သည့် အစိုးရ၏မူဝါဒလည်းဖြစ်သည်။

ယင်းမူဝါဒရွေ့ကြောင့် မွန်လူမျိုးများသည် လူငယ်အမျိုးသား၏အမည်ရှေ့တွင် “မင်း”ဟူသည့် ရိုးရာအမည်ဂုဏ်ပုဒ်ကို တရားဝင်တပ်ဆင်ခေါ်ဝေါ်နိုင်ပြီဖြစ်သည်။ အမျိုးသမီးများ၏အမည်ရှေ့တွင် “မိ”ကိုလည်းကောင်း၊ သက်ကြီးဝါကြီးအမျိုးသားများ၏အမည်ရှေ့တွင် “နိုင်”ကိုလည်းကောင်း အသီးသီးသုံးစွဲနိုင်ပြီဖြစ်သည်။ အလားတူ ပိုးကရင်နှင့်ပအို့ဝ်အမျိုးသမီးများ၏အမည်ရှေ့တွင် “နန့်”ကိုလည်းကောင်း၊ ပအို့ဝ်အမျိုးသားများ၏ အမည်ရှေ့တွင် “ခွန်” ၊ စကောကရင် အမျိုးသမီးများ၏ အမည်ရှေ့တွင် “နော်”နှင့် ကရင်အမျိုးသားများ၏အမည်ရှေ့တွင် “စော”စသည့် တိုင်းရင်းသားရိုးရာအမည်အခေါ်အဝေါ်များကို တရားဝင်သုံးစွဲနိုင်ပြီဖြစ်သည်။

Children study the Mon language at a school near the Shwedagon Pagoda in Yangon. (Steve Tickner | Frontier)
ရန်ကုန်မြို့ရွှေတိဂုံဘုရားအနီးမှကျောင်းတစ်ကျောင်းတွင် ကလေးငယ်များ မွန်ဘာသာစကားသင်ယူစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်တီးယား)

အဘယ်ကြောင့် အမည်နာမက အရေးကြီးသနည်း။

ယခင်က တရားဝင်စာရွက်စာတမ်းများတွင် အမျိုးသမီးငယ်များ၏ အမည်ရှေ့တွင်“မ”၊​ အမျိုးသားငယ်များ၏အမည်ရှေ့တွင်“မောင်” စသည့် ဗမာအသုံးအနှုန်းများသုံးစွဲရန် အာဏာပိုင်များက တိုင်းရင်းသားလူနည်းစုများကို အတင်းအကျပ်ဖိအားပေးလေ့ရှိသည်။ စစ်အစိုးရလက်ထက်တွင် တိုင်းရင်းသားများသည် ယင်းကို စောဒကမတက်ရဲကြပေ။ စောဒကတက်ပါကဖမ်းခံရပြီး ထောင်ချခံရနိုင်၍ဖြစ်သည်ဟု ကရင်စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌစောအေးမြက ပြောသည်။

၂၀၁၁အလွန် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အမည်ခံအရပ်သား အစိုးရနှင့် ၂၀၁၆တွင်တက်လာပြီး  ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဟုကတိပြုထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ သက်တမ်းပင်လျှင် ကုန်လွန်ရန်နီးကပ်လာပြီဖြစ်သော်လည်း ဗမာလူမျိုးကြီးဝါဒကျင့်သုံးမှုကား သက်ဆိုးရှည်ဆဲဖြစ်သည်ဟု စောအေးမြကဆိုသည်။

ယမန်နှစ်က မော်လမြိုင်မြို့တွင် ကရင်လူငယ်အချို့ ယာဉ်မောင်းလိုင်စင်လျှောက်ထားရာတွင် ကရင်ရိုးရာအမည်ရှေ့ဆောင်စကားလုံးများကို သုံးစွဲခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သည်။ ထို့ကြောင့် ကရင်လူငယ်များက ၎င်းတို့၏အမည်များတွင် “မောင်”တပ်၍ မှတ်ပုံတင်ခဲ့ရကြောင်း စောအေးမြက သူကြားသိထားသည့် ဖြစ်စဉ်တစ်ခုကိုပြောသည်။

မည်သူ့အမိန့်အရတားမြစ်သနည်းဟု မေးမြန်းရာ တာဝန်ရှိသူများက တိတိပပ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိဘဲ ဘော်လီဘောပုတ်တမ်းကစားသည့်နှယ် တစ်ယောက်နှင့်တစ်ယောက်လွှဲချနေကြသည်ဟု စောအေးမြက ဆိုသည်။

