ကောလင်းမြို့မှ မကောင်းဆိုးဝါးအန္တရာယ်

မူးယစ်ဆေးစွဲမှုသည် မြန်မာနိုင်ငံအနှံ့အပြား လူ့အသိုက်အဝန်းအတွင်း ထိုးဖောက်ဖျက်ဆီးလျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့တစ်မြို့တွင် အမျိုးသမီးတစ်ဦးက သုံးပြီးသား ဆေးထိုးအပ်အပြည့် ပုံးတစ်ပုံးသယ်လာရာ အရေးယူတုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ နေသာသော ဒီဇင်ဘာ ၁ ရက်တွင် အစိုးရဆေးရုံအပြင်ဘက် လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ ကိုသိန်းစိုးတစ်ယောက် လက်ဖက်ရည်သောက်ရင်း ထိုင်နေသည်။ သူသည် ဘိန်းဖြူစွဲခဲ့ဖူးသူဖြစ်ပြီး ဆေးရုံမှ နေ့စဉ်ထုတ်ပေးသည့် မီသဒုံး Methadone ဆေးထုတ်သူရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

အသက် ၃၉ နှစ်အရွယ် ကိုသိန်းစိုးသည် မိန်းမနှင့် ကွာရှင်းထားသူဖြစ်သည်။ ၂၀၀၃ ခုနှစ်က ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းမိုင်း၌ အလုပ်သွားလုပ်စဉ်က ဘိန်းဖြူ စတင်စွဲခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြောက်ဘက် ကားလမ်းဖြင့် ကီလိုမီတာ ၂၈၀ ခန့်ရှိသော သူ့ဇာတိ ကောလင်းမြို့သို့ တစ်နှစ်တစ်ခါ ပြန်လာလေ့ရှိသည်။

“ကျွန်တော် ငယ်ငယ်တုန်းက ကောလင်းမှာ မူးယစ်ဆေးရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေရှိတယ်။ ဒါပေမဲ့ အဲဒီတုန်းက စမ်းကြည့်ဖို့ ကျွန်တော်စိတ်မဝင်စားခဲ့ပါဘူး။ ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းတွေမှာ သွားအလုပ်လုပ်တော့မှ မူးယစ်ဆေးက ကျွန်တော့်စိတ်ကို တည်ငြိမ်စေပြီး အလုပ်အပေါ်မှာလည်း အာရုံစိုက်လို့ရတယ်” ဟု Frontier ကို ပြောပြသည်။

၂၀၁၈ ရောက်သောအခါ သူထောက်ပံ့ကြည့်ရှုနေခဲ့ရသော သူ့မွေးချင်းညီအစ်ကို မောင်နှမများမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်ကြပြီဖြစ်သဖြင့် အလုပ်မှ အနားယူကာ သူ့ဇာတိ ကောလင်းမြို့သို့ ပြန်လာပြီး Backhoe မြေတူးစက်မောင်းအဖြစ်လုပ်ကိုင်ကာ ရှေ့နေအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။

ကိုသိန်းစိုးတစ်ယောက် အေးအေးဆေးဆေးနှင့် ဘဝမှာ အခြေကျနေပြီဟု ထင်ရသော်လည်း တကယ်တော့ သူက နံပါတ်ဖိုးဟု လူတွေခေါ်နေကြသော ဘိန်း၏အသန့်စင်ဆုံးအဆင့် အဖြူရောင်အမှုန့်တွေကို သုံးစွဲနေခဲ့သည်။

“အိမ်ထောင်ကျပြီး ခြောက်လလောက် ရှိရင်ပဲ ကျွန်တော့်မိန်းမက ကျွန်တော့်ကို စွန့်ခွာသွားတယ်။ သူက ပညာတတ်အမျိုးသမီးပဲ။ ကျွန်တော့်ရောဂါ လက္ခဏာတွေကြည့်ပြီး ကျွန်တော့်မှာ အိပ်ချ်အိုင်ဗီပိုး ရှိနေပြီဆိုတာ ရိပ်မိသွားတယ်” ဟု သူကပြောပြသည်။

ကျောက်စိမ်းတွင်း အလုပ်သမားများကြားတွင် အိပ်ချ်အိုင်ဗီပိုးများ ပျံ့နှံ့ကူးစက်နေသည်။ ဆေးထိုးအပ်များ အတူမျှဝေသုံးနေကြသောကြောင့်ဖြစ်သည်။

