ဒလ ကို အကျည်းတန်စေသူများ

ရန်ကုန်မြို့လယ်ရဲ့ တစ်ဖက်ကမ်း ဒလမှာ ဆိုင်ကယ်အငှားဝန်ဆောင်မှုပေးရင်း နိုင်ငံခြားသားခရီးသွားတွေကို အဓိက ပစ်မှတ်ထား အမြတ်ထုတ်နေတဲ့ စီးပွားရေးလုပ်ငန်းကွန်ယက်တစ်ခုဟာ ဒေသခံရဲတွေရဲ့ အပြစ်မယူလျစ်လျူရှုမှုနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်လုပ်ကိုင်နေကြပါတယ်။

နော်ဘတ်တီဟန်

ဒလဆိပ်ကမ်းမှာ အမျိုးသားတစ်စုဟာ မြို့ကိုအလည်လာတဲ့ သူငယ်ချင်းတစ်စုကို ဝိုင်းထားပြီး မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာစကားနဲ့ပါ အော်ဟစ်အပြစ်တင်နေကြပါတယ်။

သူတို့ရဲ့ အဓိက ပစ်မှတ်ကတော့ လာလည်တဲ့သူငယ်ချင်းအုပ်စုထဲမှာပါလာတဲ့ နိုင်ငံခြားသားအမျိုးသားနဲ့ သူရဲ့ ချစ်သူ မြန်မာအမျိုးသမီးကိုဖြစ်ပါတယ်။ ငှားစီးတဲ့ဆိုင်ကယ်မှောက်တဲ့ကိစ္စကို အဆမတန်အလျော်တောင်းတဲ့ ကိစ္စကို ပြန်လည်ဖြေရှင်းဖို့ ဧည့်သည်တွေဘက်ကကြိုးစားကြပါတယ်။ ဒါပေမဲ့ ဆိုင်ကယ် အကြောင်းအရာနဲ့မဆိုင်ဘဲ နိုင်ငံခြားသားကို ချစ်သူတော်ထားလို့ မကောင်းတဲ့ ပုံစံမျိုးအထိပါ အပြစ်တင်အော်ဟစ်နေကြတာပါ။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဧည့်သည်ကိုအနိုင်ကျင့်ခြင်း

ဒီဇာတ်လမ်းရဲ့ အစကို ပြန်ပြောင်းပြောရရင်တော့ ကျမတို့ သူငယ်ချင်းတစ်သိုက် စနေ တနင်္ဂနွေပိတ်ရက်မှာ ဒလမြို့ကို နေ့ချင်းပြန် အလည်အပတ်သွားကြရာကနေ စပြောရမှာပါပဲ။ ကျမတို့ လုံးဝမမျှော်လင့်ခဲ့မိတာက ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့ ဒီလိုနေရာမှာ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ ဖြစ်ရပ်တွေဟာ တရားဥပဒေမစိုးမိုးမှုနဲ့အတူ အားကောင်းကောင်းနဲ့ ရှိနေခဲ့တယ်ဆိုတာပါပဲ။

၂၀၁၉ခုနှစ် စက်တင်ဘာလ ၇ရက်၊ တနင်္ဂနွေနေ့ မနက်စောစောမှာ ကျမအပါအဝင် သူငယ်ချင်း ၆ယောက်ဟာ ရန်ကုန်မြစ်ကို သဘောၤနဲ့ဖြတ်ကူးရင်း ဒလဘက်ကမ်းကို ရောက်ရှိလာကြပါတယ်။ ဆိုင်ကယ်သုံးစီးငှားရမ်းပြီး ဒလမြို့နယ်တောင်ဘက်စွန်းစွန်းက ၆၅ ကီလိုမီတာအကွာမှာရှိတဲ့ ရန်ကုန်မြစ်ဝတစ်ဖြစ်လဲ လက်ခုပ်ကုန်းကမ်းခြေဘက်ကို ခရီးထွက်ခဲ့ကြပါတယ်။

