အခွန်အတားအဆီးကိုကျော်ဖြတ်ရမည့် ပြည်ပအရက်တင်သွင်းခွင့်

နိုင်ငံခြားအဖျော်ယမကာလုပ်ငန်းရှင်များက နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်လှုပ်ရှားခဲ့ပြီးနောက် ပြည်ပမှ အရက်တင်သွင်းခွင့်ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သော်လည်း တရားမဝင်အရက်တင်သွင်းမှု လျော့ကျသွားရေး မျှော်လင့်ချက်များသည် သွင်းကုန်ခွန်များပြားလွန်းမှုကြောင့် ပျက်ပြားသွားဖွယ်ရှိနေသည်။

ကျော်ရဲလင်း
မြန်မာအစိုးရသည် ဆယ်စုနှစ်များစွာ ပိတ်ပင်ထားသည့် နိုင်ငံခြားမှအရက်တင်သွင်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်သော်လည်း သွင်းကုန်ခွန်များပြားလွန်းသောကြောင့် နိုင်ငံခြားအရက်တရားမဝင်ရောင်းဝယ်ဖောက်ကားမှုကို တားဆီးရန် လွယ်ကူမည်မဟုတ်ချေ။ အထူးသဖြင့် ရေတိုကာလတွင် တားဆီးရန် ဖြစ်နိုင်မည်မဟုတ်ချေ။
ပြည်ပမှတင်သွင်းခွင့်ပိတ်ပင်ထားသည့် ကုန်ပစ္စည်းများစာရင်းမှ အရက်ကို ဖယ်ရှားလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပြည်ပမှ အရက်များကို တရားဝင်တင်သွင်းလိုသည့် ကုမ္ပဏီများအတွက် လုပ်ငန်းစဉ်များကိုဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းကိုလည်း ထုတ်ပြန်ခဲ့သည်။
ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်၊ အရည်အသွေးအာမခံနိုင်သော ကုန်ပစ္စည်းများ ရောင်းချသုံးဆောင်နိုင်ရန်၊ တရားမဝင်တင်သွင်းမှုကို ထိန်းချုပ်ရန်နှင့် နိုင်ငံတော်အတွက် အခွန်အခများ အပြည့်အဝရရှိစေရန်တို့အတွက် မူဝါဒကိုပြောင်းလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားဖြစ်အရက်များကို တရားမဝင်ရောင်းချမှုများရှိနေခြင်း၊ စားသုံးသူများ၏ကျန်းမာရေးအတွက် စိုးရိမ်စရာရှိနေခြင်းတို့ကြောင့် ဈေးကွက်ပြန်ဖွင့်ရန် ဆုံးဖြတ်ချက်သည် ကြီးမားသော ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း ယူဆနေကြသည်။
မေ ၂၅ ရက် ထုတ်ပြန်ချက်သည် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး ကုမ္ပဏီသည် အစိုးရနှင့်လက်တွဲပြီး ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်လာရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြင်သစ်အဖျော်ယမကာလုပ်ငန်းကြီး Pernod Ricard ၏ အရှေ့တောင်အာရှဆိုင်ရာစီမံခန့်ခွဲမှုဒါရိုက်တာ စီးဒရစ် ရာတိုင်လျူးကပြောသည်။
မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားဖြစ်အရက်အဖျော်ယမကာများ တစ်ဆင့်ချင်းဝင်ရောက်နိုင်မှုသည် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင့် အများပြည်သူကျန်းမာရေးထိခိုက်မှုလျှော့ချရေးအတွက် အရေးပါကြောင်း ၎င်းကပြောဆိုခဲ့သည်။
