အသွင်သစ်ဖောင်ကြီး သို့မဟုတ် ကိုဗစ် – ၁၉ ကို အမြော်အမြင်ရှိရှိ တုံ့ပြန်မှု

နိုင်ငံအနှံ့ရှိဆေးရုံများ၌ အဆင့်မြှင့်တင် မွမ်းမံမှုများပြုလုပ်နေချိန်တွင် ကိုဗစ် – ၁၉ လူနာများကို ကုသပေးရန်အတွက် အထူးကြပ်မတ်ကုသဆောင်များ လိုအပ်နေသော ရန်ကုန်တိုင်းအစိုးရသည် မြို့အစွန်ရှိ “ဖောင်ကြီး” ဟု လူသိများသော ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ရှိ အဆောက်အအုံအချို့အား ကိုဗစ် – ၁၉ တိုက်ဖျက်ရန် သီးသန့်ဋ္ဌာနကြီးအဖြစ် အသွင်ပြောင်းလိုက်သည်။

ရဲမွန်၊ ဟိန်းသာ နှင့် သောမတ်စ်ကင်း(န်)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဘက်ရှိ ယခင်က လေ့ကျင့်သင်ကြားရေး၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စည်ကားနေခဲ့သော သင်ကြားရေးအဆောက်အဦများသည် လူနာ ၂၀၀၀ အထိ ကုသပေးနိုင်မည့် ကိုဗစ်-၁၉ ကုသရေးဌာန အဖြစ်သို့ အသွင်ပြောင်းလဲသွားပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် မတ်လအကုန်ပိုင်းကတည်းက လှည်းကူးမြို့နယ် ဖောင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကို ရန်ကုန်မှ ကိုဗစ် -၁၉ အတည်ပြုလူနာများ တိုးလာနေခြင်းကို ကုသမှုပေးရန် ကျန်းမာရေးဋ္ဌာနကြီးအဖြစ် ပြန်လည်ပြုပြင်တည်ဆောက်နေခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ မှု အာဏာပိုင်အဖွဲ့၊ ပုဂ္ဂလိကဆေးရုံ များအသင်း၊ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး) နှင့် တပ်မတော်ဆေးအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကိုဗစ် – ၁၉ ကုသရေးဋ္ဌာနဟု လူသိများလာပြီး ပထမအဆင့်ကို ဧပြီ ၂၁ တွင် ဖွင့်လှစ်ခဲ့ပြီးနောက်ရက်တွင် လူနာများကို လက်ခံမကုသခင် Frontier သည် အခြားမီဒီယာများနှင့်အတူ သွားရောက်လေ့လာခဲ့ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည်။
ဖောင်ကြီးရှိ သရဖီ၊ ခတ္တာ၊ ခွာညို၊ သဇင် နှင့် ယုဇန အဆောင် များတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကိုထားရှိမည်ဖြစ်သည်။

လက်ရှိအချိန်တွင် လူနာ ၆၀၀ ကျော်အထိကုသနိုင်ရန်အသင့်ဖြစ်နေပြီး အထူးကြပ်မတ်ကုသဆောင် (ICU) တွင် လူနာ ၄၀ အထိ ကုသနိုင်မည်ဖြစ်သည်။

thuya-27.jpg

 title=

title=

ရန်ကုန်တိုင်းအစိုးရသည် ကိုဗစ် -၁၉ ကျန်းမာရေးဋ္ဌာနကို ပထမအဆင့် ကုတင် ၁၀၀၀ ၊ နောက်ပိုင်း ခုတင် ၂၀၀၀ အထိ တိုးချဲ့ရန် စီစဉ်ထားသည်။ တိုးချဲ့မည့် အချိန်ကာလနှင့် ဘယ်လိုအထောက်အပံ့ရမည်ဆိုသည့် အသေးစိတ်အချက်များကိုတော့ တာဝန်ရှိသူများက ပြောကြားခြင်း မရှိသေးပေ။

“ကိုဗစ် – ၁၉ ကျန်းမာရေးဋ္ဌာန က မကြာမီ အပြည့်အ၀ လည်ပတ်နိုင်တော့မှာ၊ ကျွန်တော်တို့ အဆောက်အဦး ၅ ခုကိုအဆင့်မြှင့်တင်ပြီးပြီ “ ဟု ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်ဝင်းဟန် ကပြောသည်။
ယခင်က ဗဟိုဝန်ထမ်းတက္ကသိုလ်သို့ လာရောက်သင်တန်းတက်သော အစိုးရဝန်ထမ်းများနေထိုင်ရာ အဆောင်များကို ကျန်းမာရေးဝန်ထမ်းများအတွက် နေရာချထားပေးမည်ဖြစ်သည်။

