ဖွဲ့စည်းပုံပြင်ရေး၊ လွှတ်တော်ထဲမှာ ဘာဖြစ်နေသလဲ၊ ဘာဆက်ဖြစ်မှာလဲ

ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ ပြင်ဆင်ချက်ရဖို့ သိပ်မရှိလှပါဘူး။

စည်သူအောင်မြင့် ရေးသားသည်။

အင်န်အယ်လ်ဒီပါတီ လွှမ်းမိုးတဲ့ လွှတ်တော်သက်တမ်း လေးနှစ်ကျော်လာချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တရားဝင် ဆွေးနွေးမှုတွေ စတင်နေပါပြီ။

ဒီဆွေးနွေးမှုတွေ၊ နောက် သိပ်မကြာခင် ပြင်ဆင်ချက်ဥပဒေကြမ်းပါ ပုဒ်မ တစ်ခုချင်းစီအလိုက် မဲခွဲဆုံးဖြတ်မှုတွေ လုပ်ကြမှာဖြစ်ပြီး ဒီအဆင့်ကို လွယ်လွယ်ကူကူ ရောက်လာခဲ့တာတော့ မဟုတ်ပါဘူး။ ပြည်ထောင်စု လွှတ်တော်တွင်းမှာ အင်န်အယ်လ်ဒီအမတ်တွေက တစ်ဖက်၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေက တစ်ဖက် ငြင်းခုံမှုတွေ၊ ပွတ်တိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွား ဖြတ်သန်းပြီးမှ ရောက်လာတာပါ။

အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း ဆွေးနွေးမှုတွေမှာလည်း ပြင်းထန်တဲ့စကားလုံး သုံးနှုန်းမှုတွေ၊ အဲဒီသုံးနှုန်းမှုတွေကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးဖို့ တောင်းဆိုတာတွေ၊ လွှတ်တော်ဥပဒေနဲ့မညီတဲ့ အဲလိုဆွေးနွေးတဲ့ကိုယ်စားလှယ်တွေကို အရေးယူပေးဖို့ တောင်းဆိုတာတွေ ဖြစ်ပေါ်နေဆဲပါ။ လွှတ်တော်တွင်းမှာ ဘာတွေဖြစ်နေသလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကိစ္စ ဘာဆက်ဖြစ်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အင်န်အယ်လ်ဒီပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ရွေးကောက်ပွဲမှာ ပြည်သူတွေကိုပေးထားတဲ့ ကတိတွေထဲက တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးလုပ်ငန်းကို လွှတ်တော်သက်တမ်း သုံးနှစ်ပြည့် ၂၀၁၉ ဇန်နဝါရီလက စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အရင် ပြည်ခိုင်ဖြိုးလွှမ်းမိုးတဲ့ လွှတ်တော်သက်တမ်းတုန်းက လွှတ်တော်နာယကဟောင်း သူရဦးရွှေမန်း လုပ်ခဲ့တဲ့ နည်းနာအတိုင်း “ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ” တစ်ရပ် စဖွဲ့တာကနေ အစပြုပါတယ်။

နောက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့ ဥပဒေကြမ်း တစ်ရပ် ပေါ်ပေါက်ပြီး လွှတ်တော်တွင်း တင်သွင်းနိုင်အောင် အစပြုလုပ်ဆောင်တာပါ။ အင်န်အယ်လ်ဒီကနေ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အဲလိုပူးပေါင်းကော်မတီ ဖွဲ့တဲ့လုပ်ရပ်ကစလို့ တပ်မတော်ဘက်က ဥပဒေနဲ့မညီဘူးဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေနဲ့ ကြုံရပါတယ်။ နောက်ပိုင်း အင်န်အယ်လ်ဒီဘက်က လွှတ်တော်တွင်းမှာ အားလုံးသဘောထား ပါဝင်မယ့် ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း တစ်ခုရဖို့ ကြိုးပမ်းနေစဉ်မှာပဲ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း တစ်ခုပြီးတစ်ခု တင်ခဲ့တာ စုစုပေါင်း ဥပဒေကြမ်း ၅ ခုတင်တဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။