ဆိုင်ကယ်ကိုငှားရမ်းဖို့အတွက် အဖွဲ့ထဲမှာပါလာတဲ့ နိုင်ငံခြားသား သူငယ်ချင်းက စီစဉ်ခဲ့တာဖြစ်ပါတယ်။ သူက ဆိုင်ကယ်ငှားရမ်းဝန်ဆောင်မှုပေးနေတဲ့ အဒို ဆိုသူရဲ့ ဖုန်းနံပါတ်ကို ခရီးသွားလမ်းညွှန်စာမျက်နှာတစ်ခုကနေ တွေ့ခဲ့ရာက ချိတ်ဆက် ဆက်သွယ် ငှားရမ်းခဲ့တာဖြစ်ပါတယ်။ ကျမတို့ သူငယ်ချင်းတစ်စုဟာ အဒိုဆီကနေ ဆိုင်ကယ်တစ်စီးကို မြန်မာငွေကျပ် ၁၂၀၀၀ နှုန်းနဲ့ သုံးစီးငှားရမ်းခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ကျမတို့သူငယ်ချင်းနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးဟာ လမ်းမှာ မတော်တဆဖြစ်ခဲ့ ပါတယ်။ ဆိုင်ကယ်လဲခဲ့တာကြောင့် နှစ်ယောက်သား ဒဏ်ရာရခဲ့ပြီး ကားငှားကာ ရန်ကုန်ကို ချက်ခြင်းပြန်စေခဲ့ ရပါတယ်။ ဆိုင်ကယ်ကို စစ်ဆေးကြည့်တဲ့အခါ အရှေ့ဒူးကာနေရာမှာ အနည်းငယ်လောက်သာ ပွန်းရာထင်ခဲ့ပြီး အပျက်အစီး ဆိုးဆိုးဝါးဝါးမရှိနေတာကြောင့် ကျန်တဲ့သူတွေက ခရီးစဉ်ကို ရှေ့ဆက်ခဲ့ကြပါတယ်။ ကျမတို့ တွေးထားခဲ့တာက ညနေဆိုင်ကယ်ကို ပြန်အပ်တဲ့အခါ ဆိုင်ကယ်ပိုင်ရှင်ကို အကျိုးအကြောင်းရှင်းပြပြီး ပြင်ဆင်ခ ပေးဖို့ဖြစ်ပါတယ်။

ညနေ ခြောက်နာရီခန့်မှာ ခရီးစဉ်ပြီးဆုံးလို့ ဆိုင်ကယ်အပ်တဲ့အခါမှာတော့ ကျမတို့သူငယ်ချင်းတစ်စုဟာ ဆိုင်ကယ်ပိုင်ရှင်ကို ပြင်ဆင်ခအတွက် ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်မှောက်ခဲ့တယ်လို့ အသံကြားလိုက်တာနဲ့ ဆိုင်ကယ်ပိုင်ရှင်ရဲ့ တုံ့ပြန်ပုံဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။ ကျမတို့က ပြင်ခ ဘယ်လောက်ပေးရမလဲဆိုတဲ့ မေးခွန်းနဲ့ ကမ်းလှမ်းချက်ကို ဘာမှ မပြောပဲ ဆိုင်ကယ်ပျက်သွားတယ် ဆိုတာကိုသာ အကျယ်ကြီးအော်နေပြီး ဆိုင်ကယ်ငှားရမ်းခဲ့တဲ့ ကျမတို့ လူစုကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ တရစပ်အော်ဟစ်အပြစ်တင်နေပါတယ်။

သူက ပြင်ခတောင်းပြီး ဆိုင်ကယ်က အသစ်ဆိုရင် ၁၅သိန်းလောက်တန်တယ် ဆိုပြီးဈေးတင်နေပါတယ်။