ပစ္စည်းကိရိယာအများစုသည် ပုဂ္ဂလိကဆေးရုံများမှ လှူဒါန်းခြင်းဖြစ်ပြီး အချို့တွင် ၎င်းတို့ဆေးရုံအမှတ်တံဆိပ်များပင် ကပ်ထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ရေးဋ္ဌာန (Medical Store) လည်းပါရှိပြီး ဆေးရုံထွက် စွန့်ပစ်ပစ္စည်းများကို မီးရှို့ရန် မီးရှို့စက်နှစ်လုံးလည်း ပါရှိပါသည်။

ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနမှ ၇၂ ဦး၊ တပ်မတော်ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄၀ဦး နှင့် ပင်လုံဆေးရုံအုပ်စုမှ ဆေးရုံနှစ်ခုဖြစ်သော SSC နှင့် ပင်လုံ (Pinlon) ပုဂ္ဂလိကဆေးရုံ တို့မှ စေတနာ့ဝန်ထမ်း ၆၈ ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၈၂ ဦးကို တာဝန်ပေးအပ်ထားသည်။

ရန်ကုန်သည် လူနာများဆုံးတွေ့ရှိရာနေရာဖြစ်လာပြီး ဤကျန်းမာရေးဋ္ဌာနသည် လာမည့်လများတွင် ကိုဗစ် – ၁၉ လူနာများ တိုးလာနိုင်ခြင်းကို ကြိုတင်မျှော်မှန်း၍ စီစဉ်ဆောက်ရွက်ထားခြင်းဖြစ်သည်။
ဆေးရုံသီးသန့်လူနာဆောင်များမှ ကိုဗစ် – ၁၉ အတည်ပြုလူနာများကို ရန်ကုန်မြို့လယ်မှ မိုင် (၅၀) အကွာရှိဖောင်ကြီးသို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ မှု အာဏာပိုင်အဖွဲ့ကပို့ဆောင်ပေးမည်ဟု တာဝန်ရှိသူများကပြောသည်။

thuya-31.jpg

 title=

title=

အခန်းနေရာလပ်များ မရှိတော့ခြင်း

ရန်ကုန်ရှိ ကိုဗစ် -၁၉ ကုသရေးဋ္ဌာနများတွင် နေရာလပ်မရှိတော့သည့်အတွက် ဤကိုဗစ် – ၁၉ ကျန်းမာရေးဋ္ဌာနကို အရေးပေါ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၃၁ ရက်နေ့က Frontier က ဖော်ပြခဲ့သလိုပင် ဖောင်ကြီးတွင် ပြင်ဆင်မွမ်းမံမှုများ စတင်လုပ်ဆောင်နေခဲ့ပြီး ရန်ကုန်ရှိဆေးရုံများနှင့် အခြားနေရာများတွင် လူနာများပြည့်လာနေကာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အတန်အသင့် ဖြစ်ပွားခဲ့လျှင်တောင်မှ သီးသန့်လူနာဆောင်များတွင် အထူးကြပ်မတ်ကုသရန် ကုတင်နေရာများနှင့် အသက်ရှူစက်များ လုံလုံလောက်လောက်မရှိပေ။

ထိုအချိန်က မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ အတည်ပြုလူနာ ၁၄ ဦးသာရှိသေးသည်။ ဤကိန်းဂဏန်းမှသည် ဧပြီ ၂၅ အရောက်တွင် ဆုံးပါးသွားသူ ၅ ဦး နှင့် ပြန်လည်ကျန်းမာလာသူ ၉ ဦးအပါအဝင် ပိုးတွေ့လူနာ ၁၄၄ ဦး ထိမြင့်တက်လာခဲ့ပြီး ရန်ကုန်ရှိဆေးရုံများသည် မြန်မာနိုင်ငံ၏ ကိုဗစ် -၁၉ ပိုးတွေ့လူနာများကို အများဆုံးကုသပေးနေရသည်။

