ချင်းတောင်တန်းတွေဆီက မြင့်မားသော မျှော်မှန်းချက်

မြန်မာနိုင်ငံ၏ပထမဆုံး ပုဂ္ဂလိကပိုင် လေယာဉ်ကွင်းငယ်တစ်ခုကို ချင်းပြည်နယ်ရှိ ဝေးလံသီခေါင်သောနေရာတွင် တည်ဆောက်နေပြီဖြစ်သည်။ ယင်းစီမံကိန်းသည် ကိုယ့်ပြည်နယ်သားများအား ပိုမိုကောင်းမွန်သော ကျန်းမာရေးစနစ်ထောက်ပံ့ပေးနိုင်ရေး မျှော်မှန်းထားသူတစ်ဦး၏ ရည်မှန်းချက်လည်းဖြစ်နေသည်။

ကျော်လင်းထွန်း

မတူပီမြို့မြောက်ဘက် ၁၁၀ ကီလိုမီတာခရီးကို ဆိုင်ကယ်ဖြင့် ငါးနာရီကြာသွားခဲ့ပြီးနောက် ရေဇွာမြို့တွင် ခရီးတစ်ထောက်နားပြီး နေ့လည်စာကို အားပါးတရစားပစ်ခဲ့သည်။ ရေဇွာ သည် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ပေးသည့် အဓိကလမ်းမကြီးပေါ်တွင် တည်ရှိသည်။
ဖေဖော်ဝါရီလဖြစ်သည်။ ရန်ကုန်ရှိ သမပိုင်းရာသီဥတုနှင့် အသားကျနေသည့် ခရီးသည်တစ်ဦးအဖို့ ရေဇွာ၌ ခိုက်ခိုက်တုန်အောင် ချမ်းနေခဲ့သည်။ အထူးသဖြင့် ညအချိန်မျိုးတွင် အအေးပိုလှသည်။ ရေဇွာသည် Frontier ၏နောက်ထပ်ခရီးစဉ်မတိုင်မီတွင် နောက်ဆုံးဝင်ရောက်သော မြို့သည်။
မတူပီခရိုင်ရှိ လိုင်လင်းပီမြို့သည် ပင်လယ်ရေမျက်နှာပြင်ထက် ၁၃၇၀ မီတာကျော်တွင်တည်ရှိသည်။ လိုင်လင်းပီသည် ရေဇွာ၏ အနောက်ဘက် ၆၅ ကီလိုမီတာအကွာ တွင်တည်ရှိသည်။ တောင်စဉ်တောင်တန်းများပေါ်ရှိ ကြမ်းတမ်းသော လမ်းများရှိနေသည့် မြို့နယ်လေးဖြစ်သည်။ အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်နှင့်ထိစပ်နေသော နယ်စပ်မှ အဖြောင့်တိုင်းသွားလျှင် ၁၂ ကီလိုမီတာသာကွာဝေးသည်။
ရေဇွာမှထွက်ပြီး မိနစ်အနည်းငယ်အကြာတွင် ဆိုင်ကယ်ဘီးပေါက်သောကြောင့် ဘီးကိုခပ်မြန်မြန်လဲခဲ့ရသည်။ ယင်းနောက်တွင် ပိုမိုကောင်းမွန်အောင် ပြုပြင်ထားသည့် လမ်းတစ်လျှောက် ခရီးနှင်ရပြန်သည်။ လမ်းဖောက်လုပ်ရာတွင် သုံးသည့် ယန္တရားကြီးများနှင့်အတူ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားအုပ်စုများနှင့်လည်း ကြုံခဲ့ရသည်။ တစ်ခါတရံတွင်လည်း ဆိုင်ကယ်ကို ဖြေးဖြေးမောင်းရသလို လမ်းဘေးချရပ်ပြီး ဆက်သွားနိုင်မည့် အချိန်အထိ စောင့်ဆိုင်းနေရတာမျိုးလည်းရှိတတ်သည်။ ယင်းကဲ့သို့ အသွားအလာနှောင့်နှေးရတာမျိုးသည် ချင်းပြည်နယ်သားများအတွက် နေ့စဉ်ဘဝလိုပင် ဖြစ်နေပါပြီ။