အခြားဖြစ်စဉ်တစ်ခုတွင်လည်း စင်ကာပူရှိ ကရင်မိသားစုတစ်စုသည် ကလေးမွေးစာရင်းသွင်းရန် မြန်မာသံရုံးသို့ သွားရောက်ခဲ့ရာ ဗမာအမည် ရှေ့ဆောင်စကားလုံးများကိုသာ အသုံးပြုရန်သံရုံးဝန်ထမ်းများက ေပြာကြားခဲ့သည်ဟု သူကဆိုသည်။

“ကျွန်တော်တို့က ဒါကိုဗမာလူမျိုးကြီးဝါဒကျင့်သုံးမှု တစ်စိတ်တစ်ပိုင်းလို့ရှုမြင်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ခြယ်လှယ်ချင်တဲ့ သဘောထားကျဉ်းမြောင်းတဲ့ မူဝါဒတစ်ခုပါပဲ” ဟု စောအေးမြက ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုတွေရဲ့အဖြစ်ကိုကြည့်မယ်ဆိုရင် ပြောနိုင်တာတစ်ခုကတော့ ကျွန်တော်တို့တိုင်း ရင်းသားတွေရဲ့နာမည်ရှေ့မှာ ဗမာနာမည်ခေါင်းစီးတွေကို အတင်းအကျပ်တပ်ဆင် အသုံးပြုခိုင်းတဲ့မူဝါဒတစ်ခုရှိကို ရှိနေတယ်ဆိုတာပါ” ဟု မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ မွန်ရာဇာကပြောသည်။

“ဒါက တိုင်းရင်းသားလူနည်းစုတွေကို ဖိနှိပ်တဲ့မူဝါဒပဲ” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားလူနည်းစုများက ၎င်းတို့၏ ရိုးရာအမည်ရှေ့ဆောင်စကားလုံးမျာကို အသုံးမပြုရဲသည့် အခြားအကြောင်းအရင်းတစ်ခုမှာ ခွဲခြားဆက်ဆံခံရခြင်းကြောင့်ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့က ဆိုသည်။

အစိုးရဝန်ထမ်းအလုပ်လျှောက်သည့်အခါ တက္ကသိုလ်ဘွဲ့ရချင်းအတူတူ ဗမာမဟုတ်သော လူငယ်များသည် ဗမာများထက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ပိုမိုခက်ခဲလေ့ရှိသည်ဟု မွန်ရာဇာကဆိုသည်။ အစိုးရဝန်ထမ်းဖြစ်ပါကလည်း ရာထူးအဆင့်ဆင့်သို့ တက်လှမ်းရေးသည် တိုင်းရင်းသားများအတွက် ခက်ခဲလှကြောင်း ၎င်းကဆိုသည်။ ယင်းကြောင့်ပင် မိဘများက ကလေးအမည်ပေးရာတွင် တိုင်းရင်းသားအမည်များအစား ဗမာအမည်ပိုပေးလာကြသည်ဟု သူကဆိုသည်။

“ကျွန်တော်တို့ သတိထားမိတာက တိုင်းရင်းသားတွေကို ရာထူးတိုးပေးလေ့မရှိဘူး။ အထူးသဖြင့် (မြန်မာ) စစ်တပ်ထဲမှာပေါ့” ဟု မွန်ရာဇာက ဆိုသည်။

“ကျွန်တော်တို့က ကျွန်တော်တို့သာမက တခြားတိုင်းရင်းသားတွေလည်း ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရတယ်” ၎င်းက ဆက်လက်ပြောကြားသည်။

ခွင့်ပြုချက်မရဘဲ ကရင်အာဇာနည်နေ့ကျင်းပသည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူနော်အုန်းလှကိုထောင်ချသဖြင့် ရာနှင့်ချီသောကရင်တိုင်းရင်းသားများက ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီး ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်တီးယား)

လူမျိုးစုကိုယ်စားပြုခွင့်အတွက်တောင်းဆိုတိုက်ပွဲဝင်ခြင်း

၂၀၁၀ပြည့်နှစ်ကစတင်ခဲ့သည့် နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် တိုင်းရင်းသား လူနည်းစုခေါင်းဆောင်များသည် တိုင်းရင်းသားများအပေါ်လေးစားမှုနှင့် အသိအမှတ်ပြုမှုခံရရေး တောင်းဆိုသံများ ပိုမိုအားကောင်းလာသည်။ ဗမာလူမျိုးကြီးဝါဒကျင့်သုံးမှုကိုတွန်းလှန်ရန် စုစည်းမှု ပို၍အားကောင်းလာသည်။ ယင်းသို့ကြိုးပမ်းမှုများကို အသစ်ထွက်ပေါ်လာသော တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအရေးလှုပ်ရှားသည့်အရပ်ဘက်အဖွဲ့အစည်းများက ဦးဆောင်လျက်ရှိသည်။

