လွှတ်တော်သည် လက်ညှိုးထောင်ခေါင်းညိတ်နေရာမဟုတ်

ဇန်နဝါရီ ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမအတွင်း ကွန်ပျူတာစလိုက်သုံးခုကို လွှတ်တော်အမတ်များမြင်စေရန် အချိန်အနည်းငယ်ပြသခဲ့သည်။

စလိုက်သုံးခုတွင် ပြသချက်များက အံ့သြဖွယ်ကောင်းလှသည်။ နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(MPPE) နှင့် နိုင်ငံခြားကုမ္ပဏီ Puma Energy တို့ကြား ဖက်စပ်လုပ်ငန်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လေဆိပ်များတွင် မြေများကို ကျသင့်ငွေ ပေးအပ်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာအသုံးပြုခဲ့ကြောင်း ဖွင့်ချခံခဲ့ရခြင်းဖြစ်သည်။ မြေငှားရမ်းမှုပြဿနာကိုမဖြေရှင်းနိုင်မချင်း အမြတ်ငွေဒေါ်လာသန်းပေါင်းများစွာကို နိုင်ငံတော်ကရရှိနိုင်ဦးမည်မဟုတ်ချေ။
စာရင်းစစ်ချုပ်ရုံး၏၂၀၁၆ -၁၇ ခုနှစ် အစီရင်ခံစာပါအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်ဖြစ်သလို ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဝင်းထွဋ်က တင်ပြခဲ့ပြီး ရှင်းလင်းပြောဆိုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဦးဝင်းထွဋ်က ယင်းကဲ့သို့ မေးခွန်းမထုတ်မီကတည်းက Frontier သည် အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံသိရှိရန် လပေါင်းများစွာကြိုးစားနေခဲ့ပြီးဖြစ်သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လွှတ်တော်တွင်းမေးခွန်းထုတ်ခဲ့မှုကြောင့် Frontier က ဆက်လက်ကြိုးပမ်းခဲ့ရာ “ပူးမား၏ကျဥ်းထဲကျပ်ထဲက ဂျက်လေယာဉ်ဆီလုပ်ငန်း” အမည်ရှိ သတင်းဆောင်းပါးကို ဖေဖော်ဝါရီ ၆ ရက်ထုတ်စာစောင်တွင် ဖော်ပြနိုင်ခဲ့သည်။
ဦးဝင်းထွဋ်၏မေးခွန်းထုတ်မှုသည် အခြားနေရာများမှာတော့ များစွာထူးထူးခြားခြားမရှိခဲ့ချေ။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လွှတ်တော်၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်သော်လည်း မီဒီယာလုပ်ငန်းအနည်းငယ်ကသာ အမျိုးသားစွမ်းအင် ပူးမားလေကြောင်းဝန်ဆောင်မှုလုပ်ငန်း(National Energy Puma Aviation Services)နှင့်ပတ်သက်၍ ဖော်ပြခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အခြားအရာများကဲ့သို့ပင် လွှတ်တော်နှင့်ပတ်သက်၍ လုံးဝကိုအဆိုးမြင်မှုများရှိနေသလို မျက်စိပိတ်စုံမှိတ် အကောင်းမြင်မှုများလည်းရှိနေပြန်သည်။ လွှတ်တော်တွင်းဖြစ်ပျက်မှုများကို အချိန်ကုန်ခံကာ လေ့လာစောင့်ကြည့်သူကလည်း များများစားစားမရှိလှချေ။
