ကျောက်စိမ်းထွက်ရာဆီသို့ ခရီးတစ်ခေါက်

မင်းဇေယျာ ရေးသားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဖားကန့်သို့သွားသောလမ်းသည် ကျွန်တော် သွားဖူးသမျှလမ်းများအနက် အဆိုးရွားဆုံးများထဲမှ တစ်ခုဖြစ်သည်။ ထိုသို့ဆိုးရွားသော တောင်တက်လမ်းပေါ်တွင် ကိုးနာရီခန့် သွားပြီးနောက် မြန်မာနိုင်ငံ၏ ကျောက်စိမ်းဒေသသို့ ကျွန်တော်ရောက်ရှိခဲ့သည်။

ကျောက်စိမ်းဒေသဟု လူသိများသည့် ဖားကန့်ဒေသသည် တရုတ်လူမျိုးများ တန်ဖိုးထားနှစ်ခြိုက်သည့် အရည်အသွေးမြင့် ကျောက်စိမ်းများ ထွက်ရှိရာဒေသ ဖြစ်သည်။

တရုတ်စကားပုံတစ်ခုတွင် “ရွှေသည် တန်ဖိုးရှိသည်။ သို့သော် ကျောက်စိမ်းသည် အဖိုးမဖြတ်နိုင်ပေ” ဟုပင် ဖော်ညွှန်းထားသည်။

ယခင်ကာလများက ကျောက်စိမ်းတူးဖော်သည့် အလုပ်ကို ကချင်လူမျိုးများကသာ လုပ်ကိုင်ခဲ့ကြသည်။ သို့သော် ယခုအခါ တစ်နိုင်ငံလုံးမှ လူသိန်းပေါင်းများစွာသည် ၎င်းတို့၏ ဘဝကို ချက်ချင်းချမ်းသာစေနိုင်မည့် ကျောက်စိမ်းကောင်းတစ်လုံးကို ရှာဖွေတွေ့ရှိမည်ဟူသော ရည်မှန်းချက်ဖြင့် ဖားကန့်သို့ ရောက်ရှိလာကြသည်။

ဖားကန့်တွင် တရားဝင်လိုင်စင် ရထားသောကုမ္ပဏီများသည် တောင်စောင်းများကို မြေထိုးစက်များ၊ ထရပ်ကားများဖြင့် ဝါးမြိုတူးဖော်နေပြီဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(ကေအိုင်အေ)နှင့် မြန်မာတပ်မတော်တို့ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးအပြီးတွင် ယင်းကုမ္ပဏီများသည် လုပ်ငန်းများကို အချိန်ပြည့် စတင်လုပ်ကိုင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသည် ဖားကန့်မြို့ကို အစိုးရလက်အောက်သို့ ပြန်လည်ရောက်ရှိစေခဲ့ပြီး ထွက်ရှိသည့် ကျောက်စိမ်းများအတွက် အစိုးရဘက်က အကျိုးအမြတ် အနည်းငယ် ရရှိစေသည်။

ယင်းလုပ်ငန်း၏ အောက်ဆုံးအဆင့်တွင် ရှိသောလူများမှာ ကုမ္ပဏီကြီးများက စွန့်ပစ်လိုက်သော မြေစာပုံများတွင် အမျိုးအစားကောင်း ကျောက်စိမ်းများ ကျန်ရှိနေဦးမည်ဟူသော မျှော်လင့်ချက်ဖြင့် တူးဆွရှာဖွေသော တရားမဝင် အလွတ်တမ်းကျောက်တူးသမားများ ဖြစ်ကြသည်။ ကြားပွဲစားများက အလွတ်တမ်းကျောက်တူးသမားများထံမှ ကျောက်စိမ်းများကို ဝယ်ယူပြီး ကျောက်စိမ်းလက်ဖက်ရည်ဆိုင်ဟု ခေါ်ဆိုသော မှောင်ခိုဈေးကွက်တွင် ပြန်လည်ရောင်းချကြသည်။ ထို့နောက်တွင် နယ်စပ်ကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့ကြသည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် ကေအိုင်အေနှင့် မြန်မာ့တပ်မတော်ကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာသောအခါ ကုမ္ပဏီများ ထွက်ခွာသွားကြပြီး အလွတ်တမ်းကျောက်တူးသမားများ ဝင်ရောက်လာသည်။ နောက်ပိုင်းတွင်လည်း ပြန်လည်ရောက်ရှိလာသည်။

