ဗိုင်းရပ်စ် နှင့် စစ်ခင်းရမည့် တပ်မတော်

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှ စစ်သည် တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း မေလ ၄ ရက်က ကြေညာခဲ့ရာ အရပ်သား ၁၆၀ တွေ့ရှိပြီးနောက် တပ်မတော်သားတစ်ဦး၌ ပထမဆုံးအကြိမ်တွေ့ရှိခြင်းဖြစ်သည်။ (ရုရှားတွင် ပညာတော်သင်သွားရောက်နေသော တပ်မတော်အရာရှိ ၅ ဦး ၌ ဧပြီလနောက်ဆုံးပတ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီးဖြစ်သည်။) တပ်မတော်သည် ကိုဗစ်-၁၉ ကူးစက်မှုကိုထိန်းချုပ်ရန် အသွားအလာကန့်သတ်ခြင်း၊ သီးခြားစောင့်ကြပ်ခြင်းနှင့် ရောဂါပိုးစစ်ဆေးခြင်းတို့ကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ သည် တပ်မတော်ကို စတင်စိန်ခေါ်လိုက်ပြီဖြစ်သည်။

နန္ဒ

နှစ်စဉ် မတ်လ ၂၇ ရက်ရောက်တိုင်း စစ်သည်အင်အားနှင့် ခေတ်မှီစစ်လက်နက်ပစ္စည်းများ ပြသလေ့ရှိသည့် နေပြည်တော်ရှိ စစ်ရေးပြကွင်းကြီးအတွင်းသို့ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့တွင် စစ်ကားအချို့မောင်းဝင်လာသည်။
သို့သော် ယခင်ကကဲ့သို့ စစ်လက်နက်ပစ္စည်းများတင်ဆောင်လာခြင်းမဟုတ်ဘဲ ငှက်ကောင်ရေ ၇၅၀ ကို တင်ဆောင်လာခြင်းဖြစ်သည်။
စစ်ရေးပြကွင်း၏အထင်ကရဖြစ်သော မြန်မာဘုရင် အနော်ရထာ၊ဘုရင့်နောင်နှင့်အလောင်းဘုရား တို့၏ ရုပ်တုရှေ့တွင် လက်ရှိတပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ ခပ်ခွာခွာအနေအထားဖြင့် စုံလင်စွာရှိနေသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့်ဇနီးက စက်ခလုတ်နှိပ်ပြီး ငှက်ကောင်ရေ ၇၅၀ ကိုလွှတ်ပေးလိုက်သည်။

ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

(၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့၏ မြင်ကွင်းတစ်ခုဖြစ်ပြီးကမ္ဘာကြီး၏နောက်ဆုံးပေါ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို အထင်အရှားပြသလိုက်ခြင်းလည်းဖြစ်သည်။ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အသွားအလာကန့်သတ်ခြင်း အပါအဝင်အခြားသော ကန့်သတ်မှုများမှာ အရပ်သားများအတွက် မကြုံစဖူးဖြစ်သော်လည်း အမိန့်ပေးအဖွဲ့အစည်းဖြစ်သော တပ်မတော်အတွက် လိုက်နာရန်ရော ထိန်းချုပ်ရန်ပါအခက်အခဲမရှိခဲ့ပေ။
တပ်မတော်တွင် လူနေလိုင်းခန်းများ သီးသန့်တည်ရှိမှု၊ တပ်တွင်းစားနပ်ရိက္ခာဖူလုံမှု နှင့် စစ်ဆရာဝန်များသာမက ကိုဗစ်-၁၉ စစ်ဆေးသည့်စက်အထိပါ ရှိနေပြီး ရောဂါကာကွယ်ရေးကိုစနစ်တကျဆောင်ရွက်နေသော်လည်း ပြည်တွင်းတွင်တပ်မတော်သား တစ်ဦး စတင် ပိုးတွေ့ရှိခဲ့ပြီဖြစ်သည်။
တပ်မတော်၏ထုတ်ပြန်ချက်အရ ၎င်း၏ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး
နေပြည်တော်မှ စစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းထုတ်ပြန်ထားသည်။
ဧပြီ ၂၇ ရက်အထိ တပ်မတော်၏ ထုတ်ပြန်ချက်အရ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ တပ်မတော်သား ၅၄၉ ဦး နှင့် တပ်မတော်သားမိသားစုဝင်မှာ ၂၀၄ ဦးရှိသည်။ ပြည်ပမှပြန်လာသော တပ်မတော်သားများ၊ပိုးတွေ့ရှိသူများနှင့် လုပ်ငန်းခွင်တစ်ခုထဲတွင်ရှိသည့် တပ်မတော်သားမိသားစုဝင်များမှာ စောင့်ကြည့်ခံရသည့်စာရင်းထဲပါခဲ့သည်။
၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တပ်မတော်ကသတင်းထုတ်ပြန်သည်။

