ကချင်စစ်ဘေးရှောင်များ၏ အိမ်ပြန်ရေး မျှော်လင့်ချက်

မျိုးမြတ်ပန်/ မြစ်ကြီးနားသတင်းဂျာနယ်

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)တို့အကြား ၁၇ ကြာ တည်မြဲခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၁ ခုနှစ်တွင် ကျိုးပျက်သွားခဲ့ပြီးနောက် ကချင်ပြည်နယ်တွင် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပေါ်နေသည်မှာ ရှစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်သည်။

ထိုတိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံပြည်သူတစ်သိန်းကျော် ရှိနေပြီဖြစ်သည်။ စစ်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသူများမှာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်မည့် အရိပ်အယောင်မရှိသေးသည့်အတွက် ၎င်းတို့၏ မိသားစု အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများရှိနေကြသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ကျေးရွာတစ်ခုတွင် နေထိုင်သည့် အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ လမုန်လုဂျာတို့ မိသားစုသည် စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ရှစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။

၂၀၁၁ ခုနှစ်သည် လမုန်လုဂျာအတွက် ပျော်ရွှင်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ သူ၏ ခင်ပွန်းဖြစ်လာမည့်သူနှင့် ထိုနှစ်ထဲတွင် လက်ထပ်ခဲ့ပြီးနောက် ပထမဆုံးကိုယ်ဝန်ကိုလည်း ရရှိခဲ့သည်။ သို့သော် ထိုနှစ်အတွင်းမှာပင် တပ်မတော်နှင့် ကေအိုင်တို့အကြား အပစ်အခတ်ရပ်စဲရေးကျိုးပျက်သွားပြီးနောက် စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ထို့နောက် တိုက်ပွဲများမှာ သူတို့ နေထိုင်သည့် မလန်ယာန်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် လမုန်လုဂျာနှင့် မိသားစုသည် ရွာမှထွက်ပြေးခဲ့ရပြီးနောက် မြစ်ကြီးနားမြို့နယ်ရှိ စီတာပူစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာခဲ့ကာ ယနေ့အချိန်အထိ ခိုလှုံနေကြရသည်။

“ကလေးလည်း ဒီစစ်ရှောင်မှာပဲ လာမွေးတယ်။ ဒီလိုပြေးရတာ အခက်ခဲတွေအများကြီးပဲ။ မပေါ့မပါးနဲ့ ဆိုတော့ နေရထိုင်ရတာလည်း မကောင်းဘူး။ စိတ်ထဲမှာလည်း အရမ်းကြောက်ပြီးလန့်နေရတာ။ အဲဒီလိုမျိုး စိတ်ထဲမှာ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးစရာတွေ၊ စိုးရိမ်စိတ်တွေအများကြီးပဲ” ဟု လမုန်လုဂျာက ပြောသည်။

စခန်းတွင်နေထိုင်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFO) က စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသဖြင့် စားသောက်ရေးအတွက် အခက်ခဲသိပ်မရှိသော်လည်း နေထိုင်ရေးအတွက်မူ ကြပ်ကြပ်တည်းတည်း နေထိုင်နေရသည်ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် လမုန်လုဂျာ၏ ခင်ပွန်းဖြစ်သူက ပန်းရံလုပ်ကိုင်နေပြီး လမုန်လုဂျာကမူ Kachin Baptist Church ၏ အကူအညီဖြင့် မုန့်ဆိုင်လေးတစ်ခု ဖွင့်လှစ်ထားသည်။ သို့သော် ဘဝကို ခက်ခဲစွာရုန်းကန်နေရစဲဖြစ်ကာ တစ်ခါတစ်ရံတွင် စိတ်ဓာတ်ကျမိသည်ဟု ၎င်းကပြောသည်။

“အရမ်းသိမ်ငယ်တယ်။ အစစအရာရာပေါ့နော်။ အမဆို ဘယ်မှမသွားဘူး။ ဆွေမျိုးသားချင်းအိမ်မှာတောင် မသွားချင်ဘူး။ ကိုယ်က စစ်ရှောင်မှာနေရပြီး စားစရာမရှိ။ နေစရာမရှိ။ အဝတ်အစားကလည်း တောက်တောက်ပြောင်ပြောင် မဝတ်နိုင်တော့ ဟိုပွဲဒီပွဲဆိုရင်လည်းသွားမယ်လို့ စိတ်ကူးလိုက်ရင် အဲဒါတွေ စဉ်းစားလိုက်ရင် မသွားချင်တော့ဘူး။ မသွားဖြစ်တော့ဘူးပေါ့နော်” ဟု လမုန်လုဂျာကပြောသည်။

ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်ဇန်နဝါရီ ၁၀ ရက်နေ့ကကျရောက်သည့် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က တိုက်တွန်းခဲ့ပြီး ငြိမ်းချမ်းရေးရရှိလာပါက တစ်နှစ်အတွင်း သိသိသာသာအပြောင်းအလဲများကို မြင်တွေ့လာရလိမ့်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့်လအတွင်းကစတင်ကာ တပ်မတော်က ထိုးစစ်များ ခေတ္တရပ်ဆိုင်းထားပြီးနောက် ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ငြိမ်သက်သွားခဲ့ရာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များလည်း ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် စစ်ဘေးရှောင်များအနေဖြင့်လည်း မိမိတို့အိုးအိမ်များသို့ ပြန်လည်နေထိုင်ခွင့်ရမည့်အချိန်ကို မျှော်လင့်နေကြသည်။