အလွတ်တမ်းကျောက်တူးသူများသည် အန္တရာယ်များသော အခြေအနေများတွင် အလုပ် လုပ်ကိုင်နေကြရသည်။ အဖြစ်များသော အန္တရာယ်မှာ မြေပြိုကျမှုများ ဖြစ်သည်။

မြတ်ယမုံ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီက တူးဖော်လုပ်ကိုင်နေသော ကျောက်စိမ်းတွင်းတစ်တွင်းတွင် ပြီးခဲ့သည့် ဧပြီလက မြေပြိုကျခဲ့သဖြင့် လူ ၃၀ မှ ၆၀ အကြား သေဆုံးခဲ့ရသည်။ တူးဖော်ရေးကုမ္ပဏီက မြေစာပုံများကို စနစ်တကျ မစုပုံသောကြောင့် ထိုကဲ့သို့ ဆိုးရွားသောဖြစ်ရပ် ဖြစ်ပေါ်ခဲ့ရသည်ဟု ဖားကန့် ဒေသခံများက အပြစ်တင်ထားကြသည်။

အလွတ်တမ်းကျောက်တူးသမားများအတွက် အခြားအန္တရာယ်တစ်ခုမှာ အဖမ်းခံရခြင်း ဖြစ်သည်။

တစ်မနက်တွင် ကျွန်တော်သည် ရေကန်ထဲ၌  ကျောက်တူးသမားတစ်စု ရေစိမ်နေသည်ကို တွေ့ရှိခဲ့သည်။ ကျွန်တော်က သူတို့အပန်းပြေ ရေဆင်းစိမ်အနားယူနေကြသည်ဟု ထင်ခဲ့သည်။ သို့သော် ကျွန်တော်ထင်သကဲ့သို့ မဟုတ်ပေ။ သူတို့သည် သူတို့နောက်မှ လိုက်လာသောရဲများနှင့် စစ်သားများထံမှ လွတ်မြောက်အောင် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ရဲများနှင့် စစ်သားများက ရေကန်ဘေးတွင် ထိုင်စောင့်နေကြသည်။ ၎င်းတို့နောက်တွင် ဒေါသထွက်နေသော လူအုပ်ကြီးက ဝိုင်းရံနေသည်။ ကျောက်တူးသမားများက ကမ်းပေါ်သို့ တက်လာရန် ငြင်းဆန်နေကြသည်။

မိသားစုဝင်များနှင့် မိတ်ဆွေများက ပစ်ပေးလိုက်သော ရေပုံးများကို အသုံးပြုကာ ရေပြင်ပေါ်တွင် ပေါ်လောမျောရင်း စောင့်ဆိုင်းနေကြသည်။ နောက်ဆုံးတွင် ရဲများနှင့် စစ်သားများ လက်လျှော့ကာ ပြန်လည်ထွက်ခွာသွားကြသည်။

ထိုသို့အဖြစ်အပျက်မျိုးက မကြာခဏ ဖြစ်ပွားတတ်ပြီး ကံမကောင်းသော ကျောက်တူးသမားအချို့ အဖမ်းခံရလေ့ရှိသော်လည်း ဒဏ်ငွေအနည်းငယ်မျှ ဆောင်ပြီးသောအခါ ပြန်လွတ်လာတတ်သည်။

“သူတို့က ကိုယ့်ဒေသမှာ ကိုယ့်ဘာသာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ကို ဖမ်းတယ်။ ဒါပေမဲ့ တရုတ်တွေကိုကျတော့ ကျွန်တော်တို့နိုင်ငံက အဖိုးတန် ချမ်းသာကြွယ်ဝမှုတွေကို ခိုးယူခွင့်ပြုနေတယ်” ဟု တူးဖေါ်ရေးသမားတစ်ဦးက ပြောသည်။

ကျောက်စိမ်း ရှာဖွေမှုသည် ထိုဒေသတွင် မည်သည့်အခါမျှ မရပ်နားပေ။ အချို့ ကျောက်တူးသမားများက နေ့ဘက်တွင် အလုပ်လုပ်ပြီး အချို့က ညဘက်တွင် အလုပ်လုပ်ကြသည်။ အချို့က မိသားစုကို ထောက်ပံ့ပေးနိုင်ရန် အလုပ်လုပ်နေကြခြင်းဖြစ်ပြီး အချို့က မကောင်းသော အကျင့်စရိုက်တစ်ခုကြောင့် အလုပ်လုပ်နေကြခြင်း ဖြစ်သည်။ ဘိန်းဖြူစွဲမှုသည် ကျောက်စိမ်းတွင်းဒေသတွင် ပျံ့နံှ့နေသော ပြဿ     နာတစ်ခုဖြစ်သည်။