မွန်ပြည်နယ်တွင် ယခင်ကတားမြစ်ထားသော မွန်တိုင်းရင်းသားများ၏ ရိုးရာနှင့် ယဉ်ကျေးမှုဆိုင်ရာအသုံးအနှုန်းများ ပြန်လည်ခေတ်စားလာသည်။ လမ်းများရှိ သတိပေးဆိုင်းဘုတ်များတွင် မွန်ဘာသာစကားကို ပြန်လည်အသုံးပြုလာကြသည်။ ဗမာအမှတ်သညာများကို မွန်တိုင်းရင်းသားများ၏ သင်္ကေတဖြစ်သည့် ဟင်္သာရုပ်ပုံများနှင့် အစားထိုးအသုံးပြုလာကြသည်။ ကလေးသူငယ်များကို ကင်ပွန်းတပ်ရာတွင် မွန်အမည်များ ပိုမိုရွေးချယ်လာကြသည်။ ထို့ပြင် မွန်လူငယ်များကိုလည်း မိမိနှင့်လူမျိုးတူသူနှင့်သာ လက်ထပ်ပေါင်းသင်းရန် အချင်းချင်းတိုက်တွန်းသံများလည်း ပိုမိုကျယ်လောင်လျက်ရှိသည်။

တက်ကြွလှုပ်ရှားသူများ မျှော်မှန်းသလောက်မဟုတ်သည့်တိုင် အချို့ကဏ္ဍများတွင် အစိုးရ၏မူဝါဒ ဖြေလျှော့မှုက တဖြည်းဖြည်းရွေ့လျားလျက်ရှိသည်။

မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ မွန်ရာဇာသည် ဗိုလ်ချုပ်ကြီးနေဝင်းစစ်အာဏာသိမ်းသည့် ၁၉၆၂တွင် မွေးဖွားခဲ့သူဖြစ်ရာ ၎င်းသည် စစ်အာဏာရှင်စနစ်အောက်တွင် ကြီးပြင်းလာသူဖြစ်သည်။ ၎င်းကြီးပြင်းလာသည့် စနစ်အောက်တွင် မွန်ကလေးသူငယ်အများအပြားသည် ဗမာအမည်များကို ကင်ပွန်းတပ်သုံးစွဲကြရ သကဲ့သို့ ကျောင်းများသာမက အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင်ပါ မွန်ဘာသာစကားသုံးစွဲခွင့်ကိုပါ ပိတ်ပင်တားမြစ်ခံခဲ့ရသည်။

ယင်းသို့ပိတ်ပင်ခြင်း၏ အကျိုးဆက်အဖြစ် မွန်ဘာသာစကားဖြင့်သင်ကြားသော ပညာရေးစနစ် တည်တံ့ရေးနှင့် မွန်ယဉ်ကျေးမှု ကျယ်ကျယ်ပြန့်ပြန့်ထိန်းသိမ်းရေးတို့သည် မွန်ပြည်သစ်ပါတီ၏အဓိကကျသည့် မူဝါဒတစ်ခု ဖြစ်လာသည်။ မွန်ပြည်သစ်ပါတီသည် အစိုးရကို လက်နက်စွဲကိုင်တိုက်ခိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၆၀နှောင်းပိုင်းကာလများတွင် မွန်ပညာရေးကျောင်းများကိုနေရာအနှံ့ တည်ထောင်ဖွင့်လှစ်ခဲ့သည်။

၂၀၁၄ခုနှစ်အမျိုးသားပညာရေးဥပဒေအရ အစိုးရကျောင်းများတွင် တိုင်းရင်းသားဘာသာစကား သင်ကြားခြင်း အစီအစဉ်များ ပြန်လည်ထည့်သွင်းခဲ့သည်။ ယင်းအစီအစဉ်၏ လုပ်ငန်းစဉ်တစ်ခုအဖြစ်  ယမန်နှစ်က တိုင်းရင်းသားများကို ဘာသာစကားသင်ကြားရေးအထောက်အကူပြုဆရာများအဖြစ် ခန့်အပ်ခဲ့သည်။ ထို့ပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက် တိုင်းရင်းသားဘာသာစကားနှင့် တိုင်းရင်းသားစာပေသင်ကြားရေးတို့ကိုရှေးရှု၍ ဘာသာစကားသင်ရိုးညွှန်းတမ်းများကိုလည်း အစိုးရကရေးဆွဲလျက်ရှိသည်။

