“မဆောက်ခင် အနှစ် ၂၀ အတွက် ကြိုတွေးထားတယ်” မစ္စတာ ဆိုင်းရပ်စ် ပန်

နှောင့်နှေးကြန့်ကြာမှုများအပြီး Yoma Strategic Holdings ကုမ္ပဏီသည် ရန်ကုန်မြို့လယ်တွင် Landmark ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ခဲ့သည်။ Yoma Strategic Holdings ၏ အိမ်ခြံမြေလုပ်ငန်း အကြီးအကဲ မစ္စတာ ဆိုင်းရပ်စ် ပန် Mr. Cyrus Pun သည် ထိုစီမံကိန်း၏ နောက်ဆုံးတိုးတက်မှုများ၊ ထိုအဆင့်အထိ ရောက်လာရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် အခြား စီမံကိန်းများအတွက် ကုမ္ပဏီ၏ အစီအစဉ်များကို Frontier ကို ပြောကြားခဲ့သည်။

အိုလီဗာ ဆလိုး ရေးသားသည်။

Landmark စီမံကိန်းအတွက် စတင်သည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ကျင်းပတယ်လို့ သိရတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး နောက်ဆုံး တိုးတက်မှုတွေကို ပြောပြပေးနိုင်မလား။

ဒီစီမံကိန်းက ဘက်စုံစီမံကိန်း ဖြစ်မှာပါ။ ရုံးခန်းတွေအတွက် အဆောက်အအုံ ၂ ခု ပါမယ်။ ဟိုတယ် ၂ ခု ပါမယ်။ တစ်ခုက စီးပွားရေးလုပ်ငန်းသုံး ဟိုတယ်။ တစ်ခုက ပင်နယ်ဆူလာ ဟိုတယ် ဖြစ်ပါတယ်။ ပြီးတော့ အဆင့်မြင့် လူနေအိမ်ရာတွေလည်း ပါမယ်။ နာမည်ကတော့ ပင်နယ်ဆူလာ အိမ်ရာ Peninsula Residence ပါ။ ဒီအဆောက်အအုံတွေရဲ့ အောက်မှာတော့ လက်လီအရောင်းဆိုင်တွေ ရှိပါမယ်။ ဒီစီမံကိန်းရဲ့ အဓိက အစိတ်အပိုင်းကတော့ မြန်မာ့မီးရထား အဆောက်အအုံကို အမွေအနှစ် ထိန်းသိမ်းပေးတဲ့ အပိုင်းဖြစ်တယ်။ ဒီအဆောက်အအုံကို ပင်နယ်ဆူလာ ဟိုတယ် Peninsula Hotel အဖြစ် ပြောင်းလဲလိုက်မှာပါ။

ဒီအဆောက်အအုံက ဘယ်လောက် အရေးကြီးပါသလဲ။ အဆောက်အအုံက နဂိုအတိုင်း ကျန်နိုင်ပါ့မလား။

ဒါက အရမ်းအရေးကြီးပါတယ်။ ဒါက စီမံကိန်းရဲ့ သင်္ကေတ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့သားတွေအပေါ်နဲ့ အာဏာပိုင်တွေအပေါ် ထားရှိတဲ့ ကတိကတော့ ဒီအဆောက်အအုံက နဂိုမူလ ခမ်းနားမှုအတိုင်း ပြန်လည်ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့က ရန်ကုန်မှာ အကောင်းဆုံးဟိုတယ် မဖြစ်ရင်တောင်မှ အကောင်းဆုံးတွေထဲက တစ်ခုလောက်တော့ ဖြစ်ချင်ပါတယ်။

ဒီအတန်းအစား ဟိုတယ်တွေထဲမှာတော့ ထိပ်ဆုံးက ဖြစ်မှာပါ။ Peninsula က ကမ္ဘာတစ်ဝန်းမှာ ရင်းနှီးမြှုပ်နှံပြီး ဆောက်လုပ်နေတဲ့ ဟိုတယ်တွေကို ကြည့်ပါ။ သူတို့က သူတို့စီမံကိန်းကို သေသေချာချာ ရွေးချယ်ပြီးမှ လုပ်တာပါ။ ကမ္ဘာပေါ်မှာ သူတို့ဟိုတယ် ၁၁ ခုပဲ ရှိပါတယ်။ သူတို့က ဒီလိုစီမံကိန်းမျိုးတွေကိုပဲ ရွေးချယ်တာပါ။ အသေးစိတ် အချက်အလက်တွေကို မယုံနိုင်လောက်အောင် အာရုံစိုက်တတ်ပါတယ်။