ဖားကန့်ဒေသတွင် မူးယစ်ဆေးထိုးနိုင်သော ဆေးထိုးခန်းများ အများအပြား ရှိနေသည်။ ကျောက်တူးသမားများသည် ကျောက်စိမ်းတုံးများနှင့် ဘိန်းဖြူကို လဲလှယ်လေ့ရှိကြသည်။ တစ်ညနေတွင် ကျွန်တော်သည် မူးယစ်ဆေးဝါးများကို ဝယ်ယူရန် တန်းစီနေသော ကျောက်တူးသမားတစ်ဒါဇင်ခန့်ကို တွေ့ခဲ့ရသည်။

“ဒီဘိန်းဖြူကို မထိုးရရင် ကျွန်တော် အရမ်းမောတယ်။ ဆေးထိုးပြီးရင်တော့ ပင်ပန်းသမျှတွေ အကုန်ပျောက်ပြီး အလုပ်ပြန်လုပ်နိုင်လာတယ်” ဟု ကျောက်တူးသမားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ဝေးလံခေါင်သီသော ထိုဒေသတွင် ဘိန်းဖြူသည် ဈေးပေါလှသည်။ တစ်ခါထိုးစာဆိုလျှင် ကျပ် ၂,၀၀၀ ခန့်သာ ကုန်ကျသည်။ ယင်းမှာ တိုက်ဆိုင်၍ ရခြင်း မဟုတ်ပေ။ ထိုဈေးသည် အရည်အသွေးအနိမ့်ဆုံး ကျောက်စိမ်းတစ်လုံးကို မှောင်ခိုဈေးကွက်တွင် ရောင်းချရငွေနှင့် ညီမျှသည်။

Photos by Minzayar

ကျွန်တော်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လက ဖားကန့်ဒေသတွင် သတင်းဓာတ်ပုံရိုက်ကူးရန် သွားရောက်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ခြောက်ကြိမ်ခန့်အထိ ရောက်ရှိခဲ့ပြီး ဖြစ်သည်။

၂၀၁၄ ခုနှစ်၌ ကျွန်တော် ဖားကန့်ဒေသသို့ ရောက်ရှိသွားချိန်တွင် ဖားကန့်ဒေသအတွက် စိတ်ပူပန်နေသော လူတစ်ယောက်ကို တွေ့ခဲ့ရသည်။ ဖားကန့်အနီးတဝိုက်ဒေသသည် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကြောင့်  သဘာဝပတ်ဝန်းကျင် ပျက်စီးလာကာ ဆယ်စုနှစ်တစ်ခုအတွင်း ကျတ်တီးမြေတစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ဖြစ်လာခဲ့ပါက ဖားကန့်ဒေသ၏ ကျောက်စိမ်းပေါကြွယ်ဝမှုသည် ဒေသတွင်း ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးနိုင်မည်ဟူသော မျှော်လင့်ချက်လည်း ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ နှစ်စဉ် မြန်မာနိုင်ငံမှ တူးဖော်ရရှိသော ကျောက်စိမ်းပမာဏအများအပြားသည် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်ရှိနေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်စိမ်းကို အကြိုက်နှစ်သက်ဆုံးနိုင်ငံ ဖြစ်သည်။ ကျောက်စိမ်းကုန်သွယ်မှုမှ ရရှိသော ဒေါ်လာဘီလျံနှင့်ချီသည့် ဝင်ငွေအများစုသည် အစိုးရအခွန် ကင်းလွတ်နေသည်။

သဘာဝသယံဇာတ စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness က ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုတွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်းကုန်သွယ်ရေးမှ ရရှိငွေသည် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံခန့်အထိ ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းအကျိုးရလဒ်ကို အများဆုံးခံစားနေသူများမှာ တပ်မတော်မှ သြဇာအာဏာရှိသော လက်ရှိအဖွဲ့ဝင်များ၊ အဖွဲ့ဝင်ဟောင်းများ၊ နှုတ်ထွက်ရတော့မည့် လက်ရှိအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ထားသော မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်များနှင့် ခရိုနီသူဌေးကြီးများက ပိုင်ဆိုင်သောကုမ္ပဏီများ ဖြစ်ကြသည်။

