လွန်းညာကျောက်ကျင်းအပေါ် ဝေဖန်မှုကို ပြစ်တင်မာန်မဲခဲ့တဲ့ ကရင်ဝန်ကြီးချုပ်

ဆုမြတ်မွန် ရေးသားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ ငွေကြေးပံံ့ပိုးမှုနဲ့ အဝေးပြေးလမ်းကို အဆင့်မြင့်တင်ရေးအတွက် တရုတ် ကန်ထရိုက်တာတစ်ဦးက အသုံးပြုလိုနေတဲ့ ဘားအံအနီးက ကျောက်ကျင်းတစ်ခု ချဲ့ထွင်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့အတွက် ဒေသခံတွေကို ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြစ်တင် မာန်မဲခဲ့ပါတယ်။ ဒေသခံတွေအနေနဲ့ အငြင်းပွားဖွယ် ကျောက်ကျင်း စီမံကိန်းတစ်ခုကို မရိုးသားတဲ့ စိတ်နဲ့ ဆန့်ကျင်ခဲ့တာဖြစ်ပြီး၊ ဒီလိုမျိုး စီမံကိန်းတွေကြောင့် ထိခိုက်သူတွေနဲ့ တိုင်ပင်ဖို့ မလိုအပ်ဘူးလို့လည်း သူက ဆိုပါတယ်။

အနီးမှာရှိတဲ့ ကျောက်ကျင်းနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ မေ ၁၂ ရက်နေ့က လွန်းညာရွာသားတွေနဲ့ အကြိတ်အနယ်ဆွေးနွေးတဲ့ အစည်းအဝေးမှာ ရွာသားတွေက လျော်ကြေးလိုချင်လို့ ဒီစီမံကိန်းကို ပိတ်ဆို့နေတာဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ အေဒီဘီက ငွေကြေးထောက်ပံ့တဲ့ အဝေးပြေးလမ်းစီမံကိန်းအတွက် လွန်းညာတောင်က ကျောက်ကျင်းကို အသုံးပြုဖို့ စီစဉ်ခဲ့တဲ့ တရုတ်ကန်ထရိုက်တာထံ ငွေထုတ်ပေးမှု ရပ်ဆိုင်းထားတယ်လို့ အေဒီဘီက အတည်ပြုပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ရဲ့ သုံးသပ်ချက် ပေါ်လာတာ ဖြစ်ပါတယ်။

ကျောက်ကျင်းနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ပျက်နေတာတွေကို အေဒီဘီက စိုးရိမ်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Frontier ကို ပြောပါတယ်။ ပြီးတော့ အခြေအနေကို နိုးနိုးကြားကြားနဲ့ စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ “အေဒီဘီမှာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တင်းကျပ်တဲ့ ပေါ်လစီတွေ ရှိပါတယ်။ ဒါတွေကို အပြည့်အဝ လိုက်နာမှုရှိစေဖို့ အစိုးရနဲ့ ဆက်လက်အရေးယူမှုတွေကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” လို့ ပြောခွင့်ရသူက ဆိုပါတယ်။ ဒါ့အပြင် အေဒီဘီရဲ့ ဘေးအန္တရယ် ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့ အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းချက်တွေကို မလိုက်နာတာကြောင့် ကန်ထရိုက်တာထံ ငွေထုတ်ပေးမှုကို ရပ်ထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အေဒီဘီက ပြောတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးသက်ရောက်မှုတွေအပေါ် အကဲဖြတ်မှုတွေ မလုပ်မချင်း၊ နောက်ပြီး အသက်မွေးဝမ်းကျောင်းမှုတွေကို မထိခိုက်ဘူးဆိုတာ မပြနိုင်မချင်း ကျောက်ကျင်းအသုံးပြုမှုကို ရပ်တန့်ဖို့ China Road and Bridge Corporation (CRBC) ကို ဖိအားပေးမယ်လို့ ဆိုပါတယ်။ ကျောက်ကျင်း ဖြစ်ပေါ်လာမှုအပေါ် ဒေသခံတွေရဲ့ ဆန့်ကျင်မှုအကြောင်း အသေးစိတ်ဖော်ပြခဲ့တဲ့ An army, a mountain and the ADB ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို Frontier က ဖော်ပြခဲ့ပြီးတဲ့နောက်မှာ အေဒီဘီရဲ့ ဆုံးဖြတ်ချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အငြင်းပွားမှုမှာ ဒေသခံ စစ်ခေါင်းဆောင်တစ်ဦးနဲ့ အစိုးရအရာရှိတွေကို ဒေသခံတွေက အံတုဖက်ပြိုင်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ဒေသခံအများအပြားက ကျောက်ကျင်း ချဲ့ထွင်မှုကို ဆန့်ကျင်ကြပါတယ်။

