နင်းပြားများအတွက် ဂရုဏာတစ်ချက်

The Hidden History of Burma အမည်ရှိ စာအုပ်သစ်တွင် သန့်မြင့်ဦးသည် မြန်မာနိုင်ငံရှိ ဘေးအဖယ်ထုတ်ခံများအပေါ်စာနာကြောင်းဖော်ပြခဲ့ပြီး အနောက်နိုင်ငံများ၏အရေးယူပိတ်ဆို့မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည်များအတွက် စိတ်မကောင်းဖြစ်ခဲ့ကာ ငြိမ်းချမ်းရေးဖြစ်စဉ်သည် အထင်နှင့်အမြင်လွဲနေကြောင်း ပြောဆိုထားသည်။

By EWAN CAMERON | FRONTIER

သန့်မြင့်ဦး၏စာအုပ်သစ် The Hidden History of Burma: Race, Capitalism and the Crisis of Democracy in the 21st Century ၏ အားသာချက်များအနက်တစ်ခုမှာ လူ့အဖွဲ့အစည်း၏အလွှာအစုံကြောင်းကို ဇာတ်ကြောင်းပြောတင်ပြနိုင်ခြင်းဖြစ်သည်။
ယခုစာအုပ်ကို အနောက်နိုင်ငံပရိသတ်များအတွက် ဦးစားပေးရေးသားခဲ့ခြင်းဖြစ်သည်။ သန့်မြင့်ဦးသည် ခေတ်သစ်မြန်မာနိုင်ငံအကြောင်းကို ရေးသားဖော်ပြရာတွင် အာဏာရှိသူများနှင့် လက်ပွန်းတတီးနေခဲ့သည့် အတွေ့အကြုံများမှ ပြန်လည်ရေးပြခဲ့ခြင်းဖြစ်သည့်အတွက် သူ့အတွက် လွယ်ကူကောင်းလွယ်ကူနေပေလိမ့်မည်။ သို့သော် စာရေးဆရာသည် မြန်မာနိုင်ငံရှိ ဘေးအဖယ်ထုတ်ခံများ၊ လူ့အဖွဲ့အစည်း၏အစွန်အဖျားတွင် နေထိုင်ရသူများအပေါ် စာနာထောက်ထားသည့်စိတ်ရှိခဲ့သောကြောင့် ကွဲပြားစုံလင်သော အရင်းအမြစ်များကိုအခြေခံကာ ရေးသားခဲ့သည်။ ယင်းကဲ့သို့ရေးသားနိုင်မှုကြောင့် သူပြောလိုဆိုလိုသည့်အကြောင်းအရာများသည်လည်း ပိုမိုစွဲဆောင်မှုရှိလာခဲ့သည်။
ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်များအကြောင်းကို စာမျက်နှာအနည်းငယ်ရေးသားခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၀ ပြည့်နှစ်ကျော်ကာလများရှိ အဖြစ်အပျက်တချို့ကို တင်ပြခဲ့သည်။ ဘုရ်ှ်အစိုးရ၏အရေးယူပိတ်ဆို့မှုများကြောင့် ၂၀၀၃ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရသည့် အမေရိကန်သို့ ကုန်ပစ္စည်းများတင်ပို့သော အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ခဲ့ရသည့် မြန်မာအမျိုးသမီးငယ်တစ်ဦး၏အမြင်မှတစ်ဆင့် စာဖတ်သူများ မြင်တွေ့သိရှိခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ အာရှရှိ အဆင်းရဲဆုံးနိုင်ငံတွင် အလုပ်အကိုင်မဲ့ဖြစ်ပြီး အလုပ်ရှာနေသည့် အဆိုပါအမျိုးသမီးလေးသည် ထိုင်းနိုင်ငံ၌ စားပွဲထိုးမလေးအဖြစ် အမြတ်ထုတ်ခံရပြီးနောက် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရကာ ဈေးတွင်ရောင်းသည့် ပန်းလေးတစ်ပွင့်ကဲ့သို့ တရုတ်အမျိုးသားတစ်ဦးထံ ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသည်။ သို့သော် အမျိုးသမီးလေးသည် လွတ်လမ်းကိုရှာခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာခဲ့သော်လည်း မိခင်နိုင်ငံသို့ပြန်ရောက်သည့်အခါ သူ့တွင် အိပ်ချ်အိုင်ဗွီ-အေ့ဒ်စ်ရောဂါရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
အဲ့ဒီအမျိုးသမီးလေးလိုဖြစ်ရပ်များသည် ထူးခြားဖြစ်ရပ်များမဟုတ်ဘဲ မြန်မာနိုင်ငံရှိ ပြည်သူသန်းပေါင်းများစွာသည်လည်း အလားတူကြုံနေရကြောင်း သန့်မြင့်ဦးက သတိပေးရေးသားခဲ့သည်။ ၂၁ ရာစု၏ပထမဆယ်စုတွင်လည်း ဆင်းရဲမွဲတေမှုနှင့် ဒုက္ခရောက်မှုများရှိခဲ့ရာ အဲ့ဒီလိုဖြစ်ပျက်နေမှုများသည် အုပ်ချုပ်သူ ဗိုလ်ချုပ်များ၏အရည်အချင်းမရှိမှုကြောင့်သာမက အမျိုးသမီးငယ် ၂၀၀၀၀၀ ကျော်ခန့် အလုပ်အကိုင်မဲ့ဘဝကိုရောက်ရှိစေခဲ့ပြီး အိပ်ချ်အိုင်ဗွီ-အေ့ဒ်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး နိုင်ငံခြားမှ ငွေကြေးအကူအညီများ ရုတ်သိမ်းသွားစေခဲ့သည့် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုနှင့် အကူအညီပေးရေးကိုဆန့်ကျင်သပိတ်မှောက်မှုများကြောင့်လည်းဖြစ်ကြောင်း သူကထောက်ပြသည်။
မြန်မာနိုင်ငံသားများ ကြုံခဲ့ရသည့် ဒုက္ခအတိမ်အနက်ကိုကြည့်ခြင်းဖြင့် အရေးယူပိတ်ဆို့မှုများသည် ဗိုလ်ချုပ်များ အလျှော့ပေးလာရေးအတွက် ထိရောက်သော လုပ်ဆောင်ချက်များမဟုတ်ဘဲ မြန်မာရှိ အောက်ခြေလူတန်းစားနင်းပြားများအတွက် တစ်ပူပေါ်တစ်ပူဆင့်သည့်အရာများသာဖြစ်ကြောင်း သန့်မြင့်ဦးက သုံးသပ်ပြခဲ့ခြင်းကို တုံ့ပြန်ချေပရန် ခက်ခဲလွန်းလှပေသည်။
စာရေးဆရာသည် စာအုပ်ထဲတွင် အရေးယူပိတ်ဆို့မှုများကို ဝေဖန်ခဲ့ရုံသာမက ကိုယ်မနှစ်သက်သည့် လူများနှင့်ပင်လျှင် စေ့စပ်ဆွေးနွေးပြီး ပွင့်လင်းမှုရှိရန်လည်း တိုက်တွန်းထားပေသည်။ စစ်တပ်အုပ်ချုပ်မှုမှ အရပ်သားတစ်ပိုင်းအစိုးရသို့ ကူးပြောင်းခဲ့သည့် ၂၀၁၁ လွန်ကာလများနှင့်ပတ်သက်သည့် အခန်းများတွင် စာရေးဆရာတင်ပြသော မြန်မာရှိပြဿနာများကိုဖြေရှင်းရေးအတွက် လက်တွေ့ကျပြီး အခြေအနေအချိန်အခါနှင့်ကိုက်ညီသော အကြံပြုချက်များကို ပိုမိုမြင်တွေ့လာခဲ့ရသည်။