ချင်းပြည်နယ်တွင် နေထိုင်သူများသည် နိုင်ငံတစ်ဝန်းတွင် အခွင့်အရေးအရအနည်းဆုံးသူများထဲတွင် ပါဝင်နေသည်။ သူတို့ကို ဗဟိုအစိုးရကလည်း လျစ်လျူရှုထားခဲ့သည်။ တောင်တန်းထူထပ်ခြင်း၊ ခက်ခက်ခဲခဲသွားရသော လမ်းများရှိနေခြင်းကြောင့် ချင်းပြည်နယ်သည် နိုင်ငံတစ်ဝန်းလုံးနှင့် အဆက်အသွယ်ပြတ်နေခဲ့သည်။ ထို့ပြင် ယင်းကဲ့သို့အခြေအနေများကြောင့်လည်း ဖွံ့ဖြိုးရေးအကူအညီပေးရန် အခက်အခဲရှိနေခဲ့သည်။
သို့သော် အခြေအနေများ တဖြည်းဖြည်းပြောင်းလဲနေပြီဖြစ်သည်။ လမ်းများကို ပြန်လည်ပြုပြင်နေပြီဖြစ်သည်။ ချင်းပြည်နယ်တွင် လေဆိပ်မရှိသေးသော်လည်း ဖလမ်းမြို့အစိုးရသည် လေဆိပ်တစ်ခုကို တည်ဆောက်နေပြီဖြစ်သည်။
လိုင်လင်းပီတွင် လေယာဉ်ပြေးလမ်းငယ်တစ်ခုကိုတည်ဆောက်နေပြီဖြစ်သည်။ ဒေသခံအင်န်ဂျီအိုတစ်ခုဖြစ်သည့် Health & amp – Hope Myanmar(HHM) သည် အမေရိကန်အခြေစိုက် အင်န်ဂျီအိုတစ်ခုဖြစ်သည့် Mission Aviation Fellowship နှင့် လက်တွဲကာ ပြေးလမ်းနှင့် အခြားအဆောက်အအုံများကို ဒေါ်လာ ၂ ဒသမ ၂ သန်း အကုန်အကျခံပြီး တည်ဆောက်နေခြင်းဖြစ်သည်။ လိုင်လင်းပီရှိ လေဆိပ်သည် မြန်မာနိုင်ငံ၌ ပထမဆုံး ပုဂ္ဂလိကပိုင် လေဆိပ်ဖြစ်လာမည်ဖြစ်သည်။
လေယာဉ်ပြေးလမ်းတည်ဆောက်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် ဆွေးနွေးခဲ့ပြီး သုံးနှစ်အကြာတွင် ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ရလာခဲ့သည်။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဋ္ဌာနသည် လေယာဉ်ပြေးလမ်းတည်ဆောက်မည့်နေရာသို့သွားရောက်ပြီး အင်န်ဂျီအိုနှစ်ခုမှ အင်ဂျင်နီယာများနှင့်အတူ ပူးတွဲလေ့လာသုံးသပ်မှုများကိုပြုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် အစောပိုင်းတွင် စတင်ဆောက်လုပ်မှုများ အသက်ဝင်လာခဲ့သည်။ ပန္နက်ရိုက်အခမ်းအနားကို ၂၀၁၉ ခုနှစ် မေ ၄ ရက်တွင် ပြုလုပ်ခဲ့သည်။ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ၂၀၁၇ ခုနှစ် မေတွင် မိုရာမုန်တိုင်းတိုက်ခတ်ပြီးနောက် လိုင်လင်းပီသို့ ရောက်ရှိခဲ့ချိန်မှစ၍ လေယာဉ်ပြေးလမ်းတည်ဆောက်ရေးစီမံကိန်းကို ဝမ်းသာအားရထောက်ခံခဲ့သူဖြစ်သည်။