စစ်တန်းလျားက အသွားအလာကန့်သတ်မှု

တပ်နယ်မြေများသို့ အပြင်လူ ဝင်ခွင့်ကို ပိတ်ပင်ထားပြီး တပ်ထဲမှအပြင်ထွက်ခွင့်ကိုလည်း တင်းကြပ်ထားသည်မှာ သင်္ကြန်မတိုင်မီကထဲကဖြစ်သည်။
“လူ့အသက်ဆိုတာ အပို မပါလို့ အရာရာကိုလျှော့မတွက်ဘဲ သတိဖြင့်နေထိုင်ကြဖို့လိုတယ်။”ဟု ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သူ၏ ဗိုလ်ချုပ်ကြီးများအား နေပြည်တော်၌ ဧပြီ ၂၇ ရက်က ပြုလုပ်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအစည်းအဝေးတွင် မှာကြားခဲ့သည်။
ရောဂါပိုးကာကွယ်ရေးအတွက် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာသူများကလည်း တိတိကျကျ လိုက်နာရန်၊ တာဝန်ရှိသူများကလည်း တိတိကျကျ၊ မှန်မှန်ကန်ကန် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း သူကအလေးထားမှာကြားသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများကို မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန် အစိုးရက သင်္ကြန်ရုံးပိတ်ရက်ကစတင် ညွှန်ကြားလိုက်ချိန်တွင် တပ်မတော်တွင်လည်း အလားတူညွှန်ကြားချက်ရှိနေပြီဖြစ်သည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၃) သီဟတပ်ခွဲ သင်တန်းဆင်းပွဲ။ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၃) သီဟတပ်ခွဲ သင်တန်းဆင်းပွဲ။ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နိုင်ငံအနှံ့မြို့များရှိ စစ်တပ်ပိုင်မြေများမှာကျယ်ဝန်းလှပြီး လူနေရပ်ကွက်များနှင့်သီးခြားရှိနေခဲ့ကာ လုံခြုံရေး လည်းတင်းကြပ်သဖြင့် မလိုအပ်ဘဲအပြင်မထွက်ရအမိန့်အသက်ဝင်ရန်မှာ များစွာမခက်လှပေ။
အပြင်ထွက်လိုသူများမှာ သက်ဆိုင်ရာတပ်မှုး၏ခွင့်ပြုချက်ရမှသာထွက်ခွင့်ရမည်ဖြစ်ပြီး ညအိပ်ညနေထွက်ခွာခွင့်မပြုပေ။
အဝင်အထွက်ဂိတ်များတွင် ဗိုလ်မှုးအဆင့်ရှိသူတစ်ဦးက ဦးဆောင်ပြီး ကျန်းမာရေးစစ်ဆေးမှုများနှင့်အပြင်ထွက်ရန်အထောက်အထားပါမပါစစ်ဆေးလျက်ရှိသည်။
“ကျွန်တော်တို့က လုံးဝမထွက်ရဘူးမဟုတ်ပါဘူး။ လိုအပ်လို့ထွက်ဖို့ရှိရင် ဆင့်ကဲ သတင်းပို့၊စနစ်တကျသွားလာ။ဒါပါပဲ” ဟု ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်မှ ဗိုလ်မှုးကြီး သန်းထူးဇော်က Frontier သို့ ပြောသည်။
ကိုဗစ်-၁၉ တိုက်ဖျက်ရေး ပါဝင်ကူညီနေရသည့် တပ်မတော်သားများ၊တပ်တွင်းလိုအပ်သည်များ ထွက်ဝယ်ရသည့် အဝယ်တော်များနှင့် တပ်မှုး၏ခွင့်ပြုချက်ရရှိသူများသာ တပ်ပြင်သို့ ထွက်ခွင့်ရသည်။
တပ်တွင်းရှိ သက်သာချောင်ချိရေးအရောင်းဆိုင်မှ ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန် နှင့် အာလူးအစရှိသော အခြေခံစားကုန် ၁၄ မျိုးကို ရောင်းချပေးလျက်ရှိပြီး အခြေခံစားကုန်များကို သုံးလစာကြိုတင်စုဆောင်းထားရသည်မှာ တပ်မတော်၏ပုံမှန်လုပ်ငန်းတစ်ခုဖြစ်သည်။