သို့သော် ပြည်တွင်းထုတ်လုပ်သူများကိုကာကွယ်ပေးရန်အတွက် အရက်တစ်လီတာလျှင် ဆိပ်ကမ်းအရောက်တန်ဖိုးသည် အနည်းဆုံး ရှစ်ဒေါ်လာရှိရမည်ဆိုသည့် ကန့်သတ်ချက်ရှိနေသောကြောင့် ယခုတင်သွင်းခွင့်ပြုမှုတွင် အကန့်အသတ်ရှိနေသည်။
အကောက်ခွန်နှင့် အခြားအခွန်များကိုထည့်ပေါင်းလိုက်ပါက တရားဝင်တင်သွင်းခွင့်ရသည့် အရက်တစ်လီတာပုလင်းတစ်လုံးသည် ဒေါ်လာ ၂၀ ခန့် ကျသင့်မည်ဖြစ်ပြီး ယင်းသည် ဈေးကွက်တွင် များများစားစားရနိုင်နေသည့် ခိုးသွင်းထုတ်ကုန်များ၏တန်ဖိုးထက် နှစ်ဆရှိနေမည်ဖြစ်သည်။
ယခုမူဝါဒပြောင်းလဲမှုကြောင့် ကနဦးတွင် တရားမဝင်အရက်ရောင်းချမှုလုပ်ငန်းအပေါ် သက်ရောက်မှုကြီးကြီးမားမားရှိလိမ့်မည်ဟု မထင်ကြောင်း မူဝါဒပြောင်းလဲရေးတွင် ပါဝင်ခဲ့သည့် အရာရှိတချို့ကပင်ပြောဆိုခဲ့သည်။
တရားမဝင်အရက်ရောင်းဝယ်ဖောက်ကားမှုသည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၈၀ ခန့်တန်ဖိုးရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ချုပ်ကိုင်ထားသည့် ကုန်သွယ်ရေးနယ်မြေများမှ ဖြတ်သွားရကြောင်း မြန်မာရှိ ပို့ကုန်လုပ်ငန်းရှင်များကပြောဆိုခဲ့သည်။
လိုင်စင်ရ အကောက်ခွန်လွတ်စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ဝင်ရောက်သည့် တရားဝင်သွင်းကုန်တန်ဖိုးသည် တစ်နှစ်လျှင် ဒေါ်လာ ၁၀ သန်းခန့်တန်ဖိုးသာရှိသည်။
“လက်ရှိစီစဉ်ထားပုံနဲ့ဆိုရင် ဒီအစီအစဉ်တကယ်အလုပ်ဖြစ်ပါ့မလားတောင် သံသယရှိတယ်” ဟု ပြည်ပမှအရက်တင်သွင်းခွင့်ပြုရန် ဝန်ကြီးဌာနတွင်း ဆွေးနွေးမှုများကို သိရှိထားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
အရည်အသွေးညံ့ အရက်များတင်သွင်းမှုကို တားဆီးရန်အတွက် ဆိပ်ကမ်းအရောက်တန်ဖိုး အနည်းဆုံး ရှစ်ဒေါ်လာကို သတ်မှတ်ထားရခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးဌာနမူဝါဒဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုသက်မူကပြောသည်။
ယခုထုတ်ပြန်လိုက်သည့် မူဝါဒကြောင့် နယ်စပ်မှတစ်ဆင့် တရားမဝင်တင်သွင်းမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ဒေါ်ချိုသက်မူကပြောဆိုခဲ့သည်။
“ပြည်ပက အရက်တင်သွင်းတာကို ပိတ်ပင်ထားပေမယ့် နိုင်ငံတစ်ဝန်းက နေရာအတော်များများမှာ တရားမဝင်သွင်းကုန်တွေကို ပြောင်ပြောင်တင်းတင်းရောင်းချတာတွေရှိပါတယ်၊ ဒါကြောင့် တရားဝင်တင်သွင်းခွင့်ပြုလိုက်ရင် တရားမဝင်လုပ်ငန်းလျော့ကျသွားမယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောဆိုခဲ့သည်။