မြန်မာနိုင်ငံ၏ထိပ်တန်းနိုင်ငံရေးမိသားစုများတွင် မွေးဖွားပြီး ငယ်ရွယ်စဉ်ကာလတွင် ပြည်ပ၌ ပညာသင်ယူခဲ့ကာ မြန်မာနိုင်ငံတွင် အုံကြွမှုဖြစ်ချိန်တွင် နိုင်ငံသို့ပြန်လာခဲ့သည့် သန့်မြင့်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နှိုင်းယှဉ်လိုစိတ်ပေါ်မိသော်လည်း သူတို့နှစ်ဦးကြားတွင် ခြားနားချက်ကြီးကြီးမားမားရှိနေပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏အလံတော်အောက်တွင် နိုင်ငံသားသန်းပေါင်းများစွာကို မျှော်လင့်ချက်ခွန်အားများပေးနေချိန်တွင် သန့်မြင့်ဦးသည် အာဏာရှိသူများကြားတွင် အဆက်အသွယ်ကွန်ရက်ကိုတည်ထောင်ပြီး ဦးသိန်းစိန်ဦးဆောင်သော စစ်အစိုးရလွန် အစိုးရကို အကြံပေးခဲ့ကာ တစ်ချိန်တည်းမှာပင် ဝန်ကြီးများနှင့် ပြည်ပမှ သြဇာကြီးမားသူများကြား ချိတ်ဆက်ပေးသူအဖြစ်လည်း ပါဝင်ခဲ့သည်။
သန့်မြင့်ဦးသည် သူပါဝင်ခဲ့သည်များကို ခုခံကာကွယ်လိုသော စိတ်အခြေခံကာ ၂၀၁၁ -၁၆ အသွင်ကူးပြောင်းရေးကာလကို ပိုမိုနားလည်လာရေး ကြိုးပမ်းခဲ့သည်။ သန့်မြင့်ဦး၏ပြောပြချက်များကြောင့် ယင်းအသွင်ကူးပြောင်းရေးကာလအတွင်း လူသိနည်းခဲ့သူများ၊ အဖွဲ့အစည်းများအကြောင်းကိုပိုသိလာရပြီး NLD နှင့် တပ်မတော်ဆိုသည့် ရိုးရှင်းသော ဒွိစုံသဘောသာရှိနေခြင်းမဟုတ်ကြောင်း သိမြင်လာခဲ့ရသည်။ NLD သောင်ပြိုကမ်းပြိုအနိုင်ရရှိပြီး အာဏာရရှိချိန်မတိုင်မီကရှိခဲ့သည့် ယင်းအသွင်းကူးပြောင်းရေးကာလသည် အများအတွက်တော့ တိုးတက်မှုမရှိသည့် ကာလတစ်ခုနှယ်ဖြစ်ခဲ့သည်။
သို့သော် စာအုပ်၏အလယ်ပိုင်းအခန်းများတွင် သန့်မြင့်ဦးသည် ဗိုလ်ချုပ်များအဖြစ်မှ ဝန်ကြီးများဖြစ်လာသူများ အထူးသဖြင့် ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့အား မူဝါဒရေးရာနှင့်ပတ်သက်လျှင် လွတ်လပ်ပွင့်လင်းသော စိတ်ရှိသည့် ပြုပြင်ပြောင်းလဲလိုသူများဖြစ်ကြောင်း ပုံဖော်ခဲ့သည်။ တပ်မတော်ကို စိတ်အစွဲပြောင်းခြင်းထက် တပ်မတော်တွင်းရှိနေသူတချို့သည်လည်း အတွေးအမြင်မရှိသည့် ရေပေါ်ဆီများမဟုတ်ကြောင်း သူပြောလိုဟန်ရှိသည်။