တစ်ဆက်တည်းမှာပဲ ဆိုင်ကယ်ငှားဖို့အတွက် အဒိုက ချိတ်ဆက်ပေးခဲ့တာဖြစ်လို့ သူနဲ့ပဲ စကားပြောဖို့ ဆိုင်ကယ်ပိုင်ရှင်က ပြောလာပါတယ်။ အဲ့ဒီအချိန်မှာ အဒိုက ဆိုင်ကယ်ဂိတ်မှာမရှိနေပါဘူး။ ဆိုင်ကယ်ပိုင်ရှင်ဟာ အဒိုဆီကို ဖုန်းဆက်နေခဲ့ပြီး ဆိုင်ကယ်မှောက်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ အမြန်ပြန်လာဖြေရှင်းပေးဖို့ အသံကျယ်ကျယ်နဲ့ ပြောဆိုနေခဲ့ပါတယ်။ သူဘာကြောင့် အသံကို လိုတာထက်ပိုပြီး ကျယ်ကျယ်လောင်လောင် ပြောနေတယ်ဆိုတာကို အဲ့ဒီအချိန်က ကျမတို့သူငယ်ချင်းတစ်စု တကယ်ကို နားမလည်နိုင်ခဲ့ကြပါဘူး။

မကြာခင်မှာပဲ အဒိုရောက်လာခဲ့ပြီးတော့ ဆိုင်ကယ်ပိုင်ရှင်နည်းတူ ကျမတို့ကို အပြစ်တင်အော်ဟစ်ခဲ့ပြီး ဆိုင်ကယ်ပြင်ခကို သုံးသိန်းသတ်မှတ်ခဲ့ပါတယ်။ ကျမတို့လေ့လာရသလောက် ဆိုင်ကယ်က အသစ်မဟုတ်သလို၊ ဆိုင်ကယ်တန်ဖိုးကလည်း ခုနစ်သိန်းထက်ကို မပိုနိုင်တဲ့ပမာဏပါ။ ကျမတို့အဖွဲ့က ဈေးကို ညှိနှိုင်းဖို့ ကြိုးစားခဲ့ကြပေမဲ့ အနီးအနားမှာ ဝန်းရံနေကြတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေက ပါ ဝိုင်းဝန်းအော်ဟစ်ပြီး ဖိအားပေးခဲ့ကြတာကြောင့် မတတ်သာပဲ ဒီကိစ္စကိုဖြေရှင်းပေးနိုင်ဖို့ ရဲတပ်ဖွဲ့ကို အကူညီတောင်းခဲ့ရပါတော့တယ်။

မိနစ်ပိုင်းလောက်အကြာမှာပဲ အကူအညီရမယ်အမှတ်နဲ့ အားကိုးတကြီးခေါ်လိုက်တဲ့ ရဲတပ်ဖွဲ့ဟာ ဆိုင်ကယ် ကယ်ရီဂိတ်ကို ရောက်လာပါတယ်။ ဒါပေမဲ့ ထင်ထားတဲ့အတိုင်း မဟုတ်ဘဲ ကျမတို့အဖွဲ့ကိုပဲ ဖိအော်နေခဲ့ပါတယ်။ တစ်ချိန်းတည်းမှာပဲ အဒိုအပါအဝင် တက္ကစီသမားတွေကို သူငယ်ချင်းအရင်းအချာတွေ သဖွယ် ရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်တာကြောင့် ကျမတို့ အံသြမဆုံးဖြစ်ခဲ့ရပါတော့တယ်။

ကျမတို့ အကုန်လုံး ဒလမြို့နယ်ရဲစခန်းကို ရောက်ရှိခဲ့ကြပါတယ်။ ကျမတို့အဖွဲ့ဟာ ဖြစ်ကြောင်းကုန်စင်ကို တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေမဲ့ ကျမတို့ ဖြေရှင်းနေတဲ့အချိန်မှာ ဘေးကနေ အဒိုတို့အဖွဲ့က ဝင်အော်၊ ဝင်ပြောနေတာကို ရဲတပ်ဖွဲ့တွေက ဟန့်တားခြင်းမပြုခဲ့ကြပါဘူး။ တာဝန်ကျ ရဲသားက ကျမတို့ ပြောဆိုချက်တွေကို လိုက်မှတ်နေပေမဲ့ တစ်ဖက်မှာလည်း အဒိုတို့အဖွဲ့နဲ့ စကားပြောရင်း စနောက်နေတဲ့ အခြေအနေက ကျမတို့ကို မှင်သက်သွားစေပါတယ်။

