ရခိုင်မှာသတင်းယူရင်း ကြောင်နဲ့ကြွက်ကစားပွဲကြုံရခြင်း

ရခိုင်ပြည်နယ်(မြောက်ပိုင်း)သို့ သတင်းမီဒီယာများ သွားရောက် သတင်းရယူရန် ပြန်ကြားရေးဝန်ကြီးဌာနက ပုံမှန်ခရီးစဉ်များစီစဉ်ပေးနေသော်လည်း ခရီးစဉ်တွင်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရအရာရှိများ ခဏလေးလစ်လိုက်သည်နှင့် စိတ်ဝင်စားစရာအဖြစ်အပျက်များရှိလာခဲ့သည်။

ကွန်ရတ်စတေဟယ်လင် ရေးသည်။
ဓာတ်ပုံ-စတိဗ် တစ်ခ်နာ
အဖော်အဖြစ်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရအရာရှိများ အလစ်ခဏလေးမှာပင် ရခိုင်ပြည်နယ်မှဖြစ်ရပ်ကို ပိုမိုနားလည်လာဖို့ အခွင့်အရေးလေးတွေရလာတတ်သည်။
“အစိုးရဝန်ထမ်းတွေ နားထောင်နေတာမို့ သူတို့ရှေ့မှာ ခင်ဗျားတို့ကို လိမ်ပြောနေခဲ့တာပါဆရာ” ဟု လူငယ်တစ်ဦးက Frontier ကိုပြောဆိုခဲ့သည်။
“သူတို့ပြောခိုင်းတာကို မပြောရင် ပြဿနာရှာမှာကိုလည်း ကြောက်ရပါတယ်၊ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူး” ဟု ၎င်းကပြောသည်။
လူငယ်၏အမည်ကိုဖြစ်စေ၊ ယခုကဲ့သို့ တွေ့ဆုံမှုဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)ရှိ နေရာကိုဖြစ်စေ ထုတ်ဖော်ပြောဆိုလိုက်သည်ဆိုပါက တာဝန်မယူတတ်ရာကျလွန်းသွားမည်ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် နေရာများသို့ ပြည်တွင်းနှင့် နိုင်ငံတကာမီဒီယာတို့ကို အတားအဆီးမရှိ ပုံမှန်ဝင်ရောက်ကြည့်ရှုသတင်းရယူခွင့်ပေးအပ်သင့်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော အစိုးရခန့်အပ်သူများသာပါဝင်သည့် ကော်မရှင်က အကြံပြုခဲ့သည်။ သို့သော် အထက်ပါအတိုင်း သတင်းသမားများနှင့် ခိုးကြောင်းခိုးဝှက်ပြောရသည့် တွေ့ဆုံပြောဆိုမှုမျိုးဆိုလိုမည်မဟုတ်ချေ။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် နောက်ဆုံးအစီရင်ခံစာပါ အကြံပေးချက် ၈၈ ခုတွင် အထက်ပါအကြံပေးချက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ နောက်တစ်နေ့ နံနက်အစောပိုင်းတွင် အာဆာက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကင်းစခန်းများကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သည်။ ယင်းနောက်တွင် အဆိုပါတိုက်ခိုက်မှုကို တပ်မတော်က တုံ့ပြန်ခဲ့ရာမှ ရခိုင်ပြည်နယ်မှ လူနည်းစုဝင်မွတ်စလင်များစွာသည် ဘေးလွတ်ရာလွတ်ကြောင်းအတွက် ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

A group of Rohingya men stand beside police officers in Nyaung Chaung village near Maungdaw town. (Steve Tickner | Frontier)

A group of Rohingya men stand beside police officers in Nyaung Chaung village near Maungdaw town. (Steve Tickner | Frontier)