ဒီတောင်ကို ခင်ဗျားမပိုင်ဘူး

Myanmar Now သတင်းဌာနက ဖော်ပြခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ မေ ၁၂ ရက်နေ့က ဒေသခံတွေကို ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က တွေ့ဆုံပြောကြားနေတာကို ရိုက်ပြထားပါတယ်။ အဲဒီမှာ အစိုးရအနေနဲ့ ဒေသခံတွေနဲ့ ကျောက်ကျင်းကိစ္စ ဆွေးနွေးဖို့ အတင်းအကျပ် တောင်းဆိုခံနေရပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဒေသခံတွေနဲ့ တိုင်ပင်သင့်သလားဆိုပြီး ဒေသခံတစ်ဦးဖြစ်တဲ့ စောစိုးမိုးကျော်က မေးမြန်းတဲ့အခါမှာတော့ “နိုင်ငံတော်စီမံကိန်းဆိုတာ ကျွန်မတို့က ပြည်ထောင်စုအစိုးရကို ကန့်ကွက်ပိုင်ခွင့်မရှိဘူး။ ဘာလဲ ဒီလမ်းကြီးဖောက်တာ မကျေနပ်ဘူးပေါ့” ဟု နန်းခင်ထွေးမြင့်က ပြန်လည်မေးမြန်းခဲ့ပါတယ်။

“မကျေနပ်တာ မဟုတ်ဘူး၊ ညှိနှိုင်းဆွေးနွေးမှု မလိုဘူးလား(လို့) ကျွန်တော်တို့က သိချင်တာ”လို့ ပြန်လည်မေးမြန်းချိန်တွင် ဝန်ကြီးချုပ်နှင့်အတူပါလာသည့် အစိုးရအရာရှိတစ်ဦးက “မြေရယ်၊ လေရယ်၊ ရေရယ်ဆိုတာက နိုင်ငံတော် ပိုင်တယ်၊ ငါ့ညီတို့ မပိုင်ဘူး” လို့ ဝင်ရောက်ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ပြည်သူ့အသံကို နားထောင်မယ်လို့ အစိုးရက ပြောထားတယ်ဆိုပြီး စောစိုးမိုးကျော်က ထောက်ပြခဲ့ပါတယ်။ အနီးအနားက နေထိုင်သူတွေက စီမံကိန်းနဲ့ပတ်သက်လို့ ဘာသတင်းအချက်အလက်မှ မသိရပေမယ့် စက်ယန္တရားကြီးတွေနဲ့ ကျောက်ကျင်းမှာ ကျောက်ထုတ်နေတာလို့လည်း သူက မကျေမနပ် ပြောဆိုပါတယ်။ ဒါဟာ ရွာအတွက် ဆူညံနေလို့လားလို့ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြန်လည် မေးမြန်းခဲ့ပါတယ်။ လိုအပ်လို့ စက်တွေသုံးနေတာလို့လည်း သူက ဆက်ပြောပါသေးတယ်။

“ဆူညံတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းတွေ မစတင်ခင်မှာ ရွာသားတွေနဲ့တော့ တိုင်ပင်သင့်တာပေါ့”လို့ စောစိုးမိုးကျော်က တုံ့ပြန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ နန်းခင်ထွေးမြင့်က နောက်ဘက်လှည့်ပြီး စိတ်ပျက်တဲ့ပုံစံနဲ့ အာမေဋိတ်သံတစ်ခု ပြုခဲ့ပါတယ်။ “အဲဒီ စီမံကိန်းဧရိယာမှာ ငါ့ညီရဲ့ လယ်ယာမြေ၊ ဒါမှမဟုတ် ပိုင်တဲ့အရာတွေ ရှိရင် ဒါနဲ့ပတ်သက်လို့ ငါ့ညီမှာ ပြောခွင့်ရှိတယ်” လို့လည်း အစိုးရအရာရှိက စောစိုးမိုးကျော်ကို ပြောခဲ့ပါတယ်။

ဒါက ပြည်သူတွေစကား နားထောင်တဲ့ အစိုးရလားဗျလို့ စောစိုးမိုးကျော်က တုန့်ပြန်ချိန်မှာတော့ “ဒါက ပြည်သူ့အသံ မဟုတ်ဘူး။ ဖျက်လိုဖျက်စီးအသံ။ ပြည်သူ့အသံမဟုတ်ဘူး။ အဲဒါနင့်အသံ” လို့ ဝန်ကြီးချုပ်က သူ့ကို လက်ညိုးထိုးပြီး ပြောလိုက်ပါတော့တယ်။

အာဏာရှင်စနစ်ထက် ပိုဆိုးတယ်

သူ့ရဲ့မေးခွန်းတွေအပေါ် ဝန်ကြီးချုပ်ရဲ့ တုံ့ပြန်မှုကို သူနဲ့ အခြားဒေသခံတွေက စိတ်ပျက်တဲ့အကြောင်း အစည်းအဝေးအပြီးမှာ စောစိုးမိုးကျော်က Frontier ကို ပြောပါတယ်။ “ကျွန်တော် အမြင်ပြောရရင် ဒီလိုစကားလုံးတွေ ထွက်လာမှတော့ ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ ဝန်ကြီးချုပ် မလုပ်သင့်တော့ပါဘူး။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဥပဒေဘောင်အတွင်းက ပြောရမဲ့အစား ဥပဒေဘောင်ကို ကျော်ပြီးပြောတယ်” လို့ စောစိုးမိုးကျော်က ဆိုပါတယ်။

ဒေသခံတွေနဲ့ အစည်းအဝေးလုပ်ဖို့ အတင်းအကျပ် ဖိအားပေးခံတဲ့အပေါ် ဝန်ကြီးချုပ်က စိတ်ကသိကအောက် ဖြစ်နေပုံရတယ်လို့ သူကပြောပါတယ်။ “ကျွန်တော်အမြင်တော့ သူဒီကို ရောက်လာတော့ ဒေါသထွက်နေပုံရတယ်” လို့ သူကဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ မကျေနပ်ချက် တိုင်တန်းချက်တွေက ခေါင်းခဲစရာပဲလို့ ဝန်ကြီးချုပ်က ဒေသခံတွေကို ပြောခဲ့တယ်လို့ စောလှငွေက ပြောပါတယ်။ သူဟာ ကျောက်ကျင်းဆီသွားတဲ့ လမ်းကို ပျက်စီးစေမှုအတွက် ဒေသခံတွေကို အရေးယူဖို့ ငြင်းဆိုတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရာထူးကနေ ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ရဲ့ သဘောထားဟာ ဒီမိုကရက်တစ် တန်ဘိုးတွေကို ကတိကဝတ်ခံထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်စေခဲ့တယ်လို့လည်း သူက ပြောပါတယ်။ “တကယ်လို့ အစိုးရက ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ မလိုအပ်ဘူးဆိုရင် ဒါဟာ ဒီမိုကရေစီအစစ်မဟုတ်ပါဘူး။ အာဏာရှင်စနစ်ထက် ပိုဆိုးပါတယ်” လို့ သူက ပြောပါတယ်။ သူဟာ ပြစ်မှုဆိုင်ရာအရ အရေးယူမှုကိုလည်း ရင်ဆိုင်နေရသူဖြစ်ပါတယ်။ “ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူ့အသံကို နားထောင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒေသခံ အသိုင်းအဝိုင်းအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆန့်ကျင်နေတာ မဟုတ်ဘဲ လုပ်ငန်းမှာ ပါဝင်သူတွေ ဥပဒေနဲ့အညီသာ ဖြစ်ဖို့လိုလားတယ်ဆိုတာ အစိုးရအနေနဲ့ နားလည်ဖို့ လိုအပ်တယ်လို့ Karen River Watch က စောသာဘိုက ပြောပါတယ်။

