စတုတ္တမဏ္ဍိုင်၏ ကျော်လွှားရမည့် အခက်အခဲများ

typeof=

မြန်မာနိုင်ငံ၏ ပုဂ္ဂလိက သတင်းစာကဏ္ဍသည် အမြတ်အစွန်း ရရှိနိုင်ရန် လိုအပ်ပြီ ဖြစ်သည်။ သို့သော် နိုင်ငံပိုင် သတင်းစာများနှင့် ဒီဂျစ်တယ် မီဒီယာများ၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

၂၀၁၃ ခုနှစ်တွင် ပါလီမန်သည် ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့် ဥပဒေ ကို အနှစ် ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပေးခဲ့သည်။

“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အိပ်မက်ကြီး အကောင်အထည် ပေါ်လာသလို ခံစားရပါတယ်” ဟု ၂၀၁၃ မီဒီယာ ဥပဒေကို ပြဋ္ဌာန်းအပြီး သိပ်မကြာမီတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာကို တည်ထောင်ခဲ့သော ဦးကိုကိုက ပြောကြားသည်။

“ကျွန်တော်တို့က စွန့်စားရမယ့် အချက်တွေကိုလည်း ထည့်သွင်းမစဉ်းစားခဲ့ဘူး။ အရှုံးပေါ်နိုင်တာကိုလည်း ထည့်သွင်းမစဉ်းစားခဲ့ဘူး။ ကျွန်တော်တို့ရဲ့ အိပ်မက်ကြီး အကောင်အထည်ပေါ်လာတာကိုပဲ ကျေနပ်နေတာပါ” ဟု ၎င်းက ပြောကြားသည်။

ဦးကိုကို တစ်ယောက်တည်း မဟုတ်ပေ။ ပုဂ္ဂလိက မီဒီယာကဏ္ဍမှ ကုမ္ပဏီများသည် နှစ်ပေါင်းများစွာ ကြာအောင် အပတ်စဉ်ထုတ် ဂျာနယ်များ လစဉ်ထုတ် မဂ္ဂဇင်းများအဖြစ် ကန့်သတ်ခံခဲ့ရအပြီးတွင် နေ့စဉ်သတင်းစာကို ထုတ်ဝေရန် တာဆူလျက်ရှိကြသည်။ ထို့ပြင် အစိုးရ၏ ကြိုတင်ဆင်ဆာ ဖြတ်တောက်မှုကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဖယ်ရှားပေးခဲ့သဖြင့် နေ့စဉ်သတင်းစာ ထုတ်ဝေရန် ဆန္ဒပြင်းပြခဲ့ကြသည်။ သီတင်းပတ် အနည်းငယ်အတွင်းမှာပင် 7 Day Daily ၊ The Daily Eleven ၊ The Voice ၊ Yangon Times နှင့် Freedom Daily စသော နေ့စဉ် သတင်းစာများ တသီကြီး ထွက်ရှိလာခဲ့သည်။

သတင်းစာများ ထွက်ရှိလာမှုမှာ မြန်ဆန်သကဲ့သို့ပင် မြန်မာနိုင်ငံသည် သတင်းစာ သုသာန်တစ်ခု အလျင်အမြန် ဖြစ်သွားခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် ဈေးကွက် သုတေသန ကုမ္ပဏီတစ်ခုဖြစ်သော MMRD က ထုတ်ပြန်သော အစီရင်ခံစာက ဖော်ပြသည်မှာ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့သော ကြော်ငြာဝင်ငွေ အားလုံး၏ ၈ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိက နေ့စဉ်သတင်းစာများထံသို့ ရောက်ရှိပြီး ၆၀ ရာခိုင်နှုန်းသည် နိုင်ငံပိုင် သတင်းစာ များထံသို့ ရောက်ရှိသည်ဟု ဆိုသည်။

နိုင်ငံပိုင် သတင်းစာများတွင် မြန်မာ့အလင်း၊ Global New Light of Myanmar နှင့် ကြေးမုံ နေ့စဉ်သတင်းစာ တို့ ပါဝင်သည်။ အသစ်ထွက်ရှိလာသော နေ့စဉ်သတင်းစာများသည် တစ်ခုပြီး တစ်ခု ပိတ်သွားခဲ့ရပြီး အနည်းငယ်သာ ကျန်ရှိတော့သည်။