တပ်မတော်၏နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုများကြောင့်လည်း သည်ဟိတ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးသည် မြန်မာအစိုးရအနေဖြင့် ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ချက်များ ဖော်ဆောင်ရန် ဇန်နဝါရီ ၂၃ရက်တွင် ဆုံးဖြတ်ချက်ချကာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးထားသော ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပဋိညာဉ်အရ ဂမ်ဘီယာနိုင်ငံသည် တရားရုံးတွင် မြန်မာနိုင်ငံအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း ဆက်လက်နေထိုင်နေသည့် လူနည်းစုဝင်မွတ်စလင်များ လူမျိုးတုံးသတ်ဖြတ်မှုမခံရရေးအတွက် မြန်မာအစိုးရအနေဖြင့် အစွမ်းကုန်ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်သည့် ကြားဖြတ်စီမံဆောင်ရွက်ချက်များတွင် ဖော်ပြထားသည်။
အာနန်ကော်မရှင်၏အကြံပြုချက်များကို လိုက်နာပြီး သတင်းမီဒီယာသမားများအား ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သူတို့နည်းသူတို့ဟန်ဖြင့် သွားရောက်ခွင့်ပေးမည့်အစား မြန်မာအစိုးရသည် ၎င်းတို့၏ရှုထောင့်ကိုသာ ထင်ဟပ်စေမည့် လုပ်ရပ်များကိုသာ လုပ်ဆောင်ခဲ့သည်။ မြန်မာအစိုးရသည် ရခိုင်ပြည်နယ်ရှိ လူနည်းစုဝင်မွတ်စလင်များ လုံခြုံမှုရှိနေသည်ဟု တစ်ကမ္ဘာလုံးကိုထင်စေလိုပြီး မလုံခြုံဟုဆိုပါကလည်း ယင်းသည် အေအေ ၏လုပ်ရပ်သာဖြစ်ကြောင်း ယူဆစေလိုသည်။ မြန်မာအစိုးရ၏ရပ်တည်ချက်ကို လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြပြီးဖြစ်သည်။
မြန်မာအစိုးရသည် ၎င်းတို့၏တစ်ဖက်သတ်အမြင်ကိုသာ သတင်းမီဒီယာသမားများ လက်ခံလာရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနသည် လုံခြုံရေးတပ်ဖွဲ့ဝင်များစွာလိုက်ပါသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ခရီးစဉ်များကို ကျနစွာစီစဉ်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်သည့် ခရီးစဉ်များတွင် Frontier အပြင် အယ်လ်ဂျားဇီးယား၊ ဘီဘီစီမြန်မာပိုင်း၊ လွတ်လပ်သော အာရှအသံ၊ နိုင်ငံပိုင်ရုပ်သံဌာနှင့် နိုင်ငံပိုင်သတင်းစာများမှ မီဒီယာသမားများပါဝင်ခွင့်ရရှိခဲ့သည်။ ယင်းခရီးစဉ်တစ်ခုကို ဇန်နဝါရီ နှောင်းပိုင်းတွင်ပြုလုပ်ခဲ့သည်။

Rakhine grandmother Daw Aye Thein Nyo, 68, with her grandson, Mg Naing Lon Soe, 4, at the entrance to a bomb shelter dug into a hill behind their house in Myoma Zayti Taung village, Buthidaung Township. (Steve Tickner | Frontier)

Rakhine grandmother Daw Aye Thein Nyo, 68, with her grandson, Mg Naing Lon Soe, 4, at the entrance to a bomb shelter dug into a hill behind their house in Myoma Zayti Taung village, Buthidaung Township. (Steve Tickner | Frontier)