နောက်ဆုံးမှာတော့ ကျမတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့တောင်းတဲ့ ပိုက်ဆံပမာဏကို ပေးဖို့ ရဲတပ်ဖွဲ့တွေရဲ့ တိုက်တွန်းခြင်းကို ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်အရ ကျမတို့ အဖွဲ့ထဲမှာ နိုင်ငံခြားသားပါနေပြီး နိုင်ငံခြားသားကို ဆိုင်ကယ် ငှားရမ်းစီးနင်စေခြင်းက ဥပဒေနဲ့ မညီတဲ့အပြင် ဆိုင်ကယ်ငှားရမ်းစဉ်က ထိခိုက်ပျက်စီးမှုဖြစ်လာပါက ပေးဆောင်ရမဲ့ ငွေပမာဏနဲ့ပတ်သက်ပြီး သဘောတူညီချက် မရှိခဲ့တာကြောင့် ဆိုင်ကယ်ပိုင်ရှင်ဘက်က တောင်းဆိုတဲ့အတိုင်းပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

“ခင်ဗျားတို့ သူတို့တောင်းဆိုတဲ့ပိုက်ဆံကိုပေးလိုက်တာနဲ့ ကိစ္စလည်း ဒီမှာပြတ်သွားမယ်၊ မပေးဘဲ ဆက်ရင်ဆိုင်နေရင် အမှုက အကြာကြီး ဖြစ်နေမယ်။ သက်ဆိုင်တဲ့သူတွေလည်း ရဲစခန်းမှာ အာမခံမရမချင်း နေနေရမယ်” လို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ကျမတို့ကို သတိပေးခဲ့ပါတယ်။

ကျမတို့အဖွဲ့အနေနဲ့ ဒီဖြစ်စဉ်က မတရားငွေညှစ်ချင်နေတဲ့ ပုံစံမှန်းသိနေတာကြောင့် တောင်းဆိုတဲ့ငွေကို ပေးဖို့ ချီတုံချတုံဖြစ်နေခဲ့ကြပါတယ်။ ကျမတို့ဖြစ်စဉ်ကို သိနေတဲ့ ဘေးက အခြားတက္ကစီဒါရိုက်ဘာတစ်ယောက်က ဒီပျက်စီးတဲ့အပိုင်းကို ပြင်ဆင်ရင် ငွေကျပ်ငါးသောင်းထက်ပိုမကျနိုင်ဘူးလို့ မှတ်ချက်ပေးခဲ့တာကြောင့် တောင်းဆိုတဲ့ပမာဏကို မပေးနိုင်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နေအလင်းရောင်ကလည်း အတော်ဝင်လာခဲ့ပြီး နောက်ဆုံးသင်္ဘောအချိန်က ၉ နာရီဖြစ်တာကြောင့် ကျမတို့က ပိုက်ဆံကိုပေးပြီး လုံခြုံစိတ်ချရတဲ့ တစ်ဖက်ကမ်းကို ပြန်ကြဖို့ မဖြစ်မနေ ဆုံးဖြတ်ခဲ့ကြရပါတယ်။

အဒိုနဲ့ သူ့အပေါင်းအပါတွေက ရဲတပ်သားတွေနဲ့ ကြိုတင်ညှိနှိုင်းထားကြပုံပါပဲ။ ကျမတို့က သူတို့ကို ငွေသုံးသိန်းပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကျမတို့မျက်စိရှေ့မှာပဲ ငွေကျပ်နှစ်သောင်းစီ ရေတွက်ကာ ရဲတပ်သားသုံးဦးကို လဖက်ရည်ဖိုးလို့ပြောပြီး ပေးခဲ့ကြပါတယ်။ ဒါက လာဘ်စားမှုမြောက်ပြီး တရားမဝင်ဘူးဆိုတာ သိကြပေမဲ့ ကျမတို့အဖွဲ့ရဲ့ လုံခြုံရေးအခြေအနေကြောင့် မျက်စိနဲ့ ကြည့်နေရုံအပြင် အခြားမှတ်တမ်းတင်နိုင်တာမျိုး မလုပ်နိုင်ခဲ့ကြပါ။