နောက်ပြီး ဖားကန့်တွင် ပြည့်တန်ဆာများနှင့်လည်း သူအပျော်ကျူးခဲ့သည်ဟု ဝန်ခံသည်။ ကောလင်းမြို့ အထွေထွေရောဂါကုဆေးရုံမှ ‘မီသဒုံး’ ဆေး နေ့စဉ်ယူနေရသကဲ့သို့ သူ့အိပ်ချ်အိုင်ဗီအေ့ဒ်စ်ရောဂါ ကုသရန်လည်း ART အေအာရ်တီဆေးကို ရယူနေရသည်။

ကောလင်းမြို့၌ခြိမ်းခြောက်ခံရသဖြင့် ရန်ကုန်ထွက်လာသည့် ဒေါ်မိမိကြည်ကို တာမွေမြို့နယ် အင်န်အယ်လ်ဒီရုံးရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ကျော်လင်းထွန်း

ကောလင်းမြို့၌ခြိမ်းခြောက်ခံရသဖြင့် ရန်ကုန်ထွက်လာသည့် ဒေါ်မိမိကြည်ကို တာမွေမြို့နယ် အင်န်အယ်လ်ဒီရုံးရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်လင်းထွန်း

ဆေးထိုးအပ်တစ်ပုံး

ကောလင်းမြို့တွင် ကိုသိန်းစိုးနည်းတူ မူးယစ်ဆေးကြောင့် ဘဝပျက်နေသူများစွာရှိသည်။ အစိုးရကျန်းမာရေးဝန်ထမ်းတွေမှာလည်း ဆေးဝါး မလောက်မငဖြင့် သူတို့ကို ကုသစောင့်ရှောက်နေရသည်။ လွန်ခဲ့သည့်လကတော့ ကောလင်းမြို့မှ မူးယစ်ဆေးစွဲကိစ္စမှာ ခေါင်းကြီးပိုင်းသတင်းဖြစ်သွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကောလင်းရောက်ရှိနေခိုက် မြို့နယ်ခန်းမတွင် ဒေသခံအရာရှိများနှင့်အတူ မိန့်ခွန်းပြောနေစဉ် အမျိုးသမီးတစ်ဦးသည် စွန့်ပစ်ထားသော ဆေးထိုးအပ်များ အပြည့်ထည့်ထားသော ရေပုံးတစ်ခုကို ဆွဲလာကာ ဝန်ကြီးချုပ်ကို ချပြလိုက်သည်။ အသက် ၅၅ နှစ်အရွယ် ဒေါ်မိမိကြီးက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရကို ကောလင်းမြို့တွင် စွန့်ပစ် ဆေးထိုးအပ်ကောက်ပွဲတော် ကျင်းပပေးဖို့ပင် ရွဲ့၍အကြံပြုလိုက်သေးသည်။

ထိုနေ့ညက ကျွန်းလှကုန်းရွာ ဒေါ်မိမိကြီး၏အိမ်ဘေးရှိ ကောက်ရိုးပုံ မီးရှို့ခံရသည်။ မူးယစ်ဆေး ရောင်းဝယ်သူများက ဒေါ်မိမိကြီးကို သတိပေးလိုက်ခြင်းပင်။ ဒီဇင်ဘာလကုန်ပိုင်းက Frontier ကောလင်းရောက်သည့်အခါ ဒေါ်မိမိကြီးမှာ ရန်ကုန်ထွက်သွားပြီဟု သိရသည်။ မူးယစ်ဆေး ရောင်းဝယ်သူများက သူ့ကို သတ်ပစ်မည်ဟု ကြားခံများမှတဆင့် ခြိမ်းခြောက်ခံရသဖြင့် ကောလင်းမြို့မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

နောက်ပိုင်း၌ ရန်ကုန်၊ တာမွေမြို့နယ်ရှိ သူ့ညီမနေအိမ်တွင် ဒေါ်မိမိကြည်ကို သွားရောက်တွေ့ဆုံခဲ့ရာ အသတ်ခံရမှာကြောက်၍ ထွက်လာခဲ့ရကြောင်း ဒေါ်မိမိကြီးကဝန်ခံသည်။ သူသည် ကောလင်းမြို့ အင်န်အယ်ဒီပါတီ၏ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