အဆိုပါခရီးစဉ်တွင် အကြမ်းဖက်မှုအများဆုံးကြုံတွေ့ခဲ့ရသည့် မောင်တောနှင့် ဘူးသီးတောင်တို့ရှိ လူနည်းစုဝင်မွတ်စလင်နှင့် ရခိုင်ကျေးရွာများသို့သွားရောက်ကြည့်ရှုမှုလည်းပါဝင်ခဲ့သည်။ သုံးရက်ကြာခရီးစဉ်အတွင်း သက်ဆိုင်ရာကျေးရွာများသို့ရောက်ရှိတိုင်း ရွာသားတစ်ဒါဇင်ခန့်ကို ခေါ်ထုတ်ကာ သတင်းမီဒီယာများနှင့် တွေ့ဆုံစေခဲ့သည်။ သတင်းမီဒီယာကျင့်ဝတ်နှင့် ညီရန် လိုလားပြီး ဝေဖန်ပိုင်းခြားသည့် အမြင်ရှိရမည်ဆိုခြင်းကိုလက်ခံထားသော သတင်းမီဒီယာသမားများအတွက်တော့ ယင်းကဲ့သို့ ကြိုတင်စီစဉ်တွေ့ဆုံပေးခြင်းထက် ပိုပြီး ယုတ္တိမကျသော လုပ်ရပ်မရှိတော့ပြီဖြစ်သည်။
မောင်တောမြို့ အရှေ့တောင်ဘက် သုံးကီလိုမီတာအကွာရှိ လူနည်းစုဝင်မွတ်စလင်များနေထိုင်သည့် ညောင်ချောင်းကျေးရွာသို့သွားရောက်စဉ်အတွင်း ဒေသခံများက ၎င်းတို့ နေရသည်ထိုင်ရသည်မှာ လုံခြုံမှုမရှိကြောင်း Frontier ကိုပြောပြခဲ့သည်။ “ဘယ်သူတွေကို ကြောက်ရသလဲ” ဟု မေးမြန်းသည့်အခါ ရွာသားများ နှုတ်ဆိတ်သွားပြီး စိတ်မသက်မသာသည့်ဟန်ဖြင့်သာ ပြုံးကြည့်နေခဲ့သည်။
နံဘေးရှိ အစိုးရအရာရှိများက မှတ်တမ်းတင်ထားပြီး လက်နက်အပြည့်အစုံပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း အသာရပ်ကြည့်နေခဲ့သည်။ “ခင်ဗျားက ဖြေဖို့ခက်တဲ့ မေးခွန်းကိုမေးတော့ ဘယ်ဖြေနိုင်ပါ့မလဲ” ဟု အစိုးရကခန့်ထားသည့် စကားပြန်ကပြောဆိုခဲ့သည်။
အခြားတွေ့ဆုံမှုတစ်ခုတွင်လည်း အစိုးရဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှေ့မှောက်တွင် လူလတ်ပိုင်းအရွယ် မွတ်စလင်တစ်ဦးက “တပ်မတော်ကျေးဇူးကြောင့် ဒီမှာ လုံခြုံနေပါပြီ” ဟုပြောဆိုခဲ့သည်။ ငါးမိနစ်အကြာ အစိုးရအရာရှိများ အခြားနေရာ၌ အာရုံစိုက်နေချိန်တွင် အဆိုပါအမျိုးသားက ယခင်ပြောခဲ့သည် စကားနှင့် ကွဲပြားသည့် စကားကိုဆိုခဲ့သည်။
“စစ်တပ်က ကျွန်တော်တို့လူမျိုးတွေကို လုပ်ခဲ့တာ၊ ဆက်လုပ်နေတာတွေကြောင့် အတော်လေးကိုစိတ်မကောင်းဖြစ်ရတယ်” ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် အမှန်တရားရှာဖွေခြင်းသည် အစိုးရအရာရှိများနှင့် တစ်ချိန်လုံး လိုက်တန်းပြေးတမ်းကစားရခြင်းနှင့် တူနေတော့သည်။

 class=

class=

A ransacked and abandoned mosque near the Muslim village of Padin, south of Maungdaw. The village once had a population of 5,000 but now has just 200 residents. (Steve Tickner | Frontier)

A ransacked and abandoned mosque near the Muslim village of Padin, south of Maungdaw. The village once had a population of 5,000 but now has just 200 residents. (Steve Tickner | Frontier)