၃ နှစ်ကြာပြီးနောက်တွင် ကျန်ရစ်သော သတင်းစာများမှ အနည်းငယ်ခန့်သည် အမြတ်အစွန်း အနည်းငယ် ရရှိလာသည်။ သို့သော် ဖြန့်ဝေမှုမှ ရရှိသော ဝင်ငွေနှင့် ကြော်ငြာမှ ရရှိသော ဝင်ငွေများကို နိုင်ငံပိုင် မီဒီယာ များကသာ လက်ဝါးကြီးအုပ်ထားလျက်ရှိသည်။ နိုင်ငံပိုင် မီဒီယာများသည် ဆယ်စုနှစ်ပေါင်းများစွာ လည်ပတ် လာခဲ့သော သတင်းစာများဖြစ်ပြီး နိုင်ငံတစ်ဝန်း ပုံနှိပ်တိုက် ၇ ခု ရှိသည်။

“ကျွန်တော် ရှုံးနေတဲ့ ငွေပမာဏကို ခင်ဗျားကို ပြောပြရင် ခင်ဗျား အံ့သြသွားလိမ့်မယ်” ဟု ဦးကိုကိုက ပြောပြသည်။

ထိုသို့ဆို၍ မြန်မာနိုင်ငံတွင် သတင်းစာများအတွက် ဈေးကွက်မရှိဟု မဆိုလိုပေ။ MMRD ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ သတင်းစာများ၏ ကြော်ငြာဝင်ငွေသည် ယခင် အမေရိကန်ဒေါ်လာ သန်း ၁၈၀ မှ ယခုနှစ်တွင် သန်း ၃၂၀ အထိ နှစ်ဆခန့် တိုးမြင့်လာမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ သတင်းစာ ဖတ်နေတဲ့လူ ၆ သန်းကနေ ၁၃ သန်းခန့်အထိ ရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီဈေးကွက်ကြီးကို ဝန်ဆောင်မှု မပေးနိုင်သေးပါဘူး။ ဒါက ရှင်းပါတယ်” ဟု ၂၀၀၀ ပြည့်နှစ်တွင် မြန်မာတိုင်းမ် ဂျာနယ်ကို ဦးဆန်နီဆွေနှင့် ပူးတွဲတည်ထောင်ခဲ့သော သြစတြေးလျနိုင်ငံသား မီဒီယာ စွန့်ဦးတီထွင်လုပ်ငန်းရှင် ရော့စ် ဒန်ကလေ Ross Dunkley က ပြောပြသည်။ ဦးဆန်နီဆွေသည် ယခုအခါ Frontier မဂ္ဂဇင်း၏ အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်လျက်ရှိသည်။

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ဟာ နေ့စဉ်သတင်းစာကို တမ်းတငတ်မွတ်လျက် ရှိနေပါတယ်။ သူတို့ဟာ ဘာပဲ ဖြစ်နေဖြစ်နေ သတင်းစာကို မရအရ ထုတ်နေကြမှာပဲ” ဟု မစ္စတာ ဒန်ကလေ က ပြောကြားသည်။

သို့သော် နေ့စဉ် လူတွေဖတ်နေသော သတင်းများကို နိုင်ငံပိုင် သတင်းစာများက လွှမ်းမိုးလျက် ရှိဆဲပင် ဖြစ်သည်။ အစိုးရ၏ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း လက်အောက်တွင် ဖြန့်ဝေသော သတင်းစာများသည် စောင်ရေ ၂ သိန်းခန်အထိ ရှိပြီး မြန်မာတိုင်းမ်နှင့် Daily Eleven တို့နှစ်ခုပေါင်း စောင်ရေမှာ ၎င်း၏ ထက်ဝက် ခန့်ကို မီသည်ဟု ၎င်းက ဆိုသည်။

မြန်မာတိုင်းမ်နှင့် Daily Eleven တို့ လက်လှမ်းမီနိုင်သော ဈေးကွက်မှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပေါ်မှ မြို့များသာ ဖြစ်သည်။ အခြားနိုင်ငံများတွင် ထိုသို့မဟုတ်ပေ။

