အိုင်စီအိုအီးအစီရင်ခံစာ နိုင်ငံတကာအသိုင်းအဝိုင်းကြား သက်ရောက်မှုရှိနိုင်မလား

နိုင်ငံတကာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့၊ နိုင်ငံတော်ကခန့်အပ်တာဝန်ပေးထားတဲ့ ကော်မရှင်က တပ်မတော်အနေနဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ထုတ်ရေးသားလိုက်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၀ ရက်က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ နောက် တစ်ရက်မှာတော့ အစီရင်ခံစာ အကျဉ်းကို အများပြည်သူ ဖတ်ရှုနိုင်အောင် ထုတ်ပြန်ပါတယ်။

၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အာဆာအဖွဲ့ကနေ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးစခန်း ၃၀ လောက်ကို ဝင်တိုက်တဲ့ဖြစ်စဉ်တွေဖြစ်၊ ဒါကို တပ်မတော်ကနှိမ်နင်း၊ နောက်ပိုင်း သန်းတစ်ဝက်ကျော်ရှိမယ့် မူဆလင်ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။

အခုအစီရင်ခံစာကတော့ အဲဒီဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သလား၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့သလားဆိုတာကို လေ့လာ ဆန်းစစ်ထားတာ ဖြစ်ပါတယ်။ အစီရင်ခံစာအကျဉ်းနဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ “ တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း အာဆာအဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလိုတူပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများ ရှိခဲ့သည်ဟု ကော်မရှင်က တွေ့ရှိခဲ့သည်။” ဆိုပြီး ဖော်ပြထားပါတယ်။

အဓိပ္ပာယ်ကတော့ အာဆာအဖွဲ့ကို နှိမ်နင်းတဲ့စစ်ဆင်ရေးမှာ မြန်မာ့တပ်မတော်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာကို အစိုးရဘက်က တရားဝင် အသိအမှတ်ပြု ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သဘောပါပဲ။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ပြီး စစ်ဘက်က အာဏာသိမ်း အုပ်ချုပ်ခဲ့ချိန်က စတွက်ရင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း မြန်မာ့တပ်မတော်အနေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာကို အစိုးရတစ်ရပ်ကနေ ပထမဦးဆုံး အသိအမှတ်ပြု ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာလည်း ဖြစ်နေလေတော့ အလွန်ထူးခြားတဲ့ အစီရင်ခံစာလို့ မှတ်ယူနိုင်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ ဘာတွေဖော်ပြထားသလဲ၊ အခြားသောအစီရင်ခံစာတွေနဲ့ ဘာတွေထူးခြားသလဲ၊ ICOE အစီရင်ခံစာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကြား သက်ရောက်မှုရှိစေမလား ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေဖြစ်နေပါတယ်။

တကယ်တော့ မြန်မာ့တပ်မတော်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဟာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ အချိန်ကာလတလျှောက်လုံး အစီရင်ခံစာအမျိုးမျိုးမှာ ဖော်ပြမှု အမျိုးမျိုး ရှိခဲ့ပါတယ်။ အဲဒီအချိန်ကာလတွေက ထုတ်ပြန်ခဲ့ကြတဲ့ ရှမ်း၊ ကချင်၊ ကရင်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ အစီရင်ခံစာတွေမှာ အဲဒီအချက်အလက်ပေါင်း မြောက်မြားစွာ တွေ့ကြရမှာပါ။

ဒါပေမဲ့ အဲဒီအချက်အလက်တွေနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ကသော်၎င်း၊ အစိုးရအဖွဲ့ကသော်၎င်း အသိအမှတ်ပြုတာ၊ ဝန်ခံတာမျိုး လုံးဝမရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သန်းတစ်ဝက်ကျော် ရှိမယ့်မူဆလင်ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ဖြစ်စဉ် ဖြစ်ပွားနေချိန်နဲ့ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတက အဖွဲ့အစည်းမျိုးစုံက “ရိုဟင်ဂျာ”အရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာ အတော်များများ ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီအစီရင်ခံစာတွေထဲမှာ မြန်မာ့တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရာဇဝတ်မှုတွေ၊ မုဒိန်းမှုတွေ ကျူးလွန်ခဲ့ရုံမက လူသားမျိုးနွယ်အပေါ် ဆိုးရွားတဲ့ရာဇဝတ်မှုတွေ ကျူးလွန်တယ်၊ ဂျီနိုဆိုက် ခေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့အထိ စွပ်စွဲခဲ့ကြပါတယ်။