အနိမ့်ဆုံး ၈ ဒေါ်လာသတ်မှတ်မှုအတွက် မအံ့သြမိသော်လည်း ဖွင့်လှစ်လိုက်သည့် ဈေးကွက်နှင့် ပြည်တွင်းလုပ်ငန်းရှင်များ အသားကျစေရေးကူညီရန်အတွက် ချမှတ်လိုက်သည့် ယာယီစည်းမျဉ်းဖြစ်လိမ့်မည်ဟု နားလည်ထားကြောင်း Pernod Ricard မှ ရာတိုင်လျူးကပြောဆိုခဲ့သည်။
သင့်တင့်မျှတသော ဆိပ်ကမ်းအရောက်တန်ဖိုးကြောင့် စားသုံးသူသည် ပြည်ပမှတရားဝင်တင်သွင်းသော အကောင်းဆုံးနိုင်ငံတကာအရက်များကို မြန်မာနိုင်ငံ၌ လက်ရှိရှိနေသည့် အကောက်ခွန်ကင်းလွတ်ခွင့်ရထုတ်ကုန်များထက် အနည်းငယ်သာပိုမိုများပြားသည့် ဈေးဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
နှစ်ပေါင်းများစွာကထဲကလှုပ်ရှားဆောင်ရွက်မှု
နိုင်ငံခြားအရက်ထုတ်လုပ်သူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များက ဈေးကွက်ဖွင့်လှစ်ရန် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့မှု၏အကျိုးဆက်ကြောင့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းရှိ နာမည်ကြီးအရက်ထုတ်လုပ်ရေးကုမ္ပဏီများကလည်း ဈေးကွက်ပိတ်နိုင်ရန် ကြိုးပမ်းခဲ့သေးသည်။
၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် အရက်သိုလှောင်ရုံများကို ဝင်ရောက်စီးနင်းမှုများရှိခဲ့ပြီးနောက် ယင်းအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်သော အစိုးရသည် အရက်တင်သွင်းမှုနှင့်ပတ်သက်၍ တဖြည်းဖြည်းတံခါးဖွင့်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
သို့သော် ယင်းအစိုးရသည် သက်တမ်းမကုန်မီ အချိန်အနည်းငယ်အကြာ ၂၀၁၅ ခုနှစ် မတ်လမှ ဝိုင်တင်သွင်းခွင့်ပြုသည့် စည်းမျဉ်းတချို့ကို ထုတ်ပြန်ခဲ့သည်။ အကျိုးဆက်အဖြစ် ဟိုတယ်များနှင့် အကောက်ခွန်လွတ်ဆိုင်များသည်သာ ဘီယာနှင့် အရက်များကို တရားဝင်တင်သွင်းခွင့်ရရှိလာခဲ့သည်။
ကုန်သွယ်ရေးအရထိခိုက်မှု၊ပြည်တွင်းရှိ အရက်ထုတ်လုပ်ရေးလုပ်ငန်းများသည် ပြည်ပပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် အသင့်မဖြစ်သေးသောကြောင့် ပြည်တွင်းအရက်ထုတ်လုပ်သူများက မူဝါဒပြောင်းလဲရန် အစီအစဉ်ကို မထောက်ခံမှုများရှိခဲ့သဖြင့် လက်ရှိအစိုးရသက်တမ်းအတွင်း အရက်တင်သွင်းမှုဆိုင်ရာမူဝါဒကို ပြောင်းလဲရန်မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိများက ၂၀၁၈ ခုနှစ်တွင် ပြောဆိုခဲ့သည်။
မြန်မာအဖျော်ယမကာလုပ်ငန်းရှင်များအသင်း(MLA)သည် ဈေးကွက်ဖွင့်ရန် အစီအစဉ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