ဧပြီ ၂၃ ရက်နေ့အထိ ရန်ကုန်ရှိဆေးရုံကြီးနှစ်ခုတွင် ကုသမှုခံယူနေသော လူနာ ၉၃ ဦးရှိပြီး မြောက်ဥက္ကလာရှိ ဝေဘာဂီကူးစက်ဆေးရုံတွင် ၆၈ ဦး၊ တောင်ဥက္ကလာဆေးရုံတွင် ၂၅ ဦးရှိသည်။
ဝန်ကြီးဋ္ဌာန၏ ပြောကြားချက်အရ ဆေးရုံနှစ်ခုလုံးတွင် ကိုဗစ် – ၁၉ လူနာ ၈၀ ဦးစီ ထားနိုင်သည်။

thuya-33.jpg

 title=

title=

ရန်ကုန်မှ ဓာတ်ခွဲစစ်ဆေးသော သံသယလူနာအရေအတွက်မှာ အခြားပြည်နယ်နှင့်တိုင်းများထက် အတော်လေးများနေပြီး ဧပြီ ၂၀ ရက်နေ့အထိ ၉၉၇ ဦးရှိပြီး နောက်ထပ်အများဆုံးဖြစ်သော မန္တလေးတိုင်းဒေသကြီးထက် ၄ ဆနီးပါးပိုသည်။ ထို့ပြင် အသွားအလာ ကန့်သတ်စောင့်ကြည့်ဦးရေ တွင်လည်း ၁၃၄၆ ဦးရှိသည်။

ကုသရန်နေရာများပိုမိုလိုအပ်လာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် မြေဧက ၄၀၀၀ နီးပါးရှိ ဖောင်ကြီးရှိ အဆောက်အဦနေရာများကို ရွေးချယ်ခဲ့ပြီး မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
တိုင်းအစိုးရသည် ဖောင်ကြီး၏ တည်နေရာ၊ အကျယ်အဝန်းအနေ အထားအရ ကိုဗစ်-၁၉ အသွားအလာ ကန့်သတ်စောင့်ကြည့် ရေး စင်တာလုပ်ရန် မူလက ရည်ရွယ်ခဲ့သေးသည်။

သို့သော် ကိုဗစ်-၁၉ ရောဂါကို အထွေထွေရောဂါကုဆေးရုံများတွင် အခြားလူနာများနှင့် ရောကုခြင်းမှ ရှောင်ရှားနိုင်ရန် ရည်ရွယ်ပြီး ကိုဗစ်-၁၉ ကုသရေးဌာနကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော် က “ဒီမှာ ကိုဗစ် -၁၉ ကိုကုသတာ ပိုကောင်းပါတယ်” ဟုဆိုသည်။
ကျန်းမာရေးဝန်ထမ်းများကလည်း ကိုဗစ် – ၁၉ ကုသရေးအတွက်သာ အာရုံစိုက်နိုင်ပြီး လူနာများအတွက်လည်း ကုသရေးဆိုင်ရာပစ္စည်းများက အခြားဆေးရုံများထက် ပိုကောင်းမွန်ကြောင်း သူကဆိုသည်။
“ကျွန်တော်တို့ တခြားနိုင်ငံတွေမှာ တွေ့ရတဲ့ အတွေ့အကြုံတွေအရ သီးခြား ခွဲထားပြီးကုသတာ အကောင်းဆုံးဘဲဆိုတာကို တွေ့ရတယ်။” ဟု သူကပြောသည်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က “ကမ္ဘာအနှံ့မှာ အများပြည်သူဆိုင်ရာ အဆောက်အဦတွေကို ကျန်းမာရေး ကုသမှုဋ္ဌာနတွေအဖြစ် ပြောင်းလဲပြီး ကုသနေတာ အောင်မြင်မှုရကြတယ်” ဟုဆိုသည်။
“ဖောင်ကြီးက သက်တောင့်သက်သာရှိပြီး လူထူထပ်မှုလဲနဲတဲ့နေရာဖြစ်တယ်၊ တခြားဆေးရုံတွေလို အခြေအနေ မဟုတ်ဘူး” ဟု သူကဆက်ပြောသည်။