အမွေအနှစ် ထိန်းသိမ်းတာက ဒီစီမံကိန်းရဲ့ အရေးပါတဲ့အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီမီးရထား အဆောက်အအုံကို နောင်လာမယ့် အနှစ် ၅၀ ကနေ ၇၀ တိုင်အောင် တည်တံ့နိုင်ဖို့အတွက် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာနဲ့ဘယ်လို ပြန်လည်တည်ဆောက်ရမယ်ဆိုတာကို အသေးစိတ် စဉ်းစားသွားမှာပါ။

ကျွန်တော်တို့က ထိန်းသိမ်းမှုကို အဓိက လုပ်ဆောင်မှာပါ။ ဖြုတ်ထုတ်ပစ်ရမယ့် အစိတ်အပိုင်း ရှိရင်လည်း တူညီတဲ့ ပစ္စည်းတွေကိုသုံးပြီး ပြန်လည်တည်ဆောက်သွားမှာပါ။

ဒီစီမံကိန်းအတွက် ကုန်ကျစရိတ်က ဘယ်လောက်ရှိမလဲ။ ဘယ်အချိန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းနိုင်မလဲ။

Peninsula မပါဘဲ တခြားစီမံကိန်း အစိတ်အပိုင်းအားလုံးက ကန်ဒေါ်လာ သန်း ၇၀၀ ကုန်ကျပါမယ်။ ဒါက ၄ နှစ် ကြာမယ့် စီမံကိန်းပါ။ ဒါကြောင့် ၂၀၂၁ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းပါတယ်။

ဒီစီမံကိန်းကို ရှေ့ဆက်ဖို့အတွက် နှောင့်နှေးမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါတွေကို ဖြေရှင်းပြီးပြီလား။ ဒီနှောင့်နှေးမှုတွေက ဘာတွေဆိုတာကို ပြောပြနိုင်မလား။

နှောင့်နှေးမှုတွေနဲ့ပတ်သက်ပြီး စာရွက်စာတမ်းတွေနဲ့ မှတ်သားထားပါတယ်။ ဒါက အလွန်ရှုပ်ထွေးတဲ့ စီမံကိန်းတစ်ခု ဖြစ်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။

ပထမဆုံးက ရင်းနှီးမြှုပ်နှံမှု အနေအထားအရ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာ ကုမ္ပဏီတွေကို ခေါ်ထားခဲ့ပါတယ်။ ဒါတွေက Yoma Strategic ၊ FMI (First Myanmar Investment) ၊ Mitsubishi Corporation နဲ့ Mitsubishi Estate တို့အပြင် IFC (International Finance Corporation) နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank တို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ပါဝင်လုပ်ကိုင်သူတွေ အများကြီး ရှိပါတယ်။

ဒီနိုင်ငံတကာ ကုမ္ပဏီကြီးတွေက သူတို့ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ဖို့အတွက် အလွန်ရှုပ်ထွေးတဲ့ တရားဥပဒေဆိုင်ရာ မူဘောင်တွေ လိုပါတယ်။ နှောင့်နှေးမှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်း တစ်ခုက ကျွန်တော်တို့မှာ ရှိပြီးသား တရားဥပဒေဆိုင်ရာ မူဘောင်တွေနဲ့ ဒီနိုင်ငံတကာ ကုမ္ပဏီကြီးတွေက လိုအပ်တဲ့ မူဘောင်တွေ မကိုက်ညီလို့ပါ။

IFC နဲ့ ADB တို့က ဒီစီမံကိန်းကို အကြွေးထုတ်ချေးပေးမယ့် သူတွေပါ။ သူတို့က ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေလည်း ဖြစ်ပါတယ်။ တခြားရှုပ်ထွေးမှု တစ်ခုက ဒီဘဏ္ဍာရေး အဖွဲ့အစည်းတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသုံးပြုတဲ့ ပေါင်နှံပစ္စည်းမျိုးကို လိုအပ်တယ်။ ဒီတော့ ဒီဘဏ္ဍာရေး အဖွဲ့အစည်းတွေက လိုအပ်တဲ့ လုံခြုံရေးစနစ်တွေ ရရှိစေဖို့ ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ရပါတယ်။