တပင်ရွှေထီးက အဒို

ကျမတို့ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ဆက်စပ်ပြီး ဒလမြို့မှာရှိတဲ့ ဆိုင်ကယ်အငှားလုပ်ငန်းတွေ အကြောင်း ဆက်လက်လေ့လာခဲ့မိပါတယ်။ အဖြစ်အပျက်တွေ ပြီးလို့ တစ်ပတ်အကြာမှာတော့ ကျမမိတ်ဆွေ တစ်ယောက်ချိတ်ဆက်ပေးတဲ့ ဆိုင်ကယ်အငှားမောင်းသမား ကိုကျော်ကျော်နိုင်နဲ့အတူ ဒလဆိပ်ကမ်းဘက်ကို တစ်ဖန်ရောက်ရှိခဲ့ပါတယ်။

ကိုကျော်ကျော်နိုင်ဟာ ဒလမြို့နယ်မှာ ဆိုင်ကယ်အငှားကယ်ရီသမားအဖြစ်လုပ်ကိုင်နေတာ နှစ်ပေါင်းအတော် ကြာခဲ့ပါပြီ။ သူရဲ့အတွေ့အကြုံအရ ဒလမြို့နယ်မှာ အငှားဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ အုပ်စုကြီး သုံးစုရှိတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်အငှားဝန်ဆောင်မှုလုပ်တဲ့အုပ်စု၊ ဆိုက်ကားအငှားဝန်ဆောင်မှုအုပ်စုနဲ့ သုံးဘီအငှားဝန်ဆောင်မှု အုပ်စုတို့ပဲဖြစ်ပါတယ်။ အဲ့ဒီအုပ်စုကြီးသုံးစုမှာ အဒိုက ဆိုင်ကယ်အငှားဝန်ဆောင်မှု အပိုင်းမှာ ဦးဆောင်နေတဲ့သူဖြစ်ပြီးတော့ သူနဲ့ပူးပေါင်းလုပ်ကိုင်တဲ့ ဆိုင်ကယ်သမားတွေဟာ တပင်ရွှေထီးနဲ့ ဘုရင့်နောင်ရပ်ကွက်တွေဘက်မှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခြားရပ်ကွက်မှာ နေထိုင်တဲ့ဆိုင်ကယ်ကယ်ရီသမားအချို့လည်း အဒိုရဲ့အုပ်စုမှာအဖွဲ့ဝင်တွေအဖြစ် ပူးပေါင်းလုပ်ကိုင်ကြတာမျိုးတွေရှိတယ်လို့ သူကရှင်းပြပါတယ်။

“ကျနော်ကတော့ သူတို့အဖွဲ့တွေနဲ့ ဘယ်တော့မှ ပူးပေါင်းလုပ်ကိုင်မှာ မဟုတ်ဘူး။ သူတို့အဖွဲ့တွေ နိုင်ငံခြားသား ခရီးသည်တွေကို ဘယ်လိုပစ်မှတ်ထားတယ်၊ ငွေညှစ်ကြတယ်ဆိုတာ ခဏခဏ မြင်နေ သိနေရ တော့ သူတို့နဲ့တူတူအလုပ်လုပ်ဖို့ လိပ်ပြာမလုံဘူး” လို့ ကိုကျော်ကျော်နိုင်က ပြောပါတယ်။

သူ့လို သမ္မာအာဇီဝကျတဲ့ ကယ်ရီသမားတွေလည်း ဒလမှာရှိကြပါတယ်။

အဒိုရဲ့ ဆိုင်ကယ်အငှားဝန်ဆောင်မှုလုပ်ငန်းဟာ ၂၀၁၅ခုနှစ်က ဒလမြို့နယ်မှာ စတင်အခြေပြု လုပ်ကိုင်ခဲ့ တာဖြစ်ပါတယ်။ အတန်းပညာမတတ်ခဲ့ပေမဲ့ သူရဲ့ ဘာသာစကားကျွမ်းကျင်မှုနဲ့ စီးပွားရေးအကွက်မြင်နိုင်မှုတွေကြောင့် ကယ်ရီသမားတွေအကြားနေရာပေးခြင်းခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ခရီးသွားလုပ်ငန်းတွေလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ၊ ခရီးသွားလမ်းညွှန်စာမျက်နှာတွေမှာ နေရာယူနိုင်ဖို့အတွက် စတင်ကြိုးစားခဲ့ကြပါတယ်။

