ရေဘေးသင့်ပြည်သူများအား လုံလောက်စွာထောက်ပံ့နိုင်ကြောင်း မွန်ဝန်ကြီးချုပ်ပြော

နော်ဘတ်တီဟန်

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ မွန်ပြည်နယ်တွင် ရေဘေးသင့်ပြည်သူ လေးသောင်းကျော်ရှိနေပြီး အခြေအနေ အဆိုးဝါးဆုံးဖြစ်သည်။

မိုးပြင်းထန်စွာရွာသွန်းမှုနောက်ဆက်တွဲအဖြစ် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမြေပြိုမှုကြောင့် လက်ရှိအခြေအနေအထိသေဆုံးသူ ၆၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် ရေကြီး၊ မြေပြိုမှု ဖြစ်ပွားနေသည့် အခြေအနေနှင့် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအကြောင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းသည် နှစ်စဉ် ကြုံတွေ့နေရသည့် ပြဿနာဖြစ်ပြီး အစိုးရအဖွဲ့က ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာကို အလုံအလောက် ကြိုတင် စုဆောင်းစီမံထားခြင်းကြောင့် ထောက်ပံ့မှုအတွက် စိုးရိမ်စရာမလိုကြောင်းဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောသည်။

“အစိုးရအဖွဲ့အနေနဲ့ အချိန်နဲ့မဆိုင်း လုပ်နေပါတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့သည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၏ စံနှုန်းအတိုင်း ရေဘေးသင့်ပြည်သူများကို တစ်ဦးလျှင် ဆန်နှစ်ဘူး၊ ငွေ ၂၁၀၀ကျပ်နှင့် အခြားစားသောက်ဖွယ်ရာများကို တစ်ပတ်စာထောက်ပံ့ပေးထားပြီး နောက်ဆက်တွဲ ထောက်ပံ့ရန်လည်း အလုံအလောက်ရှိနေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

“ရေကြီးတယ် ဆိုတာ မွန်ပြည်နယ်မှာ နှစ်စဉ်ကြုံတွေ့နေကျ ပြဿနာပဲ။ ဒါကို ရှိပြီးသားအတွေ့အကြုံတွေအရ ထောက်ပံ့ကူညီကယ်ဆယ်ဖို့ အသင့်လုပ်ဆောင်ထားတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

သို့သော် ကြိုတင်ပြင်ဆင်မှုအပိုင်းကိုမူ ဝန်ကြီးချုပ်ကအသေးစိတ်ပြောဆိုနိုင်ခြင်းမရှိပေ။

အထူးသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်အသိပညာပေးလုပ်ငန်းများနှင့် သတိပေးထုတ်ပြန်ချက်များ လုပ်ဆောင်ခဲ့သလားဟူသောမေးခွန်းကို လုပ်ဆောင်ခဲ့သည်ဟုသာ ပြန်လည်ဖြေကြားခဲ့ပြီး မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သည်၊ မည်သို့ အကျိုးသက်ရောက်မှု ရှိခဲ့သည်ဟူသောအခြေအနေကို အတိအကျ ဖြေကြားခဲ့ခြင်းမရှိပေ။

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကမူ လတ်တလောဖြစ်ပွားနေသည့် မွန်ပြည်နယ် ရေဘေးတွင် အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေအနေများအပေါ် စီမံကွပ်ကဲခြင်းနှင့်သတင်းထုတ်ပြန်မှုပိုင်း အားနည်းကြောင်း ထောက်ပြခဲ့သည်။

“ဟံဂံမှာဆိုရင် အခုမနက်ပိုင်းအထိ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုမရှိသေးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ပဲ ကျွန်တော်တို့အပါအဝင် ကူညီရေးအဖွဲ့တွေက သင့်သလို ပူးပေါင်းလှုပ်ရှားကြရတယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက သြဂုတ်လ ၁၂ရက်တွင် ပြောထားသည်။

လွှတ်တော်ဒုဥက္ကဌအနေနှင့်မဟုတ်ဘဲ ဒေသခံတစ်ဦးအနေဖြင့် ကူညီထောက်ပံ့ရေးအဖွဲ့များနှင့်လက်တွဲကာ အဆင်ပြေသလို ထောက်ပံ့ရေးများ လုပ်ဆောင်နေရကြောင်း၊ တပ်မတော်ဘက်ကလည်း လူအင်အားနှင့် ယာဉ်အင်အားများ လာရောက်ပူးပေါင်းလုပ်ပေးခဲ့ကြောင်း ရေမြို့နယ် ဟံဂံကျေးရွာအုပ်စုတွင် လုပ်အားပေးရန်ရောက်ရှိနေသည့် ဒေါက်တာအောင်နိုင်ဦးကပြောသည်။