Landmark project စီမံကိန်းကို ပန်းချီဆရာက ရေးဆွဲပုံဖော်ထားသည့်ပုံ။ ဓာတ်ပုံ - Yoma Strategic Holdings

Landmark project စီမံကိန်းကို ပန်းချီဆရာက ရေးဆွဲပုံဖော်ထားသည့်ပုံ။ ဓာတ်ပုံ – Yoma Strategic Holdings

တခြားရှုပ်ထွေးမှု တစ်ခုက မြေနေရာက နှစ်ခု ဖြစ်နေတာပါ။ တစ်ခုက Peninsula Hotel အတွက်။ တစ်ခုက ကျန်တဲ့ စီမံကိန်းတွေအတွက် ဖြစ်တယ်။ ဒါကို ပိုင်းခြားထားတဲ့ စနစ်တစ်ခု ကျွန်တော်တို့မှာ မရှိသေးဘူး။ ဒီတော့ ဒီစီမံကိန်း နှစ်ခုအတွက် ရောင်းချရာမှာ နာမည်ခွဲခြားဖို့ တခြားနည်းလမ်း တစ်ခုကို ရွေးချယ်ခဲ့ရတယ်။ ရင်းနှီးမြှုပ်နှံတဲ့ လူတွေက တရားဝင် ပိုင်ဆိုင်ခွင့်ကို လိုအပ်ပါတယ်။ စီမံကိန်း တစ်ခုချင်းစီအတွက် သီးခြားအကာအကွယ် လိုအပ်ပါတယ်။

ဒီလိုအချိန်အကြာကြီးယူပြီး ဖြေရှင်းခဲ့ရတာက တရားဥပဒေ မူဘောင်ကိစ္စရပ်နဲ့ ပါဝင်လုပ်ကိုင်သူတွေရဲ့ လိုအပ်ချက် ရှုပ်ထွေးနေတာတွေကြောင့်ပါပဲ။

တခြား စိန်ခေါ်မှု တစ်ခုက ဒီအတောအတွင်းမှာ မီးရထားဝန်ကြီးဌာနမှာ အပြောင်းအလဲတွေ အများကြီး ကြုံရပါတယ်။ အခုတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပေါ့။ ဒီစီမံကိန်းကာလမှာ ကျွန်တော်တို့ ဝန်ကြီး ၃ ယောက်နဲ့ ကြုံရပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လာရင် ခေါင်းဆောင်သစ်က စီမံကိန်းကို ပြန်ပြီး စိစစ်တတ်ပါတယ်။

Yoma ရဲ့ တခြား အိမ်ခြံမြေ စီမံကိန်းတွေကရော ဘယ်လိုရှိလဲ။ သန်လျင်မြို့နယ်က Star City စီမံကိန်းရဲ့ တိုးတက်မှုကရော ဘယ်လိုရှိလဲ။

အဲဒါက အရမ်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ ပထမအပိုင်း ၂ ပိုင်းကို ပြီးစီးသွားပါပြီ။ ယူနစ် ၂,၀၀၀ လောက်ကို အသုံးပြုလို့ ရနေပါပြီ။ ဒီယူနစ်တွေ အားလုံးကိုလည်း ရောင်းချပြီးပါပြီ။ ယူနစ် ၁၀၀ လောက်ကတော့ ဝယ်ယူသူတွေ လက်ထဲကို ပေးအပ်ဖို့ စီစဉ်နေဆဲပါ။