၂၀၁၁ မှ ၂၀၁၆ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်သည် ယင်းအချိန်က သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရကို ၎င်းတို့၏လုပ်ရပ်များအတွက် တာဝန်ယူလာရေး အညှာအတာမရှိတာဝန်ယူခိုင်းပြီး ဒီမိုကရေစီနည်းကျပြောင်းလဲမှုများဖော်ဆောင်ရန်ကြိုးပမ်းသည့် မမျှော်မှန်းထားသော အင်အားစုဖြစ်ခဲ့သည်။ သို့သော် ရေရှည်အတွက်အကျိုးရှိမည့် အင်စတီကျုးရှင်း သို့မဟုတ် နိုင်ငံရေးဓလေ့တည်ဆောက်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်မလာခဲ့ဘဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဆိုသည့် လူတစ်ဦးတစ်ယောက်အတွက် သြဇာကြီးမားရေးလုပ်ဆောင်မှုနှင့်သာ ပိုမိုသက်ဆိုင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သော အစိုးရလက်ထက်တွင် လွှတ်တော်အမတ်များသည် အစိုးရ၏ရပ်တည်ချက်အတိုင်းသာ လိုက်လံကျင့်ကြံခဲ့ရသောကြောင့် မထိရောက်သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ သို့သော်တကယ်တမ်းတွင်မူ ပါတီ၏တင်းကျပ်သော စည်းမျဉ်းများနှင့် အရင်းအမြစ်မလုံလောက်မှုများရှိလင့်ကစား အလုပ်ကြိုးစားသော အမတ်များလည်းရှိနေခဲ့သည်။
လွှတ်တော်၏စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အပေါ်ယံရှပ်ပြီး ဝေဖန်နေမည့်အစား လွှတ်တော်တွင်းဖြစ်ပျက်နေသည်များကို ပိုမိုအာရုံစိုက်ထားသင့်ကြောင်း လေယာဉ်လောင်စာဆီနှင့်ပတ်သက်သည့် မေးခွန်းထုတ်မှုက ပြသနေသည်။
ယင်းဖြစ်ရပ်သည် လွှတ်တော်အမတ်များက အစိုးရ၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ကာ အစိုးရကို တာဝန်ယူ၊ တာဝန်ခံလာစေရေးအတွက် လုပ်ဆောင်နေကြောင်း ဥပမာတစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မတီသည် လျှပ်စစ်လိုအပ်ချက်နှင့်ပတ်သက်၍ မည်ကဲ့သို့ဖြည့်ဆည်းမည်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား မေးခွန်းထုတ်ခဲ့ပြီးဖြစ်သည်။
ဝန်ကြီးဌာန၏ဖြေဆိုမှုကလည်း သြချလောက်သည်။ တကယ်တမ်းထိရောက်သည့် အစီအစဉ်မရှိသေးကြောင်း သိရှိလိုက်ရခြင်းဖြစ်သည်။ လွှတ်တော်၏ဖိအားပေးမှုကြောင့် ယမန်နှစ်တွင် အရေးပေါ်စွမ်းအင်နှင့်ပတ်သက်၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း တချို့က ထောက်ပြသည်။ ယင်းစွမ်းအင်တင်ဒါနှင့်ပတ်သက်၍ ယခုအပတ်ထုတ် Frontier ၏အဓိကဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။ ဒုတိယဝန်ကြီးအဖြစ် ဦးခင်မောင်ဝင်းကိုခန့်အပ်ပြီး လျှပ်စစ်နှင့်ပတ်သက်၍ တာဝန်ပေးခဲ့ကာ လက်ရှိဒုတိယဝန်ကြီး ဒေါက်ထွန်းနိုင်ကို စွမ်းအင်ဆိုင်ရာတာဝန်ကိုပေးအပ်ခဲ့ခြင်းကလည်း လွှတ်တော်၏ဖိအားပေးမှုကြောင့်ဖြစ်နိုင်သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာတွင် အမျိုးသားလွှတ်တော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏အကူအညီဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ၏ ဓာတုဓာတ်ကြွင်းများကြောင့်ဖြစ်ပေါ်သော ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်း၊ အများပြည်သူသိရှိအောင် ကြားနာစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုမှုများရှိခဲ့သောကြောင့် ထူးခြားပြီး ပထမဆုံးသော စုံစမ်းစစ်ဆေးမှုဖြစ်ကာ ဓာတုဓာတ်ကြွင်းများ၏အန္တရာယ်ရှိစေသော ဆိုးကျိုးများကို ကိုင်တွယ်ရန် မူဝါဒပိုင်းအရ ရွေးချယ်မှုပါဝင်သည့် အစီရင်ခံစာထွက်ရှိလာရန်ရှိနေသည်။
ပြည်ထောင်စုလွှတ်တော်သည် သက်ဆိုင်ရာမဲဆန္ဒနယ်များအား အမတ်များ အချိန်ပိုပေးနိုင်ရန် ကြိုတင်သတ်မှတ်ချက်များပါဝင်သည့် လွှတ်တော်ဆိုင်ရာအချိန်ဇယားရေးဆွဲရေးဘက်သို့ ပိုမိုအားသန်လာခဲ့ကြောင်း ဟောင်ကောင်စီးတီးတက္ကသိုလ်မှ ရေးနိုး အဂရီတူးကပြောဆိုခဲ့သည်။NLD အစိုးရလက်ထက်တွင် အမတ်များ၏ဥပဒေပြုရေးနှင့် အစိုးရကို တာဝန်ခံလာရေးလုပ်ဆောင်သည့် တာဝန်များ တိုးမလာခဲ့သော်လည်း အမတ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် အများပြည်သူက အားကိုးအားထားရပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သူများဖြစ်လာကြောင်း အာဂရီတူးကပြောဆိုခဲ့သည်။
သို့သော် လွှတ်တော်သည် ယခုထက်ပင် ပိုမိုလုပ်ဆောင်နိုင်၊ လုပ်ဆောင်သင့်ပေသည်။ လွှတ်တော်သည် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခပြေလည်သွားရေး များစွာလုပ်ဆောင်မှုမရှိကြောင်း Frontier က ယခင်ကလည်း ဖော်ပြခဲ့ပြီးဖြစ်သည်။ လွှတ်တော်သည် ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာ ခုနှစ်သိန်းခွဲ ထွက်ပြေးစေခဲ့သည့် တပ်မတော်၏လုပ်ရပ်များထက် တပ်မတော်နှင့် အေအေတို့ကြား တိုက်ခိုက်မှုကိုသာ အာရုံစိုက်ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီခေါင်းဆောင်များသည် လွှတ်တော်အမတ်များပေါ်ထားရှိသည့် ကန့်သတ်ချက်တချို့ကို လျှော့ချပေးပြီး အစိုးရက ၎င်းတို့လုပ်ရပ်နှင့်ပတ်သက်၍ တာဝန်ခံလာရေး လွှတ်တော်အမတ်များက လုပ်ဆောင်ခြင်းကို အားပေးထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုသင့်ပေသည်။
သို့သော် ပြည်ထောင်စုလွှတ်တော်ကို လက်ညှိုးထောင်ခေါင်းညိတ်လွှတ်တော်ဟု ပြောဆိုခြင်းသည် လုံးဝမမှန်ကန်ပေ။ထိုသို့အပြောခံရခြင်းသည်ဥပဒေပြုရေး၊အစိုးရ၏လုပ်ရပ်များကိုစောင့်ကြည့်ရေးနှင့်မဲဆန္ဒနယ်ဆိုင်ရာတာဝန်များကိုဖြည့်ဆည်းရေးအတွက် ခက်ခဲသော အခြေအနေများကြားတွင် အလုပ်ကြိုးစားလုပ်ကိုင်နေသည့် လွှတ်တော်အမတ်များအတွက် တော့ စိတ်ပျက်စရာအားလျော့စရာဖြစ်စေခဲ့ပါသည်။

သက်အေး ဘာသာပြန်သည်။

ဖေဖော်ဝါရီ ၂၀ ရက်ထုတ် Frontier Myanmar ၏ အယ်ဒီတာ့အာဘော်ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.