ထို့အပြင် တပ်တွင်း၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများပါရှိရာ ရိက္ခာအတွက်ပူစရာမရှိပေ။
တပ်မတော်၏ပုံမှန်လုပ်ငန်းစဉ်များကြောင့် အစားအသောက်၊ social distancing နှင့် မလိုအပ်ဘဲအပြင်မထွက်ရ အမိန့်များလိုက်နာရန်မှာ အခက်အခဲမရှိကြောင်း ဟု ဗိုလ်မှုးကြီးကပြောသည်။
“ပြောရရင် ကျွန်တော်တို့က အရင်ကထဲက အသွားအလာကန့်သတ်ထားသလိုဖြစ်နေတာ”ဟုသူကပြောသည်။
တစ်ဦးချင်းတစ်ယောက်ချင်းဈေးဝယ်မထွက်စေဘဲ တပ်ရင်းတပ်ဖွဲ့ထဲရှိ လိုအပ်သည်များကိုစာရင်းကောက်ယူပြီး တပ်ကတာဝန်ယူ ထွက်ဝယ်ပေးသည့်စနစ်ကို ကျင့်သုံးနေသည်။
ရန်ကုန်မြို့ရှိ ရောဂါပိုးတွေ့ရှိသူ ၅ ဦးအထိရှိခဲ့သော ဗိုလ်တထောင် မြို့နယ် အခြေစိုက် သည့် ဧရာဝတီရေတပ်ဋ္ဌာနချုပ်သည် လုံခြုံရေးကိုအထူးတင်းကြပ်ထားသည်။
အဝင်အထွက်ဂိတ်ကိုတစ်ခုထဲသာထားရှိလိုက်ပြီး ဗိုလ်မှုးအဆင့်အရာရှိတစ်ဦးက အဝင်အထွက်ကိုကြီးကြပ်သည်။
တပ်မိသားစုဝင်များစားသောက်ရေးအဆင်ပြေစေရန်အတွက် သီရိမင်္ဂလာဈေးနှင့်ဗဟိုစံပြငါးဈေး ကဲ့သို့သော လက္ကားဈေးများမှ ဟင်းသီးဟင်းရွက်နှင့်အသားငါးများကို တပ်အစီအစဉ်ဖြင့်သွားရောက်ဝယ်ယူပြီး အမြတ်မယူဘဲပြန်ရောင်းပေးလျက်ရှိကြောင်း အဆိုပါဌာနချုပ်မှ အရာရှိတစ်ဦးကပြောသည်။
တပ်ထဲ၌ အိမ်အပြင်ထွက်လျှင် မျက်နှာဖုံးတပ်ရန်ညွှန်ကြားထားပြီး မတပ်ပါက စစ်သည်ဆိုလျှင်အရေးယူခံရမည်ဖြစ်ပြီး မိသားစုဝင်ဆိုလျှင်ဒဏ်ရိုက်ခံရမည်ဖြစ်သည်။
အပြင်မထွက်ရသော တပ်မတော်သားများအတွက် တပ်တွင်းရှိတားမြစ်ချက်အချို့ကို ဖြေလျော့ပေးသည်များလည်းရှိသည်။
တပ်ထဲတွင် ယခင်ကကန့်သတ်ထားသော အရက်နှင့်ဘီယာအား တပ်တွင်းဝယ်ယူသောက်သုံးခွင့်ရရှိခြင်းဖြစ်သည်။
“ထိုင်သောက်လို့တော့မရဘူး။ပါဆယ်ပဲ။”ဟု တပ်မတော်သားတစ်ဦးက Frontier သို့ပြောသည်။
ဘီယာဆိုပါက တစ်ဦးလျှင် နှစ်ဘူးကျရောင်းပေးပြီး အရက်ဆိုပါက တစ်ဦးလျှင် 0.5 လီတာ(နှစ်ဦးလျှင် တစ်လီတာနှုန်း)ရောင်းပေးကာ ပြင်ပနှင့်ဈေးမကွာလှကြောင်း Frontier က စုံစမ်းသိရှိရသည်။
တပ်တွင်းအသွားအလာကန့်သတ်မှုမှာ မေလ ၃ ရက်အထိအမိန့်ထုတ်ထားသော်လည်း အမိန့်ကို မေလ ၁၅ ရက်အထိ သက်တမ်းတိုးခဲ့သည်။
တပ်မတော်သားမိသားစုဝင်များထဲမှ ပြင်ပတွင်အလုပ်လုပ်နေသူဖြစ်ပါက အလုပ်မှခွင့်ယူခိုင်းကြောင်း၊ခွင့်မရပါက အလုပ်မှထွက်ရန်နှင့် အလုပ်မှမထွက်လိုပါက တပ်ပြင်ပသို့ ပြောင်းရွှေ့နေထိုင်ရန် ညွှန်ကြားထားကြောင်း တပ်မတော်သားမိသားစုဝင်တစ်ဦးက Frontier သို့ ပြောသည်။