ဖလမ်းနှင့် လိုင်လင်းပီတို့ရှိ လေဆိပ်များကို မေ သို့မဟုတ် ဇွန်တွင် ဖွင့်လှစ်ပြီး လုပ်ငန်းစတင်လည်ပတ်နိုင်မည်ဟု စီစဉ်ထားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအစိုးရအရာရှိများ ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်မည်ဟု မျှော်မှန်းထားသည်။
ဗြိတိန်အခြေစိုက် Health&amp-Hope UK ၏အကူအညီဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Health & amp -Hope Myanmar သည် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးစီမံကိန်းများတွင် ပါဝင်ခဲ့သည်။ ဗြိတိန်ထီးနန်းကိုဆက်ခံရမည့် ဝေလမင်းသား သို့မဟုတ် ချားလ်စ်မင်းသားက အဓိကအားပေးကူညီခဲ့ခြင်းဖြစ်သည်။
မျှော်လင့်ချက်မရှိခဲ့သည့် နေရာတွင် မျှော်လင့်ချက်ရှိအောင် လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း HHM ဒုတိယအမှုဆောင်အရာရှိ ဒေါက်တာ ဆာကီက Frontier ကိုပြောဆိုခဲ့သည်။ “ဒီမြေမှာ မျှော်လင့်ချက်တွေ ရှိလာအောင် အစွမ်းကုန်လုပ်ပေးနေတာပါ” ဟု သူကပြောသည်။
လေဆိပ်သည် လိုင်လင်းပီအတွက်သာမက ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း ဆာကီက ပြောဆိုခဲ့သည်။ ယခုစီမံကိန်းကြောင့် မြန်မာနိုင်ငံရှိ အခြားဝေလံသီခေါင်သော ဒေသများတွင် နေထိုင်သူများသည် စိတ်ခွန်အားတက်လာမည်ဟု မျှော်လင့်ကြောင်း သူကပြောသည်။ ဆာကီသည် HHM ကိုတည်ထောင်သူ ဒေါက်တာ ဆာဆာ၏ ညီဖြစ်သည်။ ဒေါက်တာဆာဆာသည် လိုင်လင်းပီနယ်မှ ပထမဆုံးဆရာဝန်ဖြစ်သည်။
လိုင်လင်းပီတွင် မာရာချင်းလူမျိုးများနေထိုင်ကြသည်။ မာရာချင်းလူမျိုးများသည် ပြည်နယ်တွင်း လူဦးရေအများဆုံး တိုင်းရင်းသားမျိုးနွယ်စုဖြစ်ပြီး သူတို့သည် မတူပီ၊ ပလက်ဝ၊ ထန်တလန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ မာရာမျိုးနွယ်ခွဲတစ်ခုသည်လည်း မီဇိုးရမ်းတွင် နေထိုင်ကြသေးသည်။
ဆာဆာကို ၁၉၈၀ ပြည့်နှစ်ကျော်ကာလများတွင် မွေးဖွားခဲ့သည်။ ယင်းအချိန်က လိုင်လင်းပီနယ်တစ်ဝိုက်ရှိ ကျေးရွာသားများအတွက် ဘဝက ခက်ခဲကြမ်းတမ်းခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံများမရှိခဲ့။ ပညာရေးအခွင့်အလမ်းကလည်း မရှိသလောက်ပင်။ အစားအစာပြတ်လပ်မှုကလည်း တစ်ချိန်လုံးရှိနေခဲ့သည်။