ယခုနှစ်တွင် ကျွန်တော် ဖားကန့်သို့ ပြန်လည်ရောက်ရှိသောအခါ ကျောက်စိမ်းများကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေသောလမ်းကြောင်းများကို ခြေရာခံရန် ဆုံးဖြတ်ခဲ့သည်။ ကျောက်စိမ်းကုန်သွယ်သူများကမူ အဓိကလမ်းနှစ်ခုရှိသည်ဟု ဆိုကြသည်။ တစ်လမ်းမှာ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ကိုဖြတ်၍ ဖားကန့်မှ ယူနန်သို့ သွားရောက်သည့် လမ်းဖြစ်သည်။ နောက်တစ်လမ်းမှာ ယူနန်ပြည်နယ် မြို့နယ်တစ်ခုဖြစ်သည့် ရူလီ Ruili မြို့၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသော မူဆယ်မြို့ကိုဖြတ်၍သွားသောလမ်းဖြစ်သည်။ ၎င်းမှာ မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်သည်။

ဖားကန့်သို့ သွားခဲ့ရသောကားလမ်းနှင့် နှိုင်းယှဉ်လျှင် မြစ်ကြီးနားနှင့် တရုတ်နိုင်ငံနယ်စပ်တို့ကို ချိတ်ဆက်ပေးသောလမ်းကြောင်းသည် မြန်မာနိုင်ငံတွင် ကျွန်တော် သွားခဲ့ဖူးသမျှ လမ်းများထဲ၌ အကောင်းဆုံးဖြစ်သည်။ တောင်များ အထပ်ထပ်တည်ရှိပြီး မြူနှင်းများနှင့် တိမ်တိုက်များကြား၌  စိမ်းလန်းသောသစ်တောထဲတွင် ဖြတ်သန်းသွားရခြင်းကပင် လျှို့ဝှက် ဆန်းကြယ်သည့် ခံစားမှုများကို ပေးစွမ်းနိုင်သည်။ မြန်မာအစိုးရ၏ စစ်ဆေးရေးဂိတ် အတော်များများကို ဖြတ်ကျော်ပြီးနောက်တွင် ကမ်ပိုက်တီးဟု ခေါ်ဆိုသော နယ်စပ်မြို့တစ်ခုသို့ ရောက်ရှိခဲ့သည်။ ထို့နောက်တွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သော ဖြတ်သန်းသွားလာခွင့်စာအုပ်ကို ကျပ် ၆,၀၀၀ ပေး၍ ဝယ်ယူရသည်။ ထို့နောက်တွင် အခြားခရီးသွားများနှင့်အတူ ယူနန်ပြည်နယ်အတွင်းသို့ ကားဖြင့် ဝင်ရောက်ခဲ့သည်။

ကျွန်တော်တို့ ကားသည် ကမ်ပိုက်တီးမှ ထွက်ခွာလာသောအခါ ကျွန်တော်နှင့်အတူ စီးနင်းလာသည့် ခရီးသည်တစ်ဦးက လူဝင်မှုကြီးကြပ်ရေးရဲများအကြောင်း ညည်းညူပြောကြားသည်။ သူသည် ကချင်လူမျိုး ကျောက်စိမ်းမှောင်ခို ကုန်သည်တစ်ဦး ဖြစ်သည်။

“လွန်ခဲ့တဲ့ သုံးလေးပတ်လောက်က ကျောက်စိမ်းမှောင်ခိုထုတ်သူတွေ ပေးဆောင်ရတဲ့ အတော်ကြီးများလှတဲ့ အခကြေးကို မပေးဘဲ ကျောက်စိမ်းကောင်းတစ်တုံးကို ကျွန်မ ဝှက်ယူလာခဲ့တယ်။ ဒါပေမဲ့ ရဲအရာရှိတစ်ယောက်က အဲဒါကိုတွေ့သွားပြီး ကျွန်မကို ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်။ နောက်ဆုံးတော့ ကျွန်မ သူ့ကိုကျပ် ၂၀၀,၀၀၀ ပေးလိုက်ရတယ်။ ကျွန်မ ကျောက်စိမ်းသယ်ဆောင်ပေးတဲ့ သူတွေကိုပဲ ယုံကြည်မှုထားပြီး ခိုင်းခဲ့ရမှာ” ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။