အဲဒီအစီရင်ခံစာတွေကို မြန်မာ့တပ်မတော်ကရော အစိုးရဘက်ကပါ လက်မခံခဲ့ကြပါဘူး။ မြန်မာ့တပ်မတော်ဘက်ကတော့ သူ့ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး စုံစမ်းစစ်ဆေး အစီရင်ခံတာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီအစီရင်ခံစာ အားလုံးလိုလိုလောက်မှာ တပ်မတော်တပ်ဖွဲ့ဝင်တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာမျိုး မလုပ်ခဲ့ကြဘူး၊ ဒါပေမဲ့ တပ်မှူးတပ်သား တစ်ယောက်တလေကတော့ စစ်ဥပဒေ၊ အထက်အမိန့်စတာတွေ လိုက်နာမှုအားနည်းတာမျိုး ရှိကောင်းရှိနိုင်တယ်ဆိုတာလောက် ထုတ်ပြန်ခဲ့ကြတာပါ။

အခု ICOE အစီရင်ခံစာကတော့ အဲဒါတွေနဲ့ ခြားနားပါတယ်။ ကော်မရှင်ကို မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံတကာက ကျွမ်းကျင်သူတွေကို ဦးဆောင်စေပါတယ်။ အဓိက ထူးခြားတာက အစီရင်ခံစာအတွက် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းကူညီတာပါ။ အဲဒီအချိန်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ တပ်မတော်အရာရှိတွေ၊ လုံခြုံရေး တာဝန်ရှိသူတွေဟာ ကော်မရှင်ရှေ့မှောက် အရောက်သွားပြီး ထွက်ဆိုချက် ပေးခဲ့ကြပါတယ်။

ကော်မရှင်က သမ္မတဆီ အစီရင်ခံစာပေးအပ်၊ အများပြည်သူကို အစီရင်ခံစာအကျဉ်း ထုတ်ပြန်ပြီးနောက်ပိုင်း တပ်မတော်ဘက်က သူတို့အနေနဲ့ အစီရင်ခံစာကို အသေအချာလေ့လာမယ်၊ အဲဒီအစီရင်ခံစာထဲမှာပါတဲ့ တပ်မတော်တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေ မှန်ကန်မှု ရှိမရှိ စိစစ်မယ်၊ မှန်ကန်တယ်ဆိုရင် စစ်ခုံရုံးတွေဖွဲ့စည်းပြီး စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ – ၆၀ လောက်အတွင်း နိုင်ငံတကာကရော အများပြည်သူကပါ မခန့်မှန်းနိုင်တဲ့ တပ်မတော်ရဲ့ ထူးခြားတဲ့တုံ့ပြန်ချက်တစ်ရပ်လို့ မှတ်ယူနိုင်ပါတယ်။

အစီရင်ခံစာထဲမှာ ပဋိပက္ခ ပြဿနာတွေ ဖြစ်ပွားခဲ့ရာ ရေခံမြေခံနဲ့ သမိုင်းကြောင်းတွေကိုလည်း ရှင်းပြထားပါတယ်။ လတ်တလော ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အာဆာအကြမ်းဖက်အဖွဲ့ကရော၊ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့ဝင်တွေဘက်ကပါ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါတင်မက အရပ်သားတွေကို သတ်ဖြတ်တာ၊ အင်အား မမျှမတ သုံးစွဲတာ၊ လုယက်မှု ကျူးလွန်တာ၊ မူဆလင်တွေ စွန့်ခွာသွားတဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီးလည်း ဖော်ပြထားပါတယ်။

တပ်မတော်ရဲ့ စစ်ဆင်ရေးကာလ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်ရင် တပ်မတော်ဘက်က အာဆာအဖွဲ့ဝင် ၃၇၆ ယောက်အပါအဝင် စုစုပေါင်း လူအယောက် ၇၀၀ ကျော် သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ICOE အစီရင်ခံစာမှာတော့ မင်းကြီးရွာ တရွာတည်းမှာကို လူ ၅၀၀ ကနေ ၆၀၀၊ ချွတ်ပြင်ရွာမှာ ၁၀၀ ဝန်းကျင်၊ မောင်နုရွာမှာ ၁၀၀ ကနေ ၂၀၀ ကြားသေဆုံးနိုင်တယ်လို့ ဖော်ပြပါတယ်။ အစီရင်ခံစာပါ သေဆုံးသူ အရေအတွက် ဖော်ပြချက်ဟာ တပ်မတော်နဲ့ အစိုးရဘက်က ထုတ်ပြန်ထားတဲ့ အရေအတွက်ထက် များတယ်ဆိုပေမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းထားတဲ့၊ မြန်မာအစိုးရက လက်မခံတဲ့ “လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် FFM” အစီရင်ခံစာ စာပိုဒ် ၁၃၉၅ ပါ လူတစ်သောင်းကျော် သေဆုံးခဲ့တယ်ဆိုတဲ့ မှတ်ချက်နဲ့တော့ ခြားနားပါတယ်။

ICOE အစီရင်ခံစာမှာ တပ်မတော်အနေနဲ့ စစ်ရာဇဝတ်မှုအပါအဝင် တခြားရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပေမဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်လို့ “လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အုပ်စုဖွဲ့၍ အတင်းအဓမ္မပြုကျင့်မှုများကို ကျူးလွန်ခဲ့ကြသည်ဟူသော စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ယုံကြည်ရထိုက်သည့် သက်သေခံဖြေဆိုချက်များ မရှိခဲ့ပါ။” ဆိုပြီး ဖော်ပြထားပါတယ်။