Grand Royal အရက်တံဆိပ် ထုတ်လုပ်သည့် ကုမ္ပဏီကိုတည်ထောင်သူဖြစ်သလို နိုင်ငံတွင်းရှိ ထိပ်တန်းအရက်ထုတ်လုပ်ရေးလုပ်ငန်းရှင်ကြီးဖြစ်သည့် ဦးအောင်မိုးကျော်က အရက်တင်သွင်းမှုခွင့်ပြုရေးဈေးကွက်ဖွင့်လှစ်ရန် အစီအစဉ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပြီး အထူးသဖြင့် Grand Royal အတွက် ခြိမ်းခြောက်မှုဖြစ်လာမည့် အရာဟူသမျှကို သဘောမကျကြောင်း အသင်းမှ တာဝန်ရှိသူများက Frontier သို့ ယင်းအချိန်က ပြောဆိုခဲ့ဖူူးသည်။
ပြည်တွင်းထုတ်လုပ်သူများအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ၂၀၁၈ ခုနှစ် အကုန်ပိုင်းတွင် နိုင်ငံခြားအရက်ရောင်းချမှုအပေါ် အကြီးအကျယ် ဖိနှိပ်မှုများပြုလုပ်ခဲ့ပြီး တရားဝင်တင်သွင်းကြောင်း သက်သေမပြနိုင်ပါက ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း လက်လီနှင့် လက်ကားရောင်းချသူများအား သတိပေးပြောဆိုခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ThaiBev က ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူချိန်တွင် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ဘီလီယံရှိသည့် Grand Royal ပိုင်ရှင် ဦးအောင်မိုးကျော်က ဈေးကွက်မဖွင့်ရန် အစိုးရအရာရှိများအား တိုက်တွန်းဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
“အရက်တင်သွင်းခွင့်ပြုတာနဲ့ပတ်သက်ပြီး အတိုက်အခံလုပ်တာ ဘာမှမရှိပါဘူး၊ အစိုးရကို အကြံပေးဖို့ ကျွန်တော့်မှာတာဝန်မရှိဘူး” ဟု ဦးအောင်မိုးကျော်က ၂၀၁၈ ခုနှစ်တွင် Frontier နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်ပြောဆိုခဲ့သည်။ မြန်မာအဖျော်ယမကာလုပ်ငန်းရှင်များအသင်း၏သာမန်အသင်းဝင်တစ်ဦးသာဖြစ်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် သမ္မတရုံးသည် အမျိုးသားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေးတစ်ခု၌ သွင်းကုန်ဆိုင်ရာမူဝါဒပြန်လည်သုံးသပ်ရေးကို ကမကထပြုလုပ်ခဲ့သည်။ အရက်တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စည်းမျဉ်းများရေးဆွဲရေးအတွက် တာဝန်ယူရန် ညွှန်ကြားခဲ့သည်။
နောက်ကွယ်မှလှုပ်ရှားမှုသည် ဈေးကွက်ဖွင့်ရေးသို့ ဦးတည်သွားခဲ့သည်။
ဈေးကွက်တစ်စိတ်တစ်ပိုင်းကိုသာဖွင့်ပေးရန် MLA က ဝန်ကြီးဌာနအား တိုက်တွန်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက Frontier သို့ပြောဆိုခဲ့သည်။
“ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်း MLA က ကိုယ်စားလှယ်တွေက အလယ်အလတ်တန်းအရက်တွေအတွက်သာ ဈေးကွက်ဖွင့်ပေးဖို့ ပြောတတ်တယ်၊ ဥပမာဗျာ ကျပ် ၇၀၀၀ ကနေ ၂၀၀၀၀ ကြား ထုတ်ကုန်တွေအတွက်ပဲ ဖွင့်ပေးဖို့ ပြောကြတယ်၊ ပြည်တွင်းထုတ်လုပ်သူတွေထိခိုက်မှာမို့လို့ တန်ဖိုးနည်း နိုင်ငံခြားအရက်တွေကို တင်သွင်းခွင့်မပြုစေချင်တာကို နားလည်ပေးလို့ရတယ်၊ ဒါပေမဲ့ တန်ဖိုးကြီးအရက်တွေကို တရားဝင်တင်သွင်းခွင့်မပေးချင်တာကိုတော့ နားကိုမလည်ဘူး၊ အတော်ကိုထူးဆန်းတယ်” ဟု ၎င်းကပြောဆိုခဲ့သည်။
ဝန်ကြီးဌာနသည် MLA ၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး ဘီယာနှင့် အရက်ကဲ့သို့ ထုတ်ကုန်များအတွက် ဈေးကွက်လုံးဝဖွင့်ပေးရန် စီစဉ်ခဲ့သည်။ အမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ အသင်းသည် တရားဝင်အသိပေးမှုကိုမရရှိသေးကြောင်း MLA အတွင်းရေးမှူး ၂ ဦးဝင်းသော်ကပြောဆိုခဲ့သည်။
“ကျွန်တော့်အမြင်ကိုပြောရရင် ကျွန်တော်တို့လုပ်ငန်းအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ပါပဲ” ဟု ၎င်းက Frontier သို့ပြောဆိုခဲ့သည်။
အခွန်နှုန်းထားဘက်သို့ အာရုံပြောင်း
ပြည်ပမှတင်သွင်းသည့် အရက်များကို အခွန်များများကောက်ရန် MLA က တိုက်တွန်းလာပြန်ကြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးကပြောဆိုခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ယင်းအဆိုကို ထောက်ခံခဲ့ပြီး ၂၀၁၉ ခုနှစ် အထူးကုန်စည်ခွန်ဥပဒေတွင် အဖျော်ယမကာအပေါ် အခွန်ကောက်ခံမှုတိုးမြှင့်ပေးရန် လွှတ်တော်အမတ်များအား အကြံပြုခဲ့သည်။
အထူးကုန်စည်ခွန်အရ အရက်နှင့် စီးကရက်မှ မော်တော်ယာဉ်နှင့် သဘာဝဓာတ်ငွေ့အထိ ကုန်ပစ္စည်းတချို့အပေါ် နောက်ထပ်အခွန်ကောက်ခံမှုပြုလုပ်မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး အခြားအခွန်ဥပဒေများနှင့်အတူ နှစ်တိုင်း ပြန်လည်သုံးသပ်ခဲ့သည်။ ပြည်ပမှတင်သွင်းသည့် ကုန်စည်ဖြစ်စေ၊ ပြည်တွင်းထုတ်ကုန်ဖြစ်စေ သက်ရောက်မှုရှိမည်ဖြစ်သည်။
ကော်မတီသည် ၂၀၁၉ ခုနှစ် အထူးကုန်စည်ခွန်ဥပဒေနှင့်ပတ်သက်၍ ဝန်ကြီးဌာနှင့်သာမက MLA နှင့်ပါဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း( အင်န်အယ်လ်ဒီ၊ ပြည်ကြီးတံခွန်)က ပြောဆိုခဲ့သည်။ တံခါးပိတ်ဆွေးနွေးမှုများအတွင်း မည်သည့်အကြောင်းအရာများပြောဆိုခဲ့သည်ကိုမူ ၎င်းက ပြောဆိုခြင်းမပြုခဲ့ချေ။
နောက်ဆုံးရလဒ်သည် ပြည်တွင်းသို့ အရက်တင်သွင်းလိုသူများအတွက် ကြီးမားသော အကျိုးဆက်များရှိခဲ့သည်။
အရက်အတွက် အထူးကုန်စည်ခွန်နှုန်းထားသည် ဈေးနှုန်းအပေါ် အခြေခံထားသည်။ ၂၀၁၉ ခုနှစ် ကနဦးကာလအတွက် အခွန်နှုန်းထားသည် ကျပ် ၂၉၀၀၀ အထက်ရှိသည့် အရက်တစ်ပုလင်းအတွက် အခွန် ၆၀ ရာခိုင်နှုန်းကောက်ခံမှုမှလွဲ၍ ကျန်ထုတ်ကုန်များအတွက် တန်ဖိုး၏ ၂၂ မှ ၂၅ ရာခိုင်နှုန်းဖြစ်သည်။