ဝယ်ယူသူတွေကလည်း ကျေနပ်ကြပါတယ်။ အခုဆို Star City မှာ နေထိုင်သူ ၂,၁၀၀ လောက် ရှိနေပါပြီ။ သိပ်ကို သက်ဝင်လှုပ်ရှားတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေပါပြီ။ ဒီတော့ ကျွန်တော်တို့က တခြား အခြေခံ အဆောက်အအုံတွေ ထပ်ဖြည့်ပေးနိုင်ပါပြီ။ ကျွန်တော်တို့မှာ စားသောက်ဆိုင် ၉ ဆိုင်၊ စူပါမားကတ် တစ်ခု၊ ဆေးခန်း တစ်ခန်းနဲ့ တခြားထောက်ပံ့ပေးတဲ့ အဆောက်အအုံတွေ ရှိနေပါပြီ။

Star City က ပုံပေါ်လာပါပြီ။ ပိုမိုချဲ့ထွင်လာနိုင်ဖို့ပဲ ရှိပါတော့တယ်။

Star City အတွက် ရေရှည် အစီအစဉ်က ဘာတွေဖြစ်မလဲ။ သူ့ကို သီးခြားမြို့ တစ်မြို့အဖြစ် ဖန်တီးမှာလား။

ဟုတ်ပါတယ်။ အဲဒီမှာ ဖွံ့ဖြိုးရေးတွေ ဆက်လုပ်မှာပါ။ ကျွန်တော်တို့က အဆောက်အအုံတွေကို တည်ဆောက်ပေးနေရုံမကပါဘူး။ လူမှုအဖွဲ့အစည်းကိုပါ ဖန်တီးပေးမှာပါ။ ကျွန်တော်တို့က ကျောင်း တစ်ကျောင်းလည်း ဆောက်ပေးမှာပါ။ Dulwich နဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးနေပါတယ်။ ဒီကျောင်းကနေ လူမှုအဖွဲ့အစည်း တစ်ခုကို တည်ဆောက်လာနိုင်မှာပါ။ အနီးအနားမှာ ဆေးရုံတစ်ရုံကိုလည်း ဆောက်ပေးဦးမှာပါ။ ကျွန်တော်တို့ရဲ့ သွေးချင်းကုမ္ပဏီဖြစ်တဲ့ Pun Hlaing Siloam Hospital က အနာဂတ်မှာ သန်လျင်အထိ ချဲ့ထွင်နိုင်ဖို့ ကြိုးစားနေပါတယ်။ Star City မှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုက လက်လီအရောင်းဆိုင်တွေပါ။

ကျွန်တော်တို့က Star City ကို သန်လျင်မြို့ရဲ့ တခြား အစိတ်အပိုင်းတွေ အားလုံးနဲ့ ဆက်သွယ်ပေးတဲ့ သယ်ယူပို့ဆောင်ရေး ဗဟိုအဖြစ် မြင်ချင်ပါတယ်။ ရေတိုစီမံကိန်းအတွက် ကျွန်တော်တို့ ကြည့်တာမဟုတ်ပါဘူး။ လာမယ့် အနာဂတ်အတွက် ကြိုကြည့်ထားပါတယ်။ ကျွန်တော်တို့က အဆောက်အအုံတွေ မဆောက်ခင် နောင်လာမယ့် အနှစ် ၂၀ အတွက် ကြိုတင်စီစဉ်ထားပါတယ်။ မှန်ပါတယ်။ အစီအစဉ်တွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ စတင်မလုပ်ခင်မှာတော့ လာမယ့်အနှစ် ၂၀ အတွက် ကြိုတွေးထားပါတယ်။

Star City ဟာ သန်လျင်မြို့နယ်ရဲ့ အဓိက ဗဟိုနေရာ ဖြစ်လာမယ်လို့ မျှော်မှန်းပါတယ်။ ဒါကြောင့်ပဲ Star City ကို ပို့ဆောင်ဆက်သွယ်ရေး ဗဟိုဖြစ်လာအောင် ဖန်တီးဖို့ ကြိုးစားခဲ့တာပါ။

Star City က ဘယ်လိုနည်းနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဗဟို ဖြစ်လာနိုင်မလဲ။

ကျွန်တော်တို့က ဖယ်ရီဆိပ်ကမ်းလေးတွေ တည်ဆောက်ပေးဖို့ ကြိုးစားနေပါတယ်။ Star City ကနေ ရန်ကုန်မြို့လယ်ကို ပြေးဆွဲပေးမယ့် ရေယာဉ်လေးတွေ ကျွန်တော်တို့ ဝယ်ယူနေပါတယ်။ သူတို့က Star City မှာ နေထိုင်သူတွေသာမက သန်လျင်လူဦးရေအားလုံးကို ဝန်ဆောင်မှု ပေးသွားမှာပါ။