“ပြန်ချင်ပါတယ်။ ဒီနိုင်ငံရေး တည်ငြိမ်ပါစေလို့ မျှော်လင့်တာပေါ့နော်။ နိုင်ငံရေးအခြေနေကောင်းလာမှ ကျွန်မတို့ကလည်း ပြန်လို့ရမှာကိုး။ အဲဒါကြောင့် မျှော်လင့်မိပါတယ်။အမြဲတမ်းပေါ့” ဟု လမုန်လုဂျာကပြောသည်။

၂၀၁၁ ခုနှစ်က ပြန်လည်စတင်ခဲ့သည့် စစ်ပွဲများ၏ ရလာဒ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဦးရေမှာ ခန့်မှန်းခြေ ၁၀၆,၀၀၀ ခန့်ရှိနေသည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထားသည်။ လူသားခြင်းစာနာထောက်ထားမှု အကူညီများပေးခြင်းကို အချို့သော နေရာများတွင် တင်းကြပ်ထားမှုများရှိနေသည့်အတွက် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အခက်ခဲများကို မကြာခဏ ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂကပြောကြားသည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သည့် ဦးလထော်ဂမ်သည် ကချင်ပြည်နယ်မှ စစ်ဘေးရှောင်တစ်ဦးဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ စတင်ပြီးမကြာမီမှာပင် နေထိုင်တဲ့ ကျေးရွာဖြစ်သည့် ကာဇူးမှ မိသားစုဝင်သုံးဦးနဲ့အတူ ထွက်ပြေး တိမ်းရှောင်ရင်း တပ်ကုန်း Baptist Church စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“အစပိုင်းကတော့ စစ်ဘေးရှောင်ဆိုတာ ဘာမှန်းမသိဘူး။ ကျွန်တော်တို့ရွာမှာ တိုက်ပွဲတွေဖြစ်တော့ ဆွေမျိုးတွေဆီထွက်ပြေးပြီး အဲဒီမှာ သူတို့နဲ့နေထိုင်ခဲ့တယ်။ နောက်တော့ ဘာသာရေးခေါင်းဆောင်တွေက စခန်းဖွင့်လိုက်တော့ ကျွန်တော်တို့ အဲဒီကိုရောက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အစိုးရက အဲဒါကို စစ်ဘေးရှောင်စခန်းအဖြစ် တရားဝင်အသိအမှတ်ပြုထားလို့ပါ” ဟု ဦးလထော်ဂမ်ကပြောသည်။

“ပစ္စည်းတွေအကုန် ရွာမှာထားခဲ့ရတယ်။ အခုရှိနေတဲ့အဝတ်အစားတွေအကုန်လုံးက အဲဒီအချိန်တုန်းက ပါလာတဲ့ဟာတွေပဲ” ဟုလည်း ၎င်းကပြောသည်။

စစ်ဘေးရှောင်စခန်း၌ နေထိုင်နေကြသည့် ကလေးတွေအများအပြား ပညာသင်ကြားခွင့်မရခြင်းက သူ့အတွက် အစိုးရိမ်ဆုံးကိစ္စတစ်ခုဖြစ်တယ်လို့ ဦးလထော်ဂမ်က ဆိုသည်။

“သူတို့ကို တခြားကလေးတွေနဲ့ ခွဲခြားဆက်ဆံခံရမှာကို စိုးရိမ်မိတယ်။ သူတို့က စခန်းထဲမှာပဲ နေရတော့ အပြင်က ကလေးတွေနဲ့ သူတို့မယှဉ်နိုင်ဘူး။ ခွဲခြားဆက်ဆံတာခံရရင် ကလေးတွေကို ခံစားကြရမှာကို စိုးရိမ်တယ်” ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်စခန်းအတွင်း စိုးရိမ်ပူပန်စရာ အဓိကပြဿနာတစ်ခုက ကျန်းမာရေးဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

“လူတွေက များလွန်းတော့ လမကုန်ခင်မှာ အိမ်သာတွေလည်း မစင်တွေနဲ့ ပြည့်နေတယ်။ အိမ်သာတွေ လျှံနေတဲ့အချိန်ဆို ကလေးတွေက ကိုင်မိကြတယ်။ ပြီးရင် လက်မဆေးကြဘူး။ သူတို့ရောဂါတွေရကြမှာကို ကျွန်တော်စိုးရိမ်တယ်” ဟု ၎င်းကပြောသည်။

မငြိမ်သက်မှုများ ရှိနေသေးခြင်းကြောင့် အိမ်ပြန်ရန် စစ်ဘေးရှောင်အချို့က စိုးရိပ်နေကြသော်လည်း သူ့အတွက် အကြီးမားဆုံးမျှော်လင့်ချက်မှာမူ အိမ်ပြန်ရေးသာဖြစ်သည်ဟု ဦးလထော်ဂမ်ကပြောသည်။

“ပြန်ဖို့ကတော့ အစိုးရဘက်ကတော့ ခဏခဏ လာပြောတယ်ပဲ။ ဒါပေမယ့် ဒီဘက်က မပြန်ရဲဘူးဖြစ်နေတာ” ဟု ၎င်းကပြောသည်။

ယခုဆောင်းပါးကို ဒို့အသံ Podcast အစီအစဉ်၏ မိတ်ဖက် တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်သော မြစ်ကြီးနားသတင်းဂျာနယ်က တင်ဆက်ထားခြင်းဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.