အဲလိုတင်လာတဲ့ ဥပဒေကြမ်းတွေကို ဥပဒေကြမ်းစိစစ်ရေး ပူးပေါင်းကော်မတီတွေကနေ စိစစ်ပြီး လွှတ်တော်တွင်း အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း တစ်ခုပေါ်ပေါက်လာအောင် လုပ်နေတဲ့ ပူးပေါင်းကော်မတီရဲ့လုပ်ငန်းစဉ်ထဲထည့်သွင်းဖို့ ဆုံးဖြတ်၊ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီလိုနဲ့ လွှတ်တော်တွင်း ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီက ပြုစုတဲ့အပိုင်း ၂ ပိုင်းပါ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း ပေါ်ပေါက်လာပြီး နောက်ဆုံးဥပဒေကြမ်း ၇ ခုကို တပေါင်းတည်းတင်နိုင်တဲ့ အခြေအနေရောက်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လွှတ်တော်တွင်း တင်ထားတဲ့ ပြင်ဆင်ရေး ဥပဒေကြမ်း ၇ ခုကိုကြည့်ပြီး တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဘက်က ဘာကိုပြင်ချင်တယ်၊ အင်န်အယ်လ်ဒီဘက်က ဘာကိုပြင်ချင်တယ်ဆိုတာ လေ့လာဖို့လိုလာပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ကျောင်းကုန်းအမတ် ဦးသိန်းထွန်းတင်ထားတဲ့ ဥပဒေကြမ်းမှာ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို သမ္မတက ရွေးချယ်ခန့်အပ်တာမျိုးမလုပ်ဘဲ သက်ဆိုင်ရာလွှတ်တော်တွေက ရွေးချယ်ဖို့ဆိုပြီး ပြင်ထားပါတယ်။ သူနဲ့ အနှစ်သာရချင်းတူတာက တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်ထားတဲ့ ဥပဒေမူကြမ်းပါ။ အဲဒီမှာတော့ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်ရမယ့်အပြင် ရွေးချယ်ခံရတဲ့ ဝန်ကြီးချုပ်နဲ့လွှတ်တော်ညှိနှိုင်းပြီး သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်း ဝန်ကြီးဌာနတွေသတ်မှတ်ဖို့၊ ဝန်ကြီးရွေးချယ်ဖို့ ပြင်ဆင်ထားပါတယ်။

ပြည်ခိုင်ဖြိုး မိတ္တီလာအမတ် ဒေါက်တာမောင်သင်းတင်တဲ့ ဥပဒေကြမ်းမှာတော့ သမ္မတကို လုပ်ပိုင်ခွင့် နည်းနည်းလျှော့ချဖို့ ပြင်ဆင်ထားပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်တင်တဲ့ ဥပဒေကြမ်းမှာတော့ သမ္မတနဲ့ ဒုသမ္မတတွေ အရည်အချင်းသတ်မှတ်ရာမှာ ထည့်သွင်းထားတဲ့ ပုဒ်မ ၅၉(စ) လိုမျိုးကို ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ် အရည်အချင်းတွေမှာ ထည့်သွင်းဖို့ ပြင်ဆင်ထားပါတယ်။