ဒီဆိပ်ကမ်းမှာ ဘတ်စ်ကားဂိတ်တွေလည်း ထားရှိမှာပါ။ ဒီတော့ မြစ်ကို ဖြတ်ကူးမယ့် လူတွေအတွက် အဆင်ပြေတဲ့ နေရာဖြစ်လာမှာပါ။ ကျွန်တော်တို့က ဖယ်ရီဆိပ်ကမ်းကို စဆောက်နေပါပြီ။ လာမယ့်နှစ်စမှာ ပြီးစီးမယ်လို့ မျှော်လင့်ပါတယ်။

အဲဒီနေရာမှာ မြစ်က အရမ်းနိမ့်တယ်လို့ သိရပါတယ်။ ဒါက ဆိပ်ကမ်းအတွက် ပြဿနာတစ်ခု ဖြစ်မလား။

မြစ်က နိမ့်ပါတယ်။ ဒီတော့ ကျွန်တော်တို့က မြစ်ထဲကို ထိုးထွက်နေတဲ့ ဘောတံတား တစ်ခုကို မီတာ ရာကျော်လောက် ဆောက်ပေးရမှာပါ။

သန်လျင်မှာက လူဦးရေများတော့ ကျွန်တော်တို့က Star City ကို လူကြိုက်များမယ်လို့ မျှော်လင့်ပါတယ်။ ဒါက Star City မှာနေတဲ့ လူတွေအတွက်သာမက သန်လျင်မှာနေတဲ့ လူတွေအားလုံးအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

တစ်ဆက်တစ်စပ်တည်း စီမံကိန်းတွေရော မရှိဘူးလား။ ဒါမှမဟုတ် အခုလက်ရှိ စီမံကိန်းတွေပေါ်မှာပဲ အာရုံစိုက်ထားတာလား။

ကျွန်တော်တို့က အခွင့်အလမ်းသစ်တွေ အမြဲတမ်း ရှာဖွေနေတာပါ။ ကျွန်တော်တို့မှာ လက်ရှိ ရှိနေတဲ့ Landmark ၊ Star City နဲ့ Pun Hlaing တို့က ရည်မှန်းထားတဲ့အတိုင်း တိုးတက်မှုတွေ ရှိနေပါတယ်။

အခုလက်ရှိမှာတော့ ဘဏ်မှာရှိတဲ့ ငွေတွေက လက်ရှိစီမံကိန်းတွေကို ဆောက်လုပ်နိုင်ရုံသာ ရှိပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းသစ်တွေ ထပ်ရှာနေပါတယ်။ အစိုးရက တင်ပြနေတဲ့ တင်ဒါခေါ်ယူမှုတွေ အားလုံးကိုလည်း ကြည့်ရှုနေပါတယ်။ မြေယာဖွံ့ဖြိုးရေးအတွက် တခြားအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ရန်ကုန်မြို့ တစ်ခုတည်း မကပါဘူး။ တခြားမြို့တွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမှာ အိမ်ခြံမြေ ကဏ္ဍမှာ အရောင်းအဝယ် ကျဆင်းမှုတွေ ဖြစ်ခဲ့ပါတယ်။ လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ ခင်ဗျားတို့ စီမံကိန်း ၂ ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုမြင်ထားပါသလဲ။

အိမ်ခြံမြေ ဈေးကွက်က နိုင်ငံစီးပွားရေးရဲ့ တိုးတက်မှုကို နည်းအမျိုးမျိုးနဲ့ အကျိုးသက်ရောက် စေပါတယ်။ နိုင်ငံ့စီးပွားရေးအပေါ် လူတွေရဲ့အမြင်ကိုလည်း ပြောင်းလဲစေပါတယ်။ လူတွေက နိုင်ငံ့ စီးပွားရေးကို အကောင်းမမြင်တဲ့အခါ အိမ်ခြံမြေ အရောင်းအဝယ်တွေ ကျဆင်းတတ်ပါတယ်။ အဲဒီလိုမျိုး ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ ကာလမှာ ဖြစ်ပွားခဲ့ပါတယ်။ ဈေးကွက်ကို အကောင်းမြင်နေတဲ့ အချိန်မှာ ဝယ်ယူတဲ့ လူတွေကလည်း တွေးတောပြီး ဝယ်ယူကြတာ ဖြစ်လို့ပါ။