ကလေးငယ်ဘဝတွင် သူငယ်ချင်းများ ဝမ်းပျက်ဝမ်းလျှောခြင်းကဲ့သို့ ကြိုတင်ကာကွယ်နိုင်သည့် ရောဂါများဖြင့်သေဆုံးခြင်း၊ အမျိုးသမီးများ ကလေးမွေးဖွားရင်း သေဆုံးခြင်းကဲ့သို့ အဖြစ်အပျက်များကိုကြုံခဲ့ရပြီးနောက် ဆာဆာသည် ဆရာဝန်ဖြစ်ချင်ခဲ့သည်။ ဆာဆာ၏ တက္ကသိုလ်ဝင်တန်းရမှတ်သည် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်တက်ရောက်နိုင်လောက်အောင် ကောင်းမွန်ခြင်းမရှိခဲ့ချေ။ ဆာဆာသည် အခြေအနေကို သူ၏ဖခင်ဖြစ်သူ ရပ်ရွာခေါင်းဆောင် ပေါ အေဘီနှင့် ဆွေးနွေးခဲ့သည်။ ဖခင်ဖြစ်သူကလည်း ယင်းကိစ္စကို ကျေးရွာသားများနှင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ယင်းနောက်တွင် ရပ်ရွာက ဆာဆာ ဆရာဝန်ဖြစ်ရေးအတွက် အိန္ဒိယသို့ စေလွှတ်ပညာသင်ယူစေရန် ဆုံးဖြတ်ခဲ့သည်။
ဆာဆာ့ပညာရေးအတွက် ငွေရရှိရန် ကျေးရွာသားများသည် ကြက်၊ ဘဲ၊ ဆိတ်နှင့်နွားများကို လှူဒါန်းခဲ့သည်။ ကြက်ဥလှူသည့် ကျေးရွာသားများတချို့ပင်ရှိခဲ့ကြောင်း ဆာကီကပြန်ပြောပြသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဲဂါလာယာပြည်နယ်ရှိ ရှီလွန်ကောလိပ်၌ ပညာသင်ယူပြီးနောက် ဆာဆာသည် အာမေးနီးယားရှိ တက္ကသိုလ်တစ်ခု၌ ဆေးပညာသင်ယူခွင့်ရခဲ့သည်။ ဆာဆာသည် နှစ်အနည်းငယ်လောက် ကျေးရွာသားများ၏ငွေကြေးထောက်ပံံ့မှုကိုလက်ခံပြီးနောက်တွင် တက္ကသိုလ်က ၎င်းကို ပညာသင်ဆုချီးမြှင့်ခဲ့သည်။
ဆရာဝန်ဖြစ်ရေး ရည်မှန်းချက်ပြည့်မြောက်ရေးအတွက် အကူအညီပေးခဲ့သည့် ကျေးရွာကို အမြဲလိုလိုကျေးဇူးတင်နေမိသည့် ဆာဆာသည် ထူးချွန်သော အထက်တန်းကျောင်းသားများကို ရှီလွန်ကောလိပ်သို့ ဆက်လက်ပို့ဆောင်ခဲ့သည်။
ဆေးပညာသင်ယူမှုမပြီးဆုံးမီ တစ်နှစ်အလို ၂၀၀၇ ခုနှစ်တွင် ဆာဆာသည် အငတ်ဘေးတစ်ခုနှင့်ကြုံခဲ့ရသည်။ ယင်းအငတ်ဘေးနှင့်ကြုံခဲ့ရခြင်းကြောင့်သာ နှစ်နှစ်အကြာတွင် HHM ကို ဖွဲ့စည်းတည်ထောင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဖြစ်တောင့်ဖြစ်ခဲ သဘာဝဖြစ်ရပ်တစ်ခုကြောင့် အငတ်ဘေးဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းအဖြစ်အပျက်မှာ Melocanna baccifera ဟုသိကြသည့် ဝါးမျိုးစိတ်တစ်စိတ် နှစ် ၄၀ သို့မဟုတ် ၅၀ လျှင်သာတစ်ကြိမ် ပန်းပွင့်လာခြင်းဖြစ်သည်။ ဝါးပွင့်များမှ ထုတ်ပေးသည့် အစေ့ကြောင့် ကြွက်များရောက်လာကာ အကျိုးဆက်အဖြစ် ကြွက်သောင်းကျန်းခြင်းဖြစ်သည်။ ပန်းပွင့်မှုရပ်သွားသည့်အခါတွင် ကြွက်များသည် ကျေးရွာသားများစိုက်ပျိုးထားသည် သီးပင်စားပင်အကုန်လုံးကို ဝါးမျိုပစ်ခဲ့ကြသည်။ ချင်းပြည်နယ်၌ ၂၀၀၇ ခုနှစ်တွင် အငတ်ဘေးကြုံခဲ့ကာ ယင်းအငတ်ဘေးကြောင့် လူထောင်သောင်းပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။

Dr Sakie stands in front of the under-construction airstrip at Lailenpi. (Kyaw Lin Htoon | Frontier)

Dr Sakie stands in front of the under-construction airstrip at Lailenpi. (Kyaw Lin Htoon | Frontier)

ဆေးပညာသင်ယူနေဆဲကျောင်းသားဖြစ်သော်လည်း ဆာဆာသည် နယ်စပ်မှ နှစ်ကီလိုမီတာသာဝေးကွာသည် အိန္ဒိယမြို့ ချာပီတွင် ယာယီဆေးခန်းဖွင့်လှစ်ကာ အကျပ်အတည်းကို တုံ့ပြန်ခဲ့သည်။
ချာပီနှင့် ရေဇွာ တို့သည် လိုင်လင်းပီမှ အကွာအဝေးတူညီသော်လည်း ယင်းအချိန်က ရေဇွာ သို့ လမ်းမပေါက်သေးသောကြောင့် လိုင်လင်းပီဒေသခံများအတွက် ချာပီသို့သွားရောက်ရန် ပိုမိုလွယ်ကူခဲ့သည်။ ဆာဆာ၏ဆေးခန်းသည် တစ်လလျှင် လူနာ ၃၅၀၀ ကျော်ကို ကုသပေးနိုင်ခဲ့သည်။
ထိထိရောက်ရောက်လှုပ်ရှားဆောင်ရွက်ခြင်းနှင့် H&amp-H UK က အကူအညီပေးခြင်းတို့ကြောင့် နယ်စပ်ဖြတ်ကျော် အစားအစာပို့ဆောင်ရန် ငွေကြေးစုမိလာခဲ့ကာ လေးလတာကာလအတွင်း ချင်းပြည်နယ်ရှိ လူ ၁၂၀,၀၀၀ ကျော်တို့အတွက် အစားအစာများကို နယ်စပ်ဖြတ်ကျော်ပေးပို့နိုင်ခဲ့သည်။
ဆာဆာ၏ညီ ဆာကီသည်လည်း အထက်တန်းကျောင်းပြီးနောက် အဆင့်မြင့်ပညာဆက်လက်သင်ယူလိုခဲ့သည်။ လိုင်လင်းပီတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်မဖြစ်နိုင်သောကြောင့် သူနှင့် သူငယ်ချင်းတချို့သည် ကျူရှင်တက်ရန် မတူပီသို့သွားရောက်ခဲ့ရသည်။ လိုင်လင်းပီမှ မတူပီသို့ တောကြီးတောင်ကြီးကိုဖြတ်ပြီး သုံးရက်ခန့် ခြေကျင်သွားရခြင်းဖြစ်သည်။