“အစိုးရဟာ ဥပဒေကို ကျော်ပြီး လုပ်နေတယ်။ ရွာသားတွေကိုတောင် တရားစွဲဖို့လုပ်နေတယ်။ ကုမ္ပဏီက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအကဲဖြတ်ချက်(EIA) ၊ ဒါမှမဟုတ် လူမှုရေးအပေါ်သက်ရောက်မှု အကဲဖြတ်ချက် (SIA) တောင် မလုပ်ရသေးပါဘူး။ ရွာသားတွေနဲ့တောင် မတိုင်ပင်ရသေးပါဘူး” လို့ သူကပြောပါတယ်။

ဒါပေမယ့် ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးစံမော်ကတော့ ရပ်ရွာဖွံ့ဖြိုးမှု လုပ်ဆောင်ရေး ညှိနှိုင်းဖို့ ပြည်နယ်ဝန်ကြီးချုပ်က လွန်းညာကို သွားတယ်လို့ ပြောပါတယ်။ “လွန်းညာတောင် ကျောက်မိုင်းကတော့ ကုမ္ပဏီတွေ၊ ADB နဲ့ ရွာသားတွေ အကြားက ဇာတ်လမ်းတစ်ပုဒ်ပါပဲ” လို့လည်း သူက ဆက်ပြောပါတယ်။

“ဟိုးတုန်းကတော့ဗျာ ပတ်ဝန်းကျင်နဲ့ လူမှုရေးသက်ရောက်မှု အကဲဖြတ်လေ့လာရေးတွေ ဘာတွေ မလိုပါဘူး။ ဥပမာပြောရရင် ခင်ဗျားတို့ သိကြတဲ့အတိုင်း ဘားအံဘိလပ်မြေစက်ရုံ ဆောက်ကြတုန်းကတော့ ဘာ EIA တွေ SIA တွေမှ မလုပ်ခဲ့ကြပါဘူး” လို့ ကရင်ပြည်နယ် ပတ်ဝန်းကျင်၊ သစ်တော၊ သတ္တုနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ က ပြောပါတယ်။ သူက စစ်တပ်ပိုင် မြိုင်ကလေး စီမံကိန်းကို ရည်ညွှန်းပြောကြားတာပါ။

စီးပွားရေး ပဋိပက္ခ

လွန်းညာတောင် ကျောက်မိုင်းကို နယ်ခြားစောင့်တပ်က တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူ ပိုင်တဲ့ ‘ချစ်လင်းမြိုင်-တိုယိုတာ’ ကုမ္ပဏီထံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ လိုင်စင် ချပေးခဲ့တာဖြစ်ပါတယ်။ ဒီကျောက်မိုင်းကို တရုတ်အစိုးရပိုင် CRBC ကုမ္ပဏီက လုပ်ကိုင်နေတာပါ။ ဒီမိုင်းက ထွက်လာတဲ့ကျောက်တွေကို အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဘားအံမြို့နယ်၊ အိန္ဒုနဲ့ ကော့ကရိတ်မြို့နယ်ကြား ၆၆ ဒသမ ၄ ကီလိုမီတာအရှည်ရှိတဲ့ လမ်းပိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းမှာ သုံးဖို့ ရည်ရွယ်ထားပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လမ်းအဆင့်မြှင့်တင်ရေး တင်ဒါကို တရုတ်ကုမ္ပဏီဖြစ်တဲ့ CRBC က ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လမှာ တင်ဒါအောင်ပြီး ရရှိခဲ့တာပါ။

