DKBA troops take part in a ceremony in 2019 to mark the 25th anniversary of the group’s founding. (Thuya Zaw | Frontier)

ဒီကေဘီအေဌာနချုပ်အနီး ကိုယ်စားမြေရောင်းဝယ်မှု ဖြစ်ထွန်းနေ

တရုတ်နှင့် ထိုင်းကုမ္ပဏီများအတွက် ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်နေသော ပွဲစားများသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ဌာနချုပ်ရှိရာ ကရင်ပြည်နယ်ရှိ ရွာတစ်ရွာအနီးမှ လယ်မြေများစွာကို ဝယ်ယူလျက်ရှိသည်။

နော်ဘတ်တီဟန် ရေးသားသည်။

ထိုင်းနယ်စပ်နှင့်မဝေးလှသည့် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ဝေးလံခေါင်သီသော ရွာတစ်ရွာတွင် အသက် ၅၂ နှစ်အရွယ် ပြောင်းစိုက်တောင်သူ နော်ဟေသာမူးသည် အထူးပွဲနှစ်ခုမတိုင်မီတစ်ရက်အလို၌ အိမ်ဝင်းသန့်ရှင်းရေး လုပ်နေစဉ် စိတ်လှုပ်ရှားနေမိသည်။

နော်ဟေသာမူးသည် မြဝတီမြို့မှ ကားဖြင့်သွားပါက ငါးနာရီနီးပါးမောင်းနှင်ရသော ဆုံစည်းမြိုင်ရွာတွင် နေထိုင်သည်။ ၎င်းရွာက ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(ဒီကေဘီအေ)၏ ဌာနချုပ်တည်ရာလည်း ဖြစ်သည်။ ဒီကေဘီအေသည် ၁၉၉၄ ခုနှစ်က ခရစ်ယာန်များကြီးစိုးသော ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) မှခွဲထွက်လာသည့် ဗုဒ္ဓဘာသာဝင်ကရင် အများစုဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ကာ တပ်မတော်နှင့်ပေါင်းစည်းခဲ့သည်။

ပွဲများမှာ ဒီဇင်ဘာလ ၂၁ ရက်တွင် ကျရောက်သည့် ဒီကေဘီအေဖွဲ့စည်းမှု ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့နှင့် ကရင်နှစ်သစ်ကူးနေ့တို့ဖြစ်သည်။ နော်ဟေသာမူးသည် အခမ်းအနားများအတွက် ယာအလုပ်ကို သုံးရက်တာရပ်နားခဲ့သည်။ ပွဲအခမ်းအနားများတွင် ရွာဈေး၌ မြန်မာ့ရိုးရာဇာတ်ပွဲများကို ကရင်ဘာသာဖြင့် ညစဉ်ဖျော်ဖြေမှုများလည်းပါသည်။ ရွာတွင် တစ်နှစ်မှတစ်ခါသာရှိသောကြောင့် သူက ဇာတ်ပွဲများကို မျှော်နေသူဖြစ်သည်။

ဆုံစည်းမြိုင်ရွာရှိ အိမ်များမှာ ရိုးရှင်းသည်။ အများစုမှာ တံခါးနှင့် ပြတင်းပေါက်များမရှိပေ။ အစိုးရကပေးသည့် လျှပ်စစ်မီးလည်းမရှိပေ။ သို့သော်လည်း အိမ်အချို့က ဆိုလာပြားများဖြင့် မီးထွန်းကြသည်။ ထိုင်းနှင့် မြန်မာကို ပိုင်းခြားထားသည့် သောင်းရင်းမြစ်အနီးရှိ ၎င်းရွာကို ၁၉၉၀ ပြည့်လွန်နှစ်များက အိမ် ၂၄ လုံးဖြင့်စ၍ ရွာတည်ခဲ့သည်။ ထို့နောက် အိမ်ထောင်စု ၁၀၀ ကျော်လာသည်အထိ ကြီးလာခဲ့သည်။

ယခင် ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မတော်နှင့်ဆက်စပ်မှုရှိခဲ့သည့် ယခု ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ဖြစ်လာသော ဒီကေဘီအေသည် ကေအင်န်ယူမှ ခွဲထွက်လာပြီးနောက် ၁၉၉၄ တွင် ယင်းရွာ၌ ဌာနချုပ်ဖွင့်လှစ်ကာ တပ်ဖွဲ့ဝင်များ၏မြေအသုံးပြုမှုအတွက် ခွဲဝေချပေးခဲ့သည်။

