ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ အကြွေးတနင့်တပိုးနှင့် မတရား ခေါင်းပုံဖြတ်ခံနေကြရ

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ခေါင်းပုံဖြတ်ခံရမှု ရပ်တန့်သွားစေရေးအတွက် ထိုင်းအစိုးရက ဥပဒေပြဌာန်းထားသော်လည်း ခေါင်းပုံဖြတ်မှုအမြတ်ထုတ်မှုများ ရှိနေဆဲဖြစ်သည်

အေအက်ဖ်ပီ

ထိုင်းနိုင်ငံ၏ တိတ်တိတ်ပုန်း အလုပ်သမားဈေးကွက်တွင် ရွေ့ပြောင်းအလုပ်သမားများအပေါ် မတရား ခေါင်းပုံဖြတ်နေမှုများကို တိုက်ဖျက်ရန် ၂ဝ၁၇ ခုနှစ်က ဥပဒေ ပြဋ္ဌာန်းခဲ့သော်လည်း မာဖီးယားဂိုဏ်းသဖွယ် လုပ်ကိုင်နေကြသော အလုပ်သမားအေဂျင်စီများက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အကြွေးလှောင်အိမ်အတွင်း ကျရောက်အောင် ထောင်ချောက်ဆင်၍ သွတ်သွင်းလျက်ရှိနေကြသည်ဟု အလုပ်သမားရေး လှုပ်ရှားတက်ကြွသူများနှင့် ရွှေ့ပြောင်းလုပ်သားများက ထုတ်ဖော်ပြောဆိုကြသည်။

မြန်မာနိုင်ငံမှ အများဆုံးဖြစ်သော ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထောက်ကန် ပေးလာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ စက်ရုံများ၊ ငါးဖမ်းစက်လှေများတွင် ရွှေ့ပြောင်း အလုပ်သမားများစွာ လာရောက်လုပ်ကိုင်နေကြပြီး ထိုစက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိလာသော အေးခဲပုစွန်များ၊ အသင့်စားသောက်ဖွယ်များနှင့် အိမ်မွေးခွေးစာ၊ ကြောင်စာများကို ကမ္ဘာတလွှားမှ စူပါမားကတ်များတွင် တင်၍ ရောင်းချနေကြသည်။

ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှု စွပ်စွဲချက်များ ထွက်ပေါ်လာသောကြောင့် ဥရောပသမဂ္ဂက ထိုင်းထုတ်ကုန်များကို ပိတ်ပင်တော့မည်ဟု ၂ဝ၁၅ ခုနှစ်တွင် ခြိမ်းချောက်လာရာ လက်ရှိထိုင်းစစ်အစိုးရသည် ရွှေ့ပြောင်းလုပ်သားများအပေါ် မှီခိုလုပ်ကိုင်နေကြသော စက်ရုံအလုပ်ရုံများကို ရေးကြီးသုတ်ပြာ အရေးယူ ရှင်းလင်းမှုများ လုပ်ခဲ့ရသည်။

ပြီးခဲ့သည့်နှစ်က ဇူလိုင်လတွင် အသက်ဝင်လာခဲ့သော ထိုဥပဒေသည် တိတ်တိတ်ပုန်း ကြိတ်လုပ်နေသော အလုပ်သမား ရှာဖွေစုဆောင်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို နှိပ်ကွပ် ထိန်းချုပ်ရန် ရည်ရွယ်ထားသည်။ မသမာသည့် ထိုလုပ်ငန်းစဉ်ကြီးကြောင့် အကာအကွယ်ကင်းမဲ့နေသော ရွှေ့ပြောင်းလုပ်သားတို့ဘဝမှာ အဂတိလိုက်စားသော ပွဲစားများနှင့် မတရားခေါင်းပုံဖြတ် ကုမ္ပဏီများလက်တွင်း သက်ဆင်းနေခဲ့ကြရသည်။

သို့သော် ဥပဒေကို လေးစားလိုက်နာရေးအတွက် ထိုင်းအစိုးရ၏ ကြီးကြပ်မှုမရှိခဲ့သောကြောင့် ဥပဒေပြုပြီး တစ်နှစ်ကျော် ကြာလာသည့်တိုင်အောင် ရွှေ့ပြောင်းလုပ်သားများ၏ ဘဝမှာ ပိုမိုလုံခြုံလာခဲ့ခြင်းမရှိပေ။ အလုပ်သမားများမှာ အေးဂျင့် ကိုယ်စားလှယ်ခအဖြစ် ဒေါ်လာ ရာပေါင်းများစွာ ပေးခဲ့ကြရသည်။ အလုပ်မရမီကပင် ကြွေးတွေဖြင့် နစ်နေခဲ့ကြရသည်။

