တိုးတက်မှု တစုံတရာ မချပြနိုင်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရ ရှင်းလင်းပွဲ

မြတ်ကျော်သူ ရေးသားသည်။

ရန်ကုန်မှာ အဓိက ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်တဲ့ ရေကြီးရေလျှံတာ၊ လျှပ်စစ်မီး မလုံလောက်တာ၊ ကားကြပ်တာ၊ ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော်မှုတွေ၊ အမုန်းစကား ပြောနေမှုတွေနဲ့ နေ့စဉ် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ၊ အလုပ်သမားပြဿနာတွေ စသည်ဖြင့် များလှတဲ့အရေးတွေကို တနှစ်ကျော်လာပြီဖြစ်တဲ့ ရန်ကုန်အစိုးရအနေနဲ့ ဘာတွေများ လုပ်ပြီးနေပြီလဲ၊ ဘာတွေ ဆောင်ရွက်ဖို့ ရှိသလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဦးဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ တိုင်းအစိုးရဲ့ တနှစ်တာအတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ယမန်နေ့ (ဇွန် ၉ရက်) က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ခုနစ်ပါးဟာ မွန်းလွဲ ၁ နာရီက စတင်ပြီး ညနေ ၃ နာရီခွဲအထိ နှစ်နာရီခွဲကျော်နီးပါးကြာမြင့်စွာ ရှင်းလင်းပြောကြားခဲ့ကြပေမယ့် ရန်ကုန်တိုင်းအတွင်းမှာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းမှု၊ ရှင်းလင်းမှု တစုံတရာ ပါမလာခဲ့ပါဘူး။

ရန်ကုန်တိုင်းအစိုးရရဲ့ ဒီရှင်းလင်းမှုဟာ စစ်ကိုင်း၊ မန္တလေးစတဲ့ တိုင်းတွေက ပြုလုပ်ခဲ့သလို တနှစ်တာလုပ်ငန်းများ ပြီးမြောက်မှုနဲ့ လုပ်ဆောင်နေမှုအခြေအနေတွေကို ရှင်းလင်းတာပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် ကဏ္ဍအသီးသီးက ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဒေါ်နီလာကျော်၊ ဦးဟံထွန်း၊ နော်ပန်းသဉ္ဖာမျိုး၊ ဦးနိုင်ငံလင်း၊ ဦးဇော်အေးမောင်တို့နဲ့အတူ ရန်ကုန်မြို့တော်ဝန်ဖြစ်တဲ့ ဦးမောင်မောင်စိုးတို့က ရှင်းလင်းခဲ့ကြပါတယ်။

စိုက်ပျိုး၊ မွေးမြူ၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းအနေနဲ့ အဓိက ပြောသွားတဲ့အချက်တွေထဲမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေ များပြားပါတယ်။ တံတားတွေ ဘယ်နှစ်စင်းဆောက်ပြီးကြောင်း၊ လယ်သမားတွေက ဘယ်လောက် ကူညီထားကြောင်း စတဲ့ အကြောင်းအရာတွေ ရှင်းပြသွားပါတယ်။ ရန်ကုန်တိုင်းဟာ သစ်တောနဲ့ဆိုင်တဲ့ကိစ္စတွေ သိပ် မများပြားပေမယ့် စွမ်းအင်နဲ့ ပတ်သက်လို့တော့ ဝန်ကြီးက ထည့်သွင်းပြောကြားသွားတာ မတွေ့ရပါဘူး။

ရခိုင်တိုင်းရင်းသားရေးရာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနတွေကို တာဝန်ယူတဲ့ ဦးဇော်အေးမောင်ကတော့ ရခိုင်ရိုးရာသြင်္ကန်ကျင်းပနိုင်ခြင်းတွေကို အသားပေးပြောကြားသွားပြီး ရခိုင်ရိုးရာယဉ်ကျေးမှုတွေ ထိမ်းသိမ်းမှုတွေလည်း လုပ်ဆောင်နေကြောင်း ဆိုပါတယ်။

“ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှာ ရခိုင်ရိုးရာ၊ ကျင်ကိုင်ပွဲ၊ ရိုးရာအစားအစာ၊ ရိုးရာအထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ အထောက်အထားများကို ပြပွဲများ၊ ရခိုင်အက၊ ရခိုင်စတိတ်ရှိုး သီချင်းဆိုပွဲများကို ကျနော် ဖော်ထုတ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရန်ကုန်တိုင်းမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားများဟာ အင်မတန် ကျေနပ်နှစ်သိမ့်ကြပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကိုပါ တာဝန်ယူထားတဲ့ သူ့အနေနဲ့ အရင်အစိုးရ လက်ထက်ကတည်းက ဒီနေ့ထိ မပြေလည်သေးတဲ့ အလုပ်သမား ပြဿနာတွေကိုတော့ ဒီနေ့ထိ ရှင်းလင်းနိုင်တာ မတွေ့ရသေးပါဘူး။ ဒီအတွက်လည်း သူနေနဲ့ အကျယ်တဝင့် ရှင်းလင်းပြသွားတာ မတွေ့ရပါဘူး။