“အမေစုကတော့ မှန်တာပြောရဲဖို့၊ မှန်တာလုပ်ရဲဖို့ သင်ကြားပေးခဲ့တာပါပဲ။ ကျွန်မကြောက်တော့ ကြောက်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့မြို့နယ်မှာ ကျွန်မငယ်ငယ်ကတည်းက မူးယစ်ဆေးပြဿနာက ဆိုးရွားနေတာဆိုတော့ ကျွန်မ မပြောလို့ မဖြစ်ဘူး” ဟု ဒေါ်မိမိကြီးက ပြောသည်။

တာမွေမြို့နယ်ရှိ ညီမတော်နေအိမ်၌ ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မိမိကြည်တို့၏ဓာတ်ပုံ။ ဓာတ်ပုံ - ကျော်လင်းထွန်း

တာမွေမြို့နယ်ရှိ ညီမတော်နေအိမ်၌ ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မိမိကြည်တို့၏ဓာတ်ပုံ။ ဓာတ်ပုံ – ကျော်လင်းထွန်း

ဒေါ်မိမိကြီး၏ ရွာ ‘ကျွန်းလှကုန်း’ သည် မူးယစ်ဆေးရောင်းဝယ်မှုတွင် အထူးပတ်သက်နေသော ရွာဖြစ်ကြောင်း ကောလင်းသားတို့က ပြောပြသည်။

“မူးယစ်ဆေးရောင်းဝယ်မှုနဲ့ပတ်သက်ရင် ကျွန်းလှကုန်းကလည်း နာမည်ကြီးတဲ့ ရွာတစ်ရွာပါပဲ။ ဒါပေမဲ့ မူးယစ်ဆေးဂိုဏ်းတွေနဲ့ သူ့ထက်ကြီးတဲ့ ရွာတွေရှိသေးတယ်” ဟု အသက် ၄၂ နှစ်ရှိ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ဆန်းဦးက Frontier ကို ပြောသည်။

“ကျွန်တော်တို့ရဲတွေတောင် သတ္တိကောင်းတဲ့ရွာခံ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့တွေပါမှ အဲ့ဒီရွာတွေနား သွားရဲတာ။ နို့မို့ရင် သူတို့မူးယစ်ဆေးဂိုဏ်းတွေက အင်နဲ့အားနဲ့ ဝိုင်းရန်ပြုကြတာ” ဟု ပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့သည် လွန်ခဲ့သော သုံးနှစ်အတွင်း မူးယစ်ဆေးအမှု ၃၀၀ ခန့် စွဲဆို ဖမ်းဆီးအရေးယူမှု လုပ်ခဲ့ရကြောင်း၊ အမှုအားလုံးနီးပါးမှာ ဟီးရိုးအင်း ဘိန်းဖြူမှုချည်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၈၁ မှု၊ ၂၀၁၈ ၌ ၁၂၉ မှု နှင့် ယမန်နှစ်က ၇၉ မှု ရှိခဲ့ကြောင်း၊ ကျွန်းလှရွာတွင် လွန်ခဲ့သော နှစ်နှစ်အတွင်း ရှစ်မှု စွဲဆိုခဲ့ရာ ၁၃ ဦး ဖမ်းဆီးခဲ့ကြောင်း သိရှိခဲ့ရသည်။

“သတင်းအရ ကျွန်တော်တို့ သူတို့ဆီကို မကြာခဏသွားကြပါတယ်။ ဒါပေမဲ့ ခက်တာက သူတို့အိမ်တွေကို ဝင်းထရံနှစ်ထပ် ကာထားကြတယ်ဗျ” ဟု ရဲမှူးအောင်ဆန်းဦးက ပြောသည်။ သံသယရှိ ခံထားရသူများက သူတို့အိမ်ကို အပြင်ဘက်က ထုံးစံဝါးဝင်းထရံနှင့် အတွင်းတွင် သွပ်များတစ်ထပ်ကာရံထားရာ အတွင်းသို့ ရုတ်တရက်ဝင်ဖို့ မလွယ်၊ အတွင်းမှာ ဘာတွေလုပ်နေကြလဲ မမြင်ရအောင် စီမံထားကြသည်။ ဖမ်းဝရမ်းနှင့် အိမ်ထဲဝင်သွားကြလျှင်လည်း ဘိန်းဖြူမှုန့်များကို ဝင်မလာခင်ကတည်းက ရေထဲဖျော်ပစ်ကြရာ ဖမ်းမိရန်မလွယ်ချေ။ နောက်ပြီး ရောင်းဝယ်သမားများက သူတို့လက်ထဲ မည်သည့်အခါမှ မူးယစ်ဆေး များများစားစားမထား၊ အနီးအနား တောထဲက လျှို့ဝှက်နေရာမှာသာ ဖွက်ထားတတ်ကြသည်ဟု ဒေသခံတို့က ပြောကြသည်။