အပေါ်ယံကြည့်မည်ဆိုလျှင် အစိုးရသတင်းစာများသည် အစဉ်အလာများနှင့် အခြေခံအဆောက်အအုံများ ရှိနေသည်။ နိုင်ငံပိုင် သတင်းစာများသည် နိုင်ငံအနှံ့ကောင်းမွန်စွာ ဖြန့်ဝေနိုင်ရေးအတွက် ဗျူဟာကျသော နေရာများတွင် ပုံနှိပ်တိုက်များ ထားရှိထားသည်။ သို့သော် ပုဂ္ဂလိက ကဏ္ဍမှ နေ့စဉ်သတင်းစာများသည် ရန်ကုန်တွင်သာ ဖြန့်ဝေသကဲသို့ ဖြစ်နေပြီး မန္တလေးတွင် ပုံနှိပ်တိုက်တစ်ခု ထားရှိနိုင်ရုံသာ ရှိသည်။ အကယ်၍ ၎င်းတို့သည် ဝေးလံခေါင်သီသော ဈေးကွက်များဖြစ်သည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကဲ့သို့သော ဒေသများတွင် ဖြန့်ဝေနိုင်လျှင်ပင် နိုင်ငံပိုင် နေ့စဉ်သတင်းစာများက နှာတစ်ဖျား သာနှင့်ပြီးသား ဖြစ်နေမည်။

မစ္စတာ ဒန်ကလေ က ပြောကြားရာတွင် အမှန်မှာ အစိုးရ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဌာန၏ ပုံနှိပ်နိုင်မှု စွမ်းရည်သည် ပုဂ္ဂလိက ကဏ္ဍများထက် ဘာမျှပို၍ မသာဟု ဆိုသည်။ နိုင်ငံပိုင် သတင်းစာများသည် ပုံနှိပ်တိုက်များ ပိုမိုများပြားသော်လည်း ရန်ကုန်ပြင်ပမှ ပုံနှိပ်တိုက် အများစုမှာ အိုဟောင်းနေပြီး ကောင်းမွန်စွာ လည်း ပြုပြင် ထိန်းသိမ်းထားခြင်း မရှိပေ။

ဦးကိုကိုကလည်း အစိုးရ သတင်းနှင့် စာနယ်ဇင်းဌာနသည် သတင်းစာ ဈေးကွက်ကို ယင်းတို့၏ သတင်းစာ များဖြင့် ပြည့်လွှမ်းနေအောင် လုပ်ထားပြီး ပုဂ္ဂလိက ကဏ္ဍမှ သတင်းစာများကို တိုးမပေါက်ဖြစ်စေသည်ဟု ပြောကြားသည်။ ထို့ပြင် ကြော်ငြာဈေးနှုန်းများကိုလည်း လွန်စွာနည်းပါးသော နှုန်းထားများဖြင့် ထားရှိသည်။ သို့သော် သတင်းစာတွင် ပါဝင်သော အကြောင်းအရာများမှာ များသောအားဖြင့် ဝါဒဖြန့်ချိမှုများသာ ဖြစ်သည်။ မည်သို့ဆိုစေ စာဖတ်သူများသည် ယင်းကို ကျင့်သားရနေသည်။ စာဖတ်သူများသည် အစိုးရ၏ ကြေညာချက် များ၊ နာရေးကြော်ငြာများနှင့် မိုးလေဝသ သတင်းများကို ဖတ်ရှုရန်သာ နိုင်ငံပိုင် သတင်းစာများကို ဝယ်ယူနေခြင်း ဖြစ်သည်။ ၎င်းတို့၏ မိဘများနှင့် ဘိုးဘွားများ လုပ်ဆောင်ခဲ့ကြသည့်အတိုင်း ဖြစ်သည်။