ကရင်တိုင်းရင်းသားရေးရာ၊ ဟိုတယ်ခရီးနဲ့ ပြန်ကြားရေးဝန်ကြီး နော်ပန်းသဉ္ဖာမျိုးကလည်း ရန်ကုန်မှာ ကျင်းပနိုင်ခဲ့တဲ့ ပွဲတော်တွေအကြောင်း အသားပေးပြောကြားသွားပြီး ရန်ကုန်တိုင်းအတွင်း နေထိုင်တဲ့ ကရင်လူမျိုးတွေအတွက် လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေးကို တိုးတက်အောင် လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဟာ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာနကိုလည်း ကိုင်တွယ်ထားရပြီးတော့ လူဦးရေနဲ့ လူဝင်လူထွက် များပြားတဲ့ ရန်ကုန်မြို့မှာ တည်ခိုးခန်း၊ ဟိုတယ်တွေကို စိစစ်ရသူလည်း ဖြစ်ပါတယ်။ အဆင့်မမီဘဲ ဟိုတယ်လို့ နာမည်တပ်ထားတဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်နာမည်ခံပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ဆောင်နေမှုတွေကို အဓိကထား စစ်ဆေးရမယ့် ဝန်ကြီးဌာနလည်း ဖြစ်ပါတယ်။

ဝန်ကြီးကတော့ “ရန်ကုန်တိုင်းထဲမှာ တည်းခိုခန်း၊ ဟိုတယ် အသစ် ၁၈၃ ခု လျှောက်ခဲ့ပါတယ်။ ၁၀၃ ခု ခွင့်ပြုပြီး၊ ငါးခုကို ပယ်ချခဲ့ပါတယ်။ ၂၁ ကို စိစစ်ဆဲပဲ ရှိပါတယ်။ ဒီဟိုတယ်လုပ်ငန်းတိုးတက်မှုကို ပြောရရင် ၃၆ ရာခိုင်နှုန်း တိုးပွားလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်” လို့ ဆိုပါတယ်။ စာရင်းဇယားနဲ့ ဆိုပေမယ့် ဝန်ကြီးရဲ့ ပြောဆိုချက်တွေထဲမှာ အားရစရာကောင်းတဲ့ တိုးတက်မှုကိုတော့ အသေးစိတ် ပြောဆိုတာ မတွေ့ရပါဘူး။

ဒါပေမယ့် “တွံတေးမှာ လူမှုအခြေပြုခရီးသွားလုပ်ငန်းတခုကို ဆောင်ရွက်နိုင်ခဲ့တယ်” လို့ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံးမှာ ၁၄ ခုမြောက်ဖြစ်တယ်လို့ ဝန်ကြီးက ဂုဏ်ယူစွာ ပြောပါတယ်။

တိုင်းအစိုးရရဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကတော့ “ကျွန်တော်ရဲ့ အချိန်တော်တော်များများကတော့ ငြိမ်းချမ်းရေးမှာ ပါဝင်ဆင်နွှဲနေရတာ ဖြစ်ပါတယ်” လို့ ဝန်ခံထားပါတယ်။ ဝန်ကြီးဦးနိုင်ငံလင်းဟာ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ဝန်ကြီးဌာနက လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းရာမှာ စာဖတ်နေသလို ထစ်ထစ်ငေါ့ငေါ့ဖြစ်နေပြီး ပြောနေစဉ်မှာလည်း ခဏခဏ ရပ်တန့်သွားတာ တွေ့ရပါတယ်။

ဦးနိုင်ငံလင်းဟာ တိုင်းဒေသကြီးအဆင့် သာသနာနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ လူကယ်ပြန်ဝန်ကြီးဌာနဆိုပြီး လေးခု တာဝန်ယူထားပါတယ်။ ရန်ကုန်တိုင်းလို ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်မှုများတဲ့ တိုင်းတစ်တိုင်းမှာ ဒီဝန်ကြီးဌာနဟာ အလွန်အရေးပါတဲ့နေရာက ရှိပါတယ်။ ဒါပေမယ့် သာသနာရေးနဲ့ ပတ်သက်လို့ ဝန်ကြီးရှင်းပြသွားတာတဲ့ အထဲမှာတော့…