နိုင်ငံအတွင်းမှာ စီးပွားရေးနဲ့ပတ်သက်ပြီး မတူညီတဲ့ ထင်မြင်ယူဆမှုတွေ ရှိလာတဲ့အခါ ဈေးကွက်က လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ပါတယ်။ အဲဒီထင်မြင်ယူဆမှုတွေ ရပ်တန့်သွားတဲ့အခါ ဈေးကွက် အပြောင်းအလဲလည်း ရပ်တန့်သွားပါတယ်။ ဒါကြောင့် လူတွေရဲ့ ထင်မြင်ယူဆချက်တွေက အရေးပါပါတယ်။

ဝယ်ယူနိုင်စွမ်းတွေ နည်းပါးနေတယ်လို့တော့ ကျွန်တော်တို့ မထင်ပါဘူး။ လူတွေက ဝယ်ယူဖို့ကို စိတ်ဝင်စားနေဆဲပါ။ ဒါပေမဲ့ တွေးတောသူတွေက သူတို့ ဘယ်လောက် အမြတ်ရရှိနိုင်မလဲဆိုတဲ့ အချက်အပေါ် မူတည်ပြီး ဆုံးဖြတ်ချက် ချတတ်ကြပါတယ်။ အိမ်ခြံမြေဈေး ငြိမ်ပြီးလှုပ်လှုပ်ခတ်ခတ် မဖြစ်ရင် သူတို့က သိပ်စိတ်မဝင်စားဘူး။

ဒါပေမဲ့ ကျွန်တော်တို့က ဈေးနှုန်းတွေ ငြိမ်နေပြီး အတက်အကျ မရှိရင် မကောင်းတဲ့ အခြေအနေပဲလို့ မယူဆပါဘူး။ ဘာလို့လဲဆိုတော့ ဈေးနှုန်း အတက်အကျ မြန်ရင် အန္တရာယ်များလို့ပါ။ ဒီတော့ နောက်လာမယ့် ၃ နှစ်ကနေ ၅ နှစ်မှာ လူတွေက ပတ်ဝန်းကျင်အသစ်ကို လိုက်လျောညီထွေ ဖြစ်အောင်နေရပါမယ်။ ကျွန်တော်တို့က အိမ်ခြံမြေ ဖွံ့ဖြိုးရေး လုပ်ဆောင်သူတွေဆိုတော့ ရေရှည်ကို ကြည့်ရပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ်လောက်ကိုပဲ မကြည့်ပါဘူး။

လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်က ပြုပြင်ပြောင်းလဲလာမှာပါ။ ကျွန်တော်တို့က လူတွေ စိတ်ဝင်စားနေတဲ့ စီမံကိန်းတွေကိုပဲ လုပ်ဆောင်မှာပါ။ အမှန်တကယ် အသုံးပြုမယ့် လူတွေကိုပဲ ပစ်မှတ်ထားသွားမှာပါ။ အမြတ်ရဖို့ ပြန်ရောင်းမယ့် လူတွေကို ပစ်မှတ်မထားပါဘူး။ ဈေးကွက်ကို အများကြီး လွှမ်းမိုးထားနိုင်မယ့် အကြောင်းအချက် တချို့လည်း ရှိပါတယ်။ ဘဏ်တွေက အပေါင်ကိစ္စကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာနဲ့ ဝယ်ယူသူတွေကို ဘယ်လို ဘဏ္ဍာရေး အထောက်အပံ့ပေးမယ်ဆိုတာတွေပါ။ လူလတ်တန်းစားတွေနဲ့ အလုပ်လုပ်နေသူတွေက ဘဏ္ဍာရေးစနစ်ရဲ့ အကူအညီနဲ့ ဝယ်ယူနိုင်မယ်ဆိုရင် ဝယ်ယူသူ အမျိုးအစားတွေ ပြောင်းလဲသွားနိုင်ပါတယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.