ဦးကိုကိုသည် ပုဂ္ဂလိက သတင်းစာများ ကြုံတွေ့ရသည့် ဒုက္ခများနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာကိုသာ အပြစ်ဖို့ထားသည်။ ထို့ပြင် သတင်းနှင့် စာနယ်ဇင်းဌာနသည် နိုင်ငံ၏ စတုတ္တမဏ္ဍိုင်ကို နှုတ်ပိတ်ထားနိုင်စေရန် သတင်းစာဈေးကွက်ကို လက်ဝါးကြီးအုပ်ထားခြင်း ဖြစ်သည်ဟု စွပ်စွဲထားသည်။ ၎င်းက ပြောကြားရာတွင် အစိုးရသည် နိုင်ငံပိုင်သတင်းစာ အရေအတွက်ကို လျှော့ချသင့်ပြီး ပုဂ္ဂလိက မီဒီယာများကို ထောက်ပံ့မှုများ ပြုလုပ်သင့်သည်ဟု ဆိုထားသည်။

“နိုင်ငံပိုင် သတင်းစာတွေက ကျွန်တော်တို့ကို သွယ်ဝိုက်တဲ့နည်းနဲ့ သတ်နေတာပါ။ ဒီနေ့ နိုင်ငံပိုင် သတင်းစာ တွေ ရပ်လိုက်ရင် မနက်ဖြန်မှာ အရာရာ ပြောင်းလဲကုန်မှာပါ” ဟု ၎င်းက ပြောကြားသည်။

မစ္စတာ ဒန်ကလေ ကမူ ၎င်းပြောကြားသော အစိုးရက သတင်းစာများကို မကောင်းသောစိတ်ထားဖြင့် လက်ဝါးကြီးအုပ်ထားသည် ဆိုသည့်အချက်ကို သဘောမတူပေ။

“ဟုတ်ပါတယ်။ အစိုးရရဲ့ ဝင်ရောက်နှောင့်ယှက်မှုတွေက ပုဂ္ဂလိက သတင်းစာတွေကို အန္တရာယ် ပေးနိုင်ပါ တယ်။ ဥပမာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေတို့လို မတိကျတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားတာ၊ ၂၀၁၃ မီဒီယာ ဥပဒေမှာ စည်းမျဉ်း စည်းကမ်းတွေ တင်းကျပ်လွန်းတာ၊ တရားဝင်မဟုတ်ဘဲ ခြိမ်းခြောက်မှုတွေ ပြုလုပ်တာ၊ တစ်ဖက်လက်နဲ့ စီးပွားရေးအရ တိုက်ခိုက်တာတွေပါ။

“ဒါပေမဲ့ ပုဂ္ဂလိက သတင်းစာတွေကို ပိုမိုပျက်သုန်းစေတဲ့ အရာက သူတို့ရဲ့ အခြေခံ စီမံခန့်ခွဲမှု အမှားတွေ ကြောင့်ပါ။ မီဒီယာကုမ္ပဏီ အများစုက အမြတ်အစွန်း တစ်ခုတည်းကနေပြီး ကုမ္ပဏီ ကြီးထွားမှုကို ဖန်တီးနေ ကြတယ်။ ပုံနှိပ်တိုက်တွေ ဝယ်ဖို့၊ ဝန်ထမ်းသစ်တွေ ခန့်အပ်ဖို့၊ လက်လှမ်းမီမှု ချဲ့ထွင်ဖို့ နောက်ဆုံးကြော်ငြာ တွေကို ဆွဲဆောင်ဖို့ လိုအပ်တဲ့ အစုစပ် အရင်းအနှီးကို မရှာဖွေလိုကြဘူး။ မရှာဖွေနိုင်ကြဘူး ဖြစ်နေတယ်။

typeof=

သတင်းနှင့် ဂျာနယ်လစ်ပညာ အဆင့်အတန်း

မန်မာနိုင်ငံတွင် သတင်းနှင့် ဂျာနယ်လစ်ပညာ အဆင့်အတန်း မြင့်မာလာစေရန်လည်း လိုအပ်နေသေးသည်ဟု မစ္စတာ ဒန်ကလေ က ပြောကြားသည်။

“နှစ် ၅၀ ကြာအောင် အထီးကျန်နေခဲ့တဲ့ သတင်းလုပ်ငန်းကြီး တစ်ခုဖြစ်တယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဒီနိုင်ငံမှာ ဂျာနယ်လစ်ဆိုပြီး ကောင်းကောင်း ပြစရာ မရှိခဲ့ဘူး။ သတင်းတွေကို ကောင်းကောင်း ချုပ်ကိုင်နိုင်အောင် သင်ကြားပေးမယ့် အယ်ဒီတာတွေလည်း မရှိခဲ့ဘူး။ ဒီအချက်တွေ အားလုံးက သတင်းစာ လုပ်ငန်း ပျက်သုဉ်းဖို့အတွက် အထောက်အကူတွေပါပဲ” ဟု ၎င်းက ပြောသည်။