မြန်မာလုပ်သားများသည် အေးဂျင့်ခအဖြစ် အမေရိကန် ဒေါ်လာ ၁ဝဝ၊ မြန်မာ ကျပ်ငွေ တစ်သိန်းခွဲထက် ပိုပေးစရာမလိုဟု ဥပဒေက ဆိုထားသော်လည်း ရွှေ့ပြောင်းလုပ်သားများမှာ ဒေါ်လာ ၈ဝဝ အထိ ပေးနေကြရသည်။ ထိုငွေမှာ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ ဆင်းရဲသား အလုပ်သမားများအတွက် လွန်ကြီးမားလှသော ငွေပမာဏဖြစ်သည်။

“အေးဂျင့်တွေက ကျွန်မတို့ကို မတရားခေါင်းပုံဖြတ်နေကြတာ” ဟု အသက် ၄ဝ အရွယ် မဦးက မရဲတရဲ ဟိုကြည့် ဒီကြည့်နှင့် ပြောသည်။ သူမသည် အီလက်ထရောနစ် ကုမ္ပဏီတစ်ခုတွင် အလုပ်ရရေးအတါက် ဒေါ်လာ ၄ဝဝ ပေးခဲ့ရသည်။

တကယ့် ‘မာဖီးယား’ စစ်စစ်တွေပါပဲ

ထိုင်းကုမ္ပဏီများသည် အလုပ်သမားများ ရှာဖွေရန် အိမ်နီးချင်း ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ အေးဂျင့်များကို အသုံးပြုလေ့ရှိကြသည်။ ထိုအထဲတွင် မြန်မာနိုင်ငံမှ အများဆုံးဖြစ်ရာ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သန်းကျော် အလုပ်လုပ်ကိုင်နေကြရသည်။

ထိုင်းအေးဂျင့်များက အလုပ်အကိုင်များကို မြန်မာအေးဂျင့်များအကြားတွင် လေလံတင်၍ အလွန်အပြိုင်အဆိုင် ကြီးမားလှသော မြန်မာပြည် အေးဂျင့်ဈေးကွက်အတွင်းမှ ဈေးအများဆုံးပေးသူကို ရွေးချယ်ကြသည်။

မြန်မာ့အလုပ်ပွဲစားများ (သို့မဟုတ်) သူတို့၏ လက်ခွဲ အေးဂျင့်များသည် ကျေးလက်ဒေသတွင် အလုပ်သမားများကို လိုက်လံ ရှာဖွေကြသည်။ ကုန်ကျစားရိတ်အားလုံးကို အလုပ်လုပ်မည့်သူများအပေါ်၌သာ ပုံချကြလေရာ မတန်တဆ အေးဂျင့်ခပေးကြရသဖြင့် ရွှေ့ပြောင်းအလုပ်သမားများမှာ ထောင်ချောက်တွင်း သက်ဆင်းကာ အကြွေးဖြင့် ချည်နှောင်ခံကြရရှာသည်ဟု ရွှေ့ပြောင်း အလုပ်သမားများအရေး လေ့လာသူ အန်ဒီဟောက ပြောသည်။

ထိုင်းနိုင်ငံရှိ ချည်မျှင်စက်ရုံတစ်ခု၌ မြန်မာအလုပ်သမားတစ်ဦးကို စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ထိုင်းနိုင်ငံရှိ ချည်မျှင်စက်ရုံတစ်ခု၌ မြန်မာအလုပ်သမားတစ်ဦးကို စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

“ထိုင်းနဲ့ မြန်မာအေးဂျင့်တွေ ပူးပေါင်းပြီး အကယ့်မာဖီးယားဂိုဏ်းကြီးလို အလုပ်သမားတွေရဲ့ ဂုတ်သွေးကို စုပ်ယူပြီး ငွေတွေ အများကြီး ရကြတော့တာပါပဲ” ဟု ကိုအောင်ကျော်က ရှင်းပြသည်။ ကိုအောင်ကျော်သည် ထိုင်းနိုင်ငံရှိ ‘ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး ကွန်ယက်’ ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ကိုယ်တိုင်ဖွဲ့စည်းထားသည့် အလုပ်သမားသမဂ္ဂလည်း ဖြစ်သည်။

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေက ပို၍ပင် ဆိုးဝါးလှသည်။

ကလေးနှစ်ယောက်အပါအဝင် မိသားစုတစ်စုမှာ ထိုင်းနိုင်ငံထဲသို့ လူကုန်ကူးခံရ၍ ရောက်ရှိသွားကာ ငါးဖမ်းစက်လှေ တစ်ခုပေါ်တွင် လခမပေးဘဲ ကျွန်သဖွယ် မတရားအလုပ်ခိုင်းစေခံရသည်။ ၎င်းတို့၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်းတို့ကို သိမ်းဆည်းခံခဲ့ရသည်။

အပြန်အလှန်လက်ညှိုးထိုးနေ

ထိုင်းအာဏာပိုင်တို့က ၎င်းတို့၏ အေးဂျင့်များကို တင်းတင်းကြပ်ကြပ် ကြီးကြပ်လျက်ရှိကြောင်း၊ ဥပဒေမလိုက်နာသူများကို ထိုက်သင့်သည့် ပြစ်ဒဏ်များပေးမည်ဟု သတိပေး ခြိမ်းချောက်ထားသည်။