“သာသနာရေးနဲ့ပတ်သက်လို့တော့ တန်ခိုးကြီးဘုရားကြီး ကိုးဆူမှာ အသံမစဲ ပဌာန်းပွဲ မဟာကျမ်းမြတ်ပူဇော်ပွဲ လုပ်ခဲ့တယ်။ နှစ်ဦးမှာလည်း ပြည်သူ့ရင်ပြင်မှာ ဓမ္မသဘင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ လုပ်ခဲ့ပါတယ်” ဆိုတာကိုသာ ပြောသွားပါတယ်။

ပြည်သူရှေ့ကို ထွက်ပြတာ သိပ်မတွေ့ရတဲ့ မြို့တော်ဝန်ဦးမောင်မောင်စိုးကတော့ ဒီနေ့ပွဲမှာ ရွှင်ရွှင်မြူးမြူးနဲ့ ပျော်ပျော်ပါးပါး ရှင်းလင်းသွားတာ တွေ့ရပေမယ့် တိုးတက်မှု၊ ဖြေရှင်းမှုတွေတော့ တိတိကျကျ ပြောမသွားပါဘူး။

“တကယ်တော့ စည်ပင်ဆိုတာ သန့်ရှင်းရေးလောက်ပဲ လူတွေက ထင်နေကြတယ်။ တကယ်တော့ စည်ပင်ဆိုတာ လူတယောက် မွေးကတည်းကနေ သေတဲ့အထိ သင်္ချိုင်းရောက်တဲ့အထိ တာဝန်ယူရတာ” လို့ မြို့တော်ဝန်က ဆိုပါတယ်။

ရေကြီးရေလျှံမှုတွေအတွက် အဓိက တာဝန်ရှိတဲ့ သူက ရန်ကုန်ဟာ ပုံမှန်အားဖြင့် မိုးရာသီတရာသီလုံးမှ ရေချိန်ဟာ ခြောက်ပေထိပဲ တက်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် နှစ်နာရီတည်းနဲ့ လေးလက်မလောက်ထိ တက်လာတော့ ရေမြောင်းတွေဟာ ဒီရေတွေကို ဆွဲမချနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီရေတွေဟာ မိုးရပ်သွားတဲ့အချိန်မှာ အချိန်တိုအတွင်း ဆွဲချသွားနိုင်တဲ့အကြောင်း ပြောပါတယ်။

“မိုးရပ်ပါတော့ပဲ ဆုတောင်းရတော့တယ်။ မိုးနတ်မင်းကိုပေါ့” လို့ သူက ဆိုပါတယ်။

ဇွန် ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဒေါ်နီလာကျော်က ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဇွန် ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဒေါ်နီလာကျော်က ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရန်ကုန်ရဲ့ နေ့စဉ်ပြဿနာဖြစ်တဲ့ ကားပိတ်ဆို့မှုအတွက် အဓိက တာဝန်ရှိတဲ့ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကတော့ လက်ရှိ YBS ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုပဲ မီးမောင်းထိုးပြသွားပါတယ်။ ကားသစ်တွေရောက်လာတာတွေကို ပြောဆိုသွားပေမယ့် သတင်းထောက်တွေ မေးမြန်းခဲ့တဲ့ ဒီ YBS ကားတွေဝယ်ယူရာမှာ ဘယ်ကုမ္ပဏီ တွေကို တင်ဒါခေါ်ခဲ့သလဲ၊ တင်ဒါရော ခေါ်ယူခဲ့ပါသလား ဆိုတဲ့ မေးခွန်းတွေကိုတော့ လုံးဝ မဖြေဆိုခဲ့ပါဘူး။

ဒီနေ့ပွဲရဲ့ ထူးခြားချက်ကတော့ ခါတိုင်း သတင်းထောက်တယောက်က မေးခွန်းမေးရင် ချက်ချင်း အဲ့ဒီမေးခွန်းကို ပြန်ဖြေပေမယ့် ဒီနေ့မှာတော့ သတင်းထောက်တွေအားလုံး မေးခွန်းတွေ ဆက်တိုက်မေးပြီးခါမှ ဒီမေးခွန်းတွေ တစုတစည်းတည်း၊ တကြိမ်းတည်း အားလုံးကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက်တွေ မေးမြန်းမှုအပြီးမှာ ဒေါ်နီလာကျော်က အရင်ဆုံး ဖြေကြားခဲ့ပြီး သတင်းထောက်တွေဟာ ထပ်ဆင့်မေးခွန်းတွေ အစီအရီ မေးခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက…