ဦးမြင့်ကျော်သည် မြန်မာ သတင်းသမားများ ကွန်ရက်၏ ဥက္ကဋ္ဌဖြစ်သည်။ မြန်မာ သတင်းသမားများကွန်ရက် သည် သတင်းသမားများအတွက် ရင်းမြစ်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အကြံပေးအဖွဲ့အစည်းလည်း ဖြစ်သည်။ ၎င်းကမူ မြန်မာနိုင်ငံ၏ မီဒီယာလုပ်ငန်းသည် မရင့်ကျက်သေးဘူး ဆိုသည်ကို လက်ခံသည်။ သို့သော် ၎င်းက ယင်းအချက်မှာ သတင်းစာများက အရည်အချင်း ညံ့ဖျင်း၍ မဟုတ်ကြောင်း၊ ယင်းအရည်အချင်းကို ထိန်းသိမ်း ထားနိုင်စွမ်း မရှိ၍ဖြစ်ကြောင်း ဆိုသည်။

ဦးမြင့်ကျော်က ပြောကြားရာတွင် ဂျာနယ်လစ်အများစုသည် လစာနည်းပါးကြသည်။ သတင်းထောက်များသည် တစ်လလျှင် ဒေါ်လာ ၂၀၀ ခန့်သာ အများဆုံး ရရှိကြသည်။ အယ်ဒီတာများသည်လည်း ဒေါ်လာ ၄၀၀ မှ ၆၀၀ အတွင်းသာ ရရှိကြသည်။ မီဒီယာပိုင်ရှင်များသည်လည်း ၎င်းတို့၏ ပိုက်ဆံများကို ဝန်ထမ်းများ၏ စွမ်းရည်မြှင့် တင်ပေးရာတွင် မသုံးကြပေ။ ၎င်းတို့သည် ဝန်ထမ်းများကို ငှားရုံသာငှားပြီး ချက်ချင်း လုပ်ငန်းခွင်သို့ စေလွှတ် တတ်ကြသည်။ တစ်လမျှပင် လေ့ကျင့်သင်ကြားပေးခြင်းမျိုး မရှိကြဟု ဆိုသည်။

၎င်းက ဆက်လက်၍ သတင်းထောက်များသည် လုပ်ငန်းခွင်ဝင်အပြီး ၆ လ၊ ၁ နှစ်ခန့်ကျမှ USAID နှင့် BBC Media Action အစရှိသော အဖွဲ့အစည်း အနည်းငယ်က ပြုလုပ်ပေးသည့် အလုပ်ရုံသင်တန်းများကို တက်ရောက်ကြရသည် ဟုပြောကြားသည်။ သတင်းစာများသည် မီဒီယာလောကတွင် အခြေခံအုတ်မြစ်သစ် တစ်ခုကို ချမှတ်ပေးရာ၌ လိုအပ်မည့် အရည်အသွေးမြင့် ဂျာနယ်လစ်များကို မွေးထုတ်ပေးခြင်းများ လုပ်ဆောင်နိုင်ရန် ရင်းမြစ်များ မရှိကြ ဟုဆိုသည်။

ဦးမြင့်ကျော်သည် ဦးကိုကို ပြောသောအချက်ကို သဘောတူသည်။ သတင်းစာလုပ်ငန်း မအောင်မြင်ရခြင်းမှာ အရည်အသွေးများ ညံ့ဖျင်းမှုကြောင့် ဖြစ်သည်။ လုပ်ငန်းမအောင်မြင်၍ အရည်အသွေးများ ညံ့ဖျင်းသွားရခြင်း မဟုတ်၊ သတင်းစာများသည် အမြတ်အစွန်း ရရှိလာစေရန် အရည်အသွေးရော လုပ်နိုင်စွမ်းကိုပါ မြှင့်တင်ရမည် ဖြစ်သည် ဟုပြောသည်။

