မြန်မာနိုင်ငံသည် စစ်အစိုးရအကြွေးများ ဆပ်နေရတုန်းဖြစ်သည်။

သင် ဤဆောင်းပါးကိုဖတ်သဖြင့် ကုန်သွားခဲ့သည့် နှစ်မိနစ်တာကာလတွင် မန္တလေးတိုင်းဒေသကြီး၌ ဆောက်ထားသော မြင်းခြံသံမဏိစက်ရုံအတွက် အကြွေးကျပ်ငွေ ၇ သိန်း၊ သို့မဟုတ် ဒေါ်လာ ၅၀၀ ခန့်ကို မြန်မာနိုင်ငံက ပေးဆပ်ရတော့မည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ထုတ်ဖော်ပြောကြားချက်အရ အစိုးရသည် တရုတ်နိုင်ငံပိုင် China Development Bank ကို အရင်းနှင့်အတိုး ၁ ဒသမ ၆၁၅ ဘီလျံ ပေးဆပ်ရန်ရှိသည်ဟု သိရသည်။ ယင်းမှာ ထိုသံမဏိစက်ရုံဆောက်ရန် ချေးယူထားငွေ ဖြစ်သည်။ ယင်းအကြွေးသည် ၂၀၃၂- ၃၃ ခုနှစ်အထိ ဆပ်သွားရမည့်အကြွေးပင်ဖြစ်တော့သည်။

ထိုမြင်းခြံသံမဏိစက်ရုံတွင် ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် စက်ရုံက ပြန်အကျိုးပြုလျှင် အပြစ်ဆိုဖွယ်ရာမရှိပေ။ ဝမ်းနည်းစရာကောင်းသည်မှာ စက်ရုံသည် ထုတ်လုပ်နိုင်စွမ်း အပြည့်အဝအထိပင် မရောက်ရှိခဲ့ပေ။ ၂၀၁၇ ခုနှစ်၌ စက်ကိရိယာ အကြီးစားချို့ယွင်းမှုကြောင့် စက်ရုံလည်ပတ်မှု လုံးဝရပ်ဆိုင်းသွားခဲ့သည်။

မြန်မာတိုင်းမ်သတင်းစာ၏ အဆိုအရ ထိုစက်ရုံ ပြန်လည်လည်ပတ်နိုင်စေရန် နောက်ထပ်ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၂၅ ဘီလျံကုန်ကျမည်ဖြစ်သည်။ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်းသည် ထိုစက်ရုံကို ပြန်လည်ပတ်နိုင်စေရန် ပုဂ္ဂလိကကဏ္ဍမှ စိတ်ဝင်စားမှု အဆိုပြုလွှာ ရှာဖွေနေရသည်။ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးမှု နည်းပါးသည့် နိုင်ငံအတွက် ယင်းစီမံခန့်ခွဲမှု မှားယွင်းခြင်းမျိုးသည် စိတ်ပျက်ဖွယ်ရာပင်။

မြင်းခြံကိစ္စမှာ ဆင်ဖြူတော်မွေးထားမိသည့် အဖြစ်မျိုးနှင့်တူကာ အကုန်သာရှိ၍ အကျိုးအမြတ်တစုံတရာ ပြန်မထွက်သည့်ကိန်းဆိုက်နေတော့သည်။ ထိုသို့သောအဆုံးအရှုံးမျိုးသည် မြင်းခြံသံမဏိစက်ရုံ တစ်ခုတည်းမကပေ။ တခုတည်းဆိုလျှင်ပင် အတော်ဆိုးရွားလှပြီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၌ မြင်းခြံစက်ရုံကဲ့သို့ အဆုံးအရှုံး အကုန်အကျများသော နိုင်ငံပိုင်စက်ရုံ အများအပြားရှိနေသည်။ ယင်းတို့ထဲမှ အများအပြားကို ကွယ်လွန်သူ ဦးအောင်သောင်းက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး စစ်အစိုးရလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

သူသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အထူးတလည်ရင်းနှီးသူဖြစ်ပြီး ၁၉၉၇ မှ ၂၀၁၁ ခုနှစ်အထိ အမှတ် ၁ စက်မှုဝန်ကြီးရာထူးကို ယူခဲ့သူဖြစ်သည်။ ၂၀၁၈ ခုနှစ်အစောပိုင်းတွင် Frontier သည် ဧရာဝတီတိုင်းဒေသကြီးမှ သာပေါင်းစက္ကူစက်ကို လေ့လာခဲ့သည်။ ယင်းသည်လည်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၅၀ ကုန်ကျခဲ့ပြီး စက်ရုံလည်ပတ်မှုမရှိသလောက်ဖြစ်သည်။ ဝင်ငွေအသင့်အတင့် ရရှိသောစက်ရုံအချို့ကိုမူ ပုဂ္ဂလိကကဏ္ဍသို့ ရှင်းလင်းမြင်သာမှုမရှိဘဲ ရောင်းချထားပြီးဖြစ်သည်။

မြင်းခြံစက်ရုံကိုကြည့်က စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် မည်မျှအထိ နိမ့်ဆင်းသွားခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှစပြီး နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှု မည်မျှ ပြောင်းလဲလာကြောင်း တွေ့မြင်နိုင်သည်။