သန့်မြင့်ဦးသည် အရပ်ဘက်လူ့အဖွဲ့အစည်းတချို့ကိုလည်း ချီးကျူးပြောဆိုခဲ့သေးသည်။ စစ်အစိုးရအဖွဲ့ဝင်များကို အရည်အသွေးတည်ဆောက်ပေးရာတွင် ကူညီပေးပြီး တဖြည်းဖြည်းပြုပြင်ပြောင်းလဲမှုများဖော်ဆောင်ကာ နောက်ပိုင်းတွင် သူ့ကဲ့သို့ပင် ၂၀၁၁ လွန် အစိုးရကို အကြံပေးရာ၌ ပါဝင်ခဲ့သည့် Myanmar Egress ကဲ့သို့ အဖွဲ့မျိုးဖြစ်သည်။ တပ်မတော်နှင့် အပြုသဘောဆောင်လက်တွဲလိုသည့် အရပ်ဘက်လူ့အဖွဲ့အစည်းသည် ခေါင်းမာသော NLD နှင့် ပြောင်ပြောင်ကြီးဆန့်ကျင်နေပေသည်။
NLD သည် မူဝါဒချမှတ်နိုင်ရေးအတွက် လိုအပ်သော အရည်အချင်းတည်ဆောက်ခြင်းထက် အာဏာရရှိရေးကိုသာ မမှတ်မသုန်ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသည့် အစိုးရသည် ကြိုတင်ပြင်ဆင်မှုများစွာလိုအပ်သည့် အစိုးရဖြစ်လာခဲ့ကြောင်း စာရေးဆရာက အဓိကဆိုလိုချင်ဟန်ရှိသည်။ သူကိုယ်တိုင် အကြံပေးအဖြစ် ပါဝင်ခဲ့သည့် မြန်မာငြိမ်းချမ်းရေးဗဟိုဌာနကို ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသည် ဗဟိုဌာနရှိ ငယ်ရွယ်ပြီး ထက်မြက်ကာ ပါတီနိုင်ငံရေးကိုဘေးဖယ်ထားသော ဝန်ထမ်းများနှင့် လက်တွဲမလုပ်လိုသည့်အခါတွင် စာရေးဆရာ၏စိတ်ပျက်မှုများသည် စာမျက်နှာများမှ ခုန်ထွက်လာသည့်ဟန်ပင်ရှိလာခဲ့သည်။
NLD သည် အကူအညီပေးရုံမှလွဲ၍ မည်သည့်အရာကိုမျှ ပြန်မလိုချင်ဘဲ အကူအညီပေးနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည့် အရပ်ဘက်လူ့အဖွဲ့အစည်း၊ လှုပ်ရှားသူများနှင့် ပြည်ပရောက်မြန်မာရာပေါင်းများစွာတို့နှင့် လက်တွဲအလုပ်မလုပ်လိုရုံသာမက NLD ကိုထောက်ခံသူများကလည်း ပါတီဝင်များသည် ပါတီစွဲထားရှိခွင့်ရှိသည်ဟုလည်း ကြွေးကြော်ခဲ့ကြသည်။ စစ်အစိုးရလိုလားသူများ၏သတ်ဖြတ်မှုကြောင့် NLD ပါတီဝင်နှင့် ထောက်ခံသူ ၇၀ ထက်မနည်းသေဆုံးစေခဲ့သည့် ၂၀၀၃ ဒီပယင်းဖြစ်ရပ်ကဲ့သို့ အဖြစ်မျိုးက သူတို့၏စိတ်ထဲတွင် မပျောက်ပျက်နိုင်ဘဲရှိနေခဲ့သည်။
လူမျိုးရေးနှင့်ဆိုင်သော အခန်းတွင် သန့်မြင့်ဦးက ကိုလိုနီဘဝလွန် နိုင်ငံတည်ဆောက်ရေးသည် ဗမာလူမျိုးကြီးဝါဒနှင့် ဗြိတိသျှနယ်ချဲ့ဝါဒ၏ လူမျိုးရေးအမြင်များအပေါ် အခြေခံသောကြောင့် မအောင်မြင်ခဲ့ကြောင်း သုံးသပ်ပြသည်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည် ယခင်က ပြည်တွင်းစစ်ဖြစ်စေခဲ့သည့် လူ့အဖွဲအစည်းကို ပြန်လည်ပြင်ဆင်နေသည့် အယူမှားပေါ်အခြေခံနေကြောင်း သူကပြောသည်။