ကျောက်တူးလုပ်ငန်းကို နိုဝင်ဘာနှောင်းပိုင်းက စတင်ခဲ့ပါတယ်။ ကျောက်မိုင်းနေရာကို Froniter က ရောက်သွားစဉ်က CRBC တံဆိပ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး လုံခြံရေးဦးထုပ် ဆောင်းထားတဲ့ အလုပ်သမားတွေ၊ ကုမ္ပဏီတံဆိပ်နဲ့ လုပ်ငန်းသုံးပစ္စည်းတွေ မြင်တွေ့ခဲ့ရပါတယ်။ အထဲကို ဝင်ကြည့်ဖို့ ကြိုးစားတော့ နယ်ခြားစောင့်တပ်က လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ တပ်ဖွဲ့ဝင်တွေက မဝင်ဖို့ တားမြစ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အရင်ကတော့ DKBA အဖွဲ့ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ နယ်ခြားစောင့်တပ်အဖြစ်နဲ့ မြန်မာ့တပ်မတော်လက်အောက် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့သတ္တုတွင်း ဥပဒေအရ ကျောက်မိုင်းအများစုဟာ EIA စစ်ဆေးမှု မလိုအပ်ပါဘူး။ သူတို့ကို မြို့နယ်အဆင့် ထွေအုပ်ကပဲ လိုင်စင်ချပေးပါတယ်။ ဒါပေမဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေက ADB လိုအပ်ချက်နဲ့ ကိုက်ညီအောင် EIA ခွင့်ပြုချက် ပါမစ်တွေရအောင် ကြိုးစားနေတာပါလို့ အစိုးရအရာရှိတွေက Frontier ကို ပြောပါတယ်။

မေ ၂ ရက်နေ့မှာတော့ ဗိုလ်မှူးကြီးစောချစ်သူဟာ CRBC က ကိုယ်စားလှယ်တစ်ဦး၊ လမ်းတံတားဌာနက အရာရှိ တစ်ဦးတို့နဲ့အတူ လွန်းညာကို အမှတ်မထင် ရောက်ရှိလာပါတယ်။ စီမံကိန်းကိစ္စ ဒေသခံတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လာတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ ဒီစီမံကိန်းကို သူတို့လက်မခံနိုင်ဘူးလို့ နယ်ခြားစောင့်တပ်မှူးကို ပြောခဲ့ကြတယ် ဆိုပါတယ်။

လောလောဆယ်မှာတော့ ကျောက်မိုင်းကို ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မိုင်းက ထွက်တဲ့ ကျောက်တွေကို CRBC ကကားတွေနဲ့ ညအချိန်မှာ သယ်ထုတ်နေတယ်လို့လည်း သူတို့က ပြောပါတယ်။

“ညကျမှ ကျောက်တွေ သယ်ထုတ်နေတာ သံသယဖြစ်စရာပဲ” လို့ ဦးလှငွေက ပြောပါတယ်။

“နောက်ဆုံးတစ်နေ့ လွန်းညာတောင်ကျောက်မိုင်းကို အသုံးပြုဖို့ လိုအပ်တဲ့ ပါမစ်တွေကို CRBC က ရတယ်ဆိုတောင်မှ ဒီမိုင်းကို အတည်ပြုချက်မရမီက ထုတ်လုပ်ပြီး စုပုံထားတဲ့ ကျောက်တွေအသုံးပြုတာဟာ လက်ခံနိုင်စရာမရှိပါဘူး” လို့ အေဒီဘီက Frontier ကို ပြောတယ်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.