thuya-39.jpg

 title=

title=

အထူးကြပ်မတ်ကုသဆောင်များ အမြန်တိုးချဲ့ခြင်း

သို့သော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနမှ လုပ်ကိုင်ဆောင်ရွက်နေသော ကုသရေးဋ္ဌာနမှာ ဖောင်ကြီးတစ်ခုတည်းတော့ မဟုတ်ပေ။
ဝန်ကြီးဋ္ဌာနသည် ရှေ့လာမည့် သီတင်းပတ်များနှင့်လများတွင် ကိုဗစ် -၁၉ လူနာများ တိုးလာနိုင်မှုကို ကြိုတင်ပြင်ဆင်သည့်အနေနှင့် ပြည်နယ်နှင့် တိုင်းအဆင့် ဆေးရုံများတွင် လူနာထားရှိနိုင်သည့်ပမာဏကို တိုးချဲ့ရန်နှင့် အဆင့်မြှင့်တင်နိုင်ရန် လုပ်ဆောင်လျက်ရှိသည် ဟု တာဝန်ရှိသူများက ဆိုသည်။

ကမ္ဘာ့ဘဏ်အဆိုအရ မြန်မာနိုင်ငံ၏ ကိုဗစ် – ၁၉ ကျန်းမာရေးကဏ္ဍ အရေးပေါ် စီမံကိန်းအဖြစ် ဤဆေးရုံများသည် ကိုဗစ် – ၁၉ လူနာများအတွက် အရေးပေါ် ကုသစောင့်ရှောက်မှုများပေးရန် တာဝန်ယူလုပ်ဆောင်ကြမည်ဖြစ်သည်။
ဒီဇင်ဘာ ၂၀၂၁ အထိ ကိုဗစ် – ၁၉ တိုက်ဖျက်ရေး ကဏ္ဍအသီးသီးနှင့် အကျုံးဝင်သော ဤစီမံကိန်းသည် လူသိရှင်ကြား ထုတ်ပြန်ခြင်းတော့ မတွေ့ရပေ။

ဝန်ကြီးဋ္ဌာနအနေနှင့် ကိုဗစ် – ၁၉ လူနာများကို လက်ခံကုသပေးနိုင်ရန် ဆေးရုံတိုင်းတွင် ကုတင် ၂၀၀ နှင့် အထက် အဆင့်မြှင့်နိုင်ရန် အလျင်အမြန် ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဧပြီ ၂၁ တွင် ဒေါက်တာသာထွန်းကျော်က ဆိုသည်။

မကွေး၊ မန္တလေး၊ ကလေးမြို့၊ မော်လမြိုင်မြို့၊ တီးတိန်မြို့၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ တောင်ကြီး အပါအဝင် မြို့နယ်အချို့ရှိ ဆေးရုံများတွင် အဆင့်မြှင့်ပြီးဖြစ်သည်ဟု သူက ပြောသည်။
ဘယ်လောက် အဆင့်မြှင့်ခဲ့သည်၊ မည်သည့် အထောက်အပံ့ပစ္စည်းတွေ တိုးမြှင့်ခဲ့သည်၊ အဆင့်မြှင့်တင်ခြင်းများတွင် ဘယ်လို ရန်ပုံငွေရခဲ့သည် ဆိုသည်ကို မပြောဆိုခဲ့ဘဲ အသေးစိတ် မသိရှိခဲ့ရပေ။

အနည်းဆုံးတော့ ဆေးရုံများအဆင့်မြှင့်တင်ခြင်းအတွက် ရန်ပုံငွေများကို ကမ္ဘာ့ဘဏ်ချေးငွေမှ ရရှိလိမ့်မည်ဖြစ်သည်။

ဧပြီ ၂၀ တွင် ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ ကိုဗစ် -၁၉ အရေးပေါ်တုံ့ပြန်ရေးအတွက် ဆိုင်းငံ့ချေးငွေအဖြစ် ကန်ဒေါ်လာ သန်း ၅၀ ချေးရန် အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းငွေကြေးများ အားလုံးနီးပါးသည် အထူးကြပ်မတ်ကုသဆောင်သစ်များကို တိုးချဲ့ခြင်းနှင့် မူလရှိပြီးသားများကို ပြုပြင်မွမ်းမံခြင်းများတွင် သုံးစွဲလိမ့်မည်ဖြစ်သည်။