စာမေးပွဲပြီးနောက်တွင် ဆာကီသည်လည်း ဆာဆာကဲ့သို့ အခြေအနေမျိုးနှင့်ကြုံလာရသည်။ မြန်မာနိုင်ငံတွင် ဆေးပညာသို့မဟုတ် အင်ဂျင်နီယာပညာသင်ယူရန်အတွက် လိုအပ်သော အောင်မှတ်မရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ဖခင်ဖြစ်သူသည် ဆာကီ ရှီလွန်ကောလိပ်တွင် ပညာသင်ယူနိုင်ရန်အတွက် ငွေကြေးစုဆောင်းပေးနိုင်ခဲ့ပြီး သူသည်လည်း နောက်ပိုင်းတွင် တရုတ်ရှိ တက္ကသိုလ်တစ်ခုမှ ဆေးပညာဘွဲ့တစ်ခုရရှိခဲ့သည်။
“ကျွန်တော်တို့အဖေက ဘုရားသခင်ကပေးတဲ့ ကောင်းချီးမင်္ဂလာပဲ၊ သူဟာ မာရာချင်းတွေနေတဲ့ လိုင်လင်းပီအတွက်သာမဟုတ်ဘဲ ချင်းပြည်နယ်တစ်ပြည်လုံးအတွက် ကောင်းချီးမင်္ဂလာပဲ၊သူက မိသားစုအတွက်သာမကဘဲ ရပ်ရွာတစ်ခုလုံးအတွက် အလုပ်ကြိုးစားခဲ့တာ၊သူက ပထမတန်းလောက်ပဲ ကျောင်းတက်ခဲ့ရတာ၊ ဒါပေမဲ့ ပညာတတ်တွေရှိလာအောင် မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်” ဟု ဆာကီကပြောဆိုခဲ့သည်။
Frontier က ဖေဖော်ဝါရီတွင် သွားရောက်သည့်အခါ လိုင်လင်းပီရှိ ရိုးရာခေါင်းဆောင်ဟောင်းများမှ ဆင်းသက်လာသည့် အသက် ၇၃ နှစ်အရွယ် အေဘီတစ်ယောက် သစ်သားနှစ်ထပ်အိမ်၏ကြမ်းပြင်တွင် မှိန်းနေချိန်နှင့် ကြုံခဲ့သည်။ ရန်ကုန်မှလာသည့် Frontier သတင်းထောက်ရောက်နေကြောင်း ပြောပြသည့်အခါ သူက “မင်းက လိုင်လင်းပီကို ရောက်လာတဲ့ ရှားရှားပါးပါးသတင်းသမားပဲ” ဟု ပြောဆိုခဲ့သည်။ ယင်းနောက်တွင် မီဇိုးရမ်းမှ ဝယ်လာသည့် အမျိုးအမယ်များဖြင့် ဖျော်စပ်ထားသည့် လက်ဖက်ရည်တစ်ခွက်ကိုဖျော်ခဲ့သည်။
“အဲ့ဒါ အိန္ဒိယလက်ဖက်ရည်” ဟု သူကပြောသည်။
အေဘီသည် မွေးမြူရေးနှင့် စိုက်ပျိုးရေးုလုပ်ပြီး အသက်မွေးသူဖြစ်သည်။ သူ့စိုက်ပျိုးသည်မှာ စပါးနှင့် အခြားရာသီအလိုက် ဟင်းသီးဟင်းရွက်များဖြစ်ကြသည်။ သို့သော် တစ်ခါတရံတွင် စီးပွားရေးလည်း လုပ်လိုက်သေးသည်။ ဘင်္ဂလားဒေရှ့်မှ ဘေထုတ်အဝတ်အထည်များကို ဝယ်ပြီး ချင်းပြည်နယ်နှင့်ကပ်နေသည့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် သွားရောင်းခဲ့ဖူးသည်။ ပလက်ဝတွင်လည်း အလားတူအထည်များရောင်းခဲ့သေးသည်။ ရောင်းမကုန်သော အထည်များကို လိုင်လင်းပီရှိ လိုအပ်သူများကိုလည်း ဝေငှခဲ့သေးသည်။
အေဘီကို လိုင်လင်းပီဒေသခံများက အင်မတန်လေးစားရိုသေကြသည်။ လိုင်လင်းပီသည် ပြင်ပနှင့် မည်မျှအဆက်အသွယ်ပြတ်တောက်ခဲ့သည်ကိုပြောရလျှင် ၂၀၁၂ ခုနှစ်မှသာ ဆိုင်ကယ်လမ်းပေါက်သည်အထိဖြစ်ခဲ့သည်။ လိုင်လင်းပီ တိုးတက်လာရေးတွင်လည်း အေဘီက အရေးပါသည့် ကဏ္ဍမှပါဝင်ခဲ့သည်။