လူမျိုးကွဲပြားစုံလင်မှုများကြားတွင် ဗမာဆိုသည့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကိုသာ ဦးစားပေးနေသည့် မြန်မာခေတ်မီရေးသည် ယခင်က မအောင်မြင်ခဲ့သလို ယခုလည်း အောင်မြင်မည်မဟုတ်ချေ။ အဲ့ဒီလို ယူဆပြောဆိုသူများတွင် သန့်မြင့်ဦးသည် ပထမဆုံးမဟုတ်သော်လည်း သိမ်သိမ်မွေ့မွေ့ဖြင့် အတင်ပြနိုင်ဆုံးတော့ဖြစ်ခဲ့သည်။ သို့သော် စာအုပ်တွင် အားနည်းချက်ကန့်သတ်ချက်များရှိနေပြန်သည်။ ရခိုင်နှင့် ကချင်တို့အကြောင်းကို ရေးသားဖော်ပြမှုရှိခဲ့သော်လည်း အင်မတန်ကိုလူဦးရေနည်းပါးသည့် လူမျိုးစုများအကြောင်းကို ထားလိုက်ဦး မွန်၊ ကယားနှင့် ရှမ်းကဲ့သို့ တိုင်းရင်းသားမျိုးနွယ်များအကြောင်းကိုပင် မဖော်ပြသလောက်ရှိခဲ့သည်။ စာအုပ်သိပ်ထူသွားမည်ကို စာရေးဆရာက စိုးရိမ်ပုံရသည်။ သို့သော် ယခုကဲ့သို့ အပြည့်အစုံမဖော်ပြမှုကြောင့် အကြောင်းအရာဝေဝါးသွားပြီး မြန်မာနိုင်ငံရှိ လူနည်းစုဝင်တိုင်းရင်းသားမျိုးနွယ်စုများကို တစ်စုနှင့်တစ်စုမကွဲပြားဘဲ အတူတူဟုဖော်ပြလိုက်သလိုရှိသွားသည်။
၂၀၁၀ ပြည့်နှစ်ကျော်ကာလများတွင် အရင်းရှင်စနစ်ရှိမလာဘဲ ခရိုနီဝါဒနှင့် တရားမဝင်ကုန်သွယ်မှုများရှိနေသည့် မင်းမဲ့အရင်းရှင်စနစ်ကြောင့် ထိခိုက်နစ်နာနေသည့် မြန်မာနိုင်ငံသို့ လစ်ဘရယ်ဝါဒသစ်တစ်စိတ်တစ်ပိုင်းသာ ဝင်ရောက်ခဲ့ကြောင်း သန့်မြင့်ဦးကပြောဆိုခဲ့သည်။ စာအုပ်၏တစ်နေရာတွင် သန့်မြင့်ဦးက သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ယာဉ်ကြောပိတ်ဆို့သည့် မြို့များနှင့် ဈေးဝယ်ထွက်မှုများသာရှိနေသည့် အောင်မြင်သော အာရှနိုင်ငံများကျင့်သုံးခဲ့သည့် ပို့ကုန်ဦးစားပေး အရင်းရှင်စနစ်သည် မြန်မာအတွက်ဖြစ်နိုင်သည့် ဖွံ့ဖြိုးရေးလမ်းကြောင်းဟုတ်မဟုတ်ကိုလည်း သူက မေးခွန်းထုတ်ခဲ့သည်။
ဒီစာအုပ်သည် အရှင်းရှင်စနစ်ဆန့်ကျင်ရေးစာအုပ်မဟုတ်ချေ။ သန့်မြင့်ဦးသည် အာဏာရှင် ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မအောင်မြင်မှုကို ဖော်ပြရုံမှလွဲ၍ ဆိုရှစ်လယ်စနစ်အကြောင်းကို မရေးသားမိစေရန် သတိထားခဲ့သည်။ သို့သော် သန့်မြင့်ဦးက နိုင်ငံသားများကျန်းမာချမ်းသာရေးကိုဦးစားပေးသည့် နိုင်ငံတော်နှင့် တိုးတက်သော အခွန်ကောက်ခံခြင်းစနစ်တို့အတွက် နည်းပေးလမ်းပြလုပ်ခဲ့ပြီး ယင်းတို့သည် လက်ခံနိုင်ဖွယ်ရှိကာ လူ့အဖွဲ့အစည်း၏အစွန်အဖျားတွင်ရောက်နေသည့် အခြေခံလူတန်းစားများအတွက် လုံခြုံမှုတစ်ခုတော့ အနည်းဆုံးဖန်တီးပေးကောင်းပေးနိုင်မည်ဖြစ်သည်။