“တအားလည်း ဆန္ဒမစောပါနဲ့။ တချို့ကိစ္စတွေက အပြောင်းအလဲကို သိပ်မကြောက်ကြပါနဲ့။ အပြောင်းအလဲအတွက် NLD ကို မဲပေးခဲ့တာ ဖြစ်ပါတယ်။ အပြောင်းအလဲကို ရဲရဲဝံ့ဝံ့နဲ့ ဆောင်ရွက်သွားမှာပါ” လို့ ပြောဆိုလိုက်ပါတယ်။

သတင်းထောက်တွေရဲ့ မေးခွန်းမေးမြန်းမှုတွေဟာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ တနှစ်တာအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ ဖြစ်တဲ့ YBS ကားကြပ်တာ၊ ရေကြီးရေလျှံကိစ္စတွေအတွက် ဝန်ကြီးချုပ်မဖြစ်ခင်က ပေးထားတဲ့ကတိတွေကြောင့် ဝန်ကြီးချုပ်ကို အဓိက ဦးတည်မေးမြန်းခဲ့ကြတာ ဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ဟာ စိတ်မသက်မသာ ဖြစ်တဲ့ပုံပေါ်ပါတယ်။

“မီဒီယာဆိုတာ ဒေါသ သိပ်သင့်နေလို့ မရပါဘူး” လို့သတင်းထောက်တွေကို ပြောပါတယ်။ “ဒီ စတုထ္တမဏ္ဍိုင်ကြီး တည်တံ့ခိုင်မြဲနေဖို့ဆိုတာ သတင်းမီဒီယာလောကကြီး အခုလိုရပ်တည်နိုင်ဖို့အတွက် ကျနော်တို့ဟာ အရင်ဆုံး ထောင်ကျခံပြီး ဒီသတင်းမီဒီယာလမ်းကြောင်းတွေအပေါ်မှာ ကျနော်တို့ဟာ အရင်ဦးဆုံး ရပ်ခဲ့တာပါ။ အဲ့ဒီအချိန် ကာလတုန်းက ဒီဂျာနယ်တွေ၊ စာစောင်တွေဆိုတာ နိုင်ငံရေးဆိုတဲ့ လမ်းကြောင်းပေါ်မှာ မရှိသေးပါဘူး။ အဲ့ဒီအတွက် အလကားရလာခဲ့တဲ့ အခွင့်အရေးတွေ မဟုတ်ဘူး။ ပေးဆပ်မှုကြီးကြီးတွေနဲ့ ထောင်နှုတ်ခမ်းတွေဖြတ်ပြီးရခဲ့တဲ့ အခြေအနေတွေ ဖြစ်ပါတယ်” လို့ ဆိုသွားပါတယ်။

အဲ့ဒီလိုပြောပြီးနောက်ပိုင်း ဝန်ကြီးချုပ်ဟာ သတင်းထောက်တွေ မေးမြန်းခဲ့တဲ့ မေးခွန်းတွေကို တိတိကျကျ ဖြေမသွားခဲ့ပါဘူး။ သတင်းထောက်အများစု မေးမြန်းခဲ့တဲ့ “တနှစ်တာအတွင်း ဝန်ကြီးချုပ်လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေထဲက အကျေနပ်ဆုံး၊ အအောင်မြင်ဆုံးတခုကို ပြောပါ” ဆိုတဲ့ မေးခွန်းကိုတော့…

“ကျွန်တော်ရဲ့ ဖြတ်သန်းခဲ့တဲ့ ဒီတနှစ်တာကာလအတွင်းမှာ ကျွန်တော်ဆောင်ရွက်ခဲ့ရတဲ့ ပြုပြင်ပြောင်းမှုတွေအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ဆောင်ရွက်နေတာတွေဟာ ကျွန်တော်တို့ နာမည်ကြီးဖို့၊ ကိုယ်ကျိုးရှာဖို့အတွက် လုပ်နေတာ မဟုတ်ပါဘူး” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဝန်ကြီးအများစုနဲ့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုတွေထဲမှာ အများဆုံး တွေ့ရတဲ့ စကားစုတွေကတော့ “ဆောင်ရွက်ခဲ့တဲ့ အခြေအနေ ရှိပါတယ်၊ ဆောင်ရွက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်၊ လျာထားတဲ့ အခြေအနေ ဖြစ်ပါတယ်၊ စီစဉ်ဆောင်ရွက်ဖို့ လျာထားပါတယ်၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဆိုတဲ့ စကားတွေပဲ ဖြစ်ပြီး လက်ရှိ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာအခက်အခဲတွေကိုတော့ ဒီရှင်းလင်းပွဲမှာ ပြောဆိုရှင်းလင်းသွားတာ မတွေ့ခဲ့ရပါဘူး။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.