မူလနေထိုင်သူများမှာ ၎င်းတို့ပိုင်ဆိုင်သော စတုရန်းပေ ၁၀,၀၀၀ အတိုင်းအတာရှိ ခြံဝင်းများတွင် ဆက်လက်ရှိနေခဲ့သည်။ ဒီကေဘီအေဌာနချုပ၌ နေရာချထားသည့် စစ်သားများအတွက် စတုရန်းပေ ၂,၅၀၀ ရှိခြံဝင်းများကိုလည်းကောင်း၊ ဗိုလ်မှူးအဆင့်နှင့် အထက်အရာရှိများအတွက် စတုရန်းပေ ၁၀,၀၀၀ ရှိ ခြံဝင်းများကိုလည်းကောင်းချပေးခဲ့သည်။

နော်ဟေသာမူးက ပိုကြီးသည့်ခြံဝင်းများတွင် နေသူတစ်ဦးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ခင်ပွန်းက ဒီကေဘီအေအရာရှိဖြစ်၍ပင်။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော်မှ တပ်ရင်းအများစုသည် ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်အောက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သို့ရာတွင် တစ်ဖွဲ့ကမူ နယ်ခြားစောင့်တပ်ဖွဲ့သစ်သို့ဝင်ရန် ငြင်းဆန်ခဲ့သည်။မြဝတီမြို့နယ် ဒီကေဘီအေဌာနချုပ်အနီး ဆုံစည်းမြိုင်၌ ဤသို့သောအိမ်ငယ်များကို တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဆောက်နေသည်ဟုဆိုနေကြသည်။ ဓာတ်ပုံ - ဇေယျာမင်း

မြဝတီမြို့နယ် ဒီကေဘီအေဌာနချုပ်အနီး ဆုံစည်းမြိုင်၌ ဤသို့သောအိမ်ငယ်များကို တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဆောက်နေသည်ဟုဆိုနေကြသည်။ ဓာတ်ပုံ – ဇေယျာမင်း

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်အဖြစ် အမည်ပြောင်းခဲ့သည့် ယင်းအဖွဲ့သည် ကေအင်န်ယူထံ ပြန်လည်သစ္စာခံပြီး တပ်မတော်ကို တိုက်ခိုက်ကာ နောက်နှစ်တွင် နှစ်ဖက်အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ပြန်လည်အမည်ပြောင်းခဲ့သည့် ဒီကေဘီအေသည် ၂၀၁၅ အောက်တိုဘာတွင် ကနဦး အင်န်စီအေ အပစ်ရပ်အဖွဲ့ဝင်ရှစ်ဦးထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

ယင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် အဓိကအားဖြင့် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များနှင့် အနီးရှိ မွန်ပြည်နယ်မှ ကျိုက်ထိုမြို့နယ်တို့တွင် လှုပ်ရှားသည်။ ဒီကေဘီအေ၏ ဌာနချုပ်တွင်အခြေစိုက်သော ဒီကေဘီအေစစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးမှာ သူ့အရင်ဆက်ခံသည့် ဗိုလ်ချုပ်ကြီး စောလားပွယ် ၂၀၁၇ တွင် ကွယ်လွန်ပြီးနောက် ထိုရာထူးခန့်အပ်ခံခဲ့ရသည်။

ထိုင်းနှင့် တရုတ်တွင် အခြေစိုက်သော ကုန်သည်များသည် ၂၀၁၂ တွင် လယ်ယာမြေများကို စတင်ငှားရမ်းခဲ့ကြသည်ဟု နော်ဟေသာမူးက ပြောသည်။ ထိုဧရိယာကို ပြောင်းနှင့်နှမ်းစိုက်ရန် အဓိကအသုံးပြုပြီး ကျေးရွာသူကျေးရွာသားများလည်း ၎င်းတို့စိုက်ပျိုးသည့်အရာအားလုံးကို ပွဲစားများထံ ရောင်းဝယ်ရန် တရားမဝင်စာချုပ်များပြုလုပ်လာကြသည်။ ရွာသားများမှာ ၎င်းတို့လယ်ယာမြေတွင် ရင်းနှီးမြှုပ်နှံရန် ငွေမရှိသဖြင့် ယင်းအစီအစဉ်ကို နှစ်သက်ကြသည်ဟု နော်ဟေသာမူးကပြောသည်။