ဒီအချက်မှာလည်း FFM အစီရင်ခံစာပါအချက်နဲ့ အကြီးအကျယ် ကွဲလွဲပါတယ်။ FFM အစီရင်ခံစာ စာပိုဒ် ၁၃၇၂ မှာ ဖော်ပြထားတာက တပ်မတော်ရဲ့ စစ်ဆင်ရေးကာလအတွင်း ရာနဲ့ချီတဲ့ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတယ်၊ ၈၀ ရာခိုင်နှုန်းဟာ အုပ်စုဖွဲ့ မုဒိန်းကျင့်ခံရတယ်၊ အဲဒီထဲကမှ ၈၂ ရာခိုင်နှုန်းကို တပ်မတော်က ကျူးလွန်တယ်၊ တချို့နေရာတွေမှာဆို မိန်းကလေးအယောက် ၄၀ လောက်အထိ အတူတကွ၊ အုပ်စုလိုက် မုဒိန်းမှုကျူးလွန်တယ် ဆိုပြီးဖော်ပြထားပါတယ်။ ICOE အစီရင်ခံစာမှာ အဓိကဦးစားပေး ဖော်ပြထားတာက တပ်မတော်အနေနဲ့ စစ်ရာဇဝတ်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတာ တွေ့ရှိပေမဲ့ ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုမျိုးကိုတော့ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့တော့ ဆိုထားပါတယ်။

ICOE အစီရင်ခံစာမှာ ကော်မရှင်အဖွဲ့ဝင်တွေ ပြုလုပ်တာ မဟုတ်ပေမဲ့ အားနည်းချက်လို့ ဆိုနိုင်တာကြီး တစ်ခုတော့ ရှိခဲ့ပါတယ်။ အဲဒါကတော့ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းက ဒုက္ခသည်စခန်းတွေကို ဝင်ရောက်ပြီး စုံစမ်း မေးမြန်း စိစစ်တာမျိုး လုပ်ခွင့်မရခဲ့ခြင်းပါ။ အစီရင်ခံစာဖော်ပြချက်အရ ကော်မရှင်အဖွဲ့ဝင်တွေ နည်းလမ်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရတာကြောင့် စုံစမ်းမေးမြန်းတာမျိုး မလုပ်နိုင်ခဲ့ဘူးလို့ ဆိုထားပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ အနေနဲ့ မြန်မာအစိုးရက ခန့်အပ်တဲ့ကော်မရှင် တစ်ခုက စုံစမ်းစစ်ဆေးရေးလုပ်ပြီး ထုတ်ပြန်ခဲ့ရင် အဲဒီအစီရင်ခံစာရဲ့ သြဇာသက်ရောက်မှု ကြီးမား၊ ကျယ်ပြန့် သွားမှာကို စိုးရိမ်လို့ ခုလို လုပ်ရတာလားဆိုပြီး သံသယပွားစရာ အများကြီးရှိနေပါတယ်။

အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင်တော့ မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ နိုင်ငံတကာမှာ ပျံ့နှံ့နေတဲ့ ပုံရိပ်ဆိုးတွေကြောင့် ICOE အစီရင်ခံစာဟာ အဲဒါတွေကို လွှမ်းမိုးဖို့တော့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ တချို့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေဆိုရင် ကော်မရှင် စ ဖွဲ့လိုက်ချိန်ကတည်းက အဲဒီ ကော်မရှင်ဟာ ဘာမှ မှန်မှန်ကန်ကန် ဖော်ထုတ်မှာ မဟုတ်ဘူး၊ ဘက်လိုက်မှာ စသဖြင့် ကြိုတင်ပြောဆိုမှုတွေ ရှိနေနှင့်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ပြည့်စုံမှု မရှိပေမဲ့ ဘက်မလိုက်တဲ့၊ အမှန်တရားကို ဖော်ထုတ်နိုင်တဲ့ အစီရင်ခံစာ တစ်စောင်ကိုတော့ ထုတ်ပြန်နိုင်ခဲ့ပြီးပါပြီ။ ဒီအစီရင်ခံစာကို နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုခြင်း မပြုခြင်း၊ လက်ခံခြင်း မခံခြင်းကတော့ အစီရင်ခံစာပါ စစ်ရာဇဝတ်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေကို မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။

ဒါ့အပြင် အစီရင်ခံစာမှာ အကြံပြုထားတဲ့အတိုင်း နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားဖို့၊ အဲလို လုပ်ရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောတူခွင့်ပြုချက်နဲ့ ဒုက္ခသည်စခန်းထဲက ကာယကံမြောက် ကျူးလွန်ခံရသူတွေကို တွေ့ဆုံခွင့်ရဖို့ ဆက်ကြိုးစားပြီး တကယ့်အမှန်တရားကို ဖော်ထုတ်ဖို့ လိုဦးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.