ပညာရေးကဏ္ဍတွင် အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိသော်လည်း ကျန်အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာကဏ္ဍများတွင်မူ တိုးတက်မှုမရှိဟု တိုင်းရင်းသားအရေးလှုပ်ရှားသူများကဆိုသည်။

“ကျွန်တော်တို့က ကျွန်တော်တို့သာမက တခြားတိုင်းရင်းသားတွေလည်း ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရတယ်”

မွန်ရာဇာ – အထွေထွေအတွင်းရေးမှူး၊ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း

တိုင်းရင်းသား တက်ကြွလှုပ်ရှားသူများသည်ပင် နိုင်ငံ၏တရားဝင်နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်ရန် ကြိုးပမ်းရာတွင် အကန့်အသတ်များကြောင့် ရုန်းကန်ရလျက်ရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးတစ်ခုတွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးစုတစ်စုသည် နိုင်ငံ့လူဦးရေ၏ သုညဒသမ၁ရာခိုင်နှုန်းနှင့်အထက်ရှိပါက တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာ  ရွေးကောက်တင်မြှောက်ခွင့်ရှိသည်။ သို့သော် ၎င်းတို့ကိုယ်တိုင် လူများစုဖြစ်နေသောပြည်နယ်များတွင်ရှိသည့် တိုင်းရင်းသားများကိုမူ ယင်းအခွင့်အရေးကို ပေးအပ်မထားပေ (ဥပမာ မွန်ပြည်နယ်တွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ရွေးကောက်တင် မြှောက်ခွင့်မရှိခြင်း)။ ရှမ်းပြည်နယ်အတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်ချုပ်ခွင့်ပေးအပ်ထားခြင်းခံရသည့် ဓနုနှင့် ပအို့ဝ်တိုင်းရင်းသားများအတွက်လည်း ဤသို့ပင်၊ တိုင်းရင်းသားရေးရာဝန်ကြီးတင်မြှောက်ခွင့်မရှိပေ။

ယင်းသတ်မှတ်ချက်အတိုင်းဆိုလျှင် ၂၀၁၄ပြည်လုံးကျွတ်သန်းခေါင်စာရင်းပါ တစ်နိုင်ငံလုံး၏လူဦးရေအရ တိုင်းရင်းသားရေးရာ ဝန်ကြီးရွေးကောက်တင်မြှောက်ခွင့်ရရန် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုသည် လူဦးရေ ၅၁,၄၀၀ခန့် ရှိရမည်ဖြစ်သည်။ မွန်ခေါင်းဆောင်များကမူ ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားဦးရေစုစုပေါင်းသည် ယင်းပမာဏထက် ကျော်လွန်ကြောင်းယူဆကြသည်။

လွန်ခဲ့သောခြောက်နှစ်က ၎င်းတို့စတင်ရေတွက်ခဲ့ချိန်မှ ယခုအချိန်ထိဆိုလျှင် ရန်ကုန်၏မွန်လူဦးရေသည် တစ်သိန်းခန့်ရှိပြီဟု ရန်ကုန်အခြေစိုက်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ခန့်မှန်းသည်။ သို့သော် ၎င်းတို့ အတည်ပြုနိုင်သည့် မွန်တိုင်းရင်းသားဦးရေ ၄၅,၀၀၀အနက် ၁၅,၀၀၀ခန့်ကသာ မှတ်ပုံတင်တွင် မိမိကိုယ်ကို မွန်လူမျိုးဟုစာရင်းဖြည့်သွင်းကြသည်။

ကျန်သည့်သူများက ဗမာလူမျိုးဟု မှတ်ပုံတင်တွင် ဖြည့်သွင်းခဲ့ကြသည်ဟု မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များက ဆိုသည်။ အစိုးရအုပ်ချုပ်ရေးယန္တရား၏ ခွဲခြားဆက်ဆံခံရခြင်းကြောင့် ယင်းသို့ဖြည့်သွင်းကြခြင်းဖြစ်နိုင်သကဲ့သို့ မိမိ၏မျိုးရိုးအမွေအနှစ်ထိန်းသိမ်းရေးကို အလေးမထားခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ၎င်းတို့ကဆိုသည်။