“ထိုင်းနဲ့တရုတ်တို့ရဲ့ ဗမာကိုယ်စားလှယ်တွေက ဒီလာပြီး နည်းပညာပံ့ပိုးမှုပေးတယ်။ လယ်ယာသုံးကိရိယာတွေ အခမဲ့ပေးသုံးတယ်။ ကျွန်မတို့က ကျွန်မတို့စိုက်တာအားလုံး သူတို့ကို ရောင်းနေသရွေ့ပေါ့” ဟုသူက Frontier ကိုပြောသည်။

“ရွာသားတချိုကတော့ သူတို့မြေကို ထိုင်းနဲ့ တရုတ်တွေဆီရောင်းပြီး အဲဒီမြေမှာပဲ အလုပ်လုပ်ကြတယ်” ဟုလည်း သူကဆိုသည်။

ရွာသားများသည် ၎င်းတို့သီးနှံများအတွက် ကြိုတင်ငွေယူ လုပ်ကိုင်ကြပြီး ဆုံးရှုံးမှုအန္တရာယ်လည်းနည်းသဖြင့် ယင်းကိစ္စကို တန်ဖိုးထားကြသည်။

“ကျွန်မမှာ ရွာနားမှာတင် လယ်မြေသုံးဧကရှိတယ်။ အရင်က စိုက်ပျိုးစရိတ်ကာမိအောင် ပိုက်ဆံချေးရတယ်။ ဒါပေမဲ့ အခုကြိုပေးငွေကြောင့်မို့ ဒါနဲ့ပတ်သက်ပြီး ကျွန်မစိုးရိမ်စရာမရှိတော့ဘူး” ဟု နော်ဟေသာမူးက ပြောသည်။

ဒီကေဘီအေစစ်သားများ ၂၀၁၉ ဒီဇင်ဘာက နှစ်ပတ်လည်အခမ်းအနားတွင် ပါဝင်ဆင်နွဲစဉ်။ ဓာတ်ပုံ - သူရဇော်

ဒီကေဘီအေစစ်သားများ ၂၀၁၉ ဒီဇင်ဘာက နှစ်ပတ်လည်အခမ်းအနားတွင် ပါဝင်ဆင်နွဲစဉ်။ ဓာတ်ပုံ – သူရဇော်

သို့သော်လည်း တရားမဝင်စာချုပ်များက စိုက်ပျိုးသူများနှင့် ထိုင်း၊ တရုတ်တို့၏ကိုယ်စားလှယ် ပွဲစားများကြားမှ အငြင်းပွားမှုများကို ဖြေရှင်းရန်ခက်ခဲသဖြင့် ပြဿနာများပေါ်ပေါက်နေသည်။

ဒီကေဘီအေသည် ရွာသားများနှင့် ပွဲစားများကြား ဆက်ဆံရေးကို ဝင်ရောက်မစွက်ဖက်ဟု ဒီကေဘီအေပြောခွင့်ရ ဗိုလ်မှူးစောဇော်မင်းက ပြောသည်။

“လယ်ယာစိုက်ပျိုးရေးနဲ့ဆိုင်တဲ့ ပြဿနာတွေက ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ပါဝင်ပတ်သက်မှာမဟုတ်ဘူး” ဟု သူက Frontier ကိုပြောသည်။

“ရွာကိုသွားတဲ့လမ်းကို အဆင့်မြှင့်ပြီးတဲ့နောက် လွန်ခဲ့တဲ့ငါးနှစ်လောက်က တရုတ်နဲ့ထိုင်းကုန်သည်တွေရဲ့ ပွဲစားတွေက ကြိုပေးစနစ်ကို မြှင့်တင်ဆောင်ရွက်ဖို့ ဒီနေရာကို စပြီးရောက်လာကြတယ်” ဟု ဗိုလ်မှူးစောဇော်မင်းက ပြောသည်။ ဒေသခံများနှင့်ဆက်သွယ်ရန် ထိုင်းနှင့်တရုတ်ကုန်သည်များက ပွဲစားများကို အားကိုးနေရသည်ဟု သူကပြောသည်။