“ပြဿနာတွေရှိတယ်ဆိုရင် မြန်မာအေးဂျင့်တွေဘက်က ဖြစ်မှာပဲ”ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ Anurak Tossarat က AFP ကို ပြောသည်။

သို့သော် မြန်မာအေးဂျင့်များကမူ ထိုင်းအေးဂျင့်များက ငွေပေးမှ အလုပ်ပေးကြခြင်းကြောင့် တရားမဝင်ရောင်းဝယ်မှုကို မီးထိုးပေးနေသူများ ဖြစ်သည်ဟု ဆိုကြပြန်သည်။ “ထိုင်းအေးဂျင့်တွေဆီက အလုပ်ရအောင် အပြိုင်အဆိုင် ငွေပေးကြရပါတယ်။ ငွေပိုပေးနိုင်သူကို သူတို့က အလုပ်တွေပေးတာပါ”ဟု အမည်အဖော်လိုသူ အေးဂျင့်တစ်ယောက်က AFP ကိုပြောသည်။

“သူတို့က ကျွန်တော်တို့ကို အနိုင်ကျင့်နေကြတာပါ” ဟုလည်း ၎င်းက ပြောသည်။

တက်ကြွလှုပ်ရှားသူများက တင်းတင်းကြပ်ကြပ် စစ်ဆေးအရေးယူပေးရန် နှစ်နိုင်ငံစလုံးမှ အစိုးရအရာရှိများကို တိုက်တွန်းနေကြသည်။ ဤသို့ ခေါင်းပုံဖြတ်မှုများ အဆုံးသတ်ရန်အတွက် ထိုင်းနိုင်ငံမှ ထုတ်ကုန်များကို ဝယ်ယူနေကြသော နိုင်ငံတကာမှ ထောက်ပံ့ရေး ကွင်းဆက်ကုမ္ပဏီများကိုလည်း စိစစ် ဖိအားပေးရန် တိုက်တွန်းနေကြသည်။

ဗြိတိန်နိုင်ငံမှ အကြီးဆုံးလက်လီအရောင်းဆိုင်ဖြစ်သည့် Tesco၊ အစားအသောက်ကုမ္ပဏီကြီးဖြစ်သည့် Nestle နှင့် ချောကလက်ထုတ်လုပ်သူ Mars ကုမ္ပဏီတို့အားလုံးသည် ထိုင်းနိုင်ငံ ထုတ်ကုန်များကို ဝယ်ယူ အသုံးပြုနေကြသူများ ဖြစ်သည်။ ၎င်းတို့က မတရားလုပ်ဆောင်မှုများကို စစ်ဆေးသွားမည့် ဒေသခံများနှင့် ပူးပေါင်း၍ လုပ်နည်းကိုင်နည်းများ တိုးတက်လာအောင် လုပ်ကိုင်သွားမည်ဟု AFP ကို ပြောကြပါသည်။

မတန်တဆ ကိုယ်စားလှယ်အေးဂျင့်ခများ ပေးရပြီး ကြွေးနွံနစ်မည့် အန္တရာယ်တွေကြားမှပင် လစဉ် လစဉ် မြန်မာ ၁၅,ဝဝဝ ခန့်မှာ တစ်ဘက်ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် သွားနေကြသည်။ ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် အသက် ၂၄ နှစ်အရွယ် ကိုကျော်နိုင်က သူ့ကို အလုပ်အကိုင်ပေးမည်ဟု ကတိပေးထားသော အေးဂျင့်တစ်ယောက်ကို ငွေစက္ကူတစ်အုပ် ပေးလိုက်ရပြီဖြစ်ကြောင်း ပြောသည်။ “အဲဒီငွေကို ကျွန်တော်မိသားစုဆီက အတိုးနဲ့ ချေးပေးလိုက်ရတာ၊ ကျွန်တော့အလုပ် ကောင်းရင် ကျွန်တော် ပြန်ဆပ်ရမှာပေါ့” ဟု ၎င်းက ပြောသည်။ ထိုင်းနိုင်ငံ၏ ဥပဒေအသစ်တွေကြောင့် သူ့ဘဝပိုမို လုံခြုံစိတ်ချရမည်ဟု အေးဂျင့်က သူ့ကိုပြောကြောင်း ကိုကျော်နိုင်က ပြောသည်။

ခေါင်းစီးဓာတ်ပုံ- အလုပ်ခွင်တွင် ရရှိခဲ့ဒဏ်ရာကြောင့် ပုံပျက်နေသည့်လက်များအား မြန်မာရွှေ့ပြောင်းလုပ်သား ကိုကျော်သက်ဦးက စက်တင်ဘာ ၂ဝ ရက်နေ့တွင် ပြသနေစဉ်။ ထိုသို့ လုပ်ငန်းခွင်တွင် ဒဏ်ရာရရှိခဲ့သော်လည်း လျော်ကြေးရရှိခြင်းမရှိပေ။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.