“အစိုးရအဖွဲ့အနေနဲ့ ဒီလိုအခြေနေတွေမဖြစ်လာခင်မှာ အရေးကြုံလာရင် ဖုန်းလိုင်းတွေ မပြတ်အောင် သတိပေးချက်တွေကို ပြည်သူတွေထံ အချိန်နဲ့တပြေးညီကြိုတင် ကြေညာပေးတာမျိုးတွေ လုပ်ရမယ်။ ဖြစ်ပြီးမှ ရိက္ခာပေးပြီးထောက်ပံ့တာထက် မဖြစ်ခင်ကြိုတင်လုပ်ဆောင်ပြီးကာကွယ်တာပိုထိရောက်မယ်။ မဖြစ်မနေလုပ်ဖို့လည်းလိုတယ်”ဟု ၎င်းကပြောသည်။

သြဂုတ် ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် မွန်ပြည်နယ်တွင်း ရေကြီးရေလျှံမှုအခြေအနေသည် ကျိုက်မရောနှင့် ရေးမြို့နယ်တွင် အဆိုးဝါးဆုံးဖြစ်နေပြီး ရေးမြို့နယ်တွင် ယခုနှစ် ရေကြီးမှုသည် နှစ်ပေါင်း ၂၀ အတွင်းအဆိုးဝါးဆုံးဖြစ်သည်။

လွှတ်တော်ဒုဥက္ကဌအပါအဝင် တပ်မတော်သားများ၊ မွန်လူမှုအဖွဲ့အစည်းများက ရေးမြို့နယ်(တောင်ပိုင်း)နှင့် ကျိုက်မရောမြို့နယ်တို့တွင် ကူညီလျက်ရှိသည်။

“ရေတက်လို့ စခန်းတွေဘက်ရောက်တော့ ထောက်ပံ့ပါတယ်။ အစိုးရအဖွဲ့တွေရော အလှူရှင်တွေရော။ ရေမတက်ခင်က အစိုးရဘက်က ကြိုကြေညာပေးတာ၊ အသိပညာပေးတာတော့မရှိဘူး။ ဒီတိုင်း ရေတက်တာနဲ့ သေမှာကြောက်လို့ ပြေးရတာ” ဟု ရေးမြို့အားကစားခန်းမတွင် ပြောင်းရွှေ့နေထိုင်နေရသည့် ရေးမြို့ခံ ဒေါ်အေးအေးဝင်းကပြောသည်။

“နောက်နှစ်တော့ ရေတက်ရင်ဒီလိုဆိုးမယ်ဆိုတာ ကြိုသိရရင်ကောင်းမှာပဲ။ ကျွန်မတို့က ဖြစ်ရင် ထွက်ပြေးဖို့အပြင် အခြားမသိဘူးလေ”ဟု သူကပြောသည်။

ရေးမြို့ပေါ်တွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားပြီး ဒုက္ခသည်ခြောက်ထောင်ကျော်ရှိနေကြောင်း၊ ရိက္ခာထောက်ပံ့မှုများနှင့် ပြန်လည်နေရာချထားမှုအပိုင်းများကို လုပ်ဆောင်ရန် စီစဉ်နေကြောင်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းကပြောသည်။

“ဌာနဆိုင်ရာအဆင့်ဆင့် ပူးပေါင်းလုပ်ဆောင်ပြီးပြန်လည်ထူထောင်ရေးတွေလုပ်နေတယ်။ ဒါတွေကို သတင်းထုတ်ပြန်နေဖို့ကျတော့ ကျွန်တော်တို့က သတင်းဌာနမှမဟုတ်တာ”ဟု ဦးကံဝင်းကပြောသည်။

သြဂုတ်လ ၁၂ရက်တွင် ရေးမြို့နယ်တောင်ပိုင်း၌ ရေအနည်းငယ် ပြန်လည်ကျဆင်းခဲ့ပြီး၊ ကျိုက်မရောမြို့နယ်တွင်မူ သြဂုတ်လ ၁၂ရက်မှစတင်ကာ ရေကြီးမှုမြင့်တက်လာခဲ့ပြီး ၁၃ရက်မနက်ပိုင်းတွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်သူ နှစ်သောင်းခန့်အထိ တိုးပွားလာခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.