အဲဒီအချက်ကို ပြင်ဆင်နိုင်ခဲ့ရင်တော့ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ၊ ဒုသမ္မတတာဝန် မယူနိုင်ရုံမက ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ် တာဝန်လောက်ကိုတောင် ယူနိုင်တော့မယ့်အခြေအနေ ရှိတော့မှာမဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးအမတ် ဦးစိုင်းသန်းနိုင်တင်ထားတဲ့ ဥပဒေကြမ်းမှာတော့ ကာလုံလို့ ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အာဏာကို တိုးမြှင့်ပေးဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီဥပဒေကြမ်းမှာ ကာလုံကို ၂ လတစ်ကြိမ်ကျင်းပဖို့၊ ကာလုံအဖွဲ့ဝင် ၅ ယောက်က ခေါ်ခိုင်းရင် အစည်းအဝေးကျင်းပပေးဖို့၊ လိုအပ်ရင် လွှတ်တော်ကိုဖျက်သိမ်းနိုင်သည်အထိ အကြံပေးခွင့်ရှိဖို့ စတဲ့ အချက်တွေ အဆိုပြုထားပါတယ်။ ဥပဒေကြမ်း ၅ ခုမှာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဘက်က ပြင်ဖို့၊ ဖြည့်ဖို့ တင်ထားတဲ့အချက် စုစုပေါင်း ၂၈ ချက်ရှိပါတယ်။

အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ၄၅ ဦးကော်မတီကတင်တဲ့ ဥပဒေကြမ်းမှာတော့ အချက်ပေါင်း ၁၁၄ ချက် ပါဝင်ပါတယ်။ အရေးကြီးတဲ့ ပြင်ဆင်မှုတွေအဖြစ် လာမယ့်တတိယအကြိမ် လွှတ်တော်သက်တမ်း ကာလကစ တပ်မတော်သား ကိုယ်စားလှယ်ဦးရေကို ၁၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အဆိုပြုထားပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးနေရာမှာ “ ပြည်သူ့ဆန္ဒနဲ့ အညီ” ဆိုတာ ဖြည့်စွက်ထားပါတယ်။

ကာလုံထဲမှာ တပ်မတော်ကခန့်အပ်တဲ့ နယ်စပ်ရေးရာဝန်ကြီးကို နှုတ်ပယ်ပြီး လွှတ်တော် ဒုက္ကဌ နှစ်ယောက်ကို ထည့်သွင်းရင်း ရွေးကောက်ခံပုဂ္ဂိုလ်တွေပါဝင်မှု တိုးမြှင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်လိုပါတယ်။ ဖွဲ့စည်းပုံပြင်ရေးမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ အတည်ဖြစ်မယ်ဆိုတဲ့နေရာမှာ သုံးပုံနှစ်ပုံကျော် ထောက်ခံရင် ပြင်နိုင်တယ်ဆိုပြီး ပုဒ်မ ၄၃၆ ကို ပြင်ဖို့ အဆိုပြုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းထဲ ရောက်နေတဲ့ အင်န်အယ်လ်ဒီနဲ့ တပ်မတော်အပါအဝင် ပြည်ခိုင်ဖြိုးပါတီရဲ့ ပြင်ဆင်လိုချက်တွေကို နှိုင်းယှဉ်ကြည့်ရင် ပြဒါးတစ်လမ်း သံတစ်လမ်း၊ အရှေ့နဲ့အနောက် တောင်နဲ့မြောက်လို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ တွေ့ကြရမှာပါ။ အင်န်အယ်လ်ဒီဘက်က ဖွဲ့စည်းပုံကို ပို ဒီမိုကရေစီဆန်ပြီး နိုင်ငံရေးမှာ တပ်မတော်ကပါဝင်တဲ့ အခန်းကဏ္ဍကို လျှော့ချချင်ပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဘက်ကတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ပိုပြီးတင်းကျပ်၊ ပိုပြီး ဒီမိုကရေစီမဆန်တဲ့ဘက် ပြင်ဖို့ဆန္ဒရှိတာ ပြသနေပါတယ်။

လက်တွေ့ လွှတ်တော်တွင်းဆွေးနွေးချက်တွေမှာလည်း တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေဟာ အင်န်အယ်လ်ဒီဘက်က အဆိုပြုထားတဲ့ ပြင်ဆင်ချက်တွေကို လက်မခံ ပယ်ချနေတာ တွေ့မြင်ကြရမှာပါ။ အထူးသဖြင့် အင်န်အယ်လ်ဒီဘက်က အဆိုပြုတဲ့ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်တွေပါဝင်မှုကို လက်ရှိ ၂၅ ရာခိုင်နှုန်း နေရာယူထားရာကနေ ၁၀ နှစ်အတွင်း ၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ဆိုတာကို ကန့်ကွက်ကြပါတယ်။