သို့သော် ယင်းမှာ လူကြိုက်များသောအမြင်မျိုး မဟုတ်ပေ။ အင်န်အယ်လ်ဒီ၏ စီးပွားရေး ချဉ်းကပ်ပုံများကို ကျယ်ပြန့်စွာ ဝေဖန်နေကြသည်။ ထိုဝေဖန်ချက်များထဲမှ အချို့သည် တရားမျှတသော်လည်း အများစုသည် ကိုယ်ကျိုးကြည့်ကာ ဝေဖန်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏စီးပွားရေးသည် အင်န်အယ်လ်ဒီအစိုးရ လက်ထက်တွင် ယခင် ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်ကလောက် တိုးတက်မှု မမြန်ဆန်ခဲ့ပေ။ အင်န်အယ်လ်ဒီအစိုးရသည် ပြည်တွင်းနှင့် နိုင်ငံတကာမှ စီးပွားရေး အခက်အခဲများစွာကို ဖြေရှင်းခဲ့ရသည်။

ပြည်ခိုင်ဖြိုးအစိုးရသည် ၎င်း၏စီးပွားရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို ပြည်တွင်းရော နိုင်ငံတကာတွင်ပါ လုပ်ဆောင်ရာတွင် ကျွမ်းကျင်သည်။ သို့သော် ပိုမိုခက်ခဲသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို မလုပ်ဆောင်ခဲ့ပေ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ပွင့်လင်းမြင်သာမှု စသည်တို့ကို မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ပြင် ၂၀၁၆ ခုနှစ်အစောပိုင်း အစိုးရသက်တမ်း ကုန်ဆုံးခါနီးတွင် မသင့်လျော်သော စီမံကိန်းများကို တသီတတန်းကြီး လုပ်ဆောင်ခဲ့သေးသည်။

မြင်းခြံသံမဏိစက်ရုံအကြောင်း ပြန်ပြောရမည်ဆိုလျှင် ယင်းမှာ စီးပွားရေးတွက်ခြေမကိုက်ခဲ့ပေ။ မည်သည့်အခါမှလည်း ကိုက်မည်မဟုတ်ပေ။

ဟုတ်ပါသည်။ စစ်အစိုးရက ထိုစီမံကိန်းကို ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း Myanmar Economic Corporation က ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်များတွင် ချေးငွေရယူခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် မြန်မာနိုင်ငံသည် အကြွေးယူရို ၁ ဒသမ ၆ ဘီလျံကျော်ကို ပြန်ဆပ်ရတော့မည်ဖြစ်သည်။

သို့သော် ပြည်ခိုင်ဖြိုးအစိုးရသည်လည်း ထိုအကြွေးအတွက် အပြစ်တင်ဖွယ်ရာရှိသည်။ ၂၀၁၂ ခုနှစ် ပြည်ခိုင်ဖြိုးအစိုးရသည် ထိုသံမဏိစက်ရုံနှင့် အကြွေးများကို MEC ထံမှ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဖေဖော်ဝါရီလတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ထိုအချိန်တွင် စီမံကိန်းအတွက် ယူရို ၅၆၆ ဒသမ ၉၇ သန်းသာ အသုံးပြုရသေးသည်။ ထိုအချိန်တွင် ပြည်ခိုင်ဖြိုးအစိုးရသည် စီမံကိန်းဖျက်သိမ်းပြီး အကြွေးများကို ပြန်လည်ညှိနှိုင်းရန် လုပ်ဆောင်နိုင်သည်။ သို့သော် စက်မှုဝန်ကြီးဌာနသည် အကြွေး၏ထက်ဝက်ခန့်ဖြစ်သော ယူရို ၄၇၅ ဒသမ ၃၇ သန်းကို ထပ်မံသုံးစွဲခဲ့သည်။

ယင်းမှာ စိတ်မပါတပါ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက လွှတ်တော်အမတ်များက မြင်းခြံသံမဏိစက်ရုံ သုံးစွဲငွေနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သောအခါ ဝန်ကြီး လေးပါးထက်မနည်းက စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် လွှတ်တော်တွင် တိုက်တွန်းဆွေးနွေးခဲ့ကြသည်။ နိုင်ငံပိုင် မီဒီယာများကလည်း “ကျွန်တော် ဒီစီမံကိန်းရဲ့အလားအလာကို အပြည့်အဝ ယုံကြည်မှုရှိပါတယ်” ဟူသော စက်မှုဝန်ကြီး ဦးအေးမြင့်၏ပြောစကားကို ဖော်ပြခဲ့ကြသည်။

အင်န်အယ်လ်ဒီအစိုးရ အာဏာရလာသောအခါ အရှုံးပေါ်နေသော ထိုစီမံကိန်းကို ရပ်တန့်ခဲ့သည်။ ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် မြင်းခြံသံမဏိစက်ရုံအတွက် ရင်းနှီးငွေများ ထပ်မံခွင့်မပြုတော့ပေ။

ထိုအချိန်မှာတော့ ဆုံးရှုံးမှုကို ရင်ဝယ်ပိုက်ထားမိပြီဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်သူများသည် ထိုအကြွေးကို လာမည့်ဆယ်စုနှစ် တစ်ခုကျော်အောင် ဆပ်ရတော့မည်သာတည်း။

ဦးကိုကို ဘာသာပြန်သည်။

ဤအယ်ဒီတာ့အာဘော်ကို မတ်လ ၅ ရက်ထုတ် Frontier Myanmar စာစောင်၌ ဦးစွာဖော်ပြခဲ့ပါသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.