ဒီဂျစ်တယ် မီဒီယာများကို အချိုသပ်ခြင်း

အင်တာနက်များ ရရှိနိုင်ခြင်းက သတင်းစာလုပ်ငန်းအပေါ် မည်သို့သက်ရောက်သည်ကို ပြောနိုင်ရန် ခဲယဉ်း မည် ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အင်တာနက် အသုံးပြုသည့် အရေအတွက်သည် ၂ သိန်းအောက်တွင်သာ ရှိခဲ့သည်။ သို့ရာတွင် ယခုနှစ်၌ တယ်လီနောက ပြောကြားသည်မှာ ယင်းတို့၏ ဆင်းကတ်များကို ကိုင်ဆောင် ထားသူ ၁၀ သန်းကျော်၏ ထက်ဝက်ကျော်သည် အင်တာနက်ကို အသုံးပြုနေကြသည်ဟု ဆိုသည်။ သတင်းစာ များအတွက်မူ ဝက်ဘ်ဆိုက်ပေါ်မှ သတင်းဖြန့်ဝေရခြင်းသည် ရုပ်ပိုင်းဆိုင်ရာ စာရွက်(သတင်းစာ) ဖြင့် သတင်း ဖြန့်ဝေရခြင်းထက် များစွာ အကုန်အကျ သက်သာသည်။ သို့သော် ဝက်ဘ်ဆိုက်လုပ်ငန်းမှနေ၍ ဝင်ငွေရရှိ အောင် လုပ်ဆောင်ရခြင်းမှာ ပိုမိုခက်ခဲသည်။

လူငယ်များသည် လူမှုကွန်ရက်များတွင် သတင်းအချက်အလက်များကို အခမဲ့ မျှဝေခြင်းကို ကျင့်သားရနေ ကြသည်။ ၎င်းတို့သည် သတင်းစာ ဝက်ဘ်ဆိုက်သို့ အမှန်တကယ် မသွားရောက်ဘဲ ယင်းသတင်း၏ အနှစ်ချုပ်များကို ဖေ့စ်ဘွတ်ပေါ်တွင် ဖတ်ရှုကြသည်ဟု ဦးကိုကိုက ပြောကြားသည်။ လူငယ်များသည် မီးလောင်သည့် သတင်းကို ဖေ့စ်ဘွတ်ကနေ ဖတ်ရှုမည်ဖြစ်ပြီး အိမ်မည်မျှ မီးလောင်သွားသည်ကို သိရှိရန် သတင်းဝက်ဘ်ဆိုက်သို့ သွားရောက်ဖတ်ရှုခြင်း မပြုကြ ဟုဆိုသည်။

ရေးသားဖော်ပြလိုက်သော သတင်းများသည် နေရာအနှံ့သို့ ရောက်ရှိနိုင်သည် မှန်သော်လည်း ဝက်ဘ်ဆိုက် တွင် ကြော်ငြာများများ မရရှိနိုင်ပေ။

မြန်မာတိုင်းမ် သတင်းစာမှ ဖြန့်ချိရေး ဒါရိုက်တာဖြစ်သူ စတူးဝပ် ဘက်ကာ က ပြောကြားရာတွင် ပုံနှိပ် သတင်းစာများသည် အရှေ့တောင်အာရှ၏ အင်တာနက် ဆက်သွယ်မှု အနည်းပါးဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သော မြန်မာနိုင်ငံတွင်ပင် အရေးနိမ့်နေပြီ ဖြစ်သည်။ ပုံနှိပ်သတင်းစာများအတွက် ထိခိုက်နစ်နာမှု များလည်း ရှိနိုင်မည်ဟု ဆိုသည်။

ပုံနှိပ်သတင်းစာလောကသည် ပိုမိုကျဉ်းမြောင်းလာမည်။ အဓိက ယှဉ်ပြိုင်ရမည့် အရာမှာ ဘယ်သတင်းစာက အကောင်းဆုံး မိုဘိုင်း အက်ပလီကေးရှင်း ရှိသလဲဟူ၍သာ ဖြစ်မည်။ ဘယ်သတင်းစာ၏ အက်ပလီကေးရှင်း က သင့်မိုဘိုင်းဖုန်းပေါ်တွင် ရောက်ရှိနေမည်နည်း။ ဘာ့ကြောင့်နည်း စသည်ဖြင့်သာ ဖြစ်မည်ဟု မစ္စတာ ဘက်ကာ က ဆိုသည်။

