သြဂုတ် ၄
ပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် မြို့တိုင်းရင်းသား ခြောက်ဦးအား အကြမ်းဖက်သမားများက သတ်ဖြတ်သွားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
မောင်တောမြို့နယ်၊ ကိုင်းကြီးရွာ အနောက်ဘက်၌ သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်းတွင် သေနတ်သံများ ကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ကိုင်းကြီးကျေးရွာသား ခြောက်ဦး၏ အလောင်းများအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ဓားဒဏ်ရာများ၊ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးအား သေနတ်သံများ ကြားသိရသည့် နေရာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၁၀ နာရီခန့်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြိုတိုင်းရင်းသား နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိသည့်အတွက် ဆက်လက်ရှာဖွေနေသည်ဟုလည်း ဖော်ပြထားသည်။
“အပြစ်မဲ့ မြိုတိုင်းရင်းသားများအား အကြောင်းမဲ့ သတ်ဖြတ်သွားသည့် အစွန်းရောက် အကြမ်းဖက်သမားများအား ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုင်းကြီးကျေးရွာခေါင်းဆောင် ဦးစိန်လှမောင်က သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အေအက်ဖ်ပီကို ပြောကြားသည်။
“သူတို့ ဓားတွေနဲ့လည်း အထိုးခံရသလို သေနတ်နဲ့လည်း အပစ်ခံခဲ့ရတယ်” ဟု၎င်းကပြောသည်။ ၎င်းက ထိုသို့ ပြောကြားနေချိန်တွင် အမျိုးသမီးများ၏ ငိုသံကို တယ်လီဖုန်းထဲတွင် ကြားနေရသည်ဟုလည်း အေအက်ဖ်ပီက ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလက စတင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု Arakan Rohingya Salvation Army ဟု ၎င်းတို့ကိုယ်၎င်း ခေါ်တွင်သည့်အဖွဲ့က ပြောကြားထားသည်။ အဆိုပါအဖွဲ့က ကျေးရွာသားများ၊ အထူးသဖြင့် အာဏာပိုင်များနှင့် နီးကပ်သည့် မူဆလင်များအား သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု အစိုးရက စွပ်စွဲထားသည်။
ထိုစွပ်စွဲမှုများကို ထိုအဖွဲ့က ငြင်းဆိုထားပြီး အရပ်သားများကို သတ်ဖြတ်ခြင်းမရှိဟု အတည်အပြုနိုင်သည့် Twitter အကောင့်တစ်ခုမှတစ်ဆင့် ကြေညာထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သတ်ဖြတ်ခံထားရသူများ၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သလို အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်သည့် နေရာများကို တွေ့ရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။