ကိုဗစ်-၁၉ နှင့် တပ်မတော်၏ခြေလှမ်း

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ အပြင်းထန်ဆုံးဖြစ်ပွားခဲ့သည့်အချိန်တွင် တရုတ်နိုင်ငံသို့ပြန်သွားခဲ့သော မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင် သည် မြန်မာနိုင်ငံသို့ပြန်လာပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နေပြည်တော်၌တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ၏ အခြေအနေများကိုမျှဝေသည်။
ထို့နောက် သမိုင်းတစ်လျောက် အခမ်းနားဆုံးကျင်းပရန် ရည်ရွယ်ထားသော စိန်ရတုတပ်မတော်နေ့ကို ဆိုင်းငံ့လိုက်ကြောင်း မတ်လ ၁ ရက်က ကြေညာခဲ့သည်။ မတ်လအတွင်း ပြည်ထောင်စုလွှတ်တော်တက်ရောက်သော တပ်မတော်သားအားလုံးကလည်း မျက်နှာဖုံးများတပ်ဆင်ခဲ့ရာ လှောင်ပြောင်သူများပင်ရှိခဲ့သေးသည်။
လက်ရှိတွင် တပ်မတော်သည် ကိုဗစ် ၁၉ ကာကွယ်ရေးတွင် တက်ကြွစွာ ပါဝင်လျက်ရှိပြီး လုပ်ခလစာများမှ လှူဒါန်းခြင်း၊တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးဝါးပစ္စည်းများ ပို့ဆောင်ပေးသည့်အပြင် တပ်မတော်ပိုင် မော်တော်ယာဉ်များအနက်မှ အချို့ကို ပိုးသတ်ဆေးဖြန်းယာဉ်များအဖြစ် ပြင်ဆင်အသုံးပြုပေးခဲ့သည်။
ရန်ကုန်တိုင်း၊ဖောင်ကြီးရှိ ကိုဗစ် ၁၉ ကုသရေးဌာန တွင်လည်း တပ်မတော်က ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ကုသရေးပိုင်းတွင်ပူးပေါင်းပါဝင်သည်။
တပ်မတော်၏ စစ်ကြောရေးစခန်းများကို Facilities Quarantine စောင့်ကြည့်ရန် နေရာများအဖြစ်အသွင်ပြောင်းခဲ့သည်။

ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူများအား အစားအသောက်ဝေမျှရန်တပ်မတော်က စီစဉ်နေစဉ်။ ဓာတ်ပုံ - သူရဇော်

ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူများအား အစားအသောက်ဝေမျှရန်တပ်မတော်က စီစဉ်နေစဉ်။ ဓာတ်ပုံ – သူရဇော်

ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူ (၁၁၅)ဦး နှင့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၂၈၆)ဦး တို့ကို တပ်မတော်က ကြည့်ရှုပေးခဲ့ပြီး ၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း မေလ ၄ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်သည်။
တပ်မတော်သည် စစ်ကြောရေးစခန်းများကိုသာ ပြောင်းလဲခြင်းမဟုတ်ဘဲ စက်ပစ္စည်းများကိုပါ ပြောင်းလဲအသုံးပြုခဲ့သည်။
တပ်မတော်သားများတွင် HIVရောဂါပိုး၊ အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး စသည့် ရောဂါပိုးများရှိမရှိ စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် COBAS 6800 စက်များကို COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ရန်ပြောင်းလဲအသုံးပြုခြင်းပင်ဖြစ်သည်။
သို့သော် တပ်မတော်သည် အဆိုပါစက်ကိစ္စတွင် ဝေဖန်ခံခဲ့ရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကထဲက ဝယ်ယူတပ်ဆင်ခဲ့သောအဆိုပါစက်များမှာ COVID-19 ရောဂါပိုးအား စစ်ဆေး ဖော်ထုတ်ပေးနိုင်ကြောင်း ၂၀၂၀ ပြည့်နှစ် မတ်လတွင်မှ တပ်မတော်ကသိခဲ့သည်။ လိုအပ်သော Reagent များ ဝယ်ယူရန် ကြိုးစားခဲ့သော်လည်းတစ်ကမ္ဘာလုံးမှ ဝယ်လိုအားများနေသဖြင့် ဧပြီလ တတိယပတ် မှသာ လူနှစ်ထောင်စာအတွက်ဝယ်နိုင်ခဲ့ပြီး စမ်းသပ်မှုများပြုလုပ်ခဲ့ရသည်ဟု တပ်မတော်ကပြန်လည်ရှင်းလင်းခဲ့သည်။
ဧပြီ ၂၃ ရက်တွင် စမ်းသပ်အတည်ပြုနိုင်ပြီးနောက် COVID-19 ရောဂါရှာဖွေရာတွင် ကူညီဆောင်ရွက်ပေးနိုင်ပြီဟု အသိပေးကြေညာခဲ့သည်။
အစောကြီးကထဲကရှိသည့်စက်ကို တပ်မတော်က ထုတ်မပေးခဲ့ဟု လူမှုကွန်ရက်တွင်ဝေဖန်မှုများမြင့်တက်ခဲ့သည်။
တပ်မတော်သည် ကိုဗစ်-၁၉ ရောဂါရှိမရှိစစ်ဆေးရန် ထပ်မံ၍ Reagent လူနှစ်သောင်းစာမှာယူထားကြောင်း တပ်ချုပ်ကပြောသည်။
“COVID-19 ကာကွယ်ထိန်းချုပ်ရေးက တိုက်ပွဲမဟုတ်တဲ့ တိုက်ပွဲပဲ။ စစ်ဆင်ရေးတစ်ရပ်လို ဆောင်ရွက်ကြဖို့လိုတယ်” ဟု mask တပ်ထားသော ဗိုလ်ချုပ်မှုးကြီးက သူ၏ ဗိုလ်ချုပ်ကြီးများကို ဧပြီ ၂၇ ရက်က အမိန့်ပေးခဲ့ပါသည်။
ဗိုလ်ချုပ်မှုးကြီး၏ အမိန့်ပြီးနောက် တစ်ပတ်အကြာတွင် ကိုဗစ် – ၁၉ က တပ်မတော်ကို စတင် တိုက်ပွဲခေါ်လိုက်ပြီဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ : (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ်ဇီဝိတဒါနငှက်လွှတ်ပွဲ အခမ်းအနား ။
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.