သတင်းဌာနအနေနဲ့ အဒိုကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ သူမှာ မော်တော်ဆိုင်ကယ် ဆယ်စီးပိုင်ဆိုင်ထားပြီး သူနဲ့ အလုပ်ချိတ်လုပ်တဲ့ ကယ်ရီသမားတွေက သူ့ကို ဝန်ဆောင်ခရဲ့ ၂၀ရာခိုင်နှုန်း ခံစားခွင့်ပေးရတယ်လို့ သိရပါတယ်။

ဆိုင်ကယ်ငှားရမ်းခဟာ ခရီးသည်နဲ့ ညှိနှိုင်းရတဲ့အပေါ်မှာမူတည်ပြီး တစ်နေ့ကို မြန်မာငွေကျပ် ၁၂၀၀၀ ကနေ ၅၀၀၀၀ အထိရတယ်လို့ သူကပြောပါတယ်။

အဒိုဟာ ဒေသခံမီဒီယာတွေမှာလည်း သူရဲ့ ဝန်ဆောင်မှု ပုံရိပ်ကိုမြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ အခမဲ့ ဝန်ဆောင်မှုတွေကိုပေးပြီး သူရဲ့ အဆက်အသွယ်တွေကို မီဒီယာကနေတစ်ဆင့် ခရီးသည်တွေဆီကို တိုက်ရိုက် ပို့ဆောင်ခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဖေဖော်ဝါရီလမှာ တော့ လူထုအခြေစိုက်ခရီးသွားလုပ်ငန်းကို ဒလမြို့နယ် ကျိုက်ကလဲ့ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲမှာ အဒိုနဲ့ သူ့အပေါင်းပါတွေက ဆိုင်ကယ်ငှားရမ်းဝန်ဆောင်မှုကို အခမဲ့ပေးကာ သတင်းထောက်တွေကို သူတို့ရဲ့ ဖုန်းနံပါတ်တွေ မျှဝေခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အဒိုတို့အဖွဲ့က ဒလကနေ တွံတေးကိုသွားတဲ့ခရီးစဉ်တစ်လျှောက်ဝန်ဆောင်မှုပေးခဲ့ပြီးနောက် မြန်မာတိုင်း(မ်)နဲ့ Coconuts သတင်းဌာနတွေရဲ့ ခရီးသွားဆောင်းပါးတွေမှာ သူ့ရဲ့ ဖုန်းနံပါတ်ကို ဖော်ပြခြင်းခံခဲ့ရပါတယ်။

ကျမရဲ့ နိုင်ငံခြားသားသူငယ်ချင်းဟာ လည်း ဒီဆောင်းပါးတွေကနေတစ်ဆင့် အဒိုရဲ့ ဖုန်းနံပါတ်ကို သိပြီး ဆက်သွယ်ခဲ့မိတာဖြစ်ပါတယ်။ ဒလမြို့နယ်ကနေ လက်ခုပ်ကုန်းကမ်းခြေဘက်ကို ဆိုင်ကယ်နဲ့သွားတာဟာ အတော်လေးကို စွန့်စားခန်းဆန်ပြီး စိတ်ချရဖို့လိုတာကြောင့် ကျမတို့က ခရီးသွားဆောင်းပါးတွေကနေတစ်ဆင့် အဒိုရဲ့ဝန်ဆောင်မှုကို လုံခြုံစိတ်ချရတယ်လို့ ထင်မြင်ပြီးငှားရမ်းခဲ့မိတာဖြစ်ပါတယ်။

ဒီကိစ္စတွေဖြစ်ပြီးတဲ့အချိန်မှာတော့ ကျမတို့ဟာ မြန်မာတိုင်း(မ်)နဲ့ Coconuts သတင်းဌာနတွေကို အဒိုရဲ့ဖုန်းနံပါတ်ကို ဆောင်းပါးတွေမှာ ဖယ်ရှားပေးဖို့ အီးမေးလ်ပို့ပြီးတောင်းဆိုခဲ့ပါတယ်။