ပြီးခဲ့သည့်လက ဆေးထိုးအပ်ပုံးကြီးကိုင်ကာ ဒေါ်မိမိကြီး မြို့နယ်ခန်းမထဲ ဝန်ကြီးချုပ်ဆီ ဝင်လာတွေ့သည့်အဖြစ်အပျက်ပြီးနောက် ရဲမှူးအောင်ဆန်းဦးနှင့် ဒေသခံအရာရှိများအား ဝန်ကြီးချုပ်က ကြိမ်းမောင်းသွားခဲ့ကြောင်း၊ မူးယစ်ဆေးပြဿနာ မကိုင်တွယ်ရကောင်းလားဟု အပြစ်တင်ခဲ့ကြောင်း “မူးယစ်ဆေးဝါး အလွဲသုံးစားမှုကို နှိမ်နင်းဖို့ ကျွန်တော် ပေါ်လစီချထားပြီးဖြစ်တယ်။ မူးယစ်ဆေးသုံးတာ၊ ရောင်းဝယ်တာတွေ့ရင် ကိုယ့်သားသမီးတွေ၊ ကိုယ့်ဆွေမျိုးတွေဖြစ်ရင်တောင်မှ သတင်းပို့အရေးယူကြဖို့ ကျွန်တော် မကြာခဏပြောထားပြီပဲ။ ခင်ဗျားတို့ ဘာလုပ်နေကြလဲ။ ခုတော့ ဒီအမျိုးသမီးက ဆေးထိုးအပ်ပုံးကြီး တစ်လုံးနဲ့ ကျွန်တော့်ကို ထိပ်တိုက်ပြသွားပြီ” ဟု ဒေါက်တာမြင့်နိုင်က ပြောသွားသည်ဟု Daily Eleven ၌ရေးသားထားသည်။

ရွာအတွင်း မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ရှာဖွေရရှိထားသည့် ဘိန်းဖြူဆေးထိုးအပ်ကို ဦးဘရှိန်ကပြသစဉ်။ ဓာတ်ပုံ - ကျော်လင်းထွန်း

ရွာအတွင်း မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ရှာဖွေရရှိထားသည့် ဘိန်းဖြူဆေးထိုးအပ်ကို ဦးဘရှိန်ကပြသစဉ်။ ဓာတ်ပုံ – ကျော်လင်းထွန်း

မိသားစုလုပ်ငန်းတစ်ခု

တိုင်းဝန်ကြီးချုပ်၏ ဒီဇင်ဘာ ၁၅ ရက်ခရီးစဉ်အပြီး နှစ်ရက်အကြာတွင် မြို့နယ်ရဲတပ်ဖွဲ့က ကျွန်းလှကုန်းရွာ၌ အစည်းအဝေးခေါ်ပြီး ကျေးရွာအခြေခံ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့သည်။

ကောလင်းမြို့မြောက်ဘက် ၁ ဒသမ ၆ ကီလိုမီတာခန့်သာဝေးသော ‘ကျွန်းလှကုန်း’ရွာတွင် လူဦးရေ ၅၀၀ ခန့်ရှိရာ ထိုအစည်းအဝေးတွင် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ထဲ ပါဝင်လိုသူ ငါးဦးသာရှိသည်။ ထိုအစည်းအဝေးကို မတက်ခဲ့သူ ဒေါ်မြင့်မြင့်ကြည်နှင့် နောက်တစ်ဦးတို့က နောက်ပိုင်းတွင် အသင်းထဲ ဝင်ခဲ့ကြသည်။

“အဲ့ဒီနေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသား သုံးပုံတစ်ပုံလောက် အစည်းအဝေးထဲ ရှိနေကြတုန်းမှာပင် ရွာထဲက အိမ်တစ်အိမ်က မူးယစ်ဆေးရောင်းနေသေးတယ်” ဟု ၅၁ နှစ်အရွယ် ဦးဘစိန်က ပြောပြသည်။ ဦးဘစိန်သည် ယခုဖွဲ့လိုက်သော တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။