ခရီးစဉ်ပြောင်းပြီ

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် အေအေတို့ကြား တိုက်ပွဲများကြောင့် အရပ်သားများသေဆုံးခဲ့ရာ တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။
သတင်းမီဒီယာသမားများ၏ခရီးစဉ်မတိုင်မီ ရက်အနည်းငယ်အလို ဇန်နဝါရီ ၂၅ ရက်တွင် ဘူးသီးတောင်ရှိ မွတ်စလင်များနေထိုင်သော ကင်တောင်ကျေးရွာသို့ လက်နက်ကြီးကျရောက်မှုကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။ ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦး၊ ကျေးရွာသားတစ်ဦးနှင့် အေအေတို့က တပ်မတော်၏လက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့သော်လည်း တပ်မတော်ကမူ ယင်းကိုငြင်းပယ်ခဲ့သည်။ တပ်မတော်သည် သေဆုံးသူစာရင်းကို အတည်ပြုခဲ့သော်လည်း အေအေအပေါ်သာ အပြစ်ပုံချခဲ့သည်။
အဆိုပါကျေးရွာသည် သတင်းမီဒီယာသမားများကို သွားရောက်လေ့လာရမည့် နေရာများထဲတွင် ပါဝင်ခဲ့သော်လည်း တိုက်ခိုက်မှုပြီးနောက်တွင် ခရီးစဉ်ထဲတွင် ပါဝင်ခြင်းမရှိတော့ချေ။ လုံခြုံရေးအကြောင်းပြချက်ကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းလည်းဖြစ်နိုင်ပါသည်။
သို့သော် သက်ဆိုင်ရာဒေသအတွင်း နိုင်ငံခြားသားများရှိနေသည်ဟု သိရှိပါက တပ်မတော်နှင့် အေအေတို့ ထိပ်တိုက်ဆုံနိုင်ခြေ အတော်ကိုနည်းသွားနိုင်ပါသည်။ တိုက်ခိုက်မှုကို မည်သူက ကျူးလွန်သည်ဖြစ်စေ မွတ်စလင်များ လုံခြုံမှုမရှိဘဲနေထိုင်နေရကြောင်း အဆိုပါဖြစ်ရပ်က ပြသနေသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်နိုင်ပေသည်။ ခရီးစဉ်အပြောင်းအလဲနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိများက ပြန်လည်ဖြေဆိုခြင်းမပြုခဲ့ချေ။

Steve Tickner | Frontier

Steve Tickner | Frontier

သစ်ယင်ကျေးရွာတွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)၏အကူအညီဖြင့် ဖွင့်လှစ်ထားသည့် မွတ်စလင်ကလေးငယ်များအတွက် မူကြိုကျောင်းတစ်ကျောင်းကို သတင်းမီဒီယာသမားများအား ပြသခဲ့သည်။ ကလေးများ သီချင်းသီဆိုနေပုံ၊ ကစားနေပုံ ကြည်နူးဖွယ်မြင်ကွင်းများပါပင်။ “သူတို့ အန္တရာယ်မရှိဘူးဆိုတာ မြင်တယ်မလား” ဟု သတင်းစကားပါးချင်ပုံရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူများ ငြိမ်းချမ်းစွာနေထိုင်နေရကြောင်း အစိုးရအရာရှိများက မည်မျှထုတ်ဖော်ပြသလိုသည်ဖြစ်စေ သူတို့တင်ပြလိုသော ဇာတ်လမ်းနှင့်ကွဲပြားသည့် ဖြစ်ရပ်က မကြာခဏထွက်ပေါ်လာတတ်သည်။ မြို့မစေတီတောင်ကျေးရွာ၌ မိသားစုတစ်စု၏နေအိမ်အနောက်ဘက်တွင် ဗုံးခိုကျင်းတစ်ခုကိုတွေ့ခဲ့ရသည်။ လေကြောင်းထိုးစစ်ရှိလျှင် ဗုံးခိုကျင်းထဲဝင်နေရတတ်ကြောင်း သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဗုဒ္ဓဘာသာရခိုင်လူမျိုး၊ လူနည်းစုဝင်မွတ်စလင်မခွဲဘဲ နေရာတကာတွင် မရဏတရားကိုတွေ့မြင်နေရသည်။အကြမ်းဖက်မှုအများစုအတွက် တပ်မတော်တွင် တာဝန်မရှိကြောင်း ခုခံပြောဆိုရန် မဖြစ်နိုင်သလောက်ရှိနေသည်။ အကြမ်းဖက်မှုရှိခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဒေသများသို့ မီဒီယာသမားများကို အတားအဆီးမရှိဝင်ရောက်သတင်းရယူခွင့်ပေးခြင်း၏အရေးပါပုံကို အာနန်ကော်မရှင်က ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်တွင် တကယ်တမ်းဖြစ်ပျက်နေသည်က အမှန်တရားကို ဖုံးကွယ်ရန် ကြိုးပမ်းနေပုံနှင့် ပိုတူနေခဲ့သည်။

သက်အေး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ:ခရီးစဉ်အတွင်းဂျာနယ်လစ်များတွေ့ဆုံခွင့်ရခဲ့သည့် ရိုဟင်ဂျာအမျိုးသမီးများ။
ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.