ရှင်သန်ရစ်သော ပုံနှိပ်သတင်းစာများသည်လည်း ဝက်ဘ်ဆိုက်လုပ်ငန်းသည် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ခြိမ်းခြောက်မှုတစ်ခု မဟုတ်ကြောင်း ဆိုသည်။ ယင်း၏ မဟာဗျူဟာမှာ မိမိ၏ အက်ပလီကေးရှင်း ကို အသုံးပြု သူများအား ဦးစွာရှာဖွေပြီး ထို့နောက်မှ ငွေရရှိရန် နည်းလမ်းကို ထပ်မံတွေးသင့်သည်ဟု ၎င်းက ဆိုသည်။

ဖေ့စ်ဘွတ်နှင့် ဂူးဂဲ တို့က အသုံးပြုသော ယင်းတို့ ဝက်ဘ်ဆိုက်ကို မဖြစ်မနေ ဝင်ရစေသည့် နည်းလမ်းဖြင့် ဝင်ငွေရှာခြင်းကို မစ္စတာ ဘက်ကာ က ဆိုလိုသည်။ ဖေ့စ်ဘွတ်နှင့် ဂူးဂဲ တို့သည် အသုံးပြုသူများ၏ အချက် အလက်များ ရောင်းချခွင့်ကို ရယူပြီး အခမဲ့ ဝန်ဆောင်မှုများကို ပေးနေခြင်း ဖြစ်သည်။

“ကျွန်တော်ဆိုလိုတာက တခြားနည်းလမ်းတွေနဲ့ ဝင်ငွေပြန်ရအောင် လုပ်ဆောင်တာမျိုးပါ။ အထူးသဖြင့်တော့ ဝန်ဆောင်မှု ကဏ္ဍမျိုးပေါ့။ ဥပမာ ကျွန်တော်တို့ ကုန်ခြောက်တွေ ပို့ပေးတဲ့ ဝန်ဆောင်မှုကို လုပ်လို့ရတယ်။ ဒါမှမဟုတ် အွန်လိုင်း ရှော့ပင်းဝန်ဆောင်မှုလည်း ပေးလို့ရတယ်။ ကျွန်တော်တို့မှာ အရေအတွက် ရရှိလာ ပြီဆိုတာနဲ့ ကျွန်တော်တို့ဟာ မြန်မာတိုင်းမ် ဖောက်သည်တွေဆိုပြီး သူတို့ရဲ့ အချက်အလက်တွေကို တိုက်ရိုက်ရရှိနိုင်မှာပဲ” ဟု မစ္စတာ ဘက်ကာ က ဆိုသည်။

ယင်းစိတ်ကူးစိတ်သန်းများကို မြန်မာတိုင်းမ် သတင်းစာက တစ်ခုမျှ စီစဉ်ထားခြင်းတော့ မရှိသေးချေ။  မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် တော်လှန်ရေးသည် စီးပွားရေးလုပ်ငန်းများသာ တဟုန်ထိုး အောင်မြင်လျှင် အောင်မြင်၊ သို့မဟုတ်ပါက လုပ်ငန်း ရုပ်သိမ်းရမည့် ကိန်းဖြစ်သည်ဟု ၎င်းကဆိုသည်။ စီးပွားရေးလုပ်ငန်းများ သည် ဈေးကွက်ထဲသို့ ရဲဝံ့စွာ တိုးဝင်သွားရမည်သာ ဖြစ်သည်။ မိမိ၏ ဝန်ဆောင်မှုကို အသုံးပြုသူ အရေအတွက် များလာပါက ယင်းအားဖြင့် ဝင်ငွေရနိုင်မည့် နည်းလမ်းကို ရှာရန်သာ ဖြစ်သည်။