အေဘီ၏ခေါင်းဆောင်မှုအောက်တွင် ကျေးရွာသားများသည် လိုင်လင်းပီနှင့် ရေဇွာ၊ ချာပီတို့ကို ဆက်သွယ်ပေးသည့် အကျယ် ၁၀ ပေ( သုံးမီတာ) ရှိ လမ်းများကိုဖောက်လုပ်ခဲ့ကြသည်။ စက်ယန္တရားကြီးများအကူအညီမပါသောကြောင့် ကျေးရွာသားများသည် ၂၀၀၆ ခုနှစ်မှ တစ်နှစ်လျှင် သုံးလနှုန်းဖြင့် ပင်ပင်ပန်းပန်းဖောက်လုပ်ခဲ့ရကာ ၂၀၁၂ ခုနှစ်တွင်မှ အပြီးသတ်နိုင်ခဲ့သည်။
အခြားလမ်းသစ်တစ်ခုက လိုင်လင်းပီကို ကဝန်၊ ပလက်ဝတို့နှင့်ဆက်သွယ်ပေးထားသည်။
၂၀၁၆ ခုနှစ်တွင် အေဘီနှင့် မိတ်ဆွေများသည် လမ်းများတွင် ယာဉ်သွားလာနိုင်ရေး လမ်းချဲ့ပြီး အဆင့်မြှင့်တင်ရန်အတွက် ပြည်နယ်အစိုးရထံမှ တင်ဒါအောင်ခဲ့သည်။ “ကိုယ့်မြေအတွက် အားထုတ်ကြိုးပမ်းတဲ့ အမွေကို သားတွေက ဆက်ခံလို့ အင်မတန်ကိုဝမ်းသာပါတယ်၊ သူတို့လုပ်နေတာကို တတ်နိုင်သလောက် အားပေးထောက်ခံနေတာပါပဲ” ဟု သူကပြောသည်။
သို့သော် လမ်းသစ်များဖောက်ထားသော်လည်း မြို့သည် တစ်နှစ်လျှင် လပေါင်းများစွာ ပြင်ပနှင့် အဆက်အသွယ်ပြတ်နေဆဲဖြစ်သည်။ ချင်းပြည်တစ်ပြည်လုံးကဲ့သို့ပင် လိုင်လင်းပီ၌ မိုးရာသီတွင် မြေသားလမ်းများပျက်စီးပြီး ဖြတ်သန်းသွားလာရန်ပင်မဖြစ်နိုင်သည့် မြေပြင်ဖြစ်လာက မြေပြိုနိုင်သည့် အန္တရာယ်ကြီးမားလာခဲ့သည်။ ယင်းကဲ့သို့ အခြေအနေများရှိလာပါက ရှိပြီးသား ဆေးကုသရေးအရင်းအမြစ်များလည်း လျော့နည်းသွားပြီး အကျိုးဆက်မှာ လူအသေအပျောက်များလာခြင်းဖြစ်သည်။
မာရာဧဝံဂလိဘုရားကျောင်းမှ သင်းအုပ်ဆရာဟောင်း အသက် ၇၂ နှစ်အရွယ် ပေါဟိုင်တန်သည် လိုင်လင်းပီနှင့် ချင်းပြည်နယ်ရှိ အခြားမြို့နယ်များနည်းတူ ကာကွယ်လို့ရသည့် ရောဂါဖြင့် ချစ်သူခင်သူများကို ဆုံးရှုံးခဲ့ရသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ဟိုင်တန်၏သားသမီးနှစ်ဦးနှင့် တူတစ်ဦးတို့ ဝမ်းကိုက်ပြီးသေဆုံးခဲ့သည်။ ဝမ်းကိုက်ခြင်းသည် ကူးစက်မှုနှုန်းမြန်ဆန်သော ရောဂါဖြစ်ပြီး ကုသမှုမပြုနိုင်ပါက လူသေဆုံးနိုင်သည်။
“သူတို့က ကိုးနှစ်နဲ့ ဆယ်နှစ်ပဲရှိဦးမယ်၊ စမ်းခ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.