အလားတူအခြေအနေတစ်ရပ်ကြောင့်ပင် ကရင်တိုင်းရင်းသားများသည်လည်း မန္တလေးတိုင်းဒေသကြီးတွင် တိုင်းရင်းသားရေးရာဝန်ကြီး မခန့်အပ်နိုင်ဖြစ်ရသည်ဟု စောအေးမြကဆိုသည်။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသားရေးရာဝန်ကြီး၂၉ဦးရှိသည့်အနက် ငါးဦးသည် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှဖြစ်သည်။

တိုင်းရင်းသားရေးရာဝန်ကြီးများက တိုင်းရင်းသားအခွင့်အရေးများကိုရရှိအောင်ကြိုးပမ်းရာတွင် အဓိက ကျ၊ မကျ မေးမြန်းကြည့်သောအခါ မွန်ပြည်နယ်မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးသည် ရိုးရာအမည်ရှေ့ဆောင်စကားလုံးများ တရားဝင်အသုံးပြုခွင့်ရရေးကြိုးပမ်းရာတွင် ပါဝင်ခဲ့သည်ဟု စောအေးမြက ဆိုသည်။

“ဒါတိုင်းရင်းသားအခွင့်အရေးရရှိအောင်ကြိုးပမ်းရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ယောက်ရှိခြင်းက ဘယ်လောက်အသုံးဝင်တယ်ဆိုတာ ပြသနေတယ်”ဟု စောအေးမြက ဆိုသည်။

အလုပ်မလုပ်သည့်ဝန်ကြီးဌာနဟုအဝေဖန်ခံရသည့်တိုင် အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို စတင်ဖန်တီးဖွဲ့စည်းခြင်းက တိုးတက်သည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု စောအေးမြကဆိုသည်။

ယခင်က အာဏာပိုင်များသည် တိုင်းရင်းသားများနှင့်ပတ်သက်သည့်အရေးကိစ္စတစ်ခုခု ကြုံလာတိုင်း တစ်ဘက်နှင့်တစ်ဘက် လွှဲချခဲ့ကြမြဲဖြစ်သည်။

“အခုတော့ တိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေအတွက် သွားစရာနေရာတစ်ခုရှိလာတာပေါ့။ ဒါပြောင်းလဲလာတဲ့ အချက်တစ်ခုပါ”ဟု သူကပြောသည်။

“မြန်မာအစိုးရလက်အောက်မှာ တိုင်းရင်းသားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရတာက လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူး။ ဒါနိုင်ငံရေးအရ ဘယ်လောက်ဖိအားပေးနိုင်သလဲဆိုတဲ့အပေါ် မူတည်တယ်။ ဒါကို ကရင်တွေချည်းပဲလုပ်လို့မရဘူး။ တိုင်းရင်းသားတွေအားလုံး တစ်စုတစ်စည်းတည်း တောင်းဆိုဖို့လိုတယ်” ဟု စောအေးမြကပြောသည်။

လဝကရုံးများတွင် အခြားဆောင်ပုဒ်တစ်ခုကိုလည်း မြင်တွေ့ရလေ့ရှိသည်။

“ကမ္ဘာတည်နေသရွေ့ မြန်မာတည်ရှိစေရမည်” ဟူ၍ဖြစ်သည်။

ယင်းဆောင်ပုဒ်သည် မြန်မာနိုင်ငံအစဉ်သဖြင့် တည်ရှိနေမည့်အကြောင်း လူများစုဗမာလူမျိုးများကိုသာ စိတ်အာမခံချက်ပေးနိုင်ပြီး တိုင်းရင်းသားများအတွက်မူ ယင်းသို့မဟုတ်ပေ။ တည်ရှိမှုအခြိမ်းခြောက်ခံနေရသည့် တိုင်းရင်းသားများ ကြံ့ကြံ့ခံရင်ဆိုင်နေရသောအန္တရာယ်ကား ပြည်ပနိုင်ငံများမှ ထွက်ပေါ်လာသည့် ပြင်ပပယောဂကြောင့်မဟုတ်။ ပြည်တွင်းတွင်သာ ဖြစ်ပေါ်တည်ရှိနေသည့် ခွဲခြားဖိနှိပ်ဆက်ဆံခံရသည့် အခြေအနေများကြောင့်ဖြစ်သည်။

တိုင်းရင်းသားများအတွက်မူ “မြန်မာနိုင်ငံတည်ရှိနေသရွေ့ မိမိတို့၏ယဉ်ကျေးမှုများအစဉ်တည်တံ့ရေး” ပင် ဖြစ်တော့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.