ဥပမာပေးရလျှင် ၂၀၁၉ ခုနှစ် ဥပဒေအရ ကျပ် ၅၀၀၀ တန်ဖိုးရှိ ဝီစကီတစ်ပုလင်းလျှင် အခွန်အဖြစ် နောက်ထပ် ၁၀၉၇ ကျပ်(၂၁ ဒသမ ၉ ရာခိုင်နှုန်း) ကောက်ခံမည်ဖြစ်သည်။ သို့သော် ကျပ် ၅၀၀၀၀ တန်ဖိုးရှိ ဝီစကီတစ်ပုလင်းအတွက် အခွန်မှာ ကျပ် ၃၀၀၀၀( ၆၀ ရာခိုင်နှုန်း) ဖြစ်သည်။ အစောပိုင်းနှစ်များတွင် အခွန်နှုန်းထားသည် အနည်းငယ်ကွဲပြားခဲ့ပြီး ကျပ် ၂၆၀၀၁ နှင့် အထက်ကို များစွာကောက်ခံသော်လည်း များသောအားဖြင့် အခွန်နှုန်းထားချင်းတူညီခဲ့သည်။
သို့သော် ၂၀၁၉-၂၀ ဥပဒေတွင်မူ အပြောင်းအလဲကြီးကြီးမားမားပါဝင်ခဲ့သည်။ တန်ဖိုးနည်းအရက်များအပေါ် ၂၅ မှ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံကာ အနည်းငယ်တိုးမြှင့်ကောက်ခံခဲ့သော်လည်း အခွန်များများကောက်ခံသည့် အရက်တစ်ပုလင်းတန်ဖိုးကို ကျပ် ၂၉၀၀၀ အထက်မှ ကျပ် ၁၅၀၀၀ အထက်သို့ ပြောင်းလဲခဲ့သည်။
အရက်တစ်လီတာလျှင် ဆိပ်ကမ်းအရောက်တန်ဖိုးသည် အနည်းဆုံး ရှစ်ဒေါ်လာရှိရမည်ဆိုသည့် ကန့်သတ်ချက်နှင့် အကောက်ခွန် ၅၀ ရာခိုင်နှုန်းရှိနေသောကြောင့် သွင်းကုန်အားလုံးသည် အထူးကုန်စည်ခွန်နှုန်းတားတွင်းကျရောက်ပြီး တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်သည်။
ယင်းကြောင့် ရှစ် ဒေါ်လာတန်ဖိုးရှိ ပြည်ပမှတင်သွင်းသောအရက်တစ်ပုလင်းသည် ပြည်တွင်းဖြန့်ချိရေးနှင့် လက်လီကုန်ကျစရိတ်များကိုမထည့်သွင်းမီမှာပင် ဒေါ်လာ ၂၀ ခန့် တန်ဖိုးရှိနေမည်ဖြစ်သည်။
အထူးကုန်စည်ခွန်ရှိ တန်ဖိုးကြီးအရက်အဖြစ် သတ်မှတ်ချက်တန်ဖိုး လျော့ချခြင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သော်လည်း အခြားအမတ်များက မဲပိုများသဖြင့် မအောင်မြင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ် ဦးဘိုဘိုဦး(အင်န်အယ်လ်ဒီ၊စမ်းချောင်း) ကပြောဆိုခဲ့သည်။
အကျိုးဆက်အဖြစ် ပြည်ပမှတင်သွင်းသော အရက်များ ဈေးကြီးလွန်းသဖြင့် မှောင်ခိုကူးမှုကိုအားပေးသလိုရှိသွားနိုင်ကြောင်း ဦးဘိုဘိုဦးကပြောဆိုခဲ့သည်။
“ဈေးကွက်ဖွင့်တာကို သဘောကျပါတယ်၊ ဒါပေမဲ့ တန်ဖိုးကြီးအရက်တွေအပေါ် အခွန်များများကောက်တာတော့ လွဲနေပြီထင်တယ်” ဟု ၎င်းကပြောဆိုခဲ့သည်။
ယခုဆုံးဖြတ်ချက်ကြောင့် ပြည်တွင်းထုတ်လုပ်သူများနှင့် နိုင်ငံခြားသွင်းကုန်လုပ်ငန်းရှင်များကြား မမျှတသလိုရှိခဲ့ကြောင်း ဦးဘိုဘိုဦးကပြောဆိုခဲ့သည်။ နိုင်ငံခြားအရက်ထုတ်လုပ်သူ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.