နောက်ဆုံးအမှာစကားတွင် သန့်မြင့်ဦးက လက်ရှိမြန်မာနိုင်ငံရေးပြဿနာများ၏အရင်းအမြစ်မှာ အတွေးအမြင်မရှိမှု သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့်မစဉ်းစားနိုင်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စာအုပ်သည် သမိုင်းအကြောင်းဖြစ်သော်လည်း အရင်းရှင်စနစ်၏ပုံစံများ၊ အတွေးအမြင်များ၊ လူမျိုးရေးနှင့် ဒီမိုကရေစီစနစ်တို့ကို ဝေဖန်မှုများပါဝင်ပြီး အဲ့ဒီလိုအကြံပြုချက်များသည် အဓိကကျကျအပြောင်းအလဲများဖော်ဆောင်ရန် စထွက်မှတ်ဖြစ်လာနိုင်သည်။
ပညာရပ်ဆန်မှု၊ သတင်းသမားဆန်မှုနှင့် ပုဂ္ဂိုလ်ရေးဇာတ်ကြောင်းပြောမှုများနှင့် ဝေဆာနေသော်လည်း စာအုပ်သည် အနောက်နိုင်ငံပရိသတ်များဖတ်ရန် အဓိရည်စူးသောကြောင့် စိတ်ပျက်စရာတော့ကောင်းလှသည်။ ၁၉၂၀ ပြည့်နှစ်ကျော်ကာလများတွင် ချီလီကဗျာဆရာကြီး ပက်ဘလို နေရူဒါက ဂျိုဆီ ဘလစ်ဆိုသည့် ဒေသခံအမျိုးသမီးနှင့် ချစ်ခန်းကြိုက်ခန်းဖွင့်နေချိန်တွင် နေထိုင်ခဲ့သည့် ရန်ကုန်အဆောက်အအုံတစ်ခုတွင် သူလည်း နေထိုင်နေကြောင်း ပြောဆိုသည့်အခါတွင် သန့်မြင်ဦး၏ချဉ်းကပ်မှုပုံစံသည် ပိုမိုစွဲဆောင်မှုရှိလာခဲ့သည်။
သို့သော် အခြားနေရာများတွင်တော့ နာမည်ကြီးပုဂ္ဂိုလ်များ၏အမည်ကို မကြာခဏဖော်ပြမှုများရှိခဲ့သည်။ ဥပမာပေးရလျှင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်၍ ဖော်ပြရာတွင် ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် ဘုန်းတော်ကြီးများအကြောင်းကိုဖော်ပြခြင်းမပြုခဲ့ဘဲ ဟောလီးဝုဒ်သရုပ်ဆောင် ဂျင်ကာရေးက ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်၍ ယူကျုတွင် တင်ခဲ့သည့်အကြောင်းကိုသာဖော်ပြခဲ့သည်။ နိုင်ငံရေးအရ လူထုတွေ့ဆုံပွဲတစ်ခုမှာထက် ကွန်ဖရင့်ခန်းထဲ ဟောရပြောရမှုက သန့်မြင့်ဦးအတွက် ပိုမိုသင့်လျော်မည်ဖြစ်သည်။ သို့သော် သူ့အတွေးအမြင်များကို မြန်မာရှိ အများပြည်သူကိုသိရှိစေလိုသည်။ သူ့စာအုပ်ဘာသာပြန်ထွက်လာပါစေ ဟု မျှော်လင့်ပါကြောင်း။

သက်အေး ဘာသာပြန်သည်။

TOP PHOTO: Thant Myint-U seen in December 2015 at the office of the Yangon Heritage Trust, which he founded in 2012 to conserve the historic architecture of the city. (Ann Wang | Frontier)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.