“အဲဒါ စိတ်ချရတဲ့ မျက်မြင်သက်သေတွေဆီက သတင်းရလိုက်တာ။ ဒါပေမဲ့ ရဲတွေ သူ့အိမ်ဝင်ရှာတော့ ဆေးတွေ မတွေ့ရတော့ဘူး” ဟု ဦးဘစိန်ကပြောသည်။ ထိုရွာမှာနေရသည်မှာ သူ့ဇနီးနှင့် သူ့သမီးနှစ်ယောက်တို့အတွက် ဦးဘစိန်က စိုးရိမ်ရှာသည်။ သမီးတစ်ယောက်မှာ မသန်စွမ်းရှာပေ။

“ကျွန်တော်မြို့ကို ဈေးဝယ်သွားတိုင်း အိမ်မှာ ဇနီးနဲ့ သမီးတွေ အသတ်ခံကြရမလား၊ လုယက် မုဒိန်းကျင့်ခံကြရမှာလားနဲ့ အမြဲစိုးရိမ်နေရတယ်။ ဒါကြောင့် ဒီမကောင်းဆိုးဝါး မူးယစ်ဆေးတွေ ဒီရွာမှာ မရှိစေချင်တော့တာပါ” ဟု ဦးဘစိန်က ပြောသည်။

အလားတူ ပူပင်သောကများနှင့် နေရသော နောက်ကျွန်းလှကုန်းသူတစ်ယောက်ကတော့ အသက် ၆၃ နှစ်အရွယ် ကလေး လေးယောက်မိခင် ဒေါ်နွဲ့ဖြစ်သည်။ ဒေါ်နွဲ့တွင် သမီး သုံးယောက်ရှိသည်။

“ကျွန်မတို့ မှောင်ရင် အိမ်ပြင်တောင် မထွက်ရဲတော့ပါဘူး” ဟု ဒေါ်နွဲ့က ပြောသည်။ မြန်မာလို “ကျွန်းလှကုန်း”၏ အဓိပ္ပာယ်မှာ ‘ကျွန်းပင်ကြီးများဝေဝေဆာဆာနှင့် လှပသောတောင်ကုန်း’ ဟု အဓိပ္ပာယ်ရသည်။ သို့သော် ဒေသခံတို့ကတော့ မူးယစ်ဆေးပြဿနာကြောင့် “ဖိုးလှကုန်း” ဟု နံပါတ်ဖိုး ဘိန်းဖြူကို ရည်ညွှန်းပြီး လှောင်ပြောင်ခေါ်နေကြပြီ။ ခုတော့ “ကျွန်းပင်တွေလည်း တစ်ပင်မှ မရှိတော့ပါဘူး။ ကျွန်းပင်တွေ နေရာမှာ နံပါတ်ဖိုးက ယူသွားကြပါပြီ” ဟု ဒေါ်နွဲ့က ပြောသည်။

မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေ အဆိုအရ ကျွန်းလှကုန်းရွာတွင် မူးယစ်ဆေးစွဲသူ ရွာခံ ၂၀ ခန့်သာရှိကြောင်း၊ အခြားရွာတွေနှင့် ကောလင်းမြို့ပေါ်မှ လာဝယ်ကြသူများသာ ဖြစ်ကြောင်းပြောသည်။ မူးယစ်ဆေးရောင်းသည့် အိမ်များပြစမ်းပါဟု ပြောတော့ သူတို့က ငြင်းကြသည်။ Frontier က ရွာသားများထံက မော်တော်ဆိုင်ကယ် တစ်စီးငှားပြီး ရွာကို လှည့်ပတ်ကြည့်ရာ သွပ်ပြားကာများအပါအဝင် နှစ်ထပ်ဝင်းထရံ ကာရံထားသော အိမ် တစ်ဒါဇင်ကျော်ကျော် တွေ့ခဲ့ရသည်။

ရွာဦးပိုင်းတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိသည်။ Frontier ရောက်သွားသည့်အခါ ကျောင်းထိုင်ဆရာတော်က လက်ခံကြိုဆိုပါသည်။ ကျောင်းကို ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းသူများထဲ၌ မူးယစ်ဆေးရောင်းဝယ်မှုဖြင့် စီးပွားဖြစ်နေသော မိသားစုများလည်းပါကြောင်း ဆရာတော်ကမိန့်သည်။