thuya-18.jpg

 title=

title=

ကမ္ဘာ့ဘဏ်မှ ဖော်ပြထားသော ချေးငွေအတွက် စီမံကိန်းအချက်အလက်တင်ပြချက်တွင် မတ်လ ၂၀ ရက်နေ့ထိ မြန်မာနိုင်ငံတွင် အထူးကြပ်မတ်ကုသဆောင် ကုတင်နေရာ ၃၈၃ ခုသာ ရှိပြီး (၎င်းသည် လူတစ်သိန်း တွင် ကုတင်တစ်နေရာနီးပါး) နှင့် အသက်ရှူစက် စုစုပေါင်း ၂၄၉ ခုသာ ရှိသည်ဟု ပါရှိသည်။
ပြင်းထန်သော ကိုဗစ် – ၁၉ ရောဂါလက္ခဏာရှိသူများကို ကုသပေးရန် လိုအပ်သော အသက်ရှူစက်ကိရိယာမှာ သည့်နောက်ပိုင်းမှ တိုးလာသည်။
ဧပြီ ၂၂ တွင် တရုတ်မှ အသက်ရှူစက် အခု ၂၀ လှူဒါန်းခဲ့ပြီး နောက်ထပ် ၁၅ လုံး မကြာမီ ထပ်မံလှူဒါန်းမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကဆိုသည်။
ဗဟိုအဆင့် ဆေးရုံ ၈ ခုတွင် ကုတင် ၈၀ နှင့် ပြည်နယ်နှင့်တိုင်းအဆင့် ဆေးရုံ ၄၃ ခုတွင် ကုတင် ၂၅၈ နေရာ ထပ်မံတိုးမြှင့်ပြီး ကမ္ဘာ့ဘဏ်ချေးငွေများကို အထူးကြတ်မတ်ကုသဆောင် (ICU) အရေအတွက် နှစ်ဆနီးပါးတိုးမြှင့်ရာ၌ အသုံးပြုမည်ဖြစ်သည်။
ဗဟိုနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဆေးရုံများရှိ နဂိုရှိပြီးသား ICU ကုတင်ဆောင်များကို ပြန်လည်ပြုပြင်မွမ်းမံမည်ဖြစ်ပြီး ပစ္စည်းကိရိယာ ပြည့်စုံစွာ တပ်ဆင်မည် ဟု စီမံကိန်းအချက်အလက် တင်ပြချက်တွင် ဖော်ပြထားသည်။
မြန်မာပြည်တွင် ကိုဗစ် – ၁၉ ရောဂါသည် အလျင်အမြန် ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေအရ အရည်အသွေးစံနှုန်းများကို ထိန်းသိမ်းလျက် မြန်နိုင်သမျှမြန်မြန် အထူးကြပ်မတ်စောင့်ရှောက်မှုဋ္ဌာနများကို တည်ဆောက်ရန်နှင့် ပြုပြင်မွမ်းမံရန် အရေးတကြီးလိုအပ်ချက်ဖြစ်သည်ဟု တင်ပြချက်တွင်ပါရှိသည်။
ချေးငွေထဲမှ ဒေါ်လာ ၄၈ ဒသမ ၅ သန်းကို အထူးကြပ်မတ်စောင့်ရှောက်မှုဋ္ဌာနများကို အဆင့်မြှင့်တင်ရာတွင် သုံးမည်ဖြစ်ပြီး ကျန်ပမာဏကို ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများအတွက် နေစရာအဆောက်အဦများနှင့် ပြည်သူလူထုနှင့် ပတ်သက်သော လုပ်ငန်းစဉ်များတွင် သုံးစွဲမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်မှ ပြောဆိုခွင့်ရှိသူက ပြောသည်မှာ ဖောင်ကြီးက စီမံကိန်းအရ အကျုံးဝင်သော ကျန်းမာရေးဋ္ဌာနစာရင်းမှာ လောလောဆယ်မပါသေးသော်လည်း နောက်ပိုင်းတွင် ပါဝင်လာနိုင်ကြောင်းပြောသည်။
“ဒါက လုံး၀ မသက်ဆိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဒီဟာက အရေးပေါ်ရန်ပုံငွေပဲ၊လိုအပ်ရင်လိုအပ်သလို ဦးစားပေးပြီး အမြန်ဆုံးနည်းနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရမှာပဲ “ ဟု ပြောဆိုပါသည်။

ဦးကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဧပြီ ၂၂ က ဖောင်ကြီးရှိ ကိုဗစ် -၁၉ ကုသရေးဋ္ဌာနအသစ် ဖွင့်လှစ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ကျန်းမာရေးဝန်ထမ်းများ။ ဓာတ်ပုံ-သူရဇော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.