စိန်ခေါ်မှုများ များပြားနေသော်လည်း မြန်မာနိုင်ငံမှ သတင်းစာများသည် ဆက်လက် ကြိုးစားလုပ်ဆောင် ရန်သာ ရှိသည်။ လူများသည် အွန်လိုင်းပေါ်သာ သွားနေမည်။ ၎င်းတို့သည် အွန်လိုင်းပေါ်ရှိ ဝက်ဘ်ဆိုက်များ တွင် ယုံကြည်ရသော သတင်းများ ရှာမတွေ့ပါက ဘလော့ဂ်များနှင့် လူမှုကွန်ရက်များထံသို့သာ သွားကြမည်။ ပုံနှိပ်သတင်းစာ စာရွက်ကိုမူ ကောက်ကိုင်ကြမည် မဟုတ်ပေ။

မစ္စတာ ဒန်ကလေ ကမူ ယင်းအချက်ကို သိပ်သဘောမတူပေ။ ၎င်းက မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးပြီး ဝင်ငွေရရှိအောင် လုပ်ဆောင်သော ငွေဖြစ်ရေးနည်းလမ်းကို လုပ်ဆောင်ရသည်မှာ ပိုမိုခက်ခဲမည်ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် လူများ၏ ဝင်ငွေမှာ နည်းပါးလွန်းသည်။ တစ်လလျှင် ဒေါ်လာ ၁၅၀ ခန့်မျှသာ ရရှိနေသော လူထုထံမှ ငွေဖြစ်ရေးနည်းလမ်းဖြင့် ဝင်ငွေအများအပြား ရရှိအောင် လုပ်ဆောင်ရခြင်းမှာ ခက်ခဲမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

မစ္စတာ ဒန်ကလေ က မြန်မာနိုင်ငံသည် ပုံနှိပ်သတင်းစာကို စွန့်ပစ်ပြီး ဒီဂျစ်တယ်အဖြစ်သို့ ပြောင်းလဲသွားနိုင် မည်ဟု သူ မယုံကြည်ကြောင်း ပြောကြားသည်။ သို့သော် ပုံနှိပ်သတင်းစာများသည် အခြေအနေ မကောင်း လာခင်တွင် ပိုမိုဆိုးရွားသော အခြေအနေကို ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းသည်။ ၎င်းက ခန့်မှန်းရာတွင် ပုဂ္ဂလိက ကဏ္ဍမှ သတင်းစာအများအပြားသည် ရွေးကောက်ပွဲအပြီးတွင် ပိတ်သွားရနိုင်ကြောင်း၊  ရည်မှန်းချက် ကြီးမားသော သတင်းစာ လေးငါးခုခန့်သာ ကျန်ရှိနိုင်မည်ဟု ၎င်းက ဆိုသည်။

ဦးကိုကိုက ယင်းအချက်ကို သဘောတူသည်။ “အခုအချိန်မှာတော့ ကျွန်တော်တို့လည်း အနုတ်လက္ခဏာကိုပဲ မျှော်မှန်းပါတယ်။ အပေါင်းလက္ခဏာ ဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး”

သို့သော် ၎င်းက မြန်မာနိုင်ငံမှ သတင်းစာလုပ်ငန်း၏ အနာဂတ်အပေါ် သူ ယုံကြည်မှုရှိကြောင်း၊  မြန်မာပြည်သူ များသည် ပုဂ္ဂလိက သတင်းစာများကို နှစ်ပေါင်း ၅၀ ကြာအောင် စောင့်ဆိုင်းလာခဲ့ရကြောင်း၊  အစိုးရသည် ပင်လျှင် နိုင်ငံတွင်း သတင်းစာများ မရှိခြင်းကို လိုလားမည်မဟုတ်ကြောင်း ဆိုသည်။ အစိုးရသည် ယင်းတို့၏ နိုင်ငံပိုင် သတင်းစာ ရောင်းအားကျဆင်းမည်ဆိုလျှင်ပင်၊ ပုဂ္ဂလိက သတင်းစာများကို အထောက်အပံ့ ပေးလာ နိုင်ကြောင်း၊ ၎င်းတို့သည် ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် သက်သေပြလိုကြကြောင်း၊ သတင်းစာ မရှိဘဲ ဒီမိုကရေစီဆိုသည်မှာ မရှိနိုင်ကြောင်း ဦးကိုကိုက ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

 

 

 

 

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.