“ဘုန်းကြီးကလည်း သူတို့ကို ဒီလိုအကုသိုလ်အလုပ်တွေ မလုပ်ဖို့ သွန်သင်ဆုံးမတာပါပဲ။ ဒါပေမဲ့ နားမထောင်ကြပါဘူး။ ရဲကလည်း ရောင်းဝယ်သူတွေကို မကြာခဏဖမ်းတာပဲ။ ပြဿနာက အဖေလုပ်သူ အဖမ်းခံရရင် ဇနီးက ဆက်ရောင်းတယ်။ သားတွေ သမီးတွေက ဆက်လုပ်တယ်။ သူတို့တတွေပါ အဖမ်းခံကြရပြီဆိုတော့ အဲဒီအချိန်မှာ သူတို့မိဘတွေက ထောင်က လွတ်လာကြပြီ။ ဒီအလုပ် ပြန်လုပ်ကြပြန်တာပဲ။

“လုပ်နေတာက မိသားစုဝင်တွေတင် မဟုတ်ဘူး။ သူတို့ရဲ့ ဆွေနီးမျိုးစပ်တွေပါ အတူရောင်းဝယ်နေကြတာ” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရဲက ကျေးရွာအဆင့် ရောင်းဝယ်လုပ်ကိုင်နေသူများကိုသာ ဖမ်းနေရုံနှင့်တော့ မူးယစ်ဆေးပြဿနာ ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ တိုင်းဒေသကြီးတခုလုံးရှိ အကောင်ကြီး ငါးများအား ဖမ်းနိုင်မှသာ နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း ဆရာတော်က အမိန့်ရှိသည်။

ရန်ကုန်အခြေစိုက် ‘မြန်မာ့မူးယစ်ဆေးတိုက်ဖျက်ရေးအသင်း’ (MANA) မှ ဥက္ကဋ္ဌဖြစ်သူ ဦးစိုးဝင်းက အောက်အဆင့် ရောင်းဝယ်နေသူများအား ဖမ်းနေရုံနှင့် ပြဿနာမရှင်းနိုင်ကြောင်း၊ နိုင်ငံရင်ဆိုင်နေရသော မူးယစ်ဆေးပြဿနာမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း၊ ယင်းပြဿနာကြီးကို ရဲတပ်ဖွဲ့တခုတည်းက မဖြေရှင်းနိုင်ကြောင်း ပြောသည်။

“မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ဒီမူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြတာပဲ။ နိုင်ငံတဝှမ်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းသရွေ့ ဒီမူးယစ်ဆေးပြဿနာ ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟု ဦးစိုးဝင်းက ပြောပါသည်။ ဦးစိုးဝင်းသည် ရဲဗိုလ်ချုပ် Police Major General မှ အနားယူထားသူဖြစ်ပြီး မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည်။

“မူးယစ်ဆေးရောင်းဝယ်လို့ရတဲ့ ငွေတွေနဲ့ လက်နက်ကိုင်တွေက လက်နက်ဝယ်နေကြတယ်ဆိုတာ အားလုံးသိနေတာပဲဗျာ” ဟု ဇန်နဝါရီလစောစောပိုင်းက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင်ရှိသော MANA ရုံးအနီးတွင် သူနှင့်အင်တာဗျူးစဉ် ဦးစိုးဝင်းက ပြောသည်။

အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်။ သို့သော် ‘ရာဘ’ ဟုခေါ်သော Methamphetamines ထုတ်လုပ်မှု တိုးတက်များပြားလာသဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသွားသည်။ ‘ရာဘ’ ထက်ပို၍ အဆင့်မြင့်သော အိုက်စ်‘ice’ ဆိုသည့် မူးယစ်ဆေးဝါးများကိုလည်း ထုတ်လုပ်လာသည်။

ထိုမူးယစ်ဆေးဝါးများကို အစိုးရမဟုတ်သော လက်နက်ကိုင်အုပ်စုများကြီးစိုးရာ ဒေသများတွင် ထုတ်လုပ်ကြခြင်းဖြစ်သည်။ ထိုလက်နက်ကိုင်အဖွဲ့များအနက် အချို့မှာ အစိုးရနှင့် မဟာမိတ်စာချုပ် ချုပ်ထားသောအဖွဲ့များဖြစ်ပြီး အချို့မှာ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေကြသော အုပ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.