ကျောက်စိမ်းကုန်သွယ်သူများသည် တရားဝင် နယ်စပ်ဖြတ်ကျော်ရာတွင် လက်ဗလာဖြင့်သာ ဖြတ်ကူးကြသည်။ သူတို့၏ ကျောက်စိမ်းများကို ကြေးစားမှောင်ခိုသမားများထံ ယုံယုံကြည်ကြည် ပုံအပ်ပြီး တစ်ဘက်နိုင်ငံသို့ ခိုးထုတ်ကြသည်။ ကြေးစားမှောင်ခို သယ်ဆောင်သူများက ကျောက်စိမ်း၏ အလေးချိန်ကို ကြည့်ပြီး ပို့ဆောင်ခ တောင်းခံကြသည်ဟု ကုန်သွယ်သူများက ပြောသည်။ ကျောက်စိမ်းတုံး၏ အရည်အသွေး အလွန်ကောင်းနေပါက ကြေးစားမှောင်ခို သယ်ဆောင်ပေးသူများက ဈေးပိုတောင်းတတ်ကြသည်။

typeof=

ကျွန်တော်တို့သည် ယင်ကျန် Yinjiang ခရိုင်သို့ရောက်ရှိခဲ့ချိန်တွင် ဟိုတယ် အခန်းအများစုသည် ဘွတ်ကင်လုပ်ပြီးသားများ ဖြစ်နေသည်။ နောက်မှ သိရှိရသည်မှာ ထိုအဆောက်အအုံများသည် ကျောက်စိမ်းကုန်သည်သူများထံ မှောင်ခိုသယ်ဆောင်ပေးသူများက ကျောက်စိမ်းတုံးကို ပြန်လည်လွှဲပြောင်းပေးရန် တွေ့ဆုံကြသောနေရာ ဖြစ်သည်။

ထိုကဲ့သို့ တရုတ်နိုင်ငံသို့ ကျောက်စိမ်းတင်ပို့နေမှုသည် မြန်မာနိုင်ငံဥပဒေအရ တရားမဝင်သော်လည်း ယင်ကျန်ပြည်နယ်မှ ကျောက်စိမ်းလုပ်ငန်း အများအပြားကို သွားရောက်ကြည့်ရှုခဲ့ရာတွင်မူ မြန်မာနိုင်ငံမှ ကျောက်စိမ်းများနှင့် ပြည့်နှက်နေသည်။ မြို့လယ်ရှိ လဟာပြင်ဈေးတစ်ခုတွင်ပင် အများအပြား တွေ့ရှိရသည်။

အချို့ဆိုင်များမှာ တရုတ်နိုင်ငံက တရားဝင်ခွင့်ပြုထားသော အသိအမှတ်ပြု လက်မှတ်များ ရရှိထားပြီး အချို့မှာတော့ ရရှိမထားပေ။

“ကျောက်စိမ်းတုံးတွေက တရုတ်ဈေးကွက်ထဲကို မြန်မာအစိုးရရဲ့ အခွန်ကောက်ခံမှု မခံရဘဲ ရောက်ရှိလာတာပါ” ဟု ကချင်လူမျိုး ကျောက်စိမ်းကုန်သည်တစ်ဦးက သူ၏ မီးခံသေတ္တာထဲတွင် သိမ်းထားသော ပန်းသီးအရွယ်အစားရှိသည့် ကျောက်စိမ်းတုံး တစ်တုံးကို ကိုင်ပြရင်း ပြောကြားသည်။ ထိုကျောက်စိမ်းတုံးကို ကျပ်သိန်း ၅၀၀ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း သူက ဆိုသည်။

ကချင်ပြည်နယ်သို့ ကျွန်တော် ပြန်ရောက်လာချိန်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ခိုက်မှုများကြောင့် နေရာပြောင်းရွှေ့သွားရသော ဒုက္ခသည်စခန်းတစ်ခုကို ဖြတ်သန်းခဲ့ရသည်။ ကျွန်တော်၏ ဦးခေါင်းထဲတွင် မေးခွန်းမျာဖြင့် ပြည့်နှက်နေသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းဘယ်လောက်များများ ထိုကဲ့သို့ အထိန်းအကွပ်မဲ့စွာဖြင့် တရုတ်ပြည်သို့ ရောက်ရှိကုန်ပြီလဲ။ တရားမဝင် ကျောက်စိမ်းမှောင်ခိုလုပ်ငန်းက တန်ဖိုးဘယ်လောက်များပြားသလဲ။ ပျောက်ဆုံးသွားသော ကျောက်စိမ်းမှ ဝင်ငွေများကို ကချင်ဒုက္ခသည်များ၊ ဆင်းရဲသားကျောက်တူးသမားများနှင့် ကချင်ဒေသခံများ၏ ဘဝကို မြှင့်တင်ရန် မည်သို့လုပ်ဆောင်ရမည်နည်း။ ထိုအဖြေများကို ရှာဖွေရန် ဤဒေသသို့ ကျွန်တော် နောက်တစ်ခေါက် ထပ်မံလာရောက်ရပါဦးမည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.