မြန်မာတိုင်း(မ်)ကတော့ တောင်းဆိုတဲ့နေ့မှာပဲဖုန်းနံပါတ်ကို ခပ်မြန်မြန်ပဲဖယ်ရှားပေးခဲ့ပြီး အယ်ဒီတာချုပ်ဖြစ်သူက အဆင်မပြေခဲ့မှုအတွက် စိတ်မကောင်းတဲ့အကြောင်း ပြန်စာပို့ခဲ့ပါတယ်။ Coconutsသတင်းဌာနမှာ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ဖော်ပြခဲ့တဲ့ တွံတေးမြွေဘုရားသို့အလည်တစ်ခေါက်ဆိုတဲ့ ဆောင်းပါးမှာ အဒိုဟာ ဆောင်းပါးရှင်ကို တစ်နာရီ ၅၀၀၀ ကျပ်နှုန်းနဲ့ဆိုင်ကယ်ငှားခဲ့တယ်လို့ဖော်ပြထားပြီး သူ့ရဲ့ဖုန်းနံပါတ်ကိုပါ ဖော်ပြထားပါတယ်။ ဒီဆောင်းပါးမှာပါတဲ့ အဒိုရဲ့ ဖုန်းနံပါတ်ကိုတော့ Coconutsသတင်းဌာနက ယနေ့တိုင် ဖယ်ရှားပေးခြင်း မရှိသေးပါဘူး။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကတော့ ဒီလို တက္ကစီသမားတွေနဲ့ နိုင်ငံခြားခရီးသွားတွေရဲ့ အကြားက ပြသနာတွေဟာ ဒလမြို့နယ်အတွက် မထူးဆန်းတော့ဘူးလို့ဆိုပါတယ်။
“သူတို့တွေက နိုင်ငံခြားခရီးသွားတွေကို အဓိကထားပြီး ပစ်မှတ်ထားပြီးငွေညှစ်တာမျိုးတွေလုပ်လေ့ရှိတယ်။ အချို့အဖြစ်အပျက်တွေဆိုရဲတွေနဲ့ပေါင်းပြီး ခရီးသည်ကိုငွေညှစ်တာမျိုးတွေတောင်ရှိတယ်လို့ ကြားဖူးတယ်”လို့ အောက်တိုဘာလ ၁၀ရက်မှာ သူက ပြောပါတယ်။

ဒီလိုဖြစ်စဉ်တွေက အလည်အပတ်လာလိုတဲ့ခရီးသွားတွေအကြား ဒလမြို့နယ်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ အကယ်၍ အစိုးရက ဒလမြို့နယ်ကို ခရီးသွားနယ်မြေအဖြစ် အဆင့်မြှင့်တင်ချင်တယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ကယ်ရီသမားတွေရဲ့ ခရီးသွားတွေကိုငွေညှစ်နေတာကို တစ်နည်းနည်းနဲ့ထိန်းချုပ်လုပ်ကိုင်သင့်တယ်လို့ ဦးထွန်းရင်က မှတ်ချက်ပြုပါတယ်။

မေတ္တာကို ခေါင်းပုံဖြတ်ခြင်း

နိုင်ငံခြားခရီးသွားတွေဟာ ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလကိုရောက်တာနဲ့ ကယ်ရီသမားတွေရဲ့ ပစ်မှတ်လွယ်လွယ်ကူကူဖြစ်သွားတတ်ကြပါတယ်။ သူတို့ရဲ့ ပစ်မှတ်တွေကို ငွေညှစ်တတ်တဲ့ အခြားလုပ်ငန်းကတော့ အလှူအတန်းပြုတဲ့နေရာတွေကို ခေါ်ဆောင်သွားပြီး လှူဒါန်းချင်လာအောင် အနနည်းနဲ့ ဖိအားပေးတာပဲဖြစ်ပါတယ်။

ဆိုင်ကယ်နဲ့ တက္ကစီအငှားသမားတွေဟာ ခရီးသည်တွေရောက်လာတာနဲ့ မိဘမဲ့တွေ၊ ဘိုးဘွားရိပ်သာတွေဘက်ကိုအလှူပေးဖို့သွားမလားလို့ အလုအယက် ကမ်းလှမ်းကြလေ့ရှ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.