အကြောင်းပြချက်ကတော့ “လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဟာ ကိုးနှစ်လောက်ပဲ ရှိသေးတယ်၊ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုတွေ၊ ပြည်ပ ပယောဂနဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်သောင်းကျန်းမှုတွေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေရှိနေပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားရန် ကြံရွယ်လုပ်ဆောင်မှုများရှိနေတာ ထင်ထင်ရှားရှား တွေ့ရလို့” လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် တားမြစ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို အင်န်အယ်လ်ဒီဘက်က ပယ်ဖျက်ဖို့တင်သွင်းထားပေမဲ့ တပ်မတော်ဘက်ကတော့ လုံး၀လက်မခံပါဘူး။

ဆွေးနွေးမှုတွေ ပြီးဆုံးသွားရင် တင်သွင်းထားတဲ့ ပြင်ဆင်လိုတာတွေ၊ ပယ်ဖျက်လိုတာတွေ၊ အသစ် ဖြည့်စွက်လိုတာတွေကို တစ်ချက်ချင်းစီ မဲခွဲဆုံးဖြတ်ကြဦးမယ်ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိ ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ယောက်ရှိပါတယ်။ ပုဒ်မ တစ်ခု၊ ဒါမှမဟုတ် တစ်ချက်ချင်းစီကို ပြင်ဆင်နိုင်ဖို့ အနည်းဆုံး ကိုယ်စားလှယ် ၄၉၁ ယောက် ထောက်ခံဖို့လိုတယ်လို့ ဥပဒေကြမ်း ပူးပေါင်းစိစစ်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်တွင်းမှာ ရှင်းပြထားပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံအမတ် စုစုပေါင်း ၄၈၈ ယောက်ပဲ ရှိပါတယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အဲဒီအမတ်တွေအားလုံးက ထောက်ခံသည်ထားဦး၊ ဖွဲ့စည်းပုံပြင်နိုင်ရေး မဲအရေအတွက်ကို ပြည့်မီမှာမဟုတ်သေးပါဘူး။ လွှတ်တော်တွင်းပါဝင်မှု အချိုးအစားကိုကြည့်ရင် အင်န်အယ်လ်ဒီ က ၃၈၃ ယောက်၊ တပ်မတော်သား ကိုယ်စားလှယ်က ၁၆၆ ယောက် ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားနဲ့ တခြား ပါတီဝင်တွေ စုစုပေါင်း ၁၀၅ ယောက်ရှိနေပါတယ်။

ဒီအရေအတွက်ကိုကြည့်ရင် အင်န်အယ်လ်ဒီနဲ့ တပ်မတော် နှစ်ဖက်စလုံးက သဘောတူတဲ့ ပုဒ်မ၊ အချက်တွေလောက်ကိုပဲ ပြင်ဆင်နိုင်ပါလိမ့်မယ်။ တစ်ဖက်ဖက်က သဘောမတူတဲ့ ပုဒ်မ၊ အချက်တွေဆို ဘာကိုမှပြင်နိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော်တွင်းတင်ပြထားတဲ့ ပြင်ဆင်လိုတာတွေထဲမှာ အင်န်အယ်လ်ဒီဘက်ကရော၊ တပ်မတော်ဘက်ကပါ သဘောထားတူညီနေတဲ့ အရေးကြီးအချက်တွေ မတွေ့ကြရပါဘူး။

ဒါကြောင့် မဲခွဲဆုံးဖြတ်ပြီးတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးကြီးတဲ့အောင်မြင်မှု မယ်မယ်ရရ မရခဲ့ဘူးလို့ အဖြေထွက်ခဲ့ရင်လည်း ဒါဟာ အံ့သြစရာကောင်းတဲ့ကိစ္စတော့ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.