ပွဲစားအချို့က တရုတ်ကုန်သည်များ၏ ကိုယ်စားလှယ်အဖြစ် မြေများဝယ်ယူထားကြောင်း ရွာခံဖြစ်သူ စောဖိုးအေးက ပြောသည်။ ရွာနားတဝိုက် မြေယာများက ဈေးချိုသည်။ စတုရန်းပေ ၁၀,၀၀၀ အကျယ်အဝန်းရှိ မြေတကွက်လျှင် ကျပ် ၁၅၀,၀၀၀ သာရှိသည်ဟု ၎င်းကဆိုသည်။ ထို့အပြင် မှတ်ပုံတင်အထောက်အထား မရှိသော်လည်း ရွာသားများက ၎င်းတို့၏မြေကွက်ကို ခြံစည်းရိုးများဖြင့် ပိုင်းခြားကြသည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

“ပွဲစားတွေက မြေကို သိပ်ကိုချိုသာတဲ့ဈေးနဲ့ ဒေသခံတွေဆီက ဝယ်ပြီး အငှားချထားတဲ့မြေတွေ အများကြီး ပိုင်ဆိုင်လာတယ်။ မူလပိုင်ရှင်တွေက တရုတ်ကဖြစ်ပြီး ဒီလယ်ယာမြေတွေပေါ်မှာ အိမ်ရာစီမံကိန်းတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်လို့ ကျွန်တော်တို့ကြားတယ်” ဟု စောဖိုးအေးကပြောသည်။

၂၀၁၉ ဒီဇင်ဘာလအတွင်း ဒီကေဘီအေ နှစ်ပတ်လည်အခမ်းအနားကျင်းပစဉ်။ ဓာတ်ပုံ - သူရဇော်

၂၀၁၉ ဒီဇင်ဘာလအတွင်း ဒီကေဘီအေ နှစ်ပတ်လည်အခမ်းအနားကျင်းပစဉ်။ ဓာတ်ပုံ – သူရဇော်

တရုတ်များက ယင်းနေရာရှိ လယ်ယာမြေအများကြီးကို ဝယ်ယူနေသည့်ပြောဆိုချက်အပေါ် ကောလာဟလသာဖြစ်ကြောင်းပြော၍ ဗိုလ်မှူးစောဇော်မင်းက ပယ်ချခဲ့သည်။ မြေယာပိုင်ဆိုင်မှုကို ဒီကေဘီအေ၏ ပြန်ကြားရေးကော်မတီထံ အသိမပေးဘဲ လွှဲပြောင်း၍မရကြောင်းလည်း သူကပြောသည်။

သို့ရာတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများက ဒီကေဘီအေဌာနချုပ်အနီး ယင်းရွာတွင် ဈေးချိုသည့် အိမ်ရာတစ်ခုကို တည်ဆောက်ထားသည်။ စုစုပေါင်းအိမ် ၁၀ လုံးဆောက်ထားပြီး ယင်းတို့အားလုံးကို ၂၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ရုံးများအဖြစ် အသုံးပြုသည်။

တရုတ်ဆောက်လုပ်ရေးကုမ္ပဏီက ၁၀ ပေ ၁၅ ပေ မြေကွက်များပေါ်တွင် အိမ်များဆောက်လုပ်နေသည်ဟု အမည်မဖော်လိုသည့် ဒီကေဘီအေစစ်သားတစ်ဦးက ပြောသည်။ အိမ်များကို အခမ်းအနားများပြီးနောက် ရောင်းချမည်ဖြစ်သည်။

“အိမ်တွေရောင်းဈေးက တစ်လုံးကို ကျပ် တစ်သန်းခွဲလို့ ကျွန်တော်ကြားတယ်” ဟု၎င်းကပြောသည်။ “ဒါတွေကို ရှေ့ပြေးစီမံကိန်းအနေနဲ့ဆောက်ခဲ့တာ” ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဒီဇင်ဘာလ ၂၁ ရက် ဒီကေဘီအေဖွဲ့စည်းမှု ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဒီကေဘီအေစစ်သား စစ်ရေးပြနေစဉ်။